အခန်း (၉၅)
Vol. 10 Ch. 95
“မြစိမ်းရောင်နဂါးမြွေ အဆိပ်ပဲ။”
လီကျယ်ရှန်းသည် ဝိုင်တစ်ငုံ သောက်လိုက်သည်။ သူသည် သူ၏ဘေးတွင်ရှိသော ရွယ်ချင်းဟော်ထံသို့ ဝိုင်အိုးကို ကမ်းပေးလိုက်ပြီး
“တစ်ငုံလောက် သောက်ထားလိုက်၊ ဒါက အဆိပ်ဖြေဆေးပဲ။”
ရွယ်ချင်းဟော်၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းသွားသည်။ သူမသည် သူညွှန်ကြားသည့်အတိုင်း ဝိုင်အိုးကို လှမ်းယူကာ တစ်ငုံ သောက်လိုက်တော့သည်။ ထိုသို့ သောက်ပြီးမှသာ သူတို့နှစ်ဦးသည် ခွန်အားဂိုဏ်း စံအိမ်အတွင်းသို့ ခြေလှမ်းလှမ်းခဲ့ကြသည်။
သူတို့အတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဂိတ်ဝအပြင်ဘက်မှ မြင်တွေ့ရသော ခြောက်ကပ်ကပ် အခြေအနေကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ မြေပြင်မှာ ပင့်ကူအိမ်အလား အက်ကွဲနေပြီး သစ်ပင်ပန်းမန်အားလုံးမှာလည်း ပျက်စီးနေပြီဖြစ်သည်။ သေမင်းတမျှ တိတ်ဆိတ်ခြင်းက စံအိမ်တစ်ခုလုံးကို လွှမ်းမိုးထား၏။ ပုစဉ်းရင်ကွဲ အော်သံလေးပင် ပျောက်ကွယ်နေသည်။ ညလေပြင်း၏ တိုးတိုးလေး မြည်ဟီးသံသာ ဟိန်းနေတော့သည်။ ခြေလှမ်းအနည်းငယ် လှမ်းတိုင်း မြေပြင်ပေါ်တွင် လဲကျသေဆုံးနေသော အလောင်းများကို မြင်တွေ့ရပြီး သူတို့အားလုံးမှာ အဆိပ်မိ၍ သေဆုံးခဲ့ကြခြင်းပင်။
“စီနီယာဒူကူ...”
လီကျယ်ရှန်းသည် တိုးတိုးလေး သက်ပြင်းချလိုက်ရင်း ထိုကျေးဇူးကို စိတ်ထဲမှ မှတ်သားလိုက်သည်။ သူတို့နှစ်ဦးသည် မြေပြင်မှ အက်ကြောင်းများအတိုင်း လိုက်လာခဲ့ရာ ခြံဝန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ ပွင့်ဟနေသော ခြံတံခါးမှတစ်ဆင့် အတွင်းထဲတွင် ခက်ခဲစွာ ထိုင်ရန် ကြိုးစားနေသော ထိုက်ထန်ကို မြင်လိုက်ရသည်။
ယနေ့နေ့ခင်းက သူပြခဲ့သော ခံ့ညားထည်ဝါမှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ သူ၏ မျက်နှာမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး ခြေလက်များမှာလည်း ကြေမွပျက်စီးနေသည်။ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်နှင့် နီရဲနေသော ကျားမျက်ဝန်းတစ်စုံကို ကြည့်မှသာလျှင် ဤသူသည် ခွန်အားဂိုဏ်း၏ ဂိုဏ်းချုပ် ထိုက်ထန် ဖြစ်ကြောင်း ခက်ခဲစွာ ခွဲခြားနိုင်တော့သည်။
ခြေသံများကို ကြားသောအခါ ထိုက်ထန်သည် ခက်ခဲစွာ မော့ကြည့်လိုက်သည်။ ဝတ်ရုံဖြူနှင့် လူငယ်လေး ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီးနောက် တုန်ယင်လာတော့သည်။
“မင်း... ဓားဝိုင်...”
ထိုက်ထန်၏ လည်ချောင်းမှာ လှုပ်ရှားသွားပြီး အသံမှာ အက်ကွဲနေသည်။ သူ၏ ရင်ထဲတွင် နောင်တနှင့် သတ်ဖြတ်လိုစိတ်များအပြင် အဆုံးမရှိသော စိတ်ပျက်အားငယ်မှုများလည်း ပြည့်နှက်နေတော့သည်။ လီကျယ်ရှန်းသည် သူ့ကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဂိုဏ်းချုပ် ထိုက်ထန်ရဲ့ ရင်ထဲက ခံစားချက်ကို ကျွန်တော် သိပါတယ်...”
“နောင်တရတာအပြင် မကျေနပ်တာတွေလည်း ရှိနေမှာပဲ။”
“အခု အခြေအနေက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ ဖြစ်လာတာ မဟုတ်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ခင်များရဲ့ မကျေနပ်မှုတွေက အပိုပါပဲ။”
“ဒီနေ့ နေ့ခင်းက ကျွန်တော် ခင်များရဲ့ အရှက်ခွဲမှုကို ခံခဲ့ရတုန်းကလည်း... ဘာဖြစ်လို့ ငါဟာ နှစ်နှစ်လောက် စောပြီး မမွေးခဲ့တာလဲဆိုပြီး နာကျည်းခဲ့ရသေးတာပဲ။”
“ဒီနေ့ညမှာတော့ ကျွန်တော် ကိုယ်တိုင်ပဲ ဂိုဏ်းချုပ် ထိုက်ထန်ကို လမ်းပြပေးပါ့မယ်။”
ချွန်း—
စိမ်းပြာကြာပန်းဓားမှာ သူ၏လက်ထဲတွင် ပေါ်ထွက်လာသည်။ ကြည်လင်အေးစက်လှသော အလင်းတန်းတစ်ခုသည် ညအမှောင်ထဲတွင် ဖျတ်ခနဲ လင်းလက်သွားပြီး ပျောက်ကွယ်သွားသည်။ ဓားသွားမှာ ထိုက်ထန်၏ လည်ပင်းဆီသို့ တည့်တည့် ဦးတည်နေ၏။ ထိုက်ထန်သည် သူ၏လည်ပင်းကို ဒီအတိုင်း အသေခံရန် ပေးမထားပေ။ သေရမည်ဆိုလျှင်တောင် သူသည် သူရဲကောင်းပီသစွာ သေဆုံးလိုသည်။
“ဟား—!”
သေခါနီး သားရဲတစ်ကောင်၏ အော်ဟစ်သံကဲ့သို့ အသံမျိုး သူ၏ လည်ချောင်းမှ ထွက်ပေါ်လာသည်။ သူ၏ ခြေလက်များ မရှိတော့သော်လည်း ထိုက်ထန်သည် သူ၏ခေါင်းကို မော့ကာ ပြေးဝင်လာသော ဓားအလင်းတန်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ဒုန်း—
ရှူး—
လီကျယ်ရှန်းသည် ဓားကို ကိုင်ထားသော သူ၏ လက်ဖဝါးမှာ အနည်းငယ် ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ ထိုက်ထန်၏ ဦးခေါင်းမှာ နှစ်ခြမ်းကွဲသွားခဲ့ပြီ။ သူ၏ ကြေမွနေသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားပြီး အသက်ကင်းမဲ့သွားတော့သည်။ ခွန်အားဂိုဏ်း၏ ဂိုဏ်းချုပ် ထိုက်ထန် နိဂုံးချုပ်သွားလေပြီ။
“သွားကြစို့။”
လီကျယ်ရှန်းသည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ရွယ်ချင်းဟော်ကို ခေါ်လိုက်သည်။ သူတို့နှစ်ဦး ခြံဝန်းအတွင်းမှ ထွက်လာရုံသာ ရှိသေးသည်။ အဝေးမှနေ၍ သန်မာသော ပုံရိပ်တစ်ခုသည် သူတို့ထံသို့ ယိုင်တိုင်တိုင်ဖြင့် ပြေးဝင်လာသည်။
ဝုန်း— ဂျိန်း—
လျှပ်စီးကြောင်းတစ်ခုသည် ညကောင်းကင်ယံကို ဆွဲဖြဲလိုက်သည်။ ညလေမှာလည်း ရုတ်တရက် ပြင်းထန်လာ၏။ ခဏတာ လင်းလက်သွားသော လျှပ်စီးအလင်းကို အသုံးပြု၍ လီကျယ်ရှန်းသည် ချဉ်းကပ်လာသူကို ရှင်းလင်းစွာ မြင်လိုက်ရရာ သူ၏ မျက်နှာထက်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
“အားလုံး သေကုန်ပြီ... အားလုံး သေကုန်ပြီ...”
“ခွန်အားဂိုဏ်း... မရှိတော့ဘူး...”
ထိုသူမှာ တိုက်လုံ ပင် ဖြစ်သည်။ သူသည် မြေအောက် ဘိုးဘွား ခန်းမအတွင်း၌ တရားထိုင်နေခဲ့သောကြောင့် ကံကောင်းထောက်မစွာဖြင့် ဒူကူဘို၏ အဆိပ်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် စံအိမ်အတွင်းရှိ သေမင်းတမျှ တိတ်ဆိတ်နေမှုနှင့် သူ့ကို လာရောက်ရှာဖွေသူ မရှိခြင်းက သူ့ကို သံသယဝင်စေခဲ့သည်။ သူသည် ခန်းမအတွင်းမှ လမ်းလျှောက် ထွက်လာခဲ့သည်။ သူ၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် သေဆုံးနေသည့် မြင်ကွင်းဖြစ်ပြီး ငရဲခန်းတစ်ခုနှင့်ပင် တူနေတော့သည်။
တိုက်လုံ၏ အကြည့်မှာ မီတာအနည်းငယ် အကွာတွင် ရှိနေသော ဝတ်ရုံဖြူနှင့် လူငယ်လေးကို ကျော်လွန်ကာ ခြံဝန်းအတွင်းရှိ ကြေမွနေသော အလောင်းကောင်ထံသို့ ရောက်ရှိသွားသည်။ အဆိပ်ကြောင့် စိမ်းဖန့်ဖန့် ဖြစ်နေသော တိုက်လုံ၏ မျက်နှာမှာ လုံးဝ မျှော်လင့်ချက်မဲ့သည့် အသွင်သို့ ပြောင်းလဲသွားတော့သည်။
“ဓားဝိုင်...!”
သူသည် အက်ကွဲစွာ ဟိန်းဟောက်လိုက်သည်။ သူသည် လီကျယ်ရှန်းထံသို့ တစ်လှမ်းချင်း ယိုင်တိုင်တိုင် တိုးကပ်လာခဲ့သည်။ သူ၏ ကိုယ်အတွင်းမှ ဝိဉာဉ်စွမ်းအားများကို အရူးအမူး လှုံ့ဆော်လျက် နောက်ဆုံးကျန်ရှိသော ခွန်အားကို စုစည်းရန် ကြိုးစားနေ၏။ သို့သော်လည်း ဝိဉာဉ်စွမ်းအားများ လည်ပတ်လေလေ၊ ပြင်းထန်သော အဆိပ်မှာ သူ၏ အသက်စွမ်းအားကို ပိုမို ဝါးမြိုလေလေ ဖြစ်နေသည်။ လီကျယ်ရှန်း၏ ရှေ့သို့ ရောက်သောအခါ တိုက်လုံမှာ လဲကျလုနီးပါး ဖြစ်နေပြီဖြစ်သည်။
လီကျယ်ရှန်း၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိပေ။ စိမ်းပြာကြာပန်းဓားမှာ တစ်ဖန် ပြန်လည် မြင့်တက်လာသည်။ ညအမှောင်ထုအတွင်း၌ လှပသော်လည်း ဝမ်းနည်းဖွယ်ကောင်းသော သွေးပန်းပွင့်လေး တစ်ပွင့် ပွင့်လန်းသွားခဲ့ပြီ။ တိုက်လုံသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး ငြိမ်သက်သွားတော့သည်။
“သွားကြစို့...”
လီကျယ်ရှန်းသည် လှည့်ထွက်ကာ စံအိမ်အပြင်ဘက်သို့ လမ်းလျှောက်သွားသည်။ ရွယ်ချင်းဟော်သည် တိတ်ဆိတ်စွာ နောက်မှ လိုက်လာခဲ့ပြီး သူမ၏ အကြည့်မှာ သူမဘေးမှ အေးစက်နေသော လူငယ်လေး၏ မျက်နှာပေးဆီသို့ ရောက်နေသည်။ သူ၏ မျက်ခုံးများကြားတွင် မှောင်မိုက်သော အရိပ်အယောင်တစ်ခု လွှမ်းမိုးနေသကဲ့သို့ပင်။ သူမ၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။
လီကျယ်ရှန်း၏ ခံစားချက်များမှာ တကယ့်ကို ရှုပ်ထွေးနေပြီး စကားဖြင့် ဖော်ပြရန် ခက်ခဲလှသည်။ သူ ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်း မှ ထွက်လာကတည်းက... သို့မဟုတ် သူ သုံ့လော်တိုက်ကြီးသို့ ရောက်ကတည်းက ဤကဲ့သို့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ပထမဆုံးအကြိမ် ပြုလုပ်မိခြင်းပင်။ ဂိုဏ်းတစ်ခုလုံးမှာ သူ၏ကြောင့် သေဆုံးခဲ့ရသည်။ ဤသည်မှာ သူ၏ ခရီးလမ်းနှင့် ပတ်သက်၍ ပိုမို နက်ရှိုင်းသော သိမြင်မှုကို ပေးစွမ်းခဲ့သည်။
ကျင်းဟူဆိုသည်မှာ ကဗျာဆန်သော အလှတရားများနှင့် ချစ်ရနံ့ပျံ့သော တွေ့ဆုံမှုများသာ ရှိသည်မဟုတ်ဘဲ ဓားထက်တွင် စွန်းထင်နေသော သွေးစက်များလည်း ရှိနေတတ်သည်။ ဥပမာအားဖြင့်... တိုက်လုံသည် သဘာဝအရ ဆိုးသွမ်းသူ မဟုတ်ပေ။ သို့သော် နောင်တွင် ဖြစ်လာမည့် ပြဿနာများကို အမြစ်ဖြတ်ရန်အတွက်မူ သူသည် စိမ်းပြာကြာပန်းဓား၏ အောက်မှ နောက်ထပ် သေဆုံးသူတစ်ဦး ဖြစ်လာရန်သာ ရှိတော့သည်။
လီကျယ်ရှန်းနှင့် ရွယ်ချင်းဟော်တို့၏ ပုံရိပ်များမှာ ခွန်အားဂိုဏ်း စံအိမ်ဂိတ်ဝအပြင်ဘက်တွင် ပျောက်ကွယ်သွားကြသည်။ ကြီးမားလှသော စံအိမ်တံခါးကြီးနှင့်အတူ အတွင်းထဲမှ သွေးချောင်းစီးမှုများနှင့် တိတ်ဆိတ်ခြင်းများမှာ နောက်ဆုံးတွင် အတိုင်းအဆမရှိသော ညအမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အလင်းရောင် တစ်စက်မျှပင် လွတ်မြောက်မသွားခဲ့ပေ။
သူတို့နှစ်ဦးသည် တိတ်ဆိတ်နေသော လမ်းမပေါ်တွင် ယှဉ်တွဲ လမ်းလျှောက်လာခဲ့ကြသည်။ ညလေသည် အေးအေးလေး တိုက်ခတ်နေ၏။ သူတို့၏ အင်္ကျီပေါ်မှ သွေးနံ့များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသောအခါမှသာ လီကျယ်ရှန်းသည် ရွယ်ချင်းဟော်ကို ခံ့ညားလှသော နန်းတော်ဂိတ်ဝအထိ လိုက်ပို့ပေးခဲ့သည်။ သူသည် ရွယ်ချင်းဟော်အနေဖြင့် သန်းခေါင်ယံ အချိန်များတွင် နန်းတော်အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်နိုင်သည်ကို သတိပြုမိသွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“မင်းက အိမ်ရှေ့စံ ဆိုတော့ တော်တော်လေး အားနေပုံပဲ။ ဒီလောက် ညဉ့်နက်နေတာတောင် အဝင်အထွက် ပိတ်ပင်ထားတာ မရှိဘူးလား”
ရွယ်ချင်းဟော်သည် မျက်တောင်များကို အသာအယာ ချလိုက်ပြီး
“ဧကရာဇ်မင်းမြတ်ရဲ့ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတယ်။ အခုဆိုရင် နိုင်ငံတော်ရေးရာ တော်တော်များများကို အိမ်ရှေ့စံ စံအိမ်တော်ကနေပဲ စီမံခန့်ခွဲနေရပြီလေ။”
လီကျယ်ရှန်းသည် သူမ မပြောဘဲ ချန်ထားခဲ့သော အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ဤကြီးမားလှသော ကောင်းကင်ဒူ တော်ဝင်မိသားစုသည် အမှန်တကယ်အားဖြင့် နောက်ကွယ်မှ သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းပင်။
သူ၏ အတွေးများ ရစ်ပတ်နေစဉ်မှာပင် မူရင်းဝတ္ထု၏ ဇာတ်လမ်းကြောင်းကို သူ ရုတ်တရက် သတိရလိုက်သည်... ချန်ရန်ရွယ်၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားပြီး နောက်ဆုံးတွင် သူမသည် ကောင်းကင်ဒူမြို့တော်တွင် ရှုံးနိမ့်ခဲ့ရသည်။ လီကျယ်ရှန်းသည် သူ၏ နဖူးကို နှိပ်နယ်ပေးရင်း “သူ့ကို မြင်ချင်ရင် ပြောရုံပဲ ပြောလိုက်ပါ” ဟု ပြောခဲ့သော လှပသော အမျိုးသမီးငယ်လေးကို ပြန်လည် မြင်ယောင်လာခဲ့သည်။
“ချင်းဟော်...”
ရွယ်ချင်းဟော်သည် မော့ကြည့်လိုက်ပြီး
“ဟင်?”
“တကယ်တော့ မင်း အဲဒီလောက်အထိ အပင်ပန်းခံစရာ မလိုပါဘူး။”
ရွယ်ချင်းဟော်သည် ရုတ်တရက် မှင်တက်သွားရသည်။ သူမ၏ ကြည်လင်သော မျက်ဝန်းများထဲတွင် သတိမထားမိဘဲ မျက်ရည်များ ဝဲလာခဲ့သည်။ အခြားသူများမှာ သူမကို ထီးနန်းဆက်ခံစေချင်ကြသည် သို့မဟုတ် ‘နတ်မိမယ်နတ်ဘုရား’ ရာထူးကို ရယူစေချင်ကြသည်။ သို့သော် ဤသို့သော စကားမျိုး... “မင်း အဲဒီလောက်အထိ အပင်ပန်းခံစရာ မလိုပါဘူး” ဟု ပြောခဲ့သူမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူမသည် ခေါင်းကို လွှဲလိုက်ပြီး သူမ၏ ထူးခြားသော တုံ့ပြန်မှုကို လီကျယ်ရှန်းကို မမြင်စေလိုဘဲ တိုးတိုးလေးသာ ပြန်ပြောလိုက်သည်။
“အင်း။”
နောက်တစ်နေ့ မနက်ခင်းတွင်...
စံအိမ်တော်မှ လယ်သမားများသည် ပုံမှန်အတိုင်းပင် လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားငါးများကို ခွန်အားဂိုဏ်း စံအိမ်သို့ လာရောက် ပို့ဆောင်ကြသည်။ သို့သော်လည်း သူတို့ စံအိမ်တံခါးကို ဝင်လိုက်သည့် ခဏမှာပင် မြင်တွေ့လိုက်ရသည်မှာ နေရာအနှံ့ ပျံ့ကျဲနေသော အလောင်းများပင် ဖြစ်သည်။
ခွန်အားဂိုဏ်း၏ ဝမ်းနည်းဖွယ် အမြစ်ပြတ် သေဆုံးမှု သတင်းသည် ကောင်းကင်ဒူမြို့တော်အတွင်း၌ ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး ဒေါင်လော်တိုက်ကြီးတစ်ခုလုံးသို့ အလျင်အမြန်ပင် ပဲ့တင်ထပ်သွားတော့သည်။
မိုးပြာလျှပ်စီးနဂါးဂိုဏ်း။
“အဖိုး! အဖိုး!”
မရောက်ခင်ကတည်းက ယွီထျန်းဟန်၏ စိတ်လှုပ်ရှားနေသော အသံမှာ တံခါးကို ကျော်ဖြတ်၍ ထွက်ပေါ်လာသည်။ လက်ဖက်ရည် သောက်နေသော ယွီယွမ်ကျန့်သည် စိတ်လိုက်မာန်ပါ ပြေးဝင်လာသော သူ၏မြေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာတွေ ဒီလောက်တောင် လောနေရတာလဲ? ဒါက ဘယ်လို အပြုအမူမျိုးလဲ!”
ထို့နောက်တွင် သူ၏ အသံမှာ အနည်းငယ် ပျော့ပျောင်းသွားပြီး
“ငါ မနေ့က ခွန်အားဂိုဏ်းကို သွားခဲ့ပြီးပြီလေ၊ မင်းလည်း ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်မယ်လို့ ငါ့ကို ကတိပေးထားတာ မဟုတ်လား။”
“ဟုတ်ကဲ့! ဟုတ်ကဲ့!”
ယွီထျန်းဟန်သည် စိတ်လှုပ်ရှားမှုနှင့် နောင်တများ ရောယှက်နေသော မျက်နှာဖြင့် ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။
“အဖိုးက တကယ့်ကို ရက်စက်တာပဲ!”
“ကျွန်တော်က အဖိုးကို ထိုက်ထန်ကို သင်ခန်းစာလေး ပေးခိုင်းရုံတင်ပါ၊ အဖိုးကတော့ ခွန်အားဂိုဏ်း တစ်ခုလုံးကို အမြစ်ပြတ်အောင် သတ်ပစ်လိုက်တယ်နော်!”
ဖျန်း—
လက်ဖက်ရည်တစ်လုတ်မှာ ပါးစပ်မှ ပန်းထွက်သွားသည်။ ယွီယွမ်ကျန့်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး
“ခွန်အားဂိုဏ်းက အမြစ်ပြတ် သုတ်သင်ခံလိုက်ရတယ် ဟုတ်လား?!”
သူ့အဖိုး၏ အမူအရာကို ကြည့်ပြီး ယွီထျန်းဟန်သည် ဘာဖြစ်ခဲ့သည်ကို ရိပ်မိလိုက်သည်။
“ဒါဆို... ဒါ အဖိုးလက်ချက် မဟုတ်ဘူးပေါ့?”
“ဒါဆိုရင်တော့ တော်ဝင်မိသားစု၊ ယဲ့မိသားစု ဒါမှမဟုတ် ဒူကူမိသားစုရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။”
သူသည် လေးစားအားကျစွာဖြင့် တစိမ့်စိမ့် တွေးတောရင်း
“ဓားဝိုင်ရဲ့ အဆက်အသွယ်တွေက တကယ့်ကို မိုက်တာပဲ!”