← Chapters

အခန်း (၈၃)

Vol. 9 Ch. 83

အခန်း (၈၃)

Vol. 9 Ch. 83

ထိုညလွန်မြောက်ပြီးနောက် လီကျယ်ရှန်းနှင့် ချန်ရန်ရွယ်တို့သည် ရက်အနည်းငယ်ကြာအောင် ဆက်လက်ခရီးနှင်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် ကောင်းကင်ဒူအင်ပါယာမြို့တော်သို့ ဆိုက်ရောက်လာခဲ့ကြသည်။

လမ်းမကြီး၏ အဆုံးတွင် ခံ့ညားထည်ဝါလှသော မြို့တော်ကြီးမှာ မားမားမတ်မတ် တည်ရှိနေသည်။

ချန်ရန်ရွယ်သည် စကားတစ်ခွန်းမျှမဆိုဘဲ အတန်ကြာအောင် ရပ်နေမိသည်။ ထို့နောက် သူမ၏နံဘေးရှိ လီကျယ်ရှန်းကို ကြည့်ကာ တိုးညှင်းသောလေသံဖြင့် ဆိုလိုက်သည်မှာ။

“လီကျယ်ရှန်း... လိုက်ပါပို့ဆောင်ပေးတဲ့ တာဝန် ပြီးဆုံးသွားပြီနော်။”

သူမသည် ပြောစရာစကားများ ကျန်ရှိနေသေးဟန်ဖြင့် ခေတ္တမျှ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင်တော့ စကားတစ်ခွန်းတည်းအဖြစ် ပြောင်းလဲ၍ ဆိုလိုက်တော့သည်။

“...နောက်မှ ပြန်ဆုံကြတာပေါ့။”

လီကျယ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။

“ပြန်ဆုံကြတာပေါ့။”

လမ်းခွဲတစ်ခုသို့ ကွေ့ဝင်သွားပြီး သူ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည့်တိုင်အောင် ချန်ရန်ရွယ်၏ ကျောပြင်ကို သူ ငေးကြည့်နေမိသည်။

လီကျယ်ရှန်းသည် ခေါင်းကိုမော့ကာ ဝိုင်ကို တစ်ငုံကြီး သောက်လိုက်သည်။

သူ့ရင်ထဲတွင် ဝမ်းနည်းမှုဟူ၍ မရှိပေ။

ချန်ရန်ရွယ်က ထွက်ခွာသွားသည်မှ မဟုတ်ဘဲ။ သူမသည် သူမ၏ ရုပ်သွင်ကိုသာ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သူမသည် သူနှင့် ပုခုံးချင်းယှဉ်၍ ရပ်တည်နိုင်သော သူ၏ ညီအစ်ကိုကောင်းတစ်ဦး ပြန်ဖြစ်သွားပေဦးမည်။

“ကောင်းကင်ဒူမြို့တော်ကြီးရေ... ဒီသခင်လေး ပြန်လာပြီဟေ့”

လီကျယ်ရှန်း၏ ရင်ထဲတွင် ကြည်နူးမှုများ တကယ်ပင် လှိုက်တက်လာခဲ့သည်။ သူသည် သူ၏ အိမ်ဂေဟာလေးကို အမှန်တကယ်ပင် လွမ်းဆန္ဒရှိနေခဲ့ခြင်း ဖြစ်သည်။

ခြံထဲက မက်မွန်ပင်ပေါ်က အသီးတွေ မှည့်နေပြီလား၊ နံရံခြေရင်းက ဆောင်းဦးပန်းလေးတွေကော အဖူးအသစ်တွေ ဝေနေပြီလားဆိုတာကို သူ သိချင်နေမိသည်။

ကောင်းကင်ဒူ နန်းတော်။ အိမ်ရှေ့စံ၏ အိပ်ဆောင်။

ရွယ်ချင်းဟော်သည် ခန်းမအတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်။ အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့ကြသော မြွေလှံသုံ့လော်နှင့် ငါးပူတင်းသုံ့လော်တို့က သူမကို ပြုံးရွှင်စွာ ဆီးကြိုလိုက်ကြသည်။

“သခင်လေး ပြန်ရောက်လာပြီပဲ။ ဆယ်ရက်တာ ခရီးစဉ်က ပျော်စရာကောင်းခဲ့မယ်လို့ မျှော်လင့်ပါတယ်။”

သူတို့၏ စကားမဆုံးသေးခင်မှာပင် ရွယ်ချင်းဟော်၏ ဆီးနှင်းကဲ့သို့ အေးစက်နေသော မျက်နှာတော်ကို ကြည့်ပြီး အဖြေကို သိရှိသွားကြသည်။

ရွယ်ချင်းဟော်သည် ဘာမျှမဆိုဘဲ ပြတင်းပေါက်နားသို့ တည့်တည့်လျှောက်သွားသည်။ နံနက်ခင်း၏ အလင်းတန်းများမှာ သစ်ကိုင်းသစ်ရွက်များကြားမှ ဖြာကျနေသည်။

သူမသည် လက်ဝါးကို အသာအယာ မြှောက်လိုက်သည်။ နူးညံ့သော အလင်းစွမ်းအင်များ စီးဆင်းလာပြီး နန်းတွင်းရှိ မြတ်နိုးဖွယ်ရာ ပန်းမန်များကို ဂရုတစိုက် ရေလောင်းပေါင်းသင်ပေးနေသည်။

ခဏအကြာတွင်...

ရွယ်ချင်းဟော်သည် လှည့်ကြည့်လိုက်သည်။ သူမ၏ တည်ငြိမ်သော လေသံအောက်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ပုန်းခိုနေသကဲ့သို့ ရှိ၏။

“အဲဒီမိန်းမရဲ့ သူလျှိုတွေ နန်းတော်ထဲမှာ ဘယ်နှစ်ယောက် ရှိနေသလဲ။”

ဖုန့်ဟောက်သုံ့လော် နှစ်ဦးစလုံး၏ မျက်နှာများမှာ ရုတ်တရက် ပျက်ယွင်းသွားသည်။ ထိုစကားတစ်ခွန်းတည်းနှင့်ပင် သခင်လေးသည် ယခုခရီးစဉ်အတွင်း ဝိဉာဉ်နန်းတော်မှ ဝိဉာဉ်သခင်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီ ဖြစ်ကြောင်း သူတို့ ခန့်မှန်းမိလိုက်ကြသည်။ သူတို့ ယခင်က စိုးရိမ်ခဲ့သမျှ အရာအားလုံး အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မြွေလှံသုံ့လော်က လေးနက်သော အသံဖြင့် ဆိုသည်။

“လတ်တလော စုံစမ်းသိရှိရသလောက်တော့ သုံးဆယ့်ခြောက်ယောက် ရှိပါတယ်။”

“အားလုံးကို သတ်ပစ်လိုက်။”

ရွယ်ချင်းဟော်၏ အသံမှာ မည်သည့် ခံစားချက်မျှ မပါဘဲ တည်ငြိမ်လွန်းနေသည်။

ဤသုံးဆယ့်ခြောက်ယောက်အပြင် ကွန်ရက်မှ လွတ်နေသူများလည်း ရှိဦးမည်ကို သူမ သိသည်။ သို့သော် အဆင်ပြေပါသည်။ ရွယ်ချင်းဟော်၏ လှပသော မျက်ခုံးအစုံကြားတွင် ဖုန့်ဟောက်သုံ့လော်နှစ်ဦးကိုပင် တုန်လှုပ်စေနိုင်သော သတ်ဖြတ်လိုစိတ်များ ရုတ်တရက် လှိုက်တက်လာသည်။

“ကျန်နေတဲ့ သူလျှိုတွေကတော့ အဲဒီမိန်းမဆီကို ငါ့ဆီက သတင်းစကား တစ်ခုပါးဖို့ပဲ...။”

“သူမသာ လီကျယ်ရှန်းကို ထိဖို့ ကြံစည်ဦးမယ်ဆိုရင်...”

“ငါကတော့ အားလုံး ပျက်စီးသွားရမယ်ဆိုရင်တောင် ဝန်လေးမှာ မဟုတ်ဘူး။ သူမရဲ့ ဝိဉာဉ်ပလ္လင်နန်းတော်ကို ဒီ ဝိဉာဉ်တိုက်ကြီး ပေါ်ကနေ ပျောက်ကွယ်သွားအောင် ငါ လုပ်ပစ်မယ်။”

ဖုန့်ဟောက်သုံ့လော် နှစ်ဦးစလုံး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။ အကယ်၍ ဤစကားကို အခြားသူတစ်ယောက်က ပြောလျှင် ရယ်စရာဟု ထင်မှတ်နိုင်သော်လည်း... ချန်ရန်ရွယ်သည် ယဇ်ပူဇော်ခန်းမအတွက် မည်မျှအရေးပါသည်ကို သူတို့ ကောင်းစွာ သိထားကြသည်။

အကယ်၍ သူမသာ ဝိဉာဉ်ပလ္လင်နန်းတော်အားအသေခံ တိုက်ခိုက်မည်ဆိုပါက နောက်ဆုံးတွင် ဆုံးရှုံးရမည်မှာ ဝိဉာဉ်ပလ္လင်နန်းတော်သာ ဖြစ်ပေမည်။

ခြံဝန်းလေးမှာ အေးချမ်းဆိတ်ငြိမ်လျက် ရှိပြီး မက်မွန်ပင်ရိပ်များမှာ ကခုန်နေကြသည်။

လီကျယ်ရှန်းသည် မက်မွန်ပင်အောက်ရှိ စန္ဒကူးကုလားထိုင်ပေါ်တွင် မှီလျက် သူ၏ရှေ့မှ လူခုနစ်ယောက်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

“ဟင်း...”

“ငါ အိမ်ပြန်ရောက်တာ တစ်ရက်တောင် မပြည့်သေးဘူး၊ မင်းတို့ အားလုံးက ငါပြန်ရောက်တာကို ဘယ်လိုလုပ် သိနေကြတာလဲ”

ရောက်လာသူများမှာ အခြားသူများမဟုတ်ဘဲ ကောင်းကင်ဒူ တော်ဝင်အသင်းတစ်သင်းလုံးပင် ဖြစ်သည်။ ရက်အနည်းငယ်ကြာ ပြင်းထန်သော လေ့ကျင့်မှုများကြောင့် ဒူကူယန်နှင့် ယဲ့လင်းလင်းတို့မှာ အနည်းငယ် ပိန်သွားသလို ရှိသော်လည်း လီကျယ်ရှန်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။

ယွီထျန်းဟန်က ဆိုသည်။

“ကောင်းကင်ဒူ တော်ဝင်ကျောင်းတော် တစ်ခုလုံးက မင်းဟာ ဓားဝိုင်ဆိုတာကို သိနေကြတာပဲ။”

“ကျောင်းသားတစ်ယောက်က မင်း မြို့ထဲဝင်လာတာကို မြင်လိုက်တယ်ဆိုတာနဲ့ ငါတို့လည်း သတင်းကြားကြားချင်း ပြေးလာကြတာပေါ့။”

“ဓားဝိုင်... မင်းက ငါတို့ကို ညီအစ်ကိုတွေလို့ရော သတ်မှတ်ရဲ့လား။ ပြန်ရောက်တာကိုတောင် အကြောင်းမကြားဘူး။”

ယွီဖုန်း၊ အော်စလိုနှင့် ရှီညီအစ်ကိုတို့ကလည်း မကျေမနပ်ဖြင့် ဝိုင်းပြောကြသည်။

“ဟုတ်တယ်။ ဟုတ်တယ်။”

“ငါတို့ကို ညီအစ်ကိုတွေလို့ရော သတ်မှတ်ရဲ့လား။”

“တော်ကြပါတော့... နင်တို့ကလည်း။”

လီကျယ်ရှန်း၏ ချောမောသော မျက်နှာထက်တွင် အနည်းငယ် ပင်ပန်းရိပ် သန်းနေသည်ကို မြင်သောအခါ ဒူကူယန်၏ မျက်ဝန်းများတွင် စိုးရိမ်ရိပ်များ ပေါ်လာပြီး မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“မောင်လေး ကျယ်ရှန်းက အခုမှ ပြန်ရောက်တာကို၊ နင်တို့က ကောင်းကောင်း အနားယူခွင့် မပေးကြဘူးလား”

ယဲ့လင်းလင်း၏ လက်ဝါးထက်တွင် အလင်းရောင်များ တောက်ပလာပြီး ဖြူစင်သော နှလုံးသားကိုးသွယ်ပန်းပွင့်လေး ပွင့်လန်းလာသည်။

ကုသခြင်းအလင်းတန်းများမှာ လီကျယ်ရှန်းအပေါ်သို့ ကျရောက်သွားသည်။ တစ်လောကလုံးတွင် နံပါတ်တစ် ကုသစွမ်းအားရှိသော ဝိဉာဉ်သည် ယခုအချိန်တွင်မူ သူ၏ ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားပေးရန်အတွက်သာ အသုံးတော်ခံနေရရှာသည်။

ယဲ့လင်းလင်းသည် ဝိဉာဉ်ကို ထိန်းချုပ်ရင်း ထောက်ခံပြောဆိုလိုက်သည်။

“လီကျယ်ရှန်းက ပြန်လာဖို့အတွက် နေ့မနား ညမနား ခရီးနှင်ခဲ့ရမှာ၊ သူ့အနားယူတာကို သွားမနှောင့်ယှက်ကြနဲ့။”

မိန်းကလေးနှစ်ဦးက ဤမျှအပေးအယူမျှမျှဖြင့် လီကျယ်ရှန်းကို ကာကွယ်ပေးနေသည်ကို မြင်သောအခါ ယွီထျန်းဟန်နှင့် ကျန်ငါးယောက်မှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

မဟုတ်သေးဘူးလေ။ လာတုန်းကတော့ အတူတူ ဝိုင်းပြောကြမယ်လို့ တိုင်ပင်လာကြတာ မဟုတ်ဘူးလား။ ခုကျတော့ လေလားရာက ချက်ချင်းကြီး ပြောင်းသွားပါလား။

ဇိမ်ခံကုသမှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ ပြယ်လွင့်သွားသောအခါ လီကျယ်ရှန်းသည် ချက်ချင်းပင် လန်းဆန်းသွားသည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး ပြုံးလျက်ပြောလိုက်သည်။

“ကဲ... မင်းတို့အားလုံး ရောက်လာမှတော့ ငါက မဖော်ရွေဘူးဆိုရင် မတရားရာ ကျလိမ့်မယ်။”

“သွားကြမယ်။ သွားကြမယ်။ အရင်အတိုင်းပဲ... ရှန်းရှန်းစားသောက်ဆိုင် ကိုပဲ”

ယွီထျန်းဟန်နှင့် ကျန်ငါးယောက်၏ မျက်နှာထက်တွင် အပြုံးများ ပွင့်လန်းသွားသည်။

“ဟေး... ဒါမှ ငါတို့ သူငယ်ချင်းဟေ့”

“ဒါပေမဲ့ ဒီနေ့တော့ ရှန်းရှန်းကို မသွားတော့ဘူး”

ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ ခြောက်ယောက်လုံး၏ ဝိဉာဉ်သိုလှောင်ကိရိယာများမှာ လင်းလက်သွားသည်။ စန္ဒကူးစားပွဲပေါ်တွင် ဟင်းလျာမျိုးစုံ ပေါ်လာပြီး ဝိုင်အိုးများစွာမှာလည်း စီတန်းလျက် ရှိနေတော့သည်။

သူတို့သည် ဝိုင်အိုး တစ်လုံးစီကို ကိုင်မြှောက်ကာ ရယ်မောလျက် လီကျယ်ရှန်းကို ကမ်းပေးလိုက်ကြသည်။

“လာပါ။ ဓားဝိုင်၊ ငါတို့ရဲ့ အိုင်ဒေါ ပြန်ရောက်လာတာကို ကြိုဆိုတဲ့အနေနဲ့။”

“ဓားဝိုင်... ကောင်းကင်ဒူမြို့တော်ကို ပြန်ရောက်လာတာ ကြိုဆိုပါတယ်”

လီကျယ်ရှန်းသည်လည်း ရဲရင့်စွာပင် ဝိုင်အိုးတစ်လုံးကို မယူကာ သူတို့နှင့်အတူ တိုက်လိုက်သည်။

“ဒီညတော့... မမူးမချင်း မပြန်ကြေးပဲ”

ညလေသည် အေးမြလျက်ရှိပြီး မက်မွန်ရနံ့များမှာ သင်းပျံ့နေသည်။

သူတို့ ခြောက်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ဝိုင်ခွက်များ တိုက်ရင်း ပျော်ရွှင်စွာ စကားစမြည် ပြောနေကြသည်။ ဒူကူယန်နှင့် ယဲ့လင်းလင်းတို့ကလည်း ရံဖန်ရံခါ စကားဝိုင်းထဲသို့ ဝင်ရောက်ပြောဆိုကြသည်။

ဝိုင်ရှိန်လေး တက်လာသောအခါ ယွီဖုန်းက ရုတ်တရက် စပ်စုလိုက်သည်။

“အိုင်ဒေါ... လေဓားဂိုဏ်း ခရီးစဉ်ကနေ ဘာတွေ ထူးခြားတာ ရခဲ့လဲ?”

လူတိုင်း၏ အကြည့်မှာ လီကျယ်ရှန်းဆီသို့ ရောက်သွားသည်။ လီကျယ်ရှန်းသည် အသားတစ်ဖဲ့ကို မြိန်ယှက်စွာ စားလိုက်ပြီး ဝိုင်နှင့်အတူ မြိုချလိုက်သည်။

“မဆိုးပါဘူး။”

ယွီထျန်းဟန်က သက်ပြင်းချလိုက်သည်။

“မင်းက ‘မဆိုးပါဘူး’ လို့ ပြောတယ်ဆိုရင် မင်း ရည်ရွယ်ချက်တွေ အောင်မြင်ခဲ့တယ်လို့ ဆိုလိုတာပဲ။”

“တကယ်တော့ ငါတို့လည်း ဒီရက်ပိုင်းအတွင်း အများကြီး တိုးတက်လာတယ်လို့ ခံစားရပါတယ်။”

“ဟင်း... မင်းရဲ့ ဓားသွားက အရမ်းကြောက်စရာကောင်းပြီး တိုက်ခိုက်လိုက်ရင် သွေးထွက်သံယို ဖြစ်မှာစိုးလို့သာ၊ မဟုတ်ရင် ငါလည်း မင်းနဲ့ ထပ်ပြီး ယှဉ်ပြိုင်ကြည့်ချင်သေးတယ်။”

ပြောရင်းပြောရင်းနှင့် သူ၏ အရည်အချင်းမှာ နိမ့်ကျနေသည်ဟု ခံစားရသဖြင့် ယွီထျန်းဟန်သည် စိတ်အာရုံများကို ဖယ်ထုတ်ကာ ဝိုင်အိုးကို မြှောက်လျက် အော်ဟစ်လိုက်သည်။

“သောက်မယ်။ သောက်မယ်။ အဲဒါတွေကို ဘာလို့ တွေးနေတော့မှာလဲ။”

ဝိုင်အိုးပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ယွီထျန်းဟန်နှင့် ကျန်ငါးယောက်မှာ ခြေလှမ်းများ ယိုင်တိယိုင်တိုင်ဖြင့် တစ်ယောက်ကိုတစ်ယောက် တွဲကူကာ နှုတ်ဆက်၍ ပြန်သွားကြသည်။ ဒူကူယန်နှင့် ယဲ့လင်းလင်းတို့ကမူ ရှုပ်ပွနေသော ခြံဝန်းလေးကို လီကျယ်ရှန်းအတွက် ဝိုင်းဝန်းသိမ်းဆည်းပေးကြသည်။

သူတို့ ပြန်ခါနီးတွင် အမြဲတမ်း အေးစက်တည်ငြိမ်နေတတ်သော ယဲ့လင်းလင်း၏ မျက်နှာထက်တွင် ရှားရှားပါးပါး ရှက်ရွံ့သော အမူအရာ ပေါ်လာပြီး သူမ၏ အင်္ကျီစလေးကို လက်နှင့်လိမ်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

“လီကျယ်ရှန်း...”

“ကျွန်မ... ကျွန်မရဲ့ အမေက ရှင့်ကို စကားပြောဖို့ အိမ်ကို ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ။”

“အမေက ပြောတယ်... ပြီးခဲ့တဲ့တစ်ခေါက် ဖြစ်သွားတဲ့ ကိစ္စအတွက် ရှင့်ကို တောင်းပန်ချင်လို့တဲ့...”

လီကျယ်ရှန်းသည် သူ၏ မက်မွန်ပင်မှ မှည့်နေသော အသီးတစ်လုံးကို ခူးစားလိုက်သည်။ သူမ၏ စကားကြောင့် သူ၏ အပြုအမူမှာ အနည်းငယ် တုန့်ခနဲ ဖြစ်သွားသည်။

“ယဲ့မိသားစု ခေါင်းဆောင်ကို ပြန်ပြောလိုက်ပါ။”

“ငါ အဲဒါကို စိတ်ထဲမထားပါဘူး၊ ဒါကြောင့် တောင်းပန်စရာလည်း မလိုဘူးလို့။”

သူ၏ စွမ်းအားကို စမ်းသပ်ခဲ့သည့်နေ့က ကိစ္စကို သူ စိတ်မဆိုးပေ။ သို့သော် ယဲ့မိသားစု ခေါင်းဆောင်သည် မိသားစု၏ လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ယဲ့လင်းလင်း၏ ပုခုံးပေါ်သို့ အတင်းအကျပ် တင်ပေးထားသည်ကိုသာ သူ မနှစ်မြို့ခြင်း ဖြစ်သည်။

ယဲ့လင်းလင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ မကြာသေးမီ ရက်များအတွင်း သူမ၏ မိခင်ဖြစ်သူက ထပ်တလဲလဲ မှာကြားနေခဲ့သည်ကို ပြန်လည် စဉ်းစားမိသောအခါ သူမ၏ မျက်ဝန်းများမှာ မသိမသာ နီမြန်းလာသည်။

“လီကျယ်ရှန်း... ရှင်... တစ်ခေါက်လောက်ပဲ ဖြစ်ဖြစ် သွားပေးလို့... ရမလား...”

“ကျွန်မ ကတိပေးပါတယ်... နောက်တစ်ခါ အဲဒီလိုမျိုးတွေ ထပ်မဖြစ်စေရဘူးလို့...”

အေးစက်ပြီး နူးညံ့လှသော မိန်းကလေးမှာ ဤမျှ သနားကမား ဖြစ်နေသည်ကို မြင်သောအခါ လီကျယ်ရှန်းသည် ခေါင်းခဲသွားကာ သက်ပြင်းချလိုက်မိသည်။

“ကောင်းပြီလေ... ဒါဆို မနက်ဖြန်ညကျမှပေါ့။”

ယဲ့လင်းလင်းသည် ဝမ်းသာအားရ ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းလေးများမှာ လခြမ်းကွေးလေးသဖွယ် ဖြစ်သွားသည်။

“ဟိဟိ... ကျေးဇူးတင်ပါတယ် လီကျယ်ရှန်း”

ဘေးနားရှိ ဒူကူယန်ကလည်း အခွင့်အရေးကို လက်မလွှတ်ဘဲ ဆိုလိုက်သည်။

“မောင်လေး ကျယ်ရှန်း... မျက်နှာလိုက်လို့ မရဘူးနော်”

“ဒီနှစ်ရက်အတွင်း မမတို့ အိမ်ကိုလည်း လာဦးမှဖြစ်မယ်၊ အဘိုးကလည်း မောင်လေးကို သတိရနေတာ”

ဒူကူယန်နှင့် ယဲ့လင်းလင်းတို့သည် လီကျယ်ရှန်း၏ ခြံလေးထဲမှ ထွက်ခွာလာခဲ့ကြသည်။ အတန်ငယ် ဝေးကွာသွားသောအခါ

ယဲ့လင်းလင်းသည် ဒူကူယန်၏ နားနားသို့ ရုတ်တရက် တိုးကပ်လိုက်သည်။

“ယန်ယန်... နင် ပြီးခဲ့တဲ့တစ်ခေါက်က ပြောတယ်လေ...”

“လီကျယ်ရှန်း ပြန်လာရင် နင် သေချာပေါက် ကြိုးစားကြည့်မယ်ဆိုတာလေ...”

“အခုကျတော့ ဘာလို့ ကြောက်သွားတာလဲ”

ဒူကူယန်မှာ ဦးစွာ ကြောင်အမ်းသွားပြီးမှ ယဲ့လင်းလင်း ဘာကို ဆိုလိုသည်ကို နားလည်သွားကာ သူမ၏ ပါးပြင်ထက်တွင် ရှက်သွေးများ ဖြတ်ပြေးသွားသည်။

“ဟဲ့... လင်းလင်း”

“နင် တခြားအရာတွေကိုကျ ဂရုမစိုက်ဘဲ ဒါကျတော့ သေသေချာချာ မှတ်မိနေတာလား”

သူမသည် ရှက်ကိုးရှက်ကန်းဖြင့် ယဲ့လင်းလင်းကို ရိုက်ရန် ဟန်ပြင်လိုက်သည်”

“ဒီကောင်မလေး... အရိုက်ခံချင်နေပြီ”

မိန်းကလေးနှစ်ဦးမှာ ရယ်မောပျော်ရွှင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် လိုက်တမ်းပြေးတမ်း ကစားရင်း လီကျယ်ရှန်း၏ အမြင်အာရုံမှ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။

လီကျယ်ရှန်းသည် ခေါင်းကိုခါရင်း ပြုံးလိုက်မိပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။

ကောင်းကင်မှာ မှောင်မိုက်နေပြီ ဖြစ်သည်။

မနက်ဖြန်ကျမှသာ ရွယ်ချင်းဟော်ကို သွားတွေ့နိုင်ပေမည်။

လွန်ခဲ့သော ဆယ်ရက်တာ ခရီးစဉ်တစ်လျှောက် သူ့အနားမှာ ရှိနေခဲ့သော ချန်ရန်ရွယ်ကို ပြန်လည် မြင်ယောင်ရင်း လီကျယ်ရှန်း မရယ်ဘဲ မနေနိုင်တော့ပေ။

ဟင်း... သူ၏ ညီအစ်ကိုကောင်းက သူ့ကို ဘာတွေများ ပြောပြဦးမလဲဆိုတာ သူ သိချင်နေမိတော့သည်။

All Chapters