← Chapters

မိစ္ဆာဂိုဏ်းသို့ အပြန်ခရီး

Vol. 48 Ch. 687

မိစ္ဆာဂိုဏ်းသို့ အပြန်ခရီး

Vol. 48 Ch. 687

“တောင်းပန်ပါတယ်ကွာ...” အာရန်သည် သန့်စင်ပရောဟိတ်မ၏ နားနားသို့ကပ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

တောင်းပန်စကား ဆိုသည်မှာ သူမအတွက် သူ ပေးနိုင်သော တစ်ခုတည်းသော အရာလည်း ဖြစ်လေ၏။

သူမသည် မူလဇာတ်ကြောင်းအတိုင်းဆိုပါက ဤကမ္ဘာ၏ သူရဲကောင်း တစ်ဦး ဖြစ်လာရမည့်သူ ဖြစ်လေသည်။

အခက်အခဲ အားလုံးကို ကျော်ဖြတ်ပြီးနောက် အနောက်ဘက်တိုက်ကြီးတစ်ခုလုံးအား အမှန်တကယ် အုပ်စိုးမည့် သူလည်း ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် သူ၏ ဤကမ္ဘာသို့ ကမ္ဘာကူးရောက်ရှိလာခြင်းက သူမ၏ ကံကြမ္မာတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့၏။

ထို့ပြင် အာရန်၏ ပေါ်ပေါက်လာမှုကြောင့် သူမတစ်ယောက်တည်းသာ မကဘဲ လူပေါင်းများစွာ၏ ကံကြမ္မာကိုပါ ပြောင်းလဲစေခဲ့သည်။

ပုံမှန်အတိုင်းဆိုပါက ဆက်လက်ရှင်သန်ရန် ကံကြမ္မာပါလာသူများသည်ပင် သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။

သို့သော် ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ဇာတ်လမ်းအရ သေဆုံးရမည့် လူများစွာသည်လည်း ဆက်လက် ရှင်သန်ခွင့် ရခဲ့ကြသည်။

သန့်စင်ပရောဟိတ်မသည် ရင်ဘတ်မှ သွေးများ စီးကျနေသည့်တိုင် ခေါင်းကို မော့လိုက်သည်။

ဒီလူမှာ သူမကို ဤသို့ပြုမူလိုက်ပြီးမှ ယခုကဲ့သို့ ပြန်လည်တောင်းပန်နေသည်တဲ့လား...။

သူမအနေနှင့် အမှန်တကယ် သေဆုံးရမည့် အချိန်မှာပင် သူက ဤကဲ့သို့ လှောင်ပြောင်နေခဲ့ခြင်းများလား...။

ဤသို့ဖြင့် အချိန် အဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်များသည် ယူပစ်ခံလိုက်ရသကဲ့သို့ သူမ၏ အမြင်အာရုံများလည်း မိုက်မှောင်လာခဲ့သည်။

ထို့နောက် သူမ၏ မျက်ဝန်းများကို ဖြည်းညှင်းစွာ မှိတ်လိုက်မိသောအခါ ပါးပြင်ပေါ်သို့ မျက်ရည်အချို့ စီးကျလာခဲ့၏။

သူမကိုယ်သူမ အလွန်သတ္တိရှိသူဟု ထင်မှတ်ထားခဲ့ဖူးလေသည်။

သို့သော် သေခြင်းတရား အမှန်တကယ် ကြုံတွေ့ရသောအခါတွင်မူ သူမသည် သာမန်လူသားများကဲ့သို့ပင် ကြောက်ရွံ့နေမိ၏။

သူမ၏ တစ်ကိုယ်လုံးသည် တဖြည်းဖြည်း အေးစက်လာနေကြောင်း ခံစားမိလိုက်သည်။

ထိုအအေးဓာတ်သည် အေးခဲနေသော ဆောင်းရာသီတစ်ခုဆီမှ တုန်ရီနေခဲ့သော ကလေးမလေးတစ်ဦး၏ ငယ်ဘဝအား ပြန်လည် အမှတ်ရစေခဲ့သည်။

အာရန်မှ သူ၏ ဓားကို ဆွဲထုတ်ယူလိုက်သောအခါ သူမထံမှ နာကျင်စွာ ညည်းတွားသံ တစ်ခု ထွက်ပေါ်လာသည်။

သူမ၏ ခန္ဓာကိုယ်တွင် ခွန်အားများအားလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

ထို့နောက် "ဘုတ်" ခနဲ အသံတစ်ခုနှင့်အတူ သူမ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

နှင်းပွင့်လေးတစ်ပွင့်သည် သေဆုံးသွားသော သန့်စင်ပ‌ရောဟိတ်မ၏ မျက်နှာပေါ်သို့ ကျရောက်လာသဖြင့် အာရန်တစ်ယောက် ကောင်းကင်ယံသို့ ခေါင်းမော့၍ ကြည့်လိုက်မိသည်။

ကောင်းကင်တစ်ခွင်တွင် မြူနှင်းများ ရုတ်တရက် စတင် ကျဆင်းလာနေပြီ ဖြစ်၏။ ကောင်းကင်ပြင်ကြီးသည် ၎င်း၏ သားသမီးတစ်ဦး သေဆုံးသွားခြင်းအတွက် ဝမ်းနည်းပူဆွေးနေခြင်း ဖြစ်တန်ရာ၏။

သန့်စင်ပရောဟိတ်မ သေဆုံးသွားခဲ့ပြီဖြစ်ရာ စစ်ပွဲသည်လည်း အမှန်တကယ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

အင်ပါယာအနေဖြင့် ပြန်လည် ထူထောင်ရေးများလုပ်ဆောင်ရန် အချိန်ရောက်ရှိလာခဲ့လေပြီ။

ဤစစ်ပွဲတွင် ကျဆုံးမှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း ခေတ်သစ်တစ်ခုမှာမူ အစပြုနိုင်ခဲ့ပြီဖြစ်သည်။

အာရန်သည် မိန်းကလေး၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး သူမ၏ နဖူးပေါ်သို့ သူ၏ လက်ဖြင့် သပ်လိုက်သည်။

လူအများအမြင်၌ သန့်စင်ဧကရာဇ်သည် ပရောဟိတ်မအတွက် သနားဂရုဏာ သက်မိနေသည်ဟု ထင်မှတ်မိလိုက်ကြသည်။

နတ်ဘုရားမ၏ ဝိညာဉ်သည်လည်း အာရန်၏ ထိုအပြုအမူကြောင့် ခေါင်းကို ငုံ့ထားလိုက်သည်။

သူမသည် ထိုမိန်းကလေးအား မသေစေချင်ခဲ့ပေ။

ဒီကာလတစ်လျှောက်လုံးတွင် သူမသည် ထိုမိန်းကလေးအပေါ် သံယောဇဉ် အတော်လေး တွယ်တာနေမိခဲ့ပြီ ဖြစ်၏။

“သူမကို အေးအေးချမ်းချမ်း မြေမြှုပ် သင်္ဂြိုဟ်ခွင့် ပေးလိုက်လို့ မရဘူးလား။ သူမက အင်ပါယာကို တိုက်ခိုက်ခဲ့ပေမယ့် ဆိုးသွမ်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး” ဟု နတ်ဘုရားမသည် နောက်ဆုံးအနေနှင့် အာရန်အား အကြံပြုတောင်းဆိုလိုက်၏။

သို့သော် ထိုသို့ပြောပြီး နောက်တစ်ခဏ၌ပင် သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် အပြာရောင် မီးတောက်တစ်ခုသည် မိန်းကလေး၏ ခန္ဓာကိုယ်အား စတင် လောင်ကျွမ်းလိုက်သောကြောင့်ပင်။

ထိုမီးတောက်သည် အာရန်၏ လက်ဖဝါးထက်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

“ရှင် ဒါက...”

အရာအားလုံး ပြီးဆုံးသွားသည့်နောက် အာရန်သည် သန့်စင်ပရောဟိတ်မအတွက် သနားဂရုဏာသက်နေခြင်းဖြစ်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

သူသည် ယခုကဲ့သို့ သူမ၏ အလောင်းကိုပင် အလွတ်ပေးလိမ့်မည်မဟုတ်ဟု သူမအနေနှင့် အမှန်တကယ် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူမ ရှေ့ရှိ ဤလူသည် သူမ ထင်ထားသည်ထက် ပိုမို ရက်စက်လေသည်။

အကယ်၍ သူမသာ အစောပိုင်းက အညံ့မခံခဲ့လျှင် သူမသည်လည်း ဤကဲ့သို့ပင် ဖျက်ဆီးခံလိုက်ရမည်လော...။

သူမ ထိုအကြောင်းအား ဆက်လက်၍ တွေးပင် မတွေးရဲတော့ပေ။

ထို့နောက် နတ်ဘုရားမ၏ ဝိညာဥ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ကာ စကားတစ်ခွန်းမျှ နောက်ထပ်မဆိုတော့ပေ။

သူမ၏ မျက်လုံးထဲတွင် အာရန်၏ အဆင့်အတန်းသည် ပိုမို၍ လျှို့ဝှက်ဆန်းကြယ် လာခဲ့သည်။

အာရန်သည် သန့်စင်ပရောဟိတ်မအား ခန္ဓာကိုယ်နှင့် စိတ် ဝိညာဉ်ပါမကျန် ဖျက်ဆီးပစ်လိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။

အာရန်၏ မျက်နှာတွင် ခန့်မှန်းရခက်သည့် မျက်နှာပေးမျိုးရှိနေခဲ့သော်လည်း ရင်ဘတ်ထဲတွင်မူ အတော်လေး စိတ်သက်သာရာ ရသွားခဲ့ကြောင်း သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပေလိမ့်မည်။

သန့်စင်ပရောဟိတ်မသည် အမှန်တကယ် သေဆုံးသွားပြီ ဖြစ်သော်လည်း သူမသည် ဇာတ်လိုက်မတစ်ဦး ဖြစ်နေသေးသည့်အတွက် အာရန်အနေနှင့် စိတ်မချနိုင်သေးပေ။ ထို့ကြောင့် အနာဂတ်တွင် အနှောက်အယှက်တစ်ခု ဖြစ်လာနိုင်သည့်အရာအားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းက ပို၍ ကောင်းမွန်လေသည်မဟုတ်ပါလား...။

ဤသို့ဖြင့် မီးတောက်များ ငြိမ်းသက်သွားပြီးနောက် မြေပြင်ပေါ်၌ မီးကျွမ်းထားသော ပြာမှုန်များသာ ကျန်ရစ်သည့် အချိန်ရောက်မှသာ အာရန်တစ်ယောက် ထိုနေရာမှ လှည့်ထွက်လာခဲ့၏။

ကျန်ရှိနေသော အစောင့်များအား မြို့တော်ကို ရှင်းလင်းရန် အမိန့်ပေးပြီးနောက် သူသည် နန်းတော်ဆီသို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။

ထိုစစ်ပွဲအတွင်း နန်းတော်ရှိ ဝန်ကြီးအများစု သေဆုံးသွားခဲ့ကြပြီ ဖြစ်သော်လည်း အသက်ရှင် ကျန်ရစ်သူများကိုမူ ညီလာခံ ခန်းမဆောင်အတွင်းသို့ ပြန်လည် ဆင့်ခေါ်လိုက်သည်။

ထို့နောက် အာရန်သည် ညီလာခံ တစ်ရပ် ချက်ချင်း ခေါ်ယူကျင်းပလိုက်သည်။ ပုံမှန်အားဖြင့် သန့်စင်ဧကရာဇ်၏ ညီတော်သည်လည်း ထိုကဲ့သို့ ညီလာခံမျိုးတွင် တက်ရောက်ရမည် ဖြစ်သော်လည်း တိုက်ပွဲကြောင့် ဒဏ်ရာအပြင်းအထန် ရထားဆဲ ဖြစ်သဖြင့် အာရန်သည် သူ့အား အနားယူခွင့် ပေးထားလိုက်သည်။

ဤသို့ဖြင့် ထိုညီလာခံသည် အနောက်ဘက်တိုက်ကြီး၏ ကံကြမ္မာကို ဆုံးဖြတ်ရာတွင် အလွန် အရေးပါသောညီလာခံတစ်ခု ဖြစ်လာခဲ့သည်။

တစ်နာရီခန့် ကျင်းပပြီးနောက် ညီလာခံ ပြီးဆုံးသွားခဲ့ကာ အသက်ရှင် ကျန်ရစ်ခဲ့သော ဝန်ကြီးများသည် အာရန်၏ အမိန့်ကြေညာချက်များကို သယ်ဆောင်လျက် ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့ကြသည်။

သန့်စင်ဧကရာဇ်သည် အမိန့်သစ်များ ထုတ်ပြန်ခဲ့ပြီးဖြစ်သဖြင့် ထိုအမိန့်များကို သူတို့အနေနှင့် မဖြစ်မနေ အကောင်အထည် ဖော်ရတော့မည် ဖြစ်လေသည်။

အာရန်၏ အမိန့်များထဲမှ တစ်ခုမှာ မြို့ထဲသို့ ဝင်ရောက်လာခြင်းမရှိသေးသော ကျန်ရှိနေသည့် ပုန်ကန်သူ တပ်ဖွဲ့များကို ရှာဖွေပြီး ရှင်းလင်းပစ်ရန် ဖြစ်၏။

သန့်စင်ဧကရာဇ်သည် အနောက်ဘက်တိုက်ကြီးအပေါ် သူ၏ ထိန်းချုပ်နိုင်မှုကို အလုံးစုံ ပြန်လည် ရယူလိုနေပြီး သူ၏ စစ်တပ်ကို တည်ငြိမ်စေလိုသည်ဟု နားလည်လိုက်ကြသည်။

သူ၏ ဒုတိယအမိန့်မှာ ပါရမီရှိသော လူငယ်များစွာကို သူ၏ စစ်တပ်အတွင်းသို့ ဝင်ရောက်ခွင့် ပြုရန်ဖြစ်သည်။

ပုန်ကန်သူများဘက်မှ တပ်ဖွဲ့ဝင်များ ဖြစ်နေခဲ့လျှင်ပင် စိတ်ရောကိုယ်ပါ အရှုံးပေး လက်နက်ချလိုစိတ် ရှိနေသရွေ့ သူတို့အားလည်း ချွင်းချက်မရှိ လက်ခံမည် ဖြစ်သည်။

နောက်ထပ် အမိန့်ပြန်စာများစွာ ရှိနေသေးသော်လည်း အများစုမှာ သန့်စင်အင်ပါယာ တည်ငြိမ်ရေးနှင့် သက်ဆိုင်သောအချက်များဖြစ်လေသည်။

အာရန်သည် ကျန်ရှိနေသော ဝန်ကြီးများအား မည်သည့်နည်းလမ်းဖြင့်မဆို ယခင် သန့်စင်အင်ပါယာမှ ပိုင်ဆိုင်ဖူးသမျှသော စစ်တပ်များထက် များစွာ ပိုမိုအင်အားကြီးမားသော စစ်တပ်တစ်တပ် ဖန်တီးရန် အမိန့်ပေးခဲ့သည်။

သန့်စင်ဧကရာဇ်အနေနှင့် မည်သည့်အရာအား အမှန်တကယ် လုပ်ဆောင်ချင်လိုသည်ကိုမူ မည်သူမျှ မသိနိုင်ခဲ့ကြပေ။

သူက အခြားတိုက်ကြီးများအား ထပ်မံ စစ်ခင်းရန် စီစဉ်နေခြင်းများလား...။

သို့သော် ဝန်ကြီးများသည် သူ့အား ပြန်လည် မေးခွန်းထုတ်ရန်ပင် မဝံ့ရဲကြသဖြင့် အလျင်အမြန်ပင် ထိုနေရာမှ ထွက်ခွာသွားခဲ့ကြသည်။

သန့်စင်အင်ပါယာရှိ ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် အာရန်သည် သူ၏ အာရုံကို စနစ်မျက်နှာပြင်ဆီသို့ ပြန်လည် ပို့ဆောင်လိုက်သည်။

ယခုအခါ သန့်စင်ပရောဟိတ်မအား သတ်ဖြတ်ပြီးဖြစ်၍ သူသည် အတွေ့အကြုံ ရမှတ်များစွာ ထပ်မံ၍ စုဆောင်းနိုင်ခဲ့ရုံသာမက သူ၏ သွေးမျိုးဆက်အားလည်း ပြီးပြည့်စုံသည့် အဆင့်သို့ ‌ရောက်ရှိစေရန် နောက်ထပ် ခြေလှမ်းတစ်လှမ်း တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေ၏။

အာရန်သည် သက်ဆိုင်ရာ တိုက်ကြီးများမှ ဇာတ်လိုက် သုံးဦးတိတိကို သတ်ဖြတ်နိုင်ခဲ့ပြီး ဖြစ်လေသည်။

ထို့ပြင် သူ၏ ဖမ်းဆီးထိန်းသိမ်းမှုအောက်တွင် ကမ္ဘာကူးပြောင်းလာသူ တစ်ဦးလည်း ကျန်ရှိနေသေး၏။

ဤကမ္ဘာ၌ သူ့အနေနှင့် သတ်ဖြတ်ရန် နောက်ထပ် ဇာတ်လိုက် တစ်ဦးသာ လိုအပ်တော့သည်။

“ကိုယ်တို့ ဂိုဏ်းကို ပြန်ကြမယ်” ဟု အာရန်သည် မတ်တပ်ရပ်လိုက်ပြီး ပထမ ဝိညာဉ်ဘုရင်မ ယီလန် အား ပြောလိုက်သည်။

ယီလန်သည် သူ့အတွက် ဂိတ်တံခါးပေါက်တစ်ခု ဖွင့်ပေးရန်ပြင်လိုက်သော်လည်း အာရန်သည် ၎င်းအား ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

“ဒီတစ်ခါ ကိုယ်တို့ ပုံမှန်လမ်းကြောင်း အတိုင်းပဲ သွားကြမယ်”

ဤအကြိမ်၌ အာရန်သည် ဂိတ်တံခါးပေါက်များကို အသုံးပြုပြီး စွန့်စားရမည့် ကိစ္စမျိုး ထပ်မံ၍ မလိုလားတော့ပေ။

ဂိတ်တံခါးပေါက်များကို အသုံးပြုမည့်အစား အနည်းငယ်မျှ ပြုပြင်ရန်သာ လိုအပ်သော သန့်စင်အင်ပါယာ၏ စစ်သင်္ဘောကို အစားထိုးအနေနှင့် အသုံးပြုရန် သူ စီစဉ်ထားခဲ့သည်။

လိုအပ်သည့်အရာများ ပြုလုပ်နေစဉ်အတောအတွင်း အာရန်သည် သူ၏ နောက်ထပ် ကိုယ်ပွားတစ်ယောက်ကို ထပ်မံ၍ ဖန်တီးလိုက်ကာ သန့်စင်အင်ပါယာတွင် ထားရစ်ခဲ့၏။

နောက်တစ်ချိန်တွင် တိုက်ကြီးများအကြား ကူးသန်းသွားလာနိုင်ရန်အတွက် မျိုးစေ့တစ်ခုအနေနှင့် ချန်ထားခဲ့ခြင်းလည်း ဖြစ်၏။

အာရန်သည် ထိုကိုယ်ပွားအား သန့်စင်ဧကရာဇ်အဆောင်အယောင်များ ပြင်ဆင်ပေးလိုက်ကာ သူကိုယ်တိုင်မှာမူ အကြီးအကဲရန်အဖြစ် ရုပ်သွင်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။

သူသည် မိစ္ဆာဂိုဏ်းကြီးဆီသို့ ပြန်သွားရတော့မည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် ယခင်နှင့် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်၏။

“အဖြစ်အပျက်တွေအများကြီး ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာတော့ မင်းတို့အားလုံးနဲ့ နောက်တစ်ခေါက် ပြန်လည် ဆုံတွေ့ခွင့်ရတော့မှာပေ့ါ”

ထိုအချိန်တွင် အာရန်၏ ရင်ထဲ၌ မမျှော်လင့်ထားသော စိတ်လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်လာခဲ့ကာ အချိန်ကြာမြင့်စွာ ခွဲခွာခဲ့ရသည့် နေအိမ်သို့ ပြန်သွားရတော့မည့် လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရလေသည်။

All Chapters