အခန်း (၁၀၉)
Vol. 11 Ch. 109
လီကျယ်ရှန်းသည် ရင်ပြင်တံခါးကို ပိတ်လိုက်သည်။ သူ နောက်သို့ လှည့်လိုက်သည်နှင့် ကျောခိုင်းလျက် ကျောက်စားပွဲပေါ်တွင် အမူးပြေလက်ဖက်ရည် ငှဲ့ပေးနေသော ဒူကူယန်ကို မြင်လိုက်ရသည်။ သူမ ခါးကို အသာကိုင်းထားသဖြင့် အပြာရောင် တိုက်ခိုက်ရေးဝတ်စုံမှာ တင်းကျပ်နေပြီး သူမ၏ တင်ပါးအလှမှာ လပြည့် ဝန်းကဲ့သို့ ပေါ်လွင်နေ၏။
လီကျယ်ရှန်းသည် အစပိုင်းတွင် မှင်တက်သွားသော်လည်း နောက်မှ အကြည့်ကို အသာအယာ လွှဲလိုက်သည်။
“အစ်မ ဒူကူ၊ ခုနကပဲ ပင်ပန်းနေပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ပြန်လာတာလဲ”
ဒူကူယန်သည် အမူးပြေလက်ဖက်ရည်ကို ကိုင်လျက် နွဲ့နှောင်းသော ခြေလှမ်းများဖြင့် အနားသို့ လျှောက်လာသည်။
“မောင်လေး ကျယ်ရှန်းနဲ့ တစ်လကျော်လောက် ခွဲရတော့မယ်ဆိုတာ တွေးမိလို့၊ အချိန်လေး နည်းနည်းလောက် ပိုကုန်ဆုံးချင်ရုံပါပဲ။ အဲဒါ မရဘူးလား”
လီကျယ်ရှန်းက ပြုံးလျက် လက်ဖက်ရည်ခွက်ကို လက်ခံလိုက်ပြီး တစ်ငုံ သောက်လိုက်သည်။ မှိန်ဖျော့သော မီးရောင်အောက်တွင် လူငယ်လေး၏ ဘေးတိုက်အသွင်အပြင်မှာ ခန့်ညားလွန်းလှသည်။ ဒူကူယန်သည် သူ့ကို ငေးကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။
“မောင်လေး ကျယ်ရှန်း၊ ထျန်းဒိုမြို့ကိုပဲ ပြန်သွားမှာလား”
“အင်း” လီကျယ်ရှန်းက ခေါင်းငြိမ့်ပြသည်။
“အရင်ဆုံး ဘေးပတ်ဝန်းကျင်က တောင်စိမ်းမြစ်ရေတွေဆီမှာ လှည့်လည်သွားလာဦးမယ်၊ ပြီးမှ ထျန်းဒိုကို ပြန်မှာပါ”
“ငါ ထင်သားပဲ”
ဒူကူယန်က နှုတ်ခမ်းလေးကို ဆူလိုက်သည်။ သူမ စိတ်ထဲတွင် ကြာရှည်စွာ အောင်းထားခဲ့၍လော သို့မဟုတ် ဝိုင်ရှိန်ကြောင့်လော မသိ၊ သဝန်တိုမှု အနည်းငယ်ပါသော လေသံဖြင့် မေးလိုက်သည်။
“မောင်လေး ကျယ်ရှန်း၊ မင်းက ဘာလို့ အိမ်ရှေ့မင်းသား ရွှယ်ချင်းဟော် နဲ့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။ ငါ့ကို ညီအစ်ကိုတွေပါဆိုတဲ့ စကားနဲ့ လာမလှည့်စားနဲ့ဦးနော်”
လီကျယ်ရှန်းက ဘာမှပြန်မပြောဘဲ လက်ဖက်ရည်ကိုသာ ငုံ့သောက်နေ၏။
“ဟင်း..”
ဒူကူယန်က နှာခေါင်းလေးရှုံ့ကာ အသံပြုလိုက်သည်။ သူမသည် ရုတ်တရက် ခန္ဓာကိုယ်ကို လှည့်ကာ ခြေထောက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ သူမ၏ ဘောင်းဘီမှာ အသားနှင့် ကပ်နေသဖြင့် သွယ်လျဖြောင်စင်းသော ခြေတံအလှမှာ ပေါ်လွင်နေ၏။ လေထုကို ဆွဲဖြဲလိုက်သော အသံနှင့်အတူ လီကျယ်ရှန်းထံသို့ တိုက်ခိုက်လိုက်သည်။
လီကျယ်ရှန်းမှာ လက်ဖက်ရည်သောက်နေသော အမူအရာကိုပင် မပျက်စေဘဲ၊ ခွက်ကိုကိုင်ထားသော ညာလက်မှာလည်း လုံးဝ မလှုပ်ရှားပေ။ သို့သော် သူ၏ ဘယ်လက်မှာ မြှောက်တက်လာပြီး ဒူကူယန်၏ ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်သည်။ ယခုအခါ သူ၏ လှုပ်ရှားမှုတိုင်း၊ အမူအရာတိုင်းမှာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားနိုင်ပြီ ဖြစ်သည်။ သူ၏ လက်ဖဝါးမှ ဝိဉာဉ်စွမ်းအားများ ထွက်ပေါ်လာရာတွင် ထက်မြက်သော ဂုဏ်သတ္တိများ ပါဝင်နေသည်။
ထိုခဏ၌ တိုးညှင်းသော အသံတစ်ခုသာ ကြားလိုက်ရသည်။ ဒူကူယန်၏ တိုက်ခိုက်ရေးဘောင်းဘီမှာ ဓားစွမ်းအင်ကြောင့် အစအနပေါင်းများစွာ ဖြစ်သွားပြီး အရပ်မျက်နှာအနှံ့ လွင့်စင်ကာ မြေပြင်ပေါ်သို့ ကျဆင်းကုန်သည်။ လီကျယ်ရှန်း၏ နှလုံးသားမှာ ထိတ်လန့်သွားသည်။ သူ၏ စွမ်းအားကို ပြန်လည်ရုပ်သိမ်းရန် နောက်ကျသွားခဲ့ပြီ။ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းလှပသော ထိုခြေတံလေးပေါ်တွင် မီးရောင်အောက်၌ သွေးစလေးတစ်ခု ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။
“အင်း”
ဒူကူယန်က ညည်းညူသံလေး ပြုလိုက်ရာ လီကျယ်ရှန်းက အမြန် လွှတ်ပေးလိုက်သည်။
“အစ်မ ဒူကူ၊ တောင်းပန်ပါတယ်၊ ကျွန်တော်”
သူ၏ စကားမှာ တစ်ဝက်တွင် ရပ်တန့်သွားသည်။ အကြောင်းမှာ ဒူကူယန်၏ ညှို့ယူဖမ်းစားဖွယ် မျက်နှာလေးပေါ်တွင် နာကျင်မှုထက် ကျေနပ်နှစ်သိမ့်နေသော အမူအရာ ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
လီကျယ်ရှန်း။
ဒူကူယန်၏ လှပသော မျက်ဝန်းများတွင် မျက်ရည်စလေးများ ဝိုင်းနေသည်။ ဓားစွမ်းအင်က သူမ၏ အသားကို ထိတွေ့လိုက်သည့် ခဏ၌ လီကျယ်ရှန်းက သူမ၏ လည်ပင်းကို ညှစ်ကာ အဆိပ်မှုတ်ထုတ်ရန် အတင်းအကျပ် ခိုင်းစေခဲ့သည့် အချိန်များကို အလိုအလျောက် သတိရသွားစေသည်။ ထိုခံစားချက်က သူမ၏ နုနယ်သော ခန္ဓာကိုယ်ကို တုန်ရင်သွားစေသည်။
“မောင်လေး ကျယ်ရှန်း”
“ငါတို့ တိုက်ခိုက်တာကိုမစမ်းသပ်ဖြစ်တာ ကြာပြီနော်”
“ဒါကို ခံယူလိုက်”
ဒူကူယန်က ဟစ်အော်လိုက်ပြီး ထိုဖြူဝင်းလှပသော ခြေတံလေးဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ တွင်းထဲမှ ထွက်လာသော မြွေတစ်ကောင်ကဲ့သို့ လီကျယ်ရှန်းကို ထပ်မံ တိုက်ခိုက်လေသည်။
ထိုအခိုက်အတန့်မှာပင်။
“ဒေါက် ဒေါက် ဒေါက်”
ရင်ပြင်ပြင်ပမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ဒူကူယန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး သူမ၏ မျက်နှာလေးတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များဖြင့် လီကျယ်ရှန်းကို ကြည့်လိုက်သည်။ လီကျယ်ရှန်း၏ နှလုံးသားမှာလည်း တုန်လှုပ်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာသည်။
“ငါ ဘာမှမှားတာ မလုပ်ထားဘူးပဲ၊ ဘာလို့ ထိတ်လန့်နေရမှာလဲ”
လီကျယ်ရှန်းက စိတ်ကို တည်ငြိမ်အောင်ထားပြီး မေးလိုက်သည်။
“ဘယ်သူလဲ”
“ကျွန်မပါ၊ ယဲ့လင်းလင်း ပါ။ လီကျယ်ရှန်း၊ တံခါးဖွင့်ပေးပါဦး”
တံခါးပြင်ပမှ ရင်းနှီးသောအသံကို ကြားလိုက်ရသောအခါ ဒူကူယန်၏ မျက်လုံးများ ပြူးသွားကာ ဘေးဘီကို အမြန် ဝှေ့ကြည့်လိုက်သည်။ သူမသည် မိုးပြာနဂါးဂိုဏ်းက လီကျယ်ရှန်းအတွက် ပြင်ဆင်ပေးထားသော ဝိုင်ဗီရိုကြီးကို မြင်လိုက်ရသည်။
“ငါ ဒီမှာ ရှိနေတာကို လုံးဝ မပြောနဲ့နော်”
သူမသည် ထိုစကားကို အမြန်မှာကြားပြီး ဝိုင်ဗီရိုထဲသို့ လျှိုဝင်သွားတော့သည်။
လီကျယ်ရှန်းသည် မြေပြင်ပေါ်ရှိ အဝတ်စအနများကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ စိတ်အာရုံတစ်ခုနှင့်တင် ဓားစွမ်းအင်များသည် မြေပြင်သို့ တိတ်ဆိတ်စွာ ဆင်းသက်သွားပြီး အဝတ်စများကို ဖုန်မှုန့်များအဖြစ် ချက်ချင်း ချေဖျက်ပစ်လိုက်သည်။ ထို့နောက်မှ သူသည် အေးဆေးစွာပင် ရင်ပြင်တံခါးဆီသို့ လျှောက်သွားလိုက်သည်။
“ကျွီ”
ရင်ပြင်တံခါး ပွင့်သွားသည်။ ယဲ့လင်းလင်းသည် တံခါးပွင့်သည်နှင့် လီကျယ်ရှန်း စကားပြောသည်ကိုပင် မစောင့်ဘဲ ထိတ်လန့်နေသော သမင်လေးတစ်ကောင်ကဲ့သို့ ရင်ပြင်ထဲသို့ အမြန် တိုးဝင်လာခဲ့သည်။
လီကျယ်ရှန်း မှာမူ
“ဤမြင်ကွင်းက ဘယ်လောက်တောင် ရင်းနှီးနေရတာလဲ”
“လင်းလင်း၊ အနားယူဖို့ ပြန်သွားပြီ မဟုတ်ဘူးလား။ ဘာလို့ ပြန်လာတာလဲ”
“ကျွန်မ၊ ကျွန်မ အိပ်လို့မပျော်လို့ပါ”
ယဲ့လင်းလင်း၏ အသံမှာ ပိုးကောင်ငယ်လေးတစ်ကောင် မြည်သံကဲ့သို့ တိုးညှင်းနေသည်။ သူမ၏ ပြာလွင်သော ဆံနွယ်ရှည်များက နီမြန်းနေသော ပါးပြင်ကို ဖုံးအုပ်ထား၏။ အခြားသူများရှေ့တွင် ဆီးနှင်းကဲ့သို့ အေးစက်လှသော ဤမိန်းကလေးသည် လီကျယ်ရှန်း ရှေ့တွင်သာ သူမ၏ နုနယ်မှုကို ပြသတတ်သည်။ သူမ အိပ်မပျော်သည်မဟုတ်၊ ခွဲခွာရတော့မည်ဖြစ်သဖြင့် လီကျယ်ရှန်းနှင့် အချိန်အနည်းငယ် ပိုကုန်ဆုံးချင်ရုံသာ ဖြစ်သည်။ သို့သော် သူမ၏ သတ္တိမှာ ဒူကူယန်လောက် မရှိသဖြင့် ထိုစကားကို မပြောရဲပေ။
လီကျယ်ရှန်း ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်ကို မြင်သောအခါ ယဲ့လင်းလင်းက သူ့ကို ခိုးကြည့်ရင်း လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
“လီကျယ်ရှန်း၊ ကျွန်မ လာတာကို ယန်ယန်ကို လုံးဝ မပြောပါနဲ့နော်။ သူမ သိသွားမှာကို မလိုလားလို့ပါ”
လီကျယ်ရှန်းက လက်ဖက်ရည်ကို လုံလောက်အောင် သောက်ပြီးပြီဖြစ်သဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း၊ ငါ ဘာမှ မပြောပါဘူး”
ဝိုင်ဗီရိုထဲတွင်မူ ဒူကူယန်က သွားလေးကို တင်းတင်းကြိတ်ထားသည်။
“ဟင်း၊ လိမ္မာပါပေတယ် ယဲ့လင်းလင်း၊ နင့်ရဲ့ အစ်မကိုတောင် စိတ်ကစားနေပြီပေါ့”
ထိုသို့ ရေရွတ်ပြီးမှ သူမ သတိရသွားသည်မှာ
“နေဦး၊ ငါကိုယ်တိုင်လည်း ယဲ့လင်းလင်းဆီက ပုန်းနေတာပဲ မဟုတ်လား”
ဒူကူယန်၏ မြစိမ်းရောင် မြွေဟောက် ဝိဉာဉ်ကြောင့် ဖြစ်ပေါ်လာသော အေးစက်သည့် အရှိန်အဝါကြောင့်လော၊ သို့မဟုတ် ထိပ်တန်းအကူဝိဉာဉ် နှလုံးသားကိုးခုပန်း ၏ အန္တရာယ်ကို သဘာဝအလျောက် သိရှိနိုင်စွမ်းကြောင့်လော မသိ၊ ယဲ့လင်းလင်းမှာ ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်လာသည်။
“လီကျယ်ရှန်း၊ ကျွန်မ၊ ကျွန်မ နည်းနည်း ချမ်းလာသလိုပဲ”
သူမက တိုးညှင်းစွာ ပြောလိုက်သည်။ ဝိုင်ရှိန်လေးကို အခွင့်ကောင်းယူကာ သူမသည် လီကျယ်ရှန်းအနားသို့ အနည်းငယ် တိုးကပ်လိုက်သည်။ သတ္တိကို မွေးမြူကာ သူမ၏ ခေါင်းလေးကို လီကျယ်ရှန်း၏ ပခုံးပေါ်သို့ အသာအယာ မှီတင်ရန် ကြိုးစားလိုက်သည်။
ထိုကဲ့သို့သော နူးညံ့သိမ်မွေ့သော အခိုက်အတန့်မှာပင်။
“ဆရာကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါဦး”
ယွီထျန်းရှင်း၏ အော်ဟစ်သံက ရင်ပြင်ပြင်ပမှ ရုတ်တရက် ဟိန်းထွက်လာသည်။ ယဲ့လင်းလင်း၏ ခန္ဓာကိုယ်မှာ ထိတ်လန့်လွန်းသဖြင့် တုန်တုန်ရင်ရင် ဖြစ်သွားပြီး မျက်နှာမှာလည်း သွေးဆုတ်သွားတော့သည်။
“လီ..လီကျယ်ရှန်း”
လီကျယ်ရှန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ယွီထျန်းရှင်းက ဘာတွေ ထပ်လုပ်နေပြန်ပြီနည်း။ ယွီထျန်းရှင်းက တံခါးကို တဒိုင်းဒိုင်းဒိုင်း နှင့် ထုလျက် ဗလုံးဗထွေး ပြောနေသည်။
“ဆရာကြီး၊ဂေ့...နှုတ်ဆက်ပွဲ ပြီးသွားတာ ခင်ဗျားတို့ ထွက်သွားကြတာ”
“ ဘာလို့ ကျွန်တော့်ကို မခေါ်ကြတာလဲ ကျွန်တော်၊ ကျွန်တော် စားပွဲအောက်မှာ ကျန်နေခဲ့တာကို”
ထိုအရေးတကြီး တံခါးထုသံများကြောင့် ယဲ့လင်းလင်းမှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။
“လီ... လီကျယ်ရှန်း၊ ကျွန်မ ...ကျွန်မ”
သူမသည် ပုန်းစရာနေရာကို အသည်းအသန် ရှာဖွေလိုက်ရာ နောက်ဆုံးတွင် ဝိုင်ဗီရိုကြီးဆီသို့ အကြည့်ရောက်သွားသည်။
လီကျယ်ရှန်း၏ မျက်ခုံးမှာ ရုတ်တရက် လှုပ်ခတ်သွားသည်။
“နေဦး”
သူ စကားမဆုံးခင်မှာပင် ယဲ့လင်းလင်းက ဝိုင်ဗီရိုထဲသို့ ဝင်ပုန်းလိုက်ပြီ ဖြစ်သည်။ လီကျယ်ရှန်းက နားထင်ကို ပွတ်လိုက်ရင်း ခေါင်းကိုက်သလို ဖြစ်သွားရသည်။
“ဘုန်း”
ရင်ပြင်တံခါးမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး ယွီထျန်းရှင်းက ဟန်ချက်မထိန်းနိုင်ဘဲ လီကျယ်ရှန်း၏ ခြေရင်းသို့ လဲကျလာသည်။
“ဆရာကြီး တပည့်အဖြစ် လက်ခံပေးပါ”
သူ့ခြေထောက်ကို ဖက်ထားသော လူငယ်ကို ကြည့်ရင်း လီကျယ်ရှန်းက သက်ပြင်းချလျက် ကောင်းကင်ကိုသာ မော့ကြည့်လိုက်ရတော့သည်။
“မင်းတို့တွေ အကွက်ကျကျ စီစဉ်ထားကြတာပဲ မဟုတ်လား”
ဝိုင်ဗီရိုထဲတွင်မူ အခြေအနေမှာ အနည်းငယ် အနေရခက်နေသည်။ လှပသော မျက်ဝန်းအစုံ နှစ်စုံမှာ ဆုံတွေ့သွားကြပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေကြသည်။
“ဟင်း”
ဒူကူယန်က စောစောက ယဲ့လင်းလင်း၏ နူးညံ့လှသော လေသံကို အတုခိုးကာ လက်သန်းလေးကို ထောင်လျက် မမူမနွဲ့ ပြောလိုက်သည်။
“လီကျယ်ရှန်း၊ ကျွန်မ လာတာကို ယန်ယန်ကို လုံးဝ မပြောပါနဲ့နော်၊ သူမ သိသွားမှာကို မလိုလားလို့ပါ”
ယဲ့လင်းလင်း၏ မျက်နှာလေးမှာ ပူလောင်နေပြီး ခေါင်းငုံ့လျက် ရေရွတ်လိုက်သည်။
“တောင်းပန်ပါတယ် ယန်ယန် ကျွန်မ”
စကားပြောနေရင်း တစ်ဝက်တွင် သူမ၏ ပြာလွင်သော မျက်လုံးလေးများကို ခတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
“ဟင် တစ်ခုခုတော့ မှားနေပြီ”
ယဲ့လင်းလင်းက မျက်နှာကို မော့ကာ ဒူကူယန်ကို စိုက်ကြည့်လိုက်သည်။
“ယန်ယန်၊ နင် ရှင်းပြဦး၊ နင်ကရော ဒီမှာ ဘာလုပ်နေတာလဲ”