အခန်း (၈၅)
Vol. 9 Ch. 85
ယဲ့လင်းလင်းနှင့် ဒူကူယန်တို့သည် ကျောင်းသားများ၏ အာမေဍိတ်သံများဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ဝတ်ရုံဖြူနှင့် ပြုံးနေသော လူငယ်လေးကို မြင်လိုက်ရသောအခါ သူတို့၏ လှပသော မျက်ဝန်းအစုံမှာ တောက်ပသွားတော့သည်။
တိုက်လုံ၏ တတွတ်တွတ် လိုက်နှောင့်ယှက်မှုကြောင့် ဖြစ်ပေါ်နေသော စိတ်မရှည်မှုများမှာ ချက်ချင်းပင် တောက်ပသော အပြုံးများအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် လီကျယ်ရှန်းရှိရာသို့ အပြေးကလေး သွားလိုက်ကြသည်။
ယဲ့လင်းလင်းသည် သူမ၏ ကြည်လင်သော စိမ်းပြာရောင် မျက်ဝန်းလေးများကို ပုတ်ခတ်ကာ လီကျယ်ရှန်း အထင်လွဲသွားမှာကို စိုးရိမ်သည့်အလား တိုးညှင်းသော လေသံဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
“ကျွန်မ... ကျွန်မ သူ့ကို စကားတစ်ခွန်းတောင် ပြန်မပြောခဲ့ပါဘူး။”
“သူကပဲ အမြဲတမ်း လိုက်နှောင့်ယှက်နေတာ၊ တကယ်ကို စိတ်ပျက်ဖို့ ကောင်းလိုက်တာ။”
လီကျယ်ရှန်းသည် တဟားဟား ရယ်မောကာ ခေါင်းခါပြလိုက်သည်။ သူသည် တိုက်လုံ၏ နီမြန်းနေသော မျက်နှာကို တစ်ချက်ကြည့်လိုက်မိရာ ထိုသူ၏ နှာခေါင်းမှာ မျက်နှာထက်ပင် ပို၍ နီနေသည်ဟု ထင်လိုက်မိသည်။
“သွားကြစို့။”
လီကျယ်ရှန်းသည် ပေါ့ပေါ့ပါးပါးပင် လှည့်ထွက်ခဲ့သည်။ ယဲ့လင်းလင်းနှင့် ဒူကူယန်တို့ကလည်း ဘယ်တစ်ဖက် ညာတစ်ဖက်မှ ဝန်းရံကာ လီကျယ်ရှန်းနှင့်အတူ လိုက်ပါလာခဲ့ကြသည်။
သုံးဦးသား ပုခုံးချင်းယှဉ်၍ လျှောက်လှမ်းနေကြသည်။ အထူးသဖြင့် ကောင်းကင်ဒူ တော်ဝင်အသင်း၏ ရတနာနှစ်ပါးကြားတွင် ဝန်းရံခံထားရသော ဝတ်ရုံဖြူနှင့် လူငယ်လေးကို ကြည့်ပြီး ဘေးပတ်ဝန်းကျင်မှ လူများမှာ အားကျစိတ်ဖြင့် ငေးမောနေကြတော့သည်။
တိုက်လုံမှာမူ ဒေါသထွက်လွန်းသဖြင့် အံကြိတ်သံမှာ တဂျိဂျိနှင့် ထွက်ပေါ်နေသည်။ သို့သော် အမှန်အတိုင်း ဝန်ခံရလျှင် သူသည် လီကျယ်ရှန်းကို ကြောက်ရွံ့နေမိသည်။ ကျောင်းတော်၏ ဝိဉာဉ်တိုက်ခိုက်ရေးကွင်းတွင် “ဓားဝိုင်သည် ဝိုင်ကို နွေးစေပြီး ရှောင်ထျန်ကို သတ်ဖြတ်ခဲ့သည်” ဟူသော မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူ မဟုတ်ပါလား။
သူ၏ ခွန်အားမှာ ဓားဝိုင်၏ ဓားချက်တစ်ချက်ကိုပင် ခံနိုင်ရည် ရှိမည်မဟုတ်ကြောင်း သူ သိသည်။ သို့သော် ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်များ၏ ထုံးစံအတိုင်း ဒေါသက ရှေ့က ပြေးနေလေပြီ။ ခုနက သူ ပြောခဲ့သော ဝါကြွားသည့် စကားများကို ပြန်တွေးမိခြင်းနှင့် အတူသင်ကျောင်းသားများ၏ လှောင်ပြောင်လိုသော အကြည့်များကို အာရုံခံမိသောအခါ တိုက်လုံသည် ရင်ကို မြှင့်လိုက်ပြီး အတွင်းစိတ်မှ ကြောက်ရွံ့မှုကို ဖုံးကွယ်ကာ ထွက်ခွာသွားသော လီကျယ်ရှန်း၏ ကျောပြင်ကို ကြည့်၍ အော်ဟစ်လိုက်သည်။
“ဓား... ဓားဝိုင်”
“မင်း... မင်း အဲဒီမှာပဲ ရပ်လိုက်စမ်း”
“ဟင်”
လီကျယ်ရှန်းသည် ခြေလှမ်းများကို ရပ်လိုက်သည်။ ဓားကဲ့သို့ စူးရှသော မျက်ခုံးအစုံကို တွန့်ချိုးကာ လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် စွမ်းအင်များ ပြည့်လျှံနေပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဓားရည်ရွယ်ချက်များမှာ ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ ပြင်းထန်လှသည်။ ဤသိမ်မွေ့သော စိတ်လှုပ်ရှားမှုကြောင့်ပင် သူ၏ မျက်ဝန်းထဲ၌ အေးစက်သော ဓားအလင်းတစ်ခု ဖြတ်ပြေးသွားပြီး ပျောက်ကွယ်သွားသည်။
ထိုအေးစက်သော အကြည့်နှင့် ဆုံမိသောအခါ တိုက်လုံမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားရသည်။ သူသည် အတူသင်ကျောင်းသားများရှေ့တွင် မျက်နှာပန်းလှစေရန် ပြင်းပြင်းထန်ထန် ပြောဆိုရန် ရည်ရွယ်ခဲ့သော်လည်း ဓားချီများ ထွက်ပေါ်နေသော လီကျယ်ရှန်း၏ နက်မှောင်သော မျက်ဝန်းအောက်တွင်မူ စကားများမှာ ထစ်ငေါ့ကာ ဝါကျတစ်ကြောင်း ပြည့်အောင်ပင် မပြောနိုင်တော့ပေ။
“ငါ... ငါ...”
အတန်ကြာ တုန့်ဆိုင်းနေပြီးနောက် တိုက်လုံသည် အံကို ကြိတ်ကာ လည်ပင်းကို ဆန့်လျက် ပြောလိုက်သည်။
“ဓားဝိုင် မင်းကို ငါ မယှဉ်နိုင်ဘူးဆိုတာ ငါ သိတယ်”
“ဒါပေမဲ့... ဒါပေမဲ့ ဝိဉာဉ်တွေကို အသုံးမပြုဘဲ စစ်မှန်တဲ့ ကိုယ်ကာယ ခွန်အားချင်းပဲ ယှဉ်ပြိုင်ဖို့ မင်း သတ္တိရှိရဲ့လား”
လီကျယ်ရှန်း ဘာမျှ ပြန်မပြောရသေးခင်မှာပင် ဘေးမှ လက်ပိုက်၍ ကြည့်နေသော ဒူကူယန်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“တိုက်လုံ... နင် ဒီလောက်တောင် အရှက်မရှိတာလား”
“ခွန်အားဂိုဏ်းရဲ့ မွေးရာပါ ခွန်အားကို အားကိုးပြီး ဓားသမားတစ်ယောက်ကို ခွန်အားချင်း ယှဉ်ပြိုင်ဖို့ စိန်ခေါ်ရဲတယ်ပေါ့။ နင်မှာ အရှက်ဆိုတာရော ရှိသေးရဲ့လား။”
“နင်သာ ဆက်ပြီး ဆူညံနေဦးမယ်ဆိုရင် ငါ့အဆိပ်နဲ့ နင့်ကို ဆယ်ရက်ကနေ လဝက်လောက်အထိ အိပ်ရာထဲ လဲအောင် လုပ်ပစ်မယ်ဆိုတာ ယုံသလား။”
ထိုစကားများကြောင့် ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ တီးတိုး ပြောဆိုလာကြသည်။
“တိုက်လုံက အရမ်း အရှက်မရှိတာပဲ”
“သူ တကယ် တော်တယ်ဆိုရင် ဓားဝိုင်ရဲ့ ဓားချက်တစ်ချက်ကို ခံကြည့်ပါလား၊ အဲဒါဆို ပြီးတာပဲ။”
“ဟင်း... တိုက်လုံက ဒါကို လန်ပါကျောင်းတော်လို့ ထင်နေတုန်းလား မသိဘူး။”
ယဲ့လင်းလင်းနှင့် ဒူကူယန်တို့သည် လီကျယ်ရှန်း၏ လက်မောင်းကို အလိုအလျောက်ပင် ချိတ်လိုက်ကြသည်။
“မောင်လေး ကျယ်ရှန်း... ဒီလူရဲ့ အဓိပ္ပာယ်မရှိတဲ့ အပြုအမူတွေကို ဂရုမစိုက်ပါနဲ့။”
ဒူကူယန်က အထင်သေးသော လေသံဖြင့် ဆက်လက် ရှင်းပြသည်။
“ဒီလူက အရင်က လန်ပါကျောင်းတော်က လူပဲ။”
“အဲဒီကျောင်းတော်က ကောင်းကင်ဒူမြို့တော်ကနေ ထွက်သွားပြီးတဲ့နောက် နေရာသေးသေးလေးကို မသွားချင်တဲ့ ကျောင်းသားအချို့က တော်ဝင်ကျောင်းတော်ကို ပြောင်းလာကြတာ။”
“သူ့ရဲ့ ခွန်အားကတော့ မဆိုးပါဘူး၊ တော်ဝင်အသင်းရဲ့ အရန်အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်ထားတယ်။”
ဒူကူယန်သည် တော်ဝင်အသင်း၏ အစ်မကြီးပီပီ အလွန်ပင် ယုံကြည်မှုရှိစွာ ပြောဆိုနေခြင်းဖြစ်သည်။ အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်၏။ လီကျယ်ရှန်း ပေးအပ်ခဲ့သော “သွေးစွန်းငန်းခါး၏ အနမ်း” ကို ရရှိပြီးကတည်းက သူမ၏ ကျင့်စဉ်တိုးတက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူမ၏ ဝိဉာဉ်စွမ်းအား အဆင့်မှာ ယွီထျန်းဟန်နှင့် ရင်ဘောင်တန်းနေပြီ ဖြစ်သည်။ နောက်ထပ် ခြောက်လအကြာတွင် ကျင်းပမည့် ဝိဉာဉ်သခင် ပြိုင်ပွဲတွင် သူမသည် အသင်း၏ အဓိက တိုက်ခိုက်ရေးသမား ဖြစ်လာပေလိမည်။
လီကျယ်ရှန်းသည် ဒူကူယန်၏ စကားကို နားထောင်ရင်း သူ၏ မျက်ဝန်းထဲတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဪ... ဒီလိုကိုး။
မူလ ဇာတ်လမ်းအရဆိုလျှင် တိုက်လုံသည် ရှီလိုင်ခဲ့ကျောင်းတော်သို့ ဝင်ရောက်ရမည်ဖြစ်သည်။ သူ၏ လိပ်ပြာအကျိုးသက်ရောက်မှုကြောင့် ရှီလိုင်ခဲ့အဖွဲ့သားများမှာ ကောင်းကင်ဒူမြို့တော်သို့ မဝင်ရောက်နိုင်ဘဲ လန်ပါကျောင်းတော်နှင့် မပေါင်းစည်းနိုင်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ယင်းအစား လန်ပါကျောင်းတော်ကသာ ဆိုတိုမြို့သို့ သွားရောက်၍ ရှီလိုင်ခဲ့နှင့် ပေါင်းစည်းသွားခဲ့ပုံရသည်။ ထို့ကြောင့် တိုက်လုံကဲ့သို့သော ကျောင်းသားများမှာ တော်ဝင်ကျောင်းတော်သို့ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။
“စိတ်ဝင်စားစရာပဲ... ဇာတ်လမ်းပြင်ပက နောက်ထပ် ကွဲလွဲမှုတစ်ခုလား”
လီကျယ်ရှန်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး နွားသိုးတစ်ကောင်ကဲ့သို့ ဟောဟောဒိုင်းဒိုင်း ဖြစ်နေသော တိုက်လုံကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“ကောင်းပြီလေ... ဒီနေ့ ငါ စိတ်ကြည်နေတာနဲ့ပဲ မင်းနဲ့ ကိုယ်ကာယ ခွန်အားချင်း ယှဉ်ပြိုင်ပေးမယ်။”
ထိုစကား ထွက်လာသည်နှင့် ကျောင်းသားများကြားတွင် ဆူညံသွားတော့သည်။ ယဲ့လင်းလင်းနှင့် ဒူကူယန်တို့က တားဆီးရန် ပြင်သော်လည်း လီကျယ်ရှန်း၏ လက်မြှောက်တားလိုက်မှုကြောင့် တိတ်သွားကြသည်။
တိုက်လုံ၏ မျက်နှာမှာမူ ဝမ်းသာအားရ ဖြစ်သွားသည်။
“ဓားဝိုင်။ မင်း... မင်း တကယ်ပဲ ခွန်အားချင်း ယှဉ်ပြိုင်ဖို့ သဘောတူတာလား။”
လီကျယ်ရှန်းသည် သူ၏ လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါးပင် လှည့်လိုက်ရင်း။
“စကားများမနေနဲ့တော့၊ လာခဲ့စမ်း။”
တိုက်လုံသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဖြဲပြုံးလိုက်သည်။
“ဟဲဟဲ... ဓားဝိုင်။ မင်းကိုယ်တိုင် အရှာထွက်တာနော်၊ ငါက မင်းကို အသာစီးယူတယ်လို့တော့ အပြစ်မတင်နဲ့။”
စကားမဆုံးသေးခင်မှာပင်...
ဒိုင်း!
သူသည် အရှိန်ပြင်းစွာဖြင့် ရှေ့သို့ တိုးဝင်လိုက်သည်။ သူ၏ ခြေဖဝါးအောက်ရှိ ခိုင်မာသော ကြွေပြားများမှာ ချက်ချင်းပင် ကြေမွသွားသည်။ ထို့နောက် တိုက်လုံသည် ဟိန်းဟောက်လိုက်ရာ သူ၏ ညာဘက်လက်မောင်း ကြွက်သားများမှာ လေထိုးထားသကဲ့သို့ သုံးဆခန့် ကြီးထွားလာပြီး ကျပ်နေသော အင်္ကျီလက်မှာလည်း ထိုဒဏ်ကို မခံနိုင်သဖြင့် ပြဲထွက်သံ ထွက်ပေါ်လာသည်။
ပြင်းထန်သော လေတိုးသံနှင့်အတူ သူ၏ လက်သီးမှာ လီကျယ်ရှန်းဆီသို့ တည့်တည့် ဦးတည်လာသည်။ သူသည် လီကျယ်ရှန်းက ဖုန်းရှောင်ထျန်ကို လက်သီးဖြင့် ထိုးထုတ်လိုက်သည်ကို မြင်ဖူးထားသဖြင့် တစ်ဖက်လူ၏ ကိုယ်ကာယမှာလည်း ထူးခြားသည်ကို သူ သိထားသည်။ သို့သော် ခွန်အားဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် တစ်ယောက်အနေဖြင့် သူ၏ ကိုယ်ကာယ ခွန်အားအပေါ်တွင်မူ လုံးဝဥဿုံ ယုံကြည်မှု ရှိနေသည်။
“လာစမ်းပါ”
လီကျယ်ရှန်း၏ ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ လက်ရှိ ကိုယ်ကာယ ခွန်အားကို သူ စမ်းသပ်ချင်နေခဲ့ခြင်း ဖြစ်သည်။ ဝိဉာဉ်သခင်အဆင့်၌ပင် သူ၏ ရေခဲမီးတောက် ဝိဉာဉ်သွေးကြော ခန္ဓာကိုယ်ကြောင့် သူ၏ ကိုယ်ကာယမှာ ဝိဉာဉ်ဘိုးဘေးအဆင့်နှင့် ရင်ဘောင်တန်းနေခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဝိုင်များကို အဆက်မပြတ် သောက်သုံးကာ သန့်စင်ခဲ့ပြီးနောက် သူ၏ ခွန်အားမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီနည်း။
အံ့ဩနေသော မျက်ဝန်းပေါင်းများစွာအောက်တွင်...
လီကျယ်ရှန်းသည်လည်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လက်သီး ဖြတ်သန်းသွားသော နေရာရှိ လေထုမှာ ဆွဲဖြဲခြင်း ခံလိုက်ရပြီး ရေခဲပြာရောင်နှင့် မီးနီရောင်တို့ ရောယှက်နေသော လှပသည့် အလင်းတန်းတစ်ခု ကျန်ရစ်ခဲ့သည်။ သူ၏ အရိုးများ၊ သွေးကြောများနှင့် အသားမျှင်များအတွင်း၌ ရေခဲနှင့် မီးတောက် ဝိဉာဉ်အလင်းများမှာ သိမ်မွေ့စွာ စီးဆင်းနေသည်။
ထိုသွယ်လျပြီး နူးညံ့လှသည်ဟု ထင်ရသော လက်သီး..။
သို့သော် ပေါက်ကွဲထွက်လာသော လက်သီး၏ အရှိန်အဟုန်မှာ တောင်တစ်လုံးကဲ့သို့ လေးလံလှသည်။
ဝုန်း!!!
လီကျယ်ရှန်း၏ လက်သီးနှင့် တိုက်လုံ၏ လက်သီးတို့မှာ ပြင်းထန်စွာ ရိုက်ခတ်မိကြသည်။ လက်သီးနှစ်ခု ဆုံရာကို ဗဟိုပြု၍ မြင်တွေ့နိုင်သော လေလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားတော့သည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
တိုက်လုံ၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ စိတ်ကူးကြည့်၍ပင် မရနိုင်သော ကြောက်မက်ဖွယ် မဟာခွန်အားကြီးမှာ ရေခဲနှင့် မီးတောက်၏ ထူးဆန်းသော စွမ်းအားများနှင့်အတူ လီကျယ်ရှန်း၏ လက်သီးမှတစ်ဆင့် ဆည်ကျိုးသကဲ့သို့ တိုးဝင်လာသည်ကို သူ ခံစားလိုက်ရသည်။
ရှဲ... ရှဲ... ရှဲ...
တိုက်လုံ၏ လက်မောင်းပေါ်ရှိ အင်္ကျီလက်မှာ တစ်လက်မချင်း ပေါက်ကွဲထွက်သွားသည်။ အရိုးကျိုးသံမှာလည်း ကြောက်စရာကောင်းလောက်အောင် ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင်...
တောင့်တင်းလှသော တိုက်လုံ၏ ခန္ဓာကိုယ်မှာ သူ ပြေးဝင်လာခဲ့သော အရှိန်ထက် ပို၍ မြန်ဆန်စွာဖြင့် နောက်သို့ လွင့်စင်သွားတော့သည်။
သို့သော် လီကျယ်ရှန်း၏ အရှိန်မှာ ထိုထက်ပင် ပို၍ မြန်ဆန်လှသည်။ သူသည် လေကို စီးနင်းလျက် ဝတ်ရုံဖြူမှာ တဖျတ်ဖျတ် လွင့်နေပြီး တိုက်လုံ မြေပြင်ပေါ်သို့ မကျခင်မှာပင် ရှေ့သို့ ရောက်ရှိသွားသည်။
တိုက်လုံမှာ မြေပြင်သို့ မကျသေးဘဲ လေပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ လီကျယ်ရှန်းသည် သူ၏ ညာလက်ဖြင့် ဝတ်ရုံဖြူအစကို အသာအယာ ခါလိုက်ပြီး ညာဘက်ခြေထောက်ကို အမြင့်သို့ မြှောက်ကာ တိုက်လုံ၏ ရင်ဘတ်ကို တည့်တည့် ချိန်ရွယ်၍ နင်းချလိုက်တော့သည်။
ဝုန်း
တိုက်လုံ၏ ခါးနှင့် ဝမ်းဗိုက်မှာ ပုစွန်တစ်ကောင်ကဲ့သို့ ကွေးညွတ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရသည်။ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် မြေပြင်ကြီးပင် တုန်ခါသွားရ၏။
ဖုန်မှုန့်များ အနည်းငယ် ပြယ်လွင့်သွားသောအခါ
လီကျယ်ရှန်းသည် သူ၏ အထက်တွင် ရပ်နေသည်။ သူ၏ ခြေေထာက်အောက်တွင် မျက်လုံးပြူးကာ မျက်နှာနီမြန်းနေသော တိုက်လုံကို ငုံ့ကြည့်လိုက်ရင်း တိုးညှင်းသော အသံဖြင့် မေးလိုက်သည်မှာ။
“အခုရော... မင်း ကျေနပ်ပြီလား”
ကျောင်းဂိတ်ဝရှေ့တွင် လေထုမှာ အေးခဲသွားသကဲ့သို့ ရှိနေသည်။ လီကျယ်ရှန်း၏ ခြေေထာက်အောက်တွင် ဖိနှိပ်ခံထားရသော တိုက်လုံ၏ လည်ချောင်းမှ ထွက်ပေါ်လာသော တဟောဟော အသက်ရှူသံမှာသာ ထိုတိတ်ဆိတ်မှုအတွင်း စူးရှစွာ ထွက်ပေါ်နေတော့သည်။