အခန်း (၈၆)
Vol. 9 Ch. 86
“မောင်လေး ကျယ်ရှန်း... မင်းက... တကယ်ကို အံ့ဩဖို့ကောင်းတာပဲ...”
ယဲ့လင်းလင်းနှင့် ဒူကူယန်တို့သည် အံ့ဩမှင်တက်နေရာမှ သတိပြန်ဝင်လာကြပြီး လီကျယ်ရှန်းအနားသို့ အပြေးကလေး ရောက်လာကြသည်။ သူတို့၏ မျက်နှာထက်တွင် အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူရိပ်များ ဖုံးလွှမ်းနေတော့သည်။
ဓားကျင့်ကြံသူတစ်ယောက်က ခွန်အားကို အဓိကထားသည့် ခွန်အားဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်ကို ကိုယ်ကာယချင်း ယှဉ်ပြိုင်ပြီး အနိုင်ယူလိုက်ခြင်း။ ဤသည်မှာ မည်သည့်အခါမျှ မကြားဖူးသော ဖြစ်ရပ်ဆန်းကြီးပင် ဖြစ်သည်။
ထိုစဉ် ယွီထျန်းဟန်၊ ယွီဖုန်း၊ အော်စလိုနှင့် ရှီညီအစ်ကိုတို့မှာ ကျောင်းသားအုပ်ကြီးကို တိုးဝှေ့ကာ ရှေ့ဆုံးသို့ ရောက်ရှိလာကြသည်။ လီကျယ်ရှန်းက တိုက်လုံကို ခြေဖဝါးဖြင့် နင်းထားသည်ကို မြင်သောအခါ သူတို့ ခြောက်ယောက်လုံး ဦးစွာ အံ့ဩသွားကြသည်။ ထို့နောက်မှ အပြေးအလွှား ရောက်လာကြပြီး
“ဓားဝိုင် ဘာတွေဖြစ်ကုန်တာလဲ”
လီကျယ်ရှန်းသည် သူ၏ခြေထောက်ကို ပြန်မလိုက်ကာ အသည်းအသန် ထရန် ကြိုးစားနေသော တိုက်လုံကို ကြည့်ပြီး ပြုံးလျက်
“ဘာမှမဟုတ်ပါဘူး။”
“သူက ငါနဲ့ ခွန်အားချင်း ယှဉ်ပြိုင်ချင်လို့လေ။”
ယွီထျန်းဟန်နှင့် ကျန်လေးယောက်မှာ လီကျယ်ရှန်းကို ဝိုင်းဝန်းလက်မထောင်ပြကြသည်။
“ဓားဝိုင်ကတော့ တကယ်ကို လန်းတယ်ဟေ့”
ဓားဝိုင်သည် သူ၏ဓားကိုပင် မထုတ်ရသေးဘဲ တိုက်လုံကို ကိုယ်ကာယခွန်အားနှင့်တင် ဖိနှိပ်လိုက်နိုင်ခြင်းဖြစ်သည်။ သူသည် အလွန်ပင် စွမ်းအားကြီးလွန်းလှသဖြင့် ပြိုင်ဘက်မရှိသလောက်ပင်။
“ဓားဝိုင်... ဒါက ကောင်းကင်ဒူ တော်ဝင်ကျောင်းတော်လေ။ အကယ်၍ မင်းနဲ့ ယှဉ်ပြိုင်ချင်တဲ့သူရှိရင် ငါတို့ ညီအစ်ကိုတွေက ရှေ့ကနေ တားဆီးပေးမယ်။”
ယွီထျန်းဟန်က ပြောရင်း ယွီဖုန်းနှင့် ကျန်သုံးယောက်ကို မျက်စိတစ်ဖက်မှိတ် ပြလိုက်သည်။ ထိုလေးယောက်မှာလည်း လှောင်ပြုံးလေးများဖြင့် ရှေ့သို့ တက်လာကြသည်။ သူတို့သည် ကြောင်အမ်းအမ်း ဖြစ်နေသော တိုက်လုံကို တွဲထူကာ လူသူကင်းဝေးရာ ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားကြတော့သည်။
“ဒါဆို... ငါတို့ ညီအစ်ကိုတွေနဲ့ ခွန်အားချင်း ယှဉ်ပြိုင်ချင်တဲ့ ကောင်လေးက မင်းပေါ့လေ”
“လာပါ... လာပါ... ငါတို့နဲ့ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ပြီး ယှဉ်ပြိုင်ကြည့်ကြတာပေါ့ ညီလေးရာ”
လီကျယ်ရှန်းသည် ပြုံးလျက် ယွီထျန်းဟန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
“ကျေးဇူးပဲကွာ။”
ဤမြင်ကွင်းမှာ သူ၏ အရင်ဘဝက ကျောင်းဂိတ်ဝတွင် လူမိုက်ကျောင်းသားများ ဂိုဏ်းဖွဲ့နေကြသည်နှင့် အလွန်ပင် တူညီနေတော့သည်။ လီကျယ်ရှန်းသည် ဝန်းကျင်မှ ကြည်ညိုလေးစားသော အကြည့်များကို လျစ်လျူရှုလျက် လေချွန်သံတိုးတိုးလေး ပြုလုပ်ကာ တော်ဝင်ကျောင်းတော်မှ ထွက်ခွာခဲ့သည်။ သူ၏ ဘေးတွင်မူ ယဲ့လင်းလင်းနှင့် ဒူကူယန်တို့ လိုက်ပါလာကြသည်။
လမ်းခွဲတစ်ခုတွင် ဒူကူယန်ကို နှုတ်ဆက်ပြီးနောက် လီကျယ်ရှန်းနှင့် ယဲ့လင်းလင်းတို့သည် ယဲ့အိမ်တော်သို့ တည့်တည့်မတ်မတ် ဦးတည်ခဲ့ကြသည်။ ခုနက ကျောင်းတော်တွင် ပျော်ရွှင်တက်ကြွနေခဲ့သော မိန်းကလေးမှာ ယဲ့အိမ်တော်၏ မြင့်မားလှသော တံခါးခုံကို ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် ပြောင်းလဲသွားသည်။
အေးစက်မှုနှင့် တည်ငြိမ်မှုဟူသော မြင်မရသည့် သံခြေချင်းများက သူမကို တစ်ဖန် ပြန်လည် တင်းကျပ်စွာ ပတ်ဖွဲ့လိုက်ပြန်သည်။ လီကျယ်ရှန်းသည် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ယဲ့လင်းလင်းသည် သူမမိခင် မျှော်လင့်ထားသည့် ပုံစံအတိုင်း ရှင်သန်နေရသော်လည်း သူမကိုယ်ပိုင် တက်ကြွမှုဟူ၍ တစ်စက်မျှ မရှိတော့ချေ။
ရင်းနှီးနေသော ကွေ့ကောက်သည့် စင်္ကြံလမ်းအတိုင်း လျှောက်လာပြီးနောက် ယဲ့လင်းလင်း၏ နောက်မှ လိုက်ပါရင်း အလွန်ခမ်းနားလှသော ဧည့်ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။ ကြမ်းပြင်မှာ စိမ်းညို့ရောင် အုတ်ချပ်များကို လူရိပ်ထင်အောင် တိုက်ချွတ်ထားပြီး နီရဲသော တိုင်လုံးကြီးလေးလုံးမှာ ထွင်းထုထားသည့် ရက်မများကို ထိန်းမထားကြသည်။ အရှေ့ဘက် နံရံတစ်ခုလုံးတွင် ရေးဆွဲထားသော နှလုံးသားကိုးခုပန်း ပန်းချီကားများမှာ စိမ်းစိုသော ဝါးယိုင်တိုင်များ၏ နောက်ကွယ်တွင် တည်ရှိနေကာ ခန်းမဆောင်ကြီးကို ပိုမို တင့်တယ်ဆိတ်ငြိမ်စေသည်။
လီကျယ်ရှန်း ဝင်လာသည်ကို မြင်သောအခါ ခရမ်းရောင် ပိုးထည်ဝတ်ရုံကို ဆင်မြန်းထားသော ယဲ့ကတော်သည် ချက်ချင်း ထရပ်လိုက်သည်။
“သခင်လေး ကျယ်ရှန်း ရောက်လာပြီပဲ၊ မြန်မြန် ထိုင်ပါဦးရှင်။”
သူမ၏ အသံမှာ နူးညံ့ပျော့ပြောင်းလှပြီး လိုအပ်သည်ထက် ပိုမို ဖော်ရွေနေသည်။ ယဲ့မိသားစု ခေါင်းဆောင်၏ ထိုဖော်ရွေမှုများကို လီကျယ်ရှန်းက တည်ငြိမ်စွာပင် တုံ့ပြန်ကာ နေရာတွင် ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်တွင်လည်း ကောင်းမွန်လှသော ဟင်းလျာများ ချက်ချင်း ရောက်ရှိလာသည်။ လီကျယ်ရှန်း၏ အကြည့်မှာ ယဲ့လင်းလင်းဆီသို့ ရောက်သွားသည်။ သူမသည် သူမရှေ့ရှိ သတ်သတ်လွတ် ဟင်းတစ်ပွဲကိုသာ အသာအယာ စားနေပြီး သူမ၏ လက်ကောက်ဝတ်များကိုလည်း အင်္ကျီလက်ဖြင့် သေသေချာချာ ဖုံးကွယ်ထားသည်။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ ကြိုတင်သတ်မှတ်ထားသော စက်ရုပ်တစ်ရုပ်ကဲ့သို့ တိကျလွန်းလှသည်။
ထိုအသက်မဲ့လှသော တည်ငြိမ်မှုကြောင့် လီကျယ်ရှန်း၏ မျက်မှောင်များမှာ ပိုမို တွန့်ချိုးသွားရသည်။ ယဲ့လင်းလင်းသည် သူနှင့်အတူ ခေါက်ဆွဲစားစဉ်က သူမနှစ်သက်သည့်အရာကို ရွေးချယ်တတ်နေပြီ ဖြစ်သော်လည်း ဤယဲ့မိသားစု၏ အမြစ်တွယ်နေသော သံခြေချင်းများကိုမူ သူမ မဖျက်ဆီးနိုင်သေးချေ။ ယဲ့ကတော်၏ သမီးဖြစ်သူအပေါ် သွန်သင်မှုကို ဝေဖန်ရန် သူ၌ အခွင့်အရေး မရှိသဖြင့် လီကျယ်ရှန်းမှာ စိတ်မသက်မသာ ဖြစ်မိသည်။
“သခင်လေး ကျယ်ရှန်း... ဟင်းတွေက အဆင်မပြေလို့လားဟင်။ မပြေရင် ချက်ချင်း ပြန်လုပ်ခိုင်းလိုက်ပါ့မယ်။”
ယဲ့ကတော်သည် လီကျယ်ရှန်း၏ မျက်နှာထက်မှ မကျေနပ်ရိပ်ကို သတိပြုမိသွားသည်။ လီကျယ်ရှန်းသည် ကျောက်စိမ်းတူကို ချလိုက်ပြီး။
“မလိုပါဘူး။”
သူသည် မော့ကြည့်လိုက်ပြီး ယဲ့ကတော်၏ မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်ကာဆိုလိုက်သည်။
“မိသားစု ခေါင်းဆောင်... ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါဗျာ။”
ယဲ့ကတော်မှာ လီကျယ်ရှန်း၏ တိုက်ရိုက်ပြောဆိုမှုကြောင့် ခေတ္တ မှင်တက်သွားရသည်။ သူမသည် တစ်ခုခုကို စဉ်းစားဟန်ဖြင့် အင်္ကျီလက်ကို အသာအယာ မလိုက်ပြီး လီကျယ်ရှန်းအတွက် ဟင်းတစ်ဖဲ့ ခပ်ထည့်ပေးလိုက်သည်။
“မနက်ဖြန်မှာ နင်ဖုန်းကျီ ကောင်းကင်ဒူမြို့တော်ကို ရောက်လာမယ်လို့ ကြားမိပါတယ်။”
သူမက အေးအေးဆေးဆေး ပြောရင်း လီကျယ်ရှန်း၏ တုံ့ပြန်မှုကို အကဲခတ်နေသည်။
“သခင်လေး ကျယ်ရှန်း... ဒီရက်ပိုင်းအတွင်းမှာ ကျွန်မတို့ ယဲ့အိမ်တော်မှာပဲ ခဏလောက် အနားယူနေရင် မကောင်းဘူးလား”
“ကျွန်တော်နဲ့ ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်းရဲ့ ပတ်သက်မှုကို မိသားစုခေါင်းဆောင်က ဘယ်လိုလုပ် သိနေတာလဲ”
လီကျယ်ရှန်း၏ လေသံမှာ အေးစက်သွားသည်။
“ကျွန်တော့်ကို စုံစမ်းနေတာလား”
ယဲ့ကတော်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ သူမ၏ ခရမ်းနုရောင် မျက်ဝန်းများဖြင့် သူ့ကို တည့်တည့် ပြန်ကြည့်ကာ။
“ရန်သူကို သိမှ အောင်ပွဲရမှာပေါ့ရှင်။”
“ကျွန်မတို့ ယဲ့မိသားစုက ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာက ထူးဆန်းလို့လား”
“သခင်လေး ကျယ်ရှန်း... အကယ်၍ နင်ဖုန်းကျီ လာရောက်တွေ့ဆုံမယ်ဆိုရင် ရှင့်အတွက် နေရခက်နိုင်ပါတယ်။”
“ဒါကြောင့် ယဲ့မိသားစုမှာပဲ ခဏနေပါ၊ လင်းလင်းလည်း ဘေးမှာ ရှိနေပေးမှာပေါ့။”
ယဲ့ကတော်က ခေတ္တစဉ်းစားပြီး ဆက်လက်ပြောဆိုသည်မှာ
“အခုလက်ရှိ ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်းရဲ့ ဆက်ခံသူက ကျွန်မရဲ့ လင်းလင်းလောက် မတော်နိုင်ပါဘူး။”
“ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မပြောခဲ့တဲ့ စကားက အတည်ပါပဲ။ အကယ်၍ သခင်လေး ကျယ်ရှန်းသာ သဘောတူမယ်ဆိုရင် ရှင်နဲ့ လင်းလင်းတို့ဟာ...”
“မိသားစုခေါင်းဆောင်ကတော့ အရင်နေ့ကအတိုင်းပါပဲလား။”
ယဲ့ကတော် စကားမဆုံးခင်မှာပင် လီကျယ်ရှန်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် ထရပ်လိုက်သည်။ ဤ ယဲ့မိသားစုခေါင်းဆောင်သည် “နှလုံးသားကိုးခုပန်းသည် ဘုံ၇ဆင့်ပြသာဒ်ထက် သာလွန်ရမည်” ဟူသော သူမ၏ စွဲလန်းချက်ကြောင့် စိတ်မမှန်သလို ဖြစ်နေချေပြီ။
သူသည် ဝတ်ရုံစကို ခါလိုက်ပြီး လှည့်ထွက်ခဲ့သည်။ တံခါးခုံသို့ ရောက်သောအခါ သူ၏ ခြေလှမ်းများမှာ ခေတ္တ တုန့်ဆိုင်းသွားပြီး ခန်းမထဲသို့ စကားတစ်ခွန်း ပါးလိုက်လေသည်။
“ယဲ့လင်းလင်း... မင်း စိတ်မညစ်ပါနဲ့။ ငါနဲ့ မင်းက အရင်အတိုင်း သူငယ်ချင်းကောင်းတွေပါပဲ။”
“ဒါပေမဲ့ နောက်တစ်ခါတော့ ငါ့ကို ဒီနေရာကို ထပ်ပြီး မဖိတ်ပါနဲ့တော့။”
ယဲ့လင်းလင်း၏ တင်းမာနေသော မျက်နှာလေးမှာ အနည်းငယ် ပြေလျော့သွားသည်။ သူမသည် သူမ၏ မိခင်ဖြစ်သူ မှိုင်တွေနေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး မျက်တောင်လေးများ မှိတ်ချကာ ခေါင်းငိုက်စိုက် ချလိုက်မိသည်။
ယဲ့ကတော်မှာ ထိုနေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ ရပ်ကျန်ရစ်ခဲ့သည်။ အတန်ကြာမှ သူမသည် နာကျင်စွာ သက်ပြင်းချလိုက်တော့သည်။ သူမသည် အရှေ့ဘက်နံရံမှ ကြွေကျနေသော နှလုံးသားကိုးခုပန်းလေးကို ကြည့်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
“ယဲ့မိသားစု... နံပါတ်တစ် အထောက်အကူပြု ဝိဉာဉ်နေရာကို ရဖို့ဆိုတာ တကယ်ပဲ မျှော်လင့်ချက် မရှိတော့တာလား”
ယဲ့ကတော်၏ ညည်းတွားသံထဲတွင် ပင်ပန်းနွမ်းနယ်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသည်။ ယဲ့လင်းလင်းမှာမူ သူမ၏ အင်္ကျီလက်အတွင်း၌ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ အိမ်တွင် ခံစားနေရသော အသက်ရှူကျပ်မှုများကြောင့် လီကျယ်ရှန်းနှင့်အတူ လမ်းဘေးဆိုင်တွင် ခေါက်ဆွဲစားခဲ့ရသည့် အချိန်များကို သူမ တမ်းတနေမိသည်။
“အမေ... ကျွန်မ လီကျယ်ရှန်းနောက်ကို လိုက်သွားလိုက်ဦးမယ်။”
လီကျယ်ရှန်းနှင့် ပတ်သက်လျှင် သူမ၏ တင်းကျပ်လှသော မိခင်ဖြစ်သူက မည်သည့်အခါမျှ တားဆီးလေ့မရှိပေ။ အမှန်တကယ်ပင် ယဲ့ကတော်သည် မျက်လုံးများကို မှိတ်ထားလျက်ပင် လက်ကို အားနည်းစွာ ဝှေ့ယမ်းပြလိုက်သည်။ ယဲ့လင်းလင်းသည်လည်း ဝတ်စုံစကို မကာ အပြေးကလေး လိုက်သွားတော့သည်။
လမ်းဘေး ခေါက်ဆွဲဆိုင်လေးတွင် လီကျယ်ရှန်းသည် ဖရဲစေ့များကို ခွာစားရင်း အမောတကော ပြေးလာသော မိန်းကလေးကို ကြည့်ကာ ခေါက်ဆွဲအသည် ဘက်သို့ မေးထိုးပြလိုက်သည်။
“မင်းအတွက် ခေါက်ဆွဲ မှာထားပြီးပြီ။”
ယဲ့လင်းလင်းသည် ဦးစွာ မှင်တက်သွားပြီးမှ သူမ၏ အေးစက်သော မျက်နှာလေးထက်တွင် လှပသော အပြုံးတစ်ခု ပွင့်လန်းလာသည်။ ခေတ္တအကြာတွင် ခေါက်ဆွဲနှစ်ပွဲ ရောက်ရှိလာသည်။ ယဲ့လင်းလင်းသည် အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပန်းကန်ထဲတွင် မျက်နှာအပ်ကာ ခပ်ဖြည်းဖြည်း စားနေတော့သည်။
“ဘယ်လိုလဲ”
လူငယ်လေး၏ ပြုံးရွှင်သော အသံ ထွက်ပေါ်လာသည်။
“မင်းတို့အိမ်က ဟင်းတွေထက် ပိုအရသာရှိတယ် မဟုတ်လား”
ယဲ့လင်းလင်းသည် ဦးစွာ ခေါင်းကို အသာအယာ ညိတ်ပြပြီးနောက်မှ အားရပါးရ ထပ်မံ ညိတ်ပြလိုက်ပြန်သည်။ သူမသည် မျက်လွှာကို ချထားလျက်ပင် လီကျယ်ရှန်း ခေါက်ဆွဲစားနေသည့် အသံနှင့် ဆန့်ကျင်ဘက်ရှိ ဝိုင်ဆိုင်မှ ပုံပြောသူ၏ စကားများကို နားထောင်နေမိသည်။
“လီကျယ်ရှန်း...”
ခေါက်ဆွဲပန်းကန်ထဲမှ တိုးညှင်းသော အသံလေး ထွက်ပေါ်လာသည်။
“ဟင်”
လီကျယ်ရှန်းက လှမ်းကြည့်လိုက်သောအခါ မိန်းကလေးမှာ သူမ၏ နှုတ်ခမ်းလေးကို သွားဖြင့် ဖိကိုက်ထားသည်။
“ကျွန်မ အမေက... တကယ်ပဲ... တကယ်ပဲ အရမ်းဆိုးနေတာလားဟင်...”
“လုံးဝ မဟုတ်ပါဘူး...”
လီကျယ်ရှန်း စကားမဆုံးခင်မှာပင် ယဲ့လင်းလင်း၏ ငိုရှိုက်သံက ကြားဖြတ်ဝင်လာသည်။
“ဒါပေမဲ့... ဒါပေမဲ့ ကျွန်မလည်း သူ့ကို အရမ်းသနားတာပဲ... ကျွန်မ ဘာလုပ်ရမလဲဟင်...”
ကြည်လင်သော မျက်ရည်စက်များမှာ ခေါက်ဆွဲရည်ထဲသို့ တပေါက်ပေါက် စီးကျလာသည်။ နောက်ဆုံးတွင်တော့ လီကျယ်ရှန်းသည် ယဲ့လင်းလင်းကို မည်သို့လုပ်ရမည်ဟု မပြောနိုင်ခဲ့ပေ။ သူကိုယ်တိုင်လည်း ထိုအဖြေကို မသိရှိခဲ့ချေ။ ယဲ့မိသားစု၏ မျိုးဆက်ပေါင်းများစွာ ကြိုးပမ်းလာခဲ့သော စွဲလန်းချက်များကြောင့် “ကောင်းကင်ကို ဆန့်ကျင်သော ဝိဉာဉ်” ဟူသော ဂုဏ်သတင်းကို ရရှိခဲ့ခြင်းဖြစ်သည်။
ယဲ့ကတော်သည်လည်း ထိုကံကြမ္မာထက်တွင် “နံပါတ်တစ် အထောက်အကူပြု” နှလုံးသားကိုးခုပန်းကို ပွင့်လန်းစေချင်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုစိတ်အထုံးအဖွဲ့ကို ဖြည်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
ယဲ့လင်းလင်းကို ယဲ့အိမ်တော်၏ တံခါးဝအထိ ပြန်လည် ပို့ဆောင်ပေးပြီးနောက် လီကျယ်ရှန်းသည် သူ၏ ခြံဝန်းလေးသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။
နောက်တစ်နေ့တွင် သူသည် အလွန်စောစီးစွာ နိုးထလာပြီး အိမ်တွင်းအိမ်ပြင်ကို သေသေချာချာ သန့်ရှင်းရေး လုပ်လိုက်သည်။ ကျောက်လှေကားထစ်များကို တိုက်ချွတ်ကာ ပစ္စည်းပစ္စယများကို စနစ်တကျ စီစဉ်လိုက်သည်။
စန္ဒကူးစားပွဲပေါ်တွင် လက်ဖက်ရည်နှင့် စစ်တုရင်ခုံကို ပြင်ဆင်ထားသည်။ ယနေ့တွင် ဧည့်သည်လာမည်ကို သူ ကြိုတင် သိရှိနေသည့်အလား...။