အခန်း (၁၀၈)
Vol. 11 Ch. 108
ယွီထျန်းရှင်းသည် လီကျယ်ရှန်းကို လမ်းပြခေါ်ဆောင်သွားခဲ့သည်။ သူတို့နှစ်ဦးသည် ရင်ပြင်အချို့နှင့် ရှည်လျားလှသော စင်္ကြံလမ်းများကို ဖြတ်သန်းပြီးနောက် တည်ကြည်ခန့်ညားလှသော ကျင့်ကြံခြင် အခန်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ တံခါးဝတွင် အစောင့်နှစ်ဦးမှာ တောင့်တောင့်မတ်မတ် ရပ်နေကြ၏။ ယွီထျန်းရှင်းနှင့် လီကျယ်ရှန်းတို့ကို မြင်လိုက်ရသောအခါ သူတို့က အလျင်အမြန်ပင် ဦးညွှတ်နှုတ်ဆက်ကြသည်။
“အဘိုး အထဲမှာ ရှိလား”
ယွီထျန်းရှင်းက တိုက်ရိုက်ပင် မေးလိုက်သည်။ အစောင့်နှစ်ဦး၏ မျက်နှာတွင် ခက်ခဲသွားသော အမူအရာများ ပေါ်ပေါက်လာသည်။
“သခင်လေး ထျန်းရှင်း၊ ဂိုဏ်းချုပ်က ပြင်ပလူတွေကို အနှောင့်အယှက်မပေးဖို့ ညွှန်ကြားထားပါတယ်”
စကားမဆုံးသေးမီမှာပင် ယွီထျန်းရှင်း၏ မျက်လုံးများ ပြူးသွားကာ ပြောနေသောသူ၏ တင်ပါးကို တစ်ချက် ကန်လိုက်သည်။
“မင်း ဘယ်သူ့ကို ပြောနေတာလဲ”
“ဓားဝိုင်က ငါ့ရဲ့ ဆရာပဲ၊ သူက ဘယ်လိုလုပ် ပြင်ပလူ ဖြစ်ရမှာလဲ”
လီကျယ်ရှန်းက သက်ပြင်းချကာ လက်ဖြင့် နဖူးကို အသာပွတ်လိုက်မိသည်။ ယွီထျန်းရှင်းသည် ထိုကန်ချက်တွင် သူ၏ စွမ်းအားကို အနည်းငယ်မျှပင် မထည့်ထားကြောင်း သူ သဘာဝကျကျပင် မြင်တွေ့လိုက်ရသည်။ ဤသည်မှာ သူ၏ သစ္စာရှိမှုကို ပြသရန်အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်ပေသည်။
“ထားလိုက်ပါတော့၊ မနက်ဖြန်မှပဲ ပြန်လာခဲ့မယ်”
သူ၏ အသံမှာ လေထဲတွင် ပဲ့တင်ထပ်နေဆဲ၊ မပျောက်ကွယ်သေးခင်မှာပင် ရုတ်တရက် တစ်ဖြောက်ဖြောက် မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ဆံခြည်မျှင်ခန့်သာရှိသော လျှပ်စီးတန်းလေးများစွာသည် ဟာလာဟင်းလင်း လေထဲမှ ပေါ်ထွက်လာပြီး ရင်ပြင်တံခါးနှင့် အခန်းထဲသို့ တိုက်ရိုက်သွယ်တန်းသွားသည့် လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်ရာ တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
တည်ငြိမ်အေးဆေးသော အသံတစ်ခု လွင့်ပျံထွက်ပေါ်လာသည်။
“ကျယ်ရှန်း ရောက်နေတာဆိုရင်တော့ ဝင်လာခဲ့ပါ”
“ဟုတ်ကဲ့”
အစောင့်နှစ်ဦးမှာ ဘေးသို့ အမြန်ဖယ်ပေးလိုက်ကြသည်။ လီကျယ်ရှန်းအပေါ်ထားရှိသော သူတို့၏ အကြည့်များတွင် တောင်းပန်သည့် အရိပ်အယောင်များ ပါဝင်နေသည်။ လီကျယ်ရှန်းက ပြုံးပြကာ သူတို့နှစ်ဦး၏ ပခုံးကို အသာအယာ ပုတ်ပေးလိုက်ပြီးမှ အတွင်းသို့ လှမ်းဝင်ခဲ့သည်။
“အဆင့် ၉၅ ရှိတဲ့ ဖုန့်ဟောက်သုံ့လော်တစ်ယောက်ဆိုတာ တကယ်ကို မထင်မှတ်ထားစရာပဲ...”
လီကျယ်ရှန်း၏ စိတ်မှာ လေးနက်သွားသည်။ စောစောက လေထဲမှ မိုးကြိုးများကို ဖန်တီးလိုက်သည့် နည်းလမ်းကို မိုးကြိုးဓားဆန္ဒကို နားလည်ထားပြီး မိုးကြိုးဝိဉာဉ်ကြောခန္ဓာကို ပိုင်ဆိုင်ထားသော သူပင်လျှင် ကြိုတင်၍ မခံစားမိခဲ့ပေ။ ဤသည်မှာ ယွီယွမ်ကျန့်၏ မိုးကြိုးအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြင့်မားနေကြောင်းကိုသာ ပြသနေသည်။
သူ စဉ်းစားနေစဉ်မှာပင် လီကျယ်ရှန်းသည် ကျင့်ကြံခြင်းအခန်းထဲသို့ ရောက်ရှိသွားခဲ့ပြီ။ ယွီယွမ်ကျန့်သည် နံသာရောင် တိမ်တိုက်ပုံစံများပါသော ချောင်ချိသည့် မိုးပြာခရမ်းရောင် ကျင့်ကြံခြင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် မိုးကြိုးထိမှန်ထားသော သစ်သားဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး မျက်လုံးများကို မှိတ်ထား၏။
ထိုအိုမင်းသော မျက်ဝန်းအစုံ ပွင့်လာသည့်အခါ မိုးကြိုးများ ဟိန်းဟောက်သွားသည့်အလား ထင်မှတ်ရသည်။ ယွီယွမ်ကျန့်က လီကျယ်ရှန်းကို ကြည့်လိုက်ရာ သူ၏ ခန့်ညားသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ကျယ်ရှန်း၊ အဲဒီနေ့က မိုးကြိုးချိုင့်ဝှမ်းမှာ မင်းနဲ့ စကားပြောချင်ခဲ့တာ။ ဒါပေမဲ့ မင်းရဲ့ သူငယ်ချင်းက အရမ်း စိုးရိမ်နေတာ တွေ့တာနဲ့ ငါ အများကြီး မပြောခဲ့တာပါ”
ယွီယွမ်ကျန့်၏ လေသံမှာ နူးညံ့လှသည်။ ၎င်းတွင် ပါဝင်နေသော စေတနာနှင့် အရေးပေးမှုများမှာ ပထမဆုံးတွေ့ဆုံစဉ်ကထက်ပင် ပိုမိုအားကောင်းနေသည်။ လီကျယ်ရှန်း ချိုင့်ဝှမ်းထဲတွင် ဓားလမ်းစဉ်ကို နားလည်ရန် ကြိုးစားနေသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် သူ၏ ပါရမီကို ပိုမို အသိအမှတ်ပြုသွားခြင်း ဖြစ်ပေလိမ့်မည်။
လီကျယ်ရှန်းက ထိုအချက်ကို နားလည်သော်လည်း ဘာမှ ထူးထူးခြားခြား မခံစားရပေ။ လောကကြီး၏ လူမှုဆက်ဆံရေးမှာ မိမိ၏ တန်ဖိုးအပေါ်တွင်သာ မူတည်နေသည်ဟူသော အမှန်တရားကို သူ နားလည်ထားသည်မှာ ကြာခဲ့ပြီပင်။
“မင်းလို လူငယ်မျိုးကတော့ တကယ်ကို ထူးကဲလှပါပေတယ်”
ယွီယွမ်ကျန့်က ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ဦးကြားရှိ ဘေးဘက်မှ လက်ဖက်ရည်ဝိုင်းတစ်ခု ပေါ်ထွက်လာသည်။
“သုံ့လော်တိုက်ကြီးတစ်ခုလုံးကို ကြည့်မယ်ဆိုရင် ဖုန့်ဟောက်သုံ့လော်တွေတောင်မှ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေက ဝိဉာဉ်ကွင်းတွေကနေပဲ လာကြတာ။ မင်းလိုမျိုး စိတ်ကို တည်ငြိမ်အောင်ထားပြီး ကိုယ်ပိုင် ဓားကွက်တွေကို ဖန်တီးနိုင်တဲ့သူမျိုးကတော့ တကယ်ကို ရှားပါးလွန်းပါတယ်”
“စီနီယာက ချီးမွမ်းလွန်းနေပါပြီ”
ယွီယွမ်ကျန့် လက်ဖက်ရည်ဖျော်ရန် ပြင်ဆင်နေသည်ကို တွေ့သောအခါ လီကျယ်ရှန်းက ပြုံးလျက် ဆိုသည်မှာ
“ပြီးခဲ့တဲ့တစ်ခေါက် စီနီယာနဲ့ တွေ့တုန်းက ကျွန်တော်က ပြင်းတဲ့ ဝိုင်တွေကိုပဲ ကြိုက်တယ်လို့ ပြောခဲ့တယ်လေ။ ဒီနေ့တော့ စီနီယာ၊ ဒါလေးကို စမ်းကြည့်ပါဦး”
စကားဆုံးသည်နှင့် လီကျယ်ရှန်း၏ ခါးရှိ အိတ်ငယ်လေးမှာ လက်ခနဲ ဖြစ်သွားပြီး လက်ဖက်ရည်ဝိုင်းပေါ်တွင် အရည်များပါသော ပုလင်းများ ပေါ်လာသည်။ ထိုဝိုင်မှာ အလွန် ထူးခြားဆန်းပြားလှပြီး မိုးကြိုးကဲ့သို့ ပြာခရမ်းရောင် ရှိနေကာ ၎င်း၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော လျှပ်စစ်တန်းလေးများမှာ တစ်ခါတစ်ရံ ကခုန်နေကြသည်။
ယွီယွမ်ကျိန်းမှာ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
“ဒီဝိုင်က စိတ်ဝင်စားစရာပဲ၊ နာမည်က ဘာလဲ”
“လဲ့ထျန်းဝိုင်ပါ” ဟု လီကျယ်ရှန်းက ဆိုသည်။
သူသည် လက်လှမ်းကာ ပုလင်းတစ်လုံးကို ဖွင့်လိုက်ပြီး ယွီယွမ်ကျန့်အတွက် ခွက်တစ်ခွက် အပြည့် လောင်းပေးလိုက်သည်။ ထို့နောက် မိမိအတွက်လည်း တစ်ခွက် လောင်းလိုက်၏။ ဝိုင်ရည်များ ခွက်ထဲသို့ စီးဝင်သွားသည့်အခါ တစ်ဖြောက်ဖြောက် မြည်သံလေးများ ထွက်ပေါ်လာသည်။
“ဒီကာလပတ်လုံး မိုးပြာနဂါးဂိုဏ်းက နွေးထွေးစွာ ဧည့်ခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ။ ပြီးတော့ ဒီဂျူနီယာကို မိုးကြိုးချိုင့်ဝှမ်းမှာ တစ်လကျော်ကြာအောင် ဓားလမ်းစဉ် လေ့ကျင့်ခွင့်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီဝိုင်တွေက ခန္ဓာကိုယ်ကို ကျစ်လျစ်စေတဲ့ အာနိသင်ရှိပြီး ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့ အမှတ်တရ လက်ဆောင်တွေပါ”
“ကျယ်ရှန်းရာ၊ မင်းကလည်း အားနာစရာတွေ လုပ်နေပြန်ပြီ”
ယွီယွမ်ကျန့်က အားရပါးရ ရယ်မောလိုက်သည်။ ထိုသို့ ပြောဆိုနေသော်လည်း သူ၏ မျက်နှာပေါ်ရှိ ကျေနပ်နေသော အပြုံးကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။ သူတို့နှစ်ဦး၏ ဝိုင်ခွက်များမှာ ထိတွေ့သွားကြပြီး ကျောက်စိမ်းချင်း ထိသံကဲ့သို့ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထူးကဲသော ပါရမီလည်းရှိသလို ကျေးဇူးတရားကိုလည်း သိတတ်သူ။ ဤကဲ့သို့သော ပါရမီရှင် လူငယ်ကို မည်သူက မချစ်ဘဲ နေနိုင်ပါမည်နည်း။
ဝိုင်တစ်ခွက် သောက်ပြီးနောက် ယွီယွမ်ကျိန်းက မေးလိုက်သည်။
“မင်း မနက်ဖြန် ထွက်သွားတော့မှာလား”
“ဒီဂျူနီယာရဲ့ သဘာဝက အနှောင်အဖွဲ့ကင်းကင်း နေတတ်တာပါ၊ စီနီယာ။ အခု ဓားကွက်သစ်တွေကို နားလည်သွားပြီဆိုတော့ ခေတ္တ ငြိမ်ငြိမ်နေပြီးတဲ့နောက် မငြိမ်မသက် ဖြစ်လာပြီး တစ်နေရာတည်းမှာ ကြာကြာ မနေနိုင်တော့လို့ပါ”
လီကျယ်ရှန်း၏ ပွင့်လင်းမှုကို မြင်တွေ့ရသောအခါ ယွီယွမ်ကျိန်းမှာ ခေါင်းခါလျက် ပြုံးလိုက်မိသည်။
“အဲဒီလိုဆိုရင်လည်း ဒီည မင်းအတွက် နှုတ်ဆက်ပွဲ ကျင်းပပေးရတာပေါ့”
ညရောက်သော် မိုးပြာနဂါးဂိုဏ်းမှာ ထူးခြားစွာပင် စည်ကားနေသည်။ နှုတ်ဆက်ပွဲမှာ ညနေခင်းမှသည် သန်းခေါင်ယံတိုင်အောင် ကြာမြင့်ခဲ့သည်။ ဝိုင်များ ပေါပေါများများ ရှိနေသဖြင့် မည်သူက စတင်လိုက်မှန်း မသိသော်လည်း မိုးပြာနဂါးဂိုဏ်း၏ တပည့်များသည် လီကျယ်ရှန်းကို ဝိုင်သောက်ပြိုင်ရန် အတန်းလိုက် စောင့်ဆိုင်းနေကြတော့သည်။
ဒူကူယန်၊ ယဲ့လင်းလင်းနှင့် ယွီဖုန်းတို့မှာလည်း လီကျယ်ရှန်းဘက်မှ ရပ်တည်ပေးကြသဖြင့် အပြန်အလှန် သောက်ကြရင်း ပျော်ရွှင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
“ဘုန်း”
ယွီထျန်းရှင်းသည် သူ၏ခြေထောက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ သူသည် အော်ဟစ်နေကြသော ဂိုဏ်းသားများကို လက်ညှိုးထိုးပြကာ ဝိုင်ရှိန်ကြောင့် ဝေဝါးနေသော မျက်လုံးများဖြင့် လေချဉ်တစ်ချက် တက်လိုက်သည်။
“မင်း၊ မင်းတို့တွေ ငါ့ရဲ့ ဆရာကို ဝိုင်မူးအောင် လုပ်ချင်နေကြတာလား”
“အရင်ဆုံး၊ အရင်ဆုံး ငါ့ကို ကျော်ဖြတ်လိုက်ကြဦး”
စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားပြီး
“ဘုန်း..”
သူသည် စားပွဲအောက်သို့ လဲကျသွားတော့သည်။ ထိုအခါ ခန်းမတစ်ခုလုံးတွင် ရယ်မောသံများ ဆူညံသွားခဲ့သည်။
နှုတ်ဆက်ပွဲ ပြီးဆုံးသွားပြီး လူအများမှာလည်း အသီးသီး ထွက်ခွာသွားကြရာ ဆူညံသံများမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ လီကျယ်ရှန်း တည်းခိုနေသော ရင်ပြင်ငယ်လေးတွင်မူ မီးများ လင်းနေဆဲပင်။ ဒူကူယန်နှင့် ယဲ့လင်းလင်းတို့မှာလည်း ဝိုင်ရှိန်ကြောင့် ထွေနေပုံရပြီး သူ၏ အိတ်များကို ကူညီသိမ်းဆည်းပေးမည်ဟု ဇွတ်အတင်း ပြောဆိုနေကြသည်။ မိန်းကလေးနှစ်ဦး၏ လှပသော မျက်ဝန်းများတွင် မြူနှင်းပါးပါးလေး ဖုံးလွှမ်းနေသကဲ့သို့ ရှိနေပြီး ပါးပြင်များမှာလည်း ရဲရဲနီနေကြရာ မီးရောင်အောက်တွင် ပိုမို၍ ဆွဲဆောင်မှု ရှိနေကြသည်။
အမှန်တော့ လီကျယ်ရှန်းမှာ ပစ္စည်းအများအပြား မရှိပေ။ ရတနာအိတ်လေး တစ်လုံးတည်းနှင့်တင် အားလုံး ဆံ့နေပြီဖြစ်သည်။
“မောင်လေး ကျယ်ရှန်း”
ဒူကူယန်က ခေါက်ထားသော အဝတ်အစားများကို အိတ်ထဲသို့ ထည့်လိုက်ရင်း ဆိုသည်မှာ
“ဝိဉာဉ်ဆရာပြိုင်ပွဲက နီးလာပြီ”
“ငါတို့ကတော့ မိုးပြာနဂါးဂိုဏ်းမှာ နောက်ထပ် တစ်လကျော်လောက် ကျင့်ကြံရဦးမယ်”
“မောင်လေးနဲ့ ခေတ္တခဏ ခွဲခွာရတော့မှာကို ငါ စိတ်မကောင်းဖြစ်နေမိတယ်”
လီကျယ်ရှန်းသည် ထိုင်ခုံရှည်ပေါ်တွင် အေးဆေးစွာ လဲလျောင်းနေရင်း ကျောက်စိမ်း ဝိုင်အိုးလေးတစ်လုံးကို ကစားနေသည်။
“ခဏတာ ခွဲခွာရတာပဲဟာ၊ စိတ်မကောင်း ဖြစ်မနေပါနဲ့”
ထိုစဉ် ယဲ့လင်းလင်းက လျှောက်လာပြီး အစားအစာဘူးတစ်ခုကို လီကျယ်ရှန်း၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒါက ဒီနေ့နေ့လယ်က ငါကိုယ်တိုင် လုပ်ထားတဲ့ မုန့်တွေပါ”
“လီကျယ်ရှန်း၊ လမ်းမှာ ဝိုင်သောက်ရင်း စားဖို့အတွက် ယူသွားနော်”
ရင်ခွင်ထဲရှိ အစားအစာဘူးမှာ တော်တော်လေး လေးလံလှသဖြင့် လီကျယ်ရှန်းက ပြုံးလျက် “ခရီးက လမ်းတစ်ဝက်လောက်ပဲ ရှိတာကို၊ ဒါတွေက အရမ်းများမနေဘူးလား” ဟု မေးလိုက်သည်။
အရှေ့ဘက် ကောင်းကင်ယံတွင် ငါးဗိုက်ဖြူရောင် အလင်းတန်းလေး စတင် ပေါ်ထွက်လာပြီဖြစ်သည်။ ဒူကူယန်က ပါးစပ်ကို လက်ဖြင့်ပိတ်ကာ သမ်းဝေလိုက်ရာ သူမ၏ လှပသော မျက်ဝန်းများတွင် မျက်ရည်စလေးများ ဝိုင်းလာသည်။
“လင်းလင်း၊ ပြန်ကြရအောင်၊ မောင်လေး ကျယ်ရှန်း အနားယူဖို့ကို အနှောင့်အယှက် မပေးတော့နဲ့”
ယဲ့လင်းလင်းက လီကျယ်ရှန်းကို တစ်ချက် ကြည့်လိုက်ပြီး
“ကောင်းပါပြီ”
မိန်းကလေးနှစ်ဦးမှာ လီကျယ်ရှန်းကို လက်ပြနှုတ်ဆက်ပြီးနောက် လက်ချင်းချိတ်ကာ ဘေးကပ်လျက်ရှိသော ရင်ပြင်ဆီသို့ ပြန်သွားကြသည်။ လီကျယ်ရှန်းသည်လည်း ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီး အခန်းထဲသို့ ခေတ္တ အနားယူရန် ပြန်ဝင်ဖို့ ပြင်လိုက်သည်။
“ဒေါက် ဒေါက် ဒေါက်”
သူ နောက်လှည့်လိုက်ချိန်မှာပင် ရင်ပြင်တံခါးဆီမှ တိုးညှင်းသော တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ လီကျယ်ရှန်းသည် တံခါးအပြင်ဘက်ရှိ လူ၏ စွမ်းအင်ကို သိရှိလိုက်သဖြင့် ခြေလှမ်းအနည်းငယ် လှမ်းကာ တံခါးကို ဆွဲဖွင့်လိုက်သည်။
တံခါးအပြင်ဘက်တွင် ရပ်နေသူမှာ အခြားသူမဟုတ်၊ ပြန်သွားခဲ့သော ဒူကူယန်ပင် ဖြစ်သည်။ သူမသည် ဘေးဘီကို သူခိုးတစ်ယောက်ကဲ့သို့ ခိုးကြောင်ခိုးဝှက် ကြည့်နေပြီးမှ
“အစ်မ ဒူကူ”
လီကျယ်ရှန်းက မေးလိုက်သည် “အနားယူဖို့ ပြန်သွားပြီ မဟုတ်ဘူးလား၊ ဘာလို့ ပြန်လာတာလဲ”
“ရှူး”
ဒူကူယန်က သူမ၏ သွယ်လျသော လက်ညှိုးလေးကို နှုတ်ခမ်းပေါ်တွင် တင်လိုက်သည်။ သူမ၏ အသံမှာ အလွန်တိုးညှင်းနေပြီး စိုးရိမ်စိတ်လည်း အနည်းငယ် ပါဝင်နေသည်။
“အသံတိုးတိုးပြောစမ်းပါ”
“ဟိုမိန်းကလေး လင်းလင်း မကြားပါစေနဲ့”
စကားဆုံးသည်နှင့် ဒူကူယန်သည် လျင်မြန်သော မြွေတစ်ကောင်ကဲ့သို့ လီကျယ်ရှန်း၏ လက်မောင်းအောက်မှတစ်ဆင့် ရင်ပြင်ထဲသို့ လျှိုဝင်သွားတော့သည်။