မင်းကသေသွားရင်ပိုအသုံးဝင်တယ်
Vol. 48 Ch. 686
နတ်ဘုရားမ၏ ဝိညာဉ်သည် အာရန်၏ စကားကြောင့် အံ့အားသင့်သွားခဲ့ရသည်။
သူမသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သံသယဖြင့် ဘေးဘီဝဲယာအား စစ်ဆေး ကြည့်လိုက်မိ၏။
သူ၏ စကားများသည် အဓိပ္ပါယ် မရှိဟု ထင်ရသော်လည်း သူ့တွင် သူမအား ထိခိုက်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိနေသည်ဟု ယုံကြည်သွားစေခဲ့သည်။
သူမအနေနှင့် ၎င်းအား ဟန်ဆောင်ခြိမ်းခြောက်မှုဟု ယူဆရန်အထိ မရူးမိုက်ဝံ့ပေ။
“သန့်စင်ဧကရာဇ် မင်း သိပ်လွန်မလာနဲ့နော်”
အစောပိုင်း တည်ငြိမ်နေသောဟန်ပန်မျး လုံးဝပျောက်ကွယ်သွားပြီဖြစ်သော နတ်ဘုရားမ၏ ဝိညာဉ်သည် အမှန်တကယ်ပင် ကြောက်ရွံ့နေပုံရလေသည်။
သူမ၏ အစစ်အမှန်တည်ရှိမှုအား ထုတ်ဖော်ပြသလိုက်ပါက သန့်စင်ဧကရာဇ်အား ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူမအနေနှင့် ထင်မှတ်ထားခဲ့သော်လည်း ၎င်းဧကရာဇ်သည် အနည်းငယ်မျှပင် ဂရုစိုက်ပုံ မရချေ။
“ကျုပ်ရဲ့ ဂျူနီယာ အမကြီး လန့်သွားပြီလား”
အာရန်သည် သူ၏ စနစ်သိုလှောင်ခန်း အတွင်းမှ ပစ္စည်းအသေးလေး တစ်ခုကို ထုတ်ယူရင်း ပြောလိုက်၏။
၎င်းသည် ကျိုးပဲ့မတတ် ဖြစ်နေပြီး မပြည့်စုံသေးသော ဓားမြှောင်တစ်လက်သာ ဖြစ်လေသည်။
“ဒါ... ဒါက”
၎င်းသည် လူအများစု သတိထားမိမည် မဟုတ်သော ဓားမြှောင်တစ်လက် ဖြစ်သော်လည်း ထူးခြားမှုတစ်ခုရှိကြောင်းကိုမူ နတ်ဘုရားမအနေဖြင့် တစ်ချက်ကြည့်ရုံနှင့် သဘောပေါက်နိုင်သည်။
ထိုဓားမြှောင်တွင် အနောက်ဘက်တိုက်ကြီးအား တစ်ချိန်က သိမ်းပိုက်ထားခဲ့သော အလင်းနတ်ဘုရားမ၏ အငွေ့အသက်အချို့ပင် ကပ်ငြိနေဆဲဟု သူမအနေနှင့် ခံစားမိလိုက်သည်။
သို့သော် ထို့ထက် ပိုမို ထူးကဲသော အရာတစ်ခုလည်း ထိုဓားမြှောင်ထဲတွင် တည်ရှိနေဟန်ရပြီး ၎င်းအား သူမကိုယ်တိုင်ပင် ကောင်းစွာ မှတ်မိခြင်း မရှိပေ။
ထိုဓားမြှောင်တွင် အလင်းနတ်ဘုရားမ၏ ယခင် အထွတ်အထိပ် အချိန်၌ပင် တည်ရှိခဲ့ဖူးခြင်းမရှိသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အော်ရာတစ်ခု တည်ရှိနေလေ၏။
၎င်းသည် နတ်ဘုရားများ၏ သွေးများကို သောက်သုံးထားသော လက်နက်တစ်ခု ကဲ့သို့ပင် တူညီနေသည်။
၎င်းသည် အမှန်တကယ် အဆင့်တစ်ခုသို့ ရောက်ရှိထားပြီး သူများသာ သတိထားမိနိုင်မည့် အရာမျိုး ဖြစ်လေသည်။
အခြားသူများအတွက်မူ ထိုဓားမြှောင်သည် သာမန်ဓားသေးလေး တစ်လက်ကဲ့သို့သာ ထင်ရမည်ဖြစ်ပြီး အများစုမှာ ၎င်းဆီမှ နတ်ဘုရားအဆင့် အော်ရာကိုပင် အာရုံခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
သို့သော် နတ်ဘုရားတစ်ပါး၏ ဝိညာဉ်အနေနှင့် အာရုံခံနိုင်ကြည့်လိုက်သောအခါ ဓားသွားအတွင်း၌ ချုပ်နှောင်ထားသည့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို မြင်တွေ့လိုက်ရ၏။
သူမသည် ထိုကဲ့သို့ လက်နက်မျိုး အကြောင်း ကြားဖူးခဲ့သော်လည်း ၎င်းက ယခုကဲ့သို့ သန့်စင်ဧကရာဇ်၏ လက်ထဲတွင် ရောက်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
၎င်းသည် အတုအယောင်ပရောဟိတ်မ ဖန်တီးနေခဲ့သော လက်နက်တစ်ခု ဖြစ်ကြောင်း သူမ ကြားသိထားသည်။
အကယ်၍ ထိုဓားမြှောင်အား သွေးများ ပိုမို သောက်သုံးခွင့်ပေးလိုက်ပြီး သန်းပေါင်းများစွာသော ဝိညာဉ်များကို ဝါးမြိုစေလိုက်ပါက ၎င်းသည် ပြိုင်ဘက်ကင်း လက်နက်တစ်ခုအဖြစ်သို့ ဆင့်ကဲ ပြောင်းလဲသွားနိုင်ကြောင်းလည်း သူမ ကြားဖူးထားလေသည်။
၎င်းသည် အတုအယောင်ပရောဟိတ်မအနေဖြင့် အလင်းနတ်ဘုရားမ၏ အကူအညီယူကာ ဖန်တီးထားခဲ့သော “အရှင်သခင်သတ် ဓားမြှောင်” ပင် ဖြစ်လေသည်။
ထိုသို့ အမည်ပေးထားရခြင်းမှာ အကယ်၍ ထိုဓားသည်သာ ပြီးပြည့်စုံသွားပါက သာမန်လူတစ်ယောက်အနေနှင့်ပင် အရှင်သခင် အဆင့်တစ်ဦးအား ထိုဓားကိုအသုံးပြု၍ သတ်ဖြတ်နိုင်စွမ်းများ ရှိလာစေနိုင်မည်ဖြစ်သောကြောင့်ပင် ဖြစ်၏။
သို့သော် ၎င်း၏ နောက်ကွယ်မှ အစစ်အမှန် လျှို့ဝှက်ချက်မှာ အရှင်သခင်များ၏ လူသားတို့ ကန့်သတ်ချက်ထက် ကျော်လွန်သွားစေသော နတ်ဘုရား ကောင်းချီးများကိုပင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းရည်မျိုး ရှိနေခြင်းပင်။
ရှင်းရှင်းပြောရလျှင် ၎င်းဓားမြှောင်နှင့် ထိတွေ့လိုက်မိသည်နှင့် နတ်ဘုရား ဝိညာဉ် အပိုင်းအစများ သို့မဟုတ် အလားတူ သဘောသဘာဝ ရှိသော မည်သည့်ဖြစ်တည်မှုကိုမဆို ချက်ချင်း ချေမှုန်းပစ်နိုင်သော ထူးခြားသည့် စွမ်းရည်များတည်ရှိနေသည့် ဓားမြှောင်တစ်လက်လည်း ဖြစ်လေသည်။
အကယ်၍ ၎င်းသည်သာ ပြီးပြည့်စုံသွားပါက ဤအောက်ကမ္ဘာ၏ ဟန်ချက်ကိုပင် ပြောင်းလဲပစ်နိုင်သော လက်နက်တစ်ခု ဖြစ်လာနိုင်သည်။
ထိုသို့ ပြီးပြည့်စုံသွားပါက အထက်ကမ္ဘာတွင်ပင် တန်ဖိုးမြင့်မားသော လက်နက်တစ်ခု ဟု သတ်မှတ်၍ ရနိုင်ပေလိမ့်မည်။
သို့သော် ၎င်းသည် အတိတ်က သူမသိထားသော အကြောင်းအရာများသာ ဖြစ်သည်။ ယခုအခါတွင်မူ ၎င်းဓားမြှောင်သည် ပြီးပြည့်စုံသည့် အဆင့်တွင်သာမကပဲ ၎င်း၏ မူလ သတ်မှတ်ထားသော အဆင့်ထက်ပင် ကျော်လွန်နေပြီဟု သူမအနေနှင့် ခံစားမိလိုက်သည်။
“အမကြီးရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ ဒါက ဘာလဲဆိုတာ သိထားတဲ့ပုံပဲ”
အာရန်သည် အတိတ်က ဤဓားမြှောင်နှင့် ပတ်သက်ပြီး စာရေးဆရာဆိုသူအား မေးမြန်းရန် အဖိုးတန် မေးခွန်းဘောက်ချာ တစ်ခုကို အသုံးပြုခဲ့ဖူးသည်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် ထိုစဥ်က လိုချင်သည့်အဖြေကို ပြန်မရခဲ့ပေ။
ထို့နောက် အတုအယောင်သန့်စင်ပရောဟိတ်မ နောက်ဆုံးသေဆုံးခါနီး အချိန်ရောက်မှသာ ပြီးပြည့်စုံအောင် ပြုလုပ်နိုင်မည့် နည်းလမ်းကို သိရှိခွင့်ရခဲ့သည်။
ထိုအရာကို သိလိုက်ရစဥ်တွင် အာရန်အတွက် ၎င်းဓားမြှောင်အပေါ် မျှော်လင့်ချက် ကုန်ဆုံးလုနီးပါးပင် ဖြစ်သွားခဲ့ရဖူးလေသည်။
အခြားကမ္ဘာများ၏ အာရုံစိုက်မှုကို မခံရဘဲ သန်းပေါင်းများစွာသော ဝိညာဉ်များကို စတေးရန်မှာ သူ့အတွက် မဖြစ်နိုင်သလောက်ပင်။
ထိုစဥ်က သူ့၌ အပြစ်မဲ့ ပြည်သူသန်းပေါင်းများစွာကို သတ်ဖြတ်ရန် အကြောင်းပြချက်လဲမရှိပေ။
ထို့ပြင် ဤကမ္ဘာရှိ ထူးဆန်းသော သေခြင်းရှင်ခြင်း မြစ်၏ အောက်ခြေတွင် သူ ရင်မဆိုင်လိုသော အမည်မသိ သားရဲကြီး တစ်ကောင်လည်း ရှိနေသေး၏။
အကယ်၍ သူသာ ဤကမ္ဘာကို သွေးပင်လယ် ဝေအောင် ပြုလုပ်ကာ ဓားမြှောင်အား ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့မည် ဆိုပါက ထိုဖြစ်တည်မှုကြီးသည် သေချာပေါက် သတိထားမိပြီး သူ့အား တားဆီးရန် ထွက်ပေါ်လာနိုင်ချေရှိလေသည်။
၎င်းဓားမြှောင်အား ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် ပြဿနာများစွာ ရှိနေခဲ့သော်လည်း အာရန်အတွက် မျှော်လင့်မထားသော အခွင့်အရေး တစ်ခု ရရှိခဲ့သည်။
၎င်းမှာ အခြားမဟုတ် သူ၏ အနာဂတ်စိတ်ဝိညာဥ်မှ ထားရစ်ခဲ့သည့် လက်ဆောင်ငယ်လေး တစ်ခုပင် ဖြစ်၏။
ထို့ပြင် ၎င်းလက်ဆောင်အားလည်း ထိုအနာဂတ်စိတ်ဝိညာဥ် ချန်ထားခဲ့သောစာကြောင့်သာ သိခဲ့ရခြင်းလည်း ဖြစ်လေသည်။
သူ၏ အနာဂတ်စိတ်ဝိညာဥ်အနေနှင့် မည်သို့မည်ပုံ လုပ်ဆောင်လိုက်သည်ကိုပင် အာရန်တစ်ယောက် သိနိုင်မည် မဟုတ်သော်လည်း ၎င်းစိတ်ဝိညာဥ် ပိုင်ဆိုင်ခဲ့သည့် အချိန်တိုလေး အတွင်းမှာပင် ထိုဓားမြှောင်သည် ပြီးစီးလုနီးပါးအဆင့်အထိ ဖြစ်သွားခဲ့ရသည်။
ထိုစိတ်ဝိညာဥ် ဝင်ရောက်ပူးကပ်နေစဥ်၌ အထက်ကမ္ဘာတွင် လူဘယ်နှယောက် အသတ်ဖြတ်ခံခဲ့ရမည်ကို အာရန်အနေနှင့် မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
သို့သော် အရေအတွက်အားဖြင့် နည်းပါးမည် မဟုတ်ဆိုသည်ကိုမူ ခန့်မှန်းနိုင်ဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူ၏ စနစ်အချက်အလက် ဇယားတွင်လည်း အထက်ကမ္ဘာ၏ ရန်သူဟူသောအချက်တစ်ချက် ထပ်မံ၍ တိုးလာခဲ့သည် မဟုတ်ပါလား....။
ထိုအရာက အနာဂတ်အာရန်အနေဖြင့် သူ့အား အထက်ကမ္ဘာမှ ထွက်ခွာခိုင်းရသည့် အဓိက အကြောင်းရင်းများထဲမှ တစ်ခုလား....။ သူ မသိနိုင်ပေ။
သူ သိထားသည့် တစ်ခုတည်းသော အရာမှာ ဤဓားမြှောင်သည် သူ့အတွက် အတော်လေး အသုံးဝင်သည် ဆိုခြင်းကိုပင်။
၎င်းကို အထက်ကမ္ဘာနှင့် ဆက်သွယ်ထားသော လမ်းကြောင်းအား ဖြတ်တောက်ရန်နှင့် ဤကမ္ဘာကို မလိုလားအပ်သော စောင့်ကြည့်မှုများမှ လွတ်မြောက်စေရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။
သို့သော် ထိုမတိုင်မီ သူသည် ဤဓားမြှောင်အား အသုံးပြု၍ သတင်းစကား တစ်ခုလည်း ပါးရပေဦးမည်။
အာရန်၏ လက်ချောင်းများသည် တစ်စုံတစ်ရာ လိုအပ်နေသေးသော ဓားမြှောင်၏ ထက်ရှသည့် ဓားသွားပေါ်သို့ ပွတ်သပ်လိုက်သည်။
၎င်းသည် သေဆုံးသူများ၏ သွေးကို စုပ်ယူထားပြီး ဖြစ်သော်လည်း မပြည့်စုံသေးသကဲ့သို့ ခံစားနေရဆဲပင်။
အာရန် မသိလိုက်သော အချက်တစ်ချက်မှာ ဤဓားမြှောင်အား လျှို့ဝှက်နယ်မြေ အတွင်းရှိ ရှေးဟောင်း မျိုးနွယ်စုများ၏ သင်္ချိုင်းမြေတစ်ခုတွင် သူ၏ အနာဂတ်အာရန်မှ ပြီးပြည့်စုံလုနီးပါးအဆင့်အထိရောက်အောင် ပြုလုပ်ပေးခဲ့ခြင်းပင် ဖြစ်၏။
ဓားမြှောင်သည် မကြာသေးမီအချိန်လေးကပင် ရှေ့ဟောင်းမျိုးနွယ်စုဝင်များစွာ၏ သွေးများကို သောက်သုံးထားပြီးဖြစ်သည်။
၎င်းမျိုးနွယ်စုဝင်များ၏ သွေးသည် အလွန် သန့်စင်လွန်းသဖြင့် ပမာဏ နည်းပါးသည်ဆိုလျှင်ပင် အောက်ကမ္ဘာ၌ လိုအပ်မည့် သန်းပေါင်းများစွာသော သွေးပမာဏနှင့် နှိုင်းယှဉ်နိုင်ဆဲပင်။
နတ်ဘုရားမ၏ ဝိညာဉ်သည် ဓားမြှောင်အား မြင်လိုက်ရသောအခါမှသာ အာရန်အနေနှင့် အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေသည်ကို နောက်ဆုံး၌ နားလည်သွားခဲ့သည်။
သူ့တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ခွန်အား ရှိနေရုံ သာမက ဤကဲ့သို့ ကြောက်မက်ဖွယ် လက်နက်လည်း ပိုင်ဆိုင်ထားသေး၏။
ဤအခြေအနေတွင် နတ်ဘုရားမ ဝိညာဉ်သည် မည်သည့် သတ္တိကိုမျှ မမွေးမြူနိုင်တော့ပေ။
သူမသည် ဟင်းလင်းပြင်ကို ခွဲ၍ ထွက်ပြေးရန် ကြိုးစားနိုင်သော်လည်း ထိုဓားမြှောင်ဖြင့် နှစ်ပိုင်းအဖြတ်မခံရဘူးဟု မည်သူမျှ အာမ မခံနိုင်ပေ။
အကယ်၍ သူမသာ အသတ်မခံရပဲ သူမ၏ ဝိညာဉ်အား ဤဓားမြှောင်အတွင်း စုတ်ယူ၍ ထာဝရ ပိတ်လှောင်ခံရမည်ဆိုပါကလည်း သူမ၏ဘဝသည် သေသည်ထက်ပင် ပိုမို၍ ဆိုးရွားသွားပေလိမ့််မည်။
၎င်းသည် အစောင့်အရှောက် ဝိညာဉ် ဖြစ်ရခြင်းထက်ပင် ပိုမို ဆိုးရွားသောအရာတစ်ခု ဖြစ်လေသည်။
သန့်စင်ပရောဟိတ်မသည်လည်း နတ်ဘုရားမအား ကြောက်စရာမလိုကြောင်း၊ သူတို့ ပြန်လည် တိုက်ခိုက်နိုင်သေးကြောင်းနှင့် နတ်ဘုရားမအတွက် သူမ၏ အသက်ကိုပင် စတေးရန် ဆန္ဒရှိကြောင်း ပြောဆိုနေခဲ့သော်လည်း နတ်ဘုရားမမှာမူ ပြန်လည် တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။
သူမ၏ ဝိညာဥ်ခန္ဓာကိုယ်သည်ပင် ထိန်းချုပ်၍ မရအောင် တုန်ယင်နေခဲ့၏။
ထို့နောက် သူမသည် ချက်ချင်းပင် အာရန်ထံ အရှုံးပေးလိုက်ပြီး သူ၏ အခြေအနေကို လက်ခံလိုက်မိသည်။
သူမသည် အာရန်၏ အစောင့်အရှောက် ဝိညာဉ် ဖြစ်လာရန်လည်း ချွင်းချက်မရှိ သဘောတူလိုက်၏။
ဤသို့ဖြင့် အာရန်တစ်ယောက် အထက်ကမ္ဘာနှင့် ဆက်စပ်နေသည့်အပြင် ဤအောက်ကမ္ဘာ၏ လျှို့ဝှက်ချက်များ အကြောင်းကို သူ့ထက် များစွာ ပိုမိုသိနေသော နောက်ထပ် ဝှက်ဖဲတစ်ချပ်ကို ရရှိသွားခဲ့သည်။
နတ်ဘုရားမ ဝိညာဉ်အား အာရန်မှ သူ၏ အစောင့်အရှောက် ဝိညာဉ်အဖြစ် သိမ်းပိုက်လိုက်ပြီးနောက်တွင်တော့ သန့်စင်ပရောဟိတ်မသည် သူမ၏ ကောင်းချီးစွမ်းအင်များ အားလုံးကို ဆုံးရှုံးသွားရတော့သည်။
အာရန်မှာမူ နောက်ထပ် အစောင့်အရှောက် ဝိညာဉ် အမှတ်အသား တစ်ခုကို ရရှိသွားခဲ့၏။
သန့်စင်ပရောဟိတ်မတွင် သူမ၏ ကိုယ်ပိုင် စွမ်းရည်အချို့နှင့် မှော်စွမ်းအားအချို့ ကျန်ရှိနေသေးသော်လည်း သူမတွင် မည်သည့် မျှော်လင့်ချက်မျှမရှိတော့ပေ။
သူမ၏ ကိုးကွယ်ရာ နတ်ဘုရားမကိုယ်တိုင်သည်ပင် ဤဧကရာဇ်အား အရှုံးပေးခဲ့ရသည်ဆိုလျှင် သူမအနေနဲ့ မည်သည့်နည်းနှင့်များ ယှဉ်နိုင်ပါတော့မည်နည်း။
သူမသည်လည်း အရှုံးပေးပြီဖြစ်ကြောင်း အာရန်အား ပြောကြားပြီး ဒူးထောက်ချလိုက်သည်။
သူမသည်လည်း အာရန်အတွက် အသုံးဝင်သူတစ်ဦး ဖြစ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း ထပ်လောင်းပြောကြားရန်ပြင်လိုက်သည်။
သို့သော် မည်သည့်စကားမှ မပြောနိုင်ခင်မှာပင် သူမ၏ ရင်ဘတ်အတွင်းသို့ ဓားတစ်ချောင်း ဖောက်ဝင်သွားသည်ကို ခံစားမိလိုက်သည်။
“စိတ်မကောင်းပါဘူး... ဒါပေမဲ့ မင်းက ရှင်နေတာထက် သေသွားတာက ကျုပ်အတွက် ပိုပြီး အသုံးဝင်နေလို့ပါ”