← Chapters

လူတွေ ထပ်လွှတ်ပေးဖို့ အချက်ပြလိုက်

Vol. 1 Ch. 410

လူတွေ ထပ်လွှတ်ပေးဖို့ အချက်ပြလိုက်

Vol. 1 Ch. 410

ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်း၊ ယွင်ဖေးနှင့် ချမ်ဂိုဏ်းသားတို့၏ မျက်လုံးများ တောက်ပသွားကြသည်။ မည်သူမှ တိုက်ပွဲကို နိုင်နိုင်ချေမရှိသော်လည်း ထိုအထဲတွင် ကျန်းရီမပါပေ။ ကျန်းရီ စိတ်ရူးပေါက်၍ သတ်ဖြတ်ခြင်း အင်အားကို ထုတ်သုံးလိုက်လျှင် ဤနေရာရှိ မည်သူမှ အသက်ရှင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူတို့သည် ကျန်းရီကို စိတ်မပူကြပေ။ လူအုပ်သည် ပွဲကြီးပွဲကောင်းလာတော့မည်ကိုသာ စိတ်ဝင်တစား စောင့်ဆိုင်းနေကြသည်။ ကျန်းရီ တိုက်ခိုက်ရန် ဆုံးဖြတ်ထားရာ တိုက်ပွဲသည် သူ့လက်ခုပ်အတွင်းတွင်သာ ရှိသည်။

ရှောင်မင်သည် လှောင်ပြုံးပြုံးလိုက်ရာ သူ့ပါးစပ်မှ အမာရွတ်ကြီး လှုပ်ရှားသွားခဲ့ပြန်သည်။ သူသည် ကျန်းရီကိုကြည့်ကာ မေးလိုက်သည်။

"ငါက ဘယ်သူ့ကိုမှ မသတ်ပါဘူး။ ကောင်လေး...မင်းနာမည်ဘာလဲ"

ကျန်းရီသည် မှင်တက်သွားသော်လည်း ချက်ချင်း တုံ့ပြန်လိုက်သည်။ သူသည် ယဉ်ယဉ်ကျေးကျေးပြုံး၍ ဖြေလိုက်သည်။

"ချမ်တာ့ရယ်...ချမ်ဂိုဏ်း၊ သားသတ်ရုံရဲ့ တပ်မှူး"

"ချမ်တာ့ရယ်...သားသတ်ရုံရဲ့ တပ်မှူး"

ရှောင်မင်သည် သံသယဝင်စွာ တီးတိုးရေရွတ်လိုက်သည်။ ချမ်ဂိုဏ်းသည် သားသတ်ရုံတစ်ခု ပိုင်သေးသည်လော။ ထို့ပြင် တပ်မှူးတစ်ယောက်ပင် ရှိနေသေးသည်။

"ဖြီး...ဟားဟားဟား"

ရယ်သံများ ထွက်ပေါ်လာခဲ့သည်။ ရှားဖေးယွီသည် ဟာသကို အရင်ဆုံး သဘောပေါက်သွားသူဖြစ်သည်။ သူမသည် ရယ်လွန်း၍ ရင်အစုံပင် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။

"ချမ်တာ့ရယ်...ချမ်သခင်ကြီးဟုတ်လား...မင်းသေချင်နေတာလား"

ရှောင်မင်သည် လူတိုင်းရယ်နေကြမှသာ ဟာသမှန်း သဘောပေါက်သွားခဲ့သည်။ သူသည် ကျန်းရီမလှုပ်ရှားသေးသည်ကို မြင်သောအခါ ဒေါသတကြီး ပြေးဝင်လာခဲ့သည်။ ထို့နောက် သူသည် သံချိတ်ကို ကျန်းရီထံ ပြင်းထန်လှသော အရှိန်ဖြင့် ထိုးသွင်းလိုက်သည်။

ကျန်းရီသည် တည်ငြိမ်စွာပင် ရပ်နေခဲ့သည်။ သူသည် အမြင်အာရုံနှင့် အကြားအာရုံကို အနက်ရောင်အတွင်းအားဖြင့် တိုးမြှင့်လိုက်သည်။ ဝမ်တိုက်ပွဲတွင် အတွင်းအားသုံးခြင်းကို ခွင့်မပြုပေ။ သို့သော် သူသည် အတွင်းအားကို တိုက်ခိုက်ရာတွင် သုံးခြင်းမဟုတ်ဘဲ ကိုယ်တွင်းတွင်သာ လှည့်ပတ်ထားခြင်းဖြစ်သည်။ လက်ရှိနေရာတွင် ဗာဂျရာအဆင့်များ မရှိပေ။ ကောင်းကင်စိတ်အာရုံကို မသုံးဘဲ မည်သူက သူအတွင်းအားသုံးထားကြောင်း သိပါမည်နည်း။

သူသည် ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ဖြန့်ကျက်ထားသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်မှုကို သူလက်ခံရဲခြင်းဖြစ်သည်။

ကောင်းကင်စိတ်အာရုံသည် အရာအားလုံးကို စူးစမ်းနိုင်ရာ သူကြိုတင်၍ တွက်ချက်မှုများ ပြုလုပ်နိုင်သည်။ လက်ရှိအချိန်တွင် ရှောင်မင်သည် ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးစွမ်းအင်များကို စုစည်းနေကြောင်း သူအာရုံခံမိသည်။ မိုးကြိုးစွမ်းအား၏ အငွေ့အသက်များသည် ရှောင်မင်၏ ကိုယ်တွင်းမှ လက်ထံသို့ ဖြည်းဖြည်းချင်း စီးဝင်လာနေခဲ့သည်။ သူ့လက်မှ သံချိတ်သည် ကျန်းရီ၏ကိုယ်ကို သို့မဟုတ် ကျန်းရီ၏လက်နက်ကို ထိလိုက်သည်နှင့် မိုးကြိုးစွမ်းအင်သည် ကျန်းရီကို ချက်ချင်းဒုက္ခပေးလိမ့်မည်။

ကျန်းရီတွင် ရှောင်မင်ကို သတ်ရန် နည်းလမ်းများစွာ ရှိသော်လည်း သူသည် သူ့သရုပ်မှန်ကို မပေါ်စေချင်သေးပေ။ ထို့ကြောင့် သတ်ဖြတ်ခြင်းအင်အား၊ ကမ္ဘာ့မီးလျှံ၊ မီးဝိဉာဉ်ပုလဲ၊ မီးနဂါးဓား၊ နေရာရွှေ့ပြောင်းခြင်းနှင့် လေဖြင့်ချုပ်နှောင်ခြင်းတို့ကို သုံး၍မဖြစ်ပေ။

သူသုံးနိုင်သည့် တစ်ခုတည်းသောအရာမှာ လေပြည်အသင်္ချေဖြစ်သည်။

လေပြည်အသင်္ချေကို သူနားလည်ထားကြောင်း အပြင်လူများ မသိကြပေ။ ထိုတာအိုတိုက်ကွက်ကို ထုတ်ဖော်ရန် မီးနဂါးဓားကို သူမသုံးလျှင် အခြားသူများ သူမည်သူမှန်း သိရှိသွားကြမည်မဟုတ်။

"သေစမ်း"

ရှောင်မင်သည် စတင်တိုက်ခိုက်လိုက်ပြီဖြစ်သည်။ သံချိတ်သည် အဖြူရောင်အလင်းများ တောက်ပနေခဲ့သည်။ ထိုသံချိတ်ကောက် ကျန်းရီအား ထိတွေ့သွားသည့်နှင့် မိုးကြိုးစများ ချက်ချင်းထွက်ပေါ်လာလိမ့်မည်။ လူတိုင်းသည် အသက်အောင့်၍ ကျန်းရီမည်သို့ ရှောင်တိမ်းမည်ကို စောင့်ကြည့်နေကြသည်။

ကျန်းရီသည် မလှုပ်ရှားခဲ့သေးပေ။ သို့သော်လည်း ထိုခဏတွင် ပတ်ဝန်းကျင်မှ လေများစတင် စီးဆင်းလာပြီး သူ့ကိုယ်မှာ စတင်မှိန်ဖျော့လာခဲ့သည်။ ပုံရိပ်တစ်ခုသည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ရှောင်မင် သူ့ထံသို့ ပြေးဝင်လာသည့်ခဏတွင် ပုံရိပ်နှင့် ရင်ဆိုင်မိသွားသည်။

ကိုယ်ပွားအသင်္ချေ...

ကျန်းရီသည် ထိုမှော်ကျင့်စဉ်အား သေချာနားမလည်သေးပေ။ သူသည် ပုံရိပ်တစ်ခုကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်နေပြီ ဖြစ်သော်လည်း ထိုပုံရိပ်၏ လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်သေးပေ။

သို့သော်လည်း ထိုပုံရိပ် ရုတ်တရက် ထွက်ပေါ်လာသော ခဏတွင် ရှောင်မင်မှာ မှင်တက်သွားခဲ့သည်။ ရှေ့သို့ ပြေးဝင်လာသည့် မည်သူမဆို လေထဲမှ ပုံရိပ်တစ်ခု ရုတ်ချည်းပေါ်ထွက်လာပါက ထိတ်လန့်သွားကြမည်သာ။

ထိုသည်မှာ လူသားတို့၏ မသိစိတ်မှ အလိုလိုတုံ့ပြန်မှုဖြစ်သည်။ ပုံရိပ်သည် ကျန်းရီ၏မျက်နှာနှင့် ချွတ်စွပ်တူနေသည့် အချက်ကို ထည့်ပြောနေရန် မလိုချေ။ ဤသည်မှာ အားပြင်းသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။

ထို့ကြောင့် သူသည် ဘေးဘက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး သံချိတ်အား စုစည်းထားသော မိုးကြိုးစွမ်းအင်များနှင့်အတူ ရှေ့သို့ထိုးသွင်းလိုက်သည်။ သူ၏မိုုးကြိုးစွမ်းအားသည် အဖြူရောင် မြွေတစ်ကောင်အလား ပြောင်းလဲသွားကာ ကျန်းရီ၏ပုံရိပ်ထံ ပြေးဝင်သွားခဲ့သည်။

"ဟားဟား"

ကျန်းရီအစစ်သည် ရယ်ချလိုက်သည်။ သူ့ရှေ့မှပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီး သူသည် ကျားတစ်ကောင်အလား ရှေ့သို့ပြေးသွားလိုက်သည်။ သူ့လက်တစ်ဖက်သည် ချွန်ထက်သော လက်သည်းများအလား ပြောင်းလဲသွားကာ ရှောင်မင်ထံ လှမ်းကုတ်လိုက်သည်။

ကျန်းရီ၏ လက်သည်းသည် အဖြူရောင်အလင်းများ တောက်ပလာခဲ့ပြီး မရေမတွက်နိုင်သော ပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပုံရိပ်တိုင်းသည် အစစ်နှင့်မခြားပေ။ စောင့်ကြည့်နေကြသော စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်တိုင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြသည်။ မည်သူမှ မည်သည်မှာ လက်အစစ်မှန်း မခွဲခြားနိုင်ကြပေ။ ရှောင်ထျန်းဟူသည် သက်ပြင်းအသာချလိုက်သည်။ သူ့မျက်လုံးများတွင် လူသတ်ငွေ့များ ဖြတ်ပြေးသွားခဲ့ပြီး လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ ရှောင်မင်ရှုံးနိမ့်သွားပြီမှန်း သူသိလိုက်သည်။

ရှောင်မင်သည် မိုးကြိုးစွမ်းအားများကို အသုံးပြုလိုက်ပြီးပြီဖြစ်၍ ထပ်မံစုစည်းရန် အချိန်မရလိုက်ပေ။ သူသည် ပုံရိပ်ကြောင့် မှင်တက်နေခဲ့သည်။ ထို့နောက် ရုတ်တရက် တိုးဝင်လာသော လက်သည်းပေါင်းများစွာကို မြင်လိုက်သောအခါ သူသည် မျက်နှာသွေးဆုတ်သည်အထိ ထိတ်လန့်သွားခဲ့သည်။

ရှောင်မင်သည် နောက်သို့ဆုတ်၍ ကျန်းရီ၏ တိုက်ခိုက်မှုကို အနည်းငယ်လောက် တားဆီးနိုင်ရန် သံချိတ်ကောက်အား ဖြစ်သလို ဝှေ့ယမ်းလိုက်သည်။

ပြဿနာမှာ သူတို့သည် အလွန်နီးကပ်နေခြင်းဖြစ်သည်။ ကျန်းရီ၏ ပြင်ပခွန်အားသည် အလွန်အားကောင်းသည်။ သူသည် အတွင်းအားမသုံးလျှင်တောင် အရိပ်တစ်ခုပမာ လှုပ်ရှားနေနိုင်ပြီဖြစ်သည်။ တိုက်ခိုက်မှုကို ရှောင်မင်အနေနှင့် မည်သို့ ရှောင်တိမ်းနိုင်ပါမည်နည်း။

လက်သည်းပုံရိပ်များ ပျောက်ကွယ်သွားခဲ့သည်။ ကျန်းရီသည် သူ့လက်သည်းအား ရှောင်မင်၏ ဝမ်းဗိုက်အတွင်း အသာထိုးစိုက်လိုက်သည်။ သူသည် ပို၍ရက်စက်စွာပင် ရှောင်မင်၏ ဒန်တျန်းအား ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

"ဖောင်း..."

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှောင်မင်၏ ဝမ်းဗိုက်ဆီမှ အတွင်းအားများ တိုးထွက်လာခဲ့သည်။ လူတိုင်းသည် မှင်တက်နေကြပြီး ရှောင်မင်မှာ မျက်လုံးများ ပြူးကျယ်နေခဲ့သည်။ သူသည် ကျန်းရီအား သူနှင့်အတူ ဆွဲချသွားချင်သည့်အလား သံချိတ်ကို သွေးရူးသွေးတန်း ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း ကျန်းရီ၏ အခြားလက်တစ်ဖက်သည် ရှောင်မင်၏ လက်ကောက်ဝတ်အား ရိုက်ချလိုက်ပြီး လက်နက်မဲ့သွားစေခဲ့သည်။

ကောင်းကင်စိတ်အာရုံဖြင့် ရှောင်မင်၏ လှုပ်ရှားမှုများကို သူအလွယ်တကူ ခန့်မှန်းနိုင်သည်။ တာအိုတိုက်ကွက်၏ အကူအညီမရှိပါက ရှောင်မင်သည် ကနေသည့် မျောက်တစ်ကောင်နှင့် မခြားပေ။ အင်အားအတူတူ လူနှစ်ယောက်တွင် တစ်ယောက်မှ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ကြိုသိနေပါက တစ်ဖက်လူသည် မည်သို့ပြန်တိုက်ခိုက်နိုင်ပါမည်နည်း။

ထို့ကြောင့် ကျန်းရီ၏ ပြင်ပခွန်အားသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ထက် အနည်းငယ် နိမ့်ကျနေသေးသော်လည်း ရှောင်မင်နာကျင်နေချိန်တွင် သူအသာလေး ကန်ထုတ်နိုင်သည်။

လေပြည်အသင်္ချေ၏ သဘာဝကိုသုံး၍ ထုတ်ဖော်လိုက်သော တိုက်ခိုက်မှုသည် မဆိုးလှပေ။ သို့သော်လည်း အားလုံးသည် မီးနဂါးဓားဖြင့် ပေါင်းစပ် တိုက်ခိုက်မှုနှင့် မတူဘဲ ပုံရိပ်များသာဖြစ်နေသည်မှာ နှမြောစရာပေ။

ကျန်းရီသည် သက်ပြင်းအသာချလိုက်သည်။ သူသည် ရလဒ်နှင့် ပတ်သက်၍ အနည်းငယ် ကျေနပ်လေသည်။ လေပြည်အသင်္ချေအား သဘာဝလွန်အဆင့်ရောက်အောင် သူကျွမ်းကျင်သွားပြီဖြစ်သည်။ ၎င်းသည် အလယ်အလတ်အဆင့် တာအိုဖြစ်၍ ၎င်း၏သဘာဝကိုသုံး၍ ထုတ်ဖော်လိုက်သော သာမန်လှုပ်ရှားမှုလေးကပင် အတော်လေး တုန်လှုပ်စရာကောင်းလေသည်။

"ဘန်း"

ရှောင်ထျန်းဟူသည် လေးထောင့်စားပွဲလေးအား ရိုက်ချ၍ ဒေါသတကြီး ထရပ်လိုက်သည်။ သူသည် ကျန်းရီအား စိုက်ကြည့်ကာ ပြောလာခဲ့သည်။

"မင်းက တော်တော်သတ္တိရှိတာပဲ။ လက်ရည်စမ်းနေတဲ့ အချိန်အတွင်း မင်းကရှောင်မင်ကို မသန်မစွမ်းဖြစ်သွားအောင် လုပ်ရဲတယ်။ ငါမင်းကို ဒီနေ့မသတ်ရရင် ငါလူဖြစ်ဖို့တောင် တန်မှာမဟုတ်ဘူး။ ချမ်ဝမ်ကွမ်...မင်းကိုယ်တိုင်လုပ်မလား၊ ငါတို့ အကူအညီလိုလား"

ချွမ်...ချွမ်...

ရှောင်ထျန်းဟူ၏ အနောက်ဘက်မှ လူဆယ်ယောက်ကျော်သည် လက်နက်ကိုယ်စီ ဆွဲထုတ်လိုက်ကြသည်။ မြောက်ဘက်မန့်နိုင်ငံမှ တောက်ကျန့်နှင့် သူ့လူများသည်လည်း ရှေ့တက်လာကြသည်။

ချမ်ဂိုဏ်းမှ လူနှစ်ယောက်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော်လည်း ရှောင်ဂိုဏ်းမှ သက်ညှာခဲ့သည်။ သူတို့သည် ထိုနှစ်ယောက်အား သတ်လည်းမသတ်သလို မသန်မစွမ်းဖြစ်အောင်လည်း မလုပ်ခဲ့ပေ။ ချမ်ထျဲ၏ ကိုယ်တွင်းအင်္ဂါများ အားလုံးနီးပါး ထိခိုက်ဒဏ်ရာရသွားခဲ့သော်လည်း ရှောင်မင်သည် သူ့ဒန်တျန်းကို မဖျက်စီးခဲ့ပေ။ တစ်နှစ်၊ နှစ်နှစ်လောက် ကြာလျှင် ချမ်ထျဲပြန်ကောင်းလာလိမ့်မည်။

ယခု ကျန်းရီသည် ရှောင်မင်၏ ဒန်တျန်းကို တိုက်ရိုက်ဖျက်စီးလိုက်ရာ သူ့အား တစ်သက်လုံးသုံးစားမရအောင် လုပ်လိုက်ခြင်းနှင့် မခြားပေ။ ရှောင်ဂိုဏ်းသည် လူတစ်ယောက် ဆုံးရှုံးသွားခြင်းဖြစ်သည်။ ကျန်းရီသည် ဤတစ်ကြိမ်တွင် စည်းကျော်သွားခဲ့သည်။ ဝမ်တိုက်ပွဲ၏ သမိုင်းတစ်လျှောက်တွင် ဤသို့သော ဖြစ်ရပ်မျိုးမှာ မရှိသလောက်ပင်။

"ဟုတ်တယ်...ချမ်ဝမ်ကွမ်၊ မင်းတို့ စည်းမျဉ်း ဖောက်လိုက်တယ်"

"ဟမ့်...စည်းမျဉ်းတွေ မရှိရင် ဘာမှမအောင်မြင်နိုင်ဘူး။ သခင်လေးချမ်...မင်းဒီလိုပြုမူရင် အနာဂတ်မှာ ဘယ်သူက မင်းရဲ့မိသားစုနဲ့ စီးပွားရေးလုပ်ရဲတော့မှာလဲ"

"အစ်ကိုထျန်းဟူ...စကားပြောမနေပါနဲ့တော့။ သူ့ကို ချက်ချင်းသတ်လိုက်ပါ"

သခင်လေး၊ သခင်မလေး အများစုသည် ချမ်ဝမ်ကွမ်တို့ လူစုအား ကျန်းရီ၏ သူငယ်ချင်းများဖြစ်သည့်အတွက် ဝိုင်းဝန်းပစ်မှတ်ထားနေကြသည်။ ဤပြဿနာ ဖြစ်ပြီးနောက်တွင် သူတို့သည် ရှောင်ဂိုဏ်းဘက်မှ ချက်ချင်းဝင်ပြောကြတော့သည်။ သင်္ဘောခန်းအတွင်းရှိ လေထုမှာ အလွန်လေးလံနေခဲ့သည်။

"ဟားဟား"

ပြုံးနေသော ချမ်ဝမ်ကွမ်၏ မျက်နှာဝိုင်းဝိုင်းထက်တွင် ထိတ်လန့်ကြောက်ရွံ့ဟန် စိုးစဉ်းမျှ မရှိပေ။ သူသည် ပုခုံးတွန့်၍ ပြန်ပြောလိုက်သည်။

"ငါတို့ကို မင်းတို့ပဲ အရင်ရန်လာစတာ၊ ဒီလိုစားသောက်ပွဲမျိုးမှာ မင်းတို့က တိုက်ပွဲဖြစ်ဖို့ အရင်စတယ်။ အခု တစ်ခုခု မှားသွားခါမှ ငါ့ဂိုဏ်းသားတွေကို လာအပြစ်တင်နေတာလား။ ငါတို့ ချမ်ဂိုဏ်းကို အနိုင်ကျင့်လို့ လွယ်တယ်များ ထင်နေလား။ အဖိုးကြီးလျှို...လူတွေထပ်လွှတ်ဖို့ အချက်ပြလိုက်၊ သူတို့က ကစားချင်နေမှတော့ အဆုံးသတ်ထိ ငါတို့ အဖော်ပြုပေးကြတာပေါ့။ ဒီနေ့ ငါအားလုံးကို ရင်းပစ်မယ်။ တစ်ယောက်ယောက်က ချမ်တာ့ရယ်ကို ထိခိုက်အောင်လုပ်ရဲရင် ငါ့အသက်ကိုရင်းပြီး သူနဲ့အတူ တိုက်ခိုက်ပေးမယ်"

*****

All Chapters