← Chapters

အခန်း (၁၁၀)

Vol. 11 Ch. 110

အခန်း (၁၁၀)

Vol. 11 Ch. 110

မူးယစ်ရီဝေနေသော ယွီထျန်းရှင်းကို ရင်ပြင်ပြင်ပသို့ ပို့ဆောင်ရန် လီကျယ်ရှန်း အတော်ပင် အားထုတ်လိုက်ရသည်။ တံခါးကိုပင် ပြန်မပိတ်ရသေးမီမှာပင် သူ၏နောက်ကျောဘက်မှ မွှေးပျံ့သော လေပြေတစ်ချက် ဝေ့သန်းသွားခဲ့သည်။

ရှက်ကိုးရှက်ကန်းနှင့် ညည်းတွားသံလေးနှစ်ခုကို သူ ကြားလိုက်ရ၏။ ဒူကူယန်နှင့် ယဲ့လင်းလင်းတို့သည် လီကျယ်ရှန်းကို မျက်နှာချင်းမဆိုင်ရဲကြတော့ဘဲ သွယ်လျသော လက်ကလေးများဖြင့် မျက်နှာကိုအုပ်ကာ ထိုရင်ပြင်ငယ်လေးထဲမှ အလုအယက် ထွက်ပြေးသွားကြတော့သည်။

လီကျယ်ရှန်းသည် တံခါးဘောင်ကို မှီရပ်လျက် အဝေးသို့ ယိမ်းထိုးရင်း ထွက်ခွာသွားသော ယွီထျန်းရှင်း၏ ကျောပြင်နှင့် လှပနွဲ့နှောင်းသော ပုံရိပ်လေးနှစ်ခု အပြေးအလွှား ထွက်ခွာသွားသည်ကို ငေးကြည့်နေမိသည်။ ထိုအချိန်၌ အရှေ့ဘက်ကောင်းကင်ယံသည် ငါးဗိုက်ဖြူရောင်သန်းကာ အလင်းရောင် စတင်ရရှိနေပြီ ဖြစ်သည်။ အရာခပ်သိမ်း နိုးထလာမည့် နေ့သစ်တစ်ခုပင်။

မှိန်ဖျော့သော နံနက်ခင်းအလင်းရောင်ကို ကြည့်ရင်း လီကျယ်ရှန်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ စောစောက စည်ကားလှသော နှုတ်ဆက်ပွဲနှင့် ဤည၏ ထူးဆန်းအံ့ဩဖွယ် ဖြစ်ရပ်များကို ပြန်လည်တွေးတောမိသောအခါ ဤလူ့လောကထဲသို့ တစ်ကြိမ်တစ်ခါ ရောက်ရှိခံစားခွင့်ရခြင်းသည် အမှန်တကယ်ပင် အဖိုးထိုက်တန်လှသည်ဟု သူ ခံစားလိုက်ရသည်။

နံနက်အစောပိုင်းတွင်။

မိုးပြာနဂါးဂိုဏ်း၏ ကျောက်လှေကားထစ် သုံးထောင်ခြေရင်း၌ ဂိုဏ်းချုပ် ယွီယွမ်ကျန့် ဦးဆောင်သော ဂိုဏ်းသားများစွာသည် လီကျယ်ရှန်းကို လိုက်လံနှုတ်ဆက်ကြသည်။ ယွီယွမ်ကျန့်က ညင်သာစွာ ပြုံးလျက် ဆိုသည်မှာ။

“ကျယ်ရှန်း၊ နောင်တစ်ချိန်မှာ မင်းတစ်ခုခု အကူအညီလိုရင် ငါ့ကို အသိပေးဖို့ ဝန်မလေးပါနဲ့”

အဆင့် ၉၅ ရှိသော ဖုန့်ဟောက်သုံ့လော်တစ်ဦး၏ ဤကတိစကားသည် ရွှေစင်သောင်းချီထက်ပင် ပိုမိုတန်ဖိုးရှိလှသည်။ ယွီထျန်းရှင်းကမူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အားတက်သရော အမူအရာဖြင့်

“ဆရာကြီး နောက်ပိုင်းကျရင် တပည့်ဖြစ်သူက ထျန်းဒိုမြို့ကို အရောက်လာပြီး ဆရာ့ကို ရှာပါ့မယ်”

သူ့ရှေ့ရှိ ရိုးသားဖြူစင်သော မျက်နှာလေးများကို ကြည့်ရင်း လီကျယ်ရှန်းသည် ထိုနေ့က လေဓားဂိုဏ်းမှ ထွက်ခွာလာစဉ်က မြင်ကွင်းကို အလိုအလျောက် သတိရသွားသည်။ ထိုစဉ်ကလည်း ဤကဲ့သို့ပင် နက်ရှိုင်းသော သံယောဇဉ်များ ရှိခဲ့ကြသည် မဟုတ်ပါလော။

ဤသည်မှာ သူ လီကျယ်ရှန်း၏ “ကျန်းဟူ” ပင် ဖြစ်သည်။ လောကအရပ်ရပ်မှ မိတ်ဆွေများ ဖွဲ့မည်၊ ကောင်းကင်အောက်ရှိ အကောင်းဆုံးဝိုင်များကို သောက်မည်၊ ထို့နောက် ဓားလမ်းစဉ်၏ စစ်မှန်သော အနှစ်သာရကို ထိုးထွင်းသိမြင်အောင် ကျင့်ကြံမည်။

သူသည် လူတိုင်းကို လက်ပြနှုတ်ဆက်လိုက်ပြီး မြင်းပေါ်သို့ လွှားခနဲ ခုန်တက်လိုက်သည်။ လေတိုးသံမှာ နားထဲတွင် တဝုန်းဝုန်း မြည်နေ၏။ လီကျယ်ရှန်းသည် မြင်းဇက်ကြိုးကို ဆွဲကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ လူတိုင်းမှာ လှေကားထစ်များပေါ်တွင် ရပ်နေဆဲဖြစ်ပြီး သူ ထွက်ခွာရာလမ်းကို ငေးကြည့်နေကြသည်ကို မြင်လိုက်ရသည်။

လီကျယ်ရှန်းက အားရပါးရ ရယ်မောလိုက်သည်။ လေနှင့်အတူ စည်းချက်မညီသော သီချင်းသံလေးတစ်ခု လွင့်ပါလာခဲ့သည်။

“ဝိုင်တစ်ခွက် ထပ်သောက်စို့၊ သီချင်းတစ်ပုဒ် ဆိုစို့၊ လူ့ဘဝကို သက်ပြင်းချစို့၊ ဆုံစည်းဖို့ လွယ်သလောက် ခွဲခွာဖို့လည်း လွယ်ကူလှပါတကား”

ဝတ်ရုံဖြူနှင့် လူငယ်လေး၏ ကျောပြင်မှာ တဖြည်းဖြည်း ဝေးကွာပျောက်ကွယ်သွားသည်ကို ကြည့်ရင်း၊ လွမ်းမောမှုနှင့် လျစ်လျူရှုမှုတို့ ရောယှက်နေသော ထိုသီချင်းသံမှာ သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ယွီထျန်းဟန်က လေးနက်စွာ သက်ပြင်းချလိုက်သည်။

“ငါသာ အစ်ကို ကျယ်ရှန်းလို ဖြစ်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ”

တစ်ဝက်သောနေ့ရက်ကို အေးဆေးစွာ ကုန်ဆုံးစေပြီး၊ ကျန်တစ်ဝက်ကိုမူ မြင်းဇက်ကြိုးကို အရှိန်မြှင့်ကာ ကုန်ဆုံးစေခဲ့သည်။ ခံ့ညားထည်ဝါလှသော ထျန်းဒိုမြို့တော်ကြီး၏ အသွင်အပြင်မှာ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့ပြီ။ တစ်လကျော်မျှ ခွဲခွာခဲ့ရပြီးနောက် ရင်းနှီးလှသော လမ်းမများနှင့် ဈေးတန်းမြင်ကွင်းများသည် လီကျယ်ရှန်း၏ နှုတ်ခမ်းထက်မှ အပြုံးကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

သူသည် အရင်ဆုံး ကြာပန်းကန်ဆီသို့ ဦးတည်သွားသော်လည်း ရွှယ်ချင်းဟော် ကို မတွေ့ရပေ။ သူ၏ ရတနာအိတ်ငယ်လေးသည် မှိန်ဖျော့စွာ လင်းလက်သွားပြီး နွေးထွေးသော ကျောက်စိမ်းတံဆိပ်ပြားလေးတစ်ခု သူ၏ လက်ဖဝါးပေါ်သို့ ရောက်လာသည်။

လီကျယ်ရှန်းသည် ၎င်းကို ပေါ့ပေါ့ပါးပါးပင် မြှောက်ပင့်ကစားရင်း မြင်းကို နောက်လှည့်ကာ နန်းတော်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်တော့သည်။

စကားမစပ်၊ ဤအိမ်ရှေ့မင်းသား တံဆိပ်ပြားသည် ချန်းရန်ရွှယ်နှင့် ပထမဆုံး တွေ့ဆုံစဉ်က သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မယုံကြည်သလို ဟန်ဆောင်ခဲ့စဉ်က သူမ ပေးခဲ့ခြင်း ဖြစ်သည်။ အင်း၊ သူ ၎င်းကို တစ်ခါမှ ပြန်မပေးခဲ့သလို၊ ချန်းရန်ရွှယ်ကလည်း ပြန်မတောင်းဘဲ တိတ်တဆိတ်ပင် ခွင့်ပြုထားခဲ့သည်။

“ငါ ဒီမှာနေတာ ကြာပြီဆိုပေမဲ့ နန်းတော်ထဲကို တစ်ခါမှ မလည်ပတ်ဖူးသေးဘူးပဲ”

လောလောဆယ် ထျန်းတု နန်းတွင်း၌ ဧကရာဇ် ရွှယ်ယဲ့၏ ကျန်းမာရေးမှာ တစ်နေ့တခြား ယိုယွင်းလာနေသည်။ အိမ်ရှေ့မင်းသား ရွှယ်ချင်းဟော်မှာ နိုင်ငံတော်ရေးရာများကို အုပ်ချုပ်နေရပြီး သူမ၏ အာဏာမှာလည်း တစ်နေ့တခြား ကြီးထွားလာနေပြီ ဖြစ်သည်။

လီကျယ်ရှန်းသည် အိမ်ရှေ့မင်းသား တံဆိပ်ပြားကို ကိုင်ဆောင်ထားသဖြင့် ကျယ်ပြောလှသော နန်းတွင်းတစ်ခုလုံးတွင် တားမြစ်ထားသော အတွင်းနန်းဆောင်များမှလွဲ၍ ကျန်နေရာအားလုံးကို အနှောင့်အယှက်မရှိ သွားလာနိုင်သည်။ နန်းတော်တံတိုင်းကြီးများ၏ အရိပ်အောက်တွင် လျှောက်လှမ်းရင်း လီကျယ်ရှန်းသည် မော့ကြည့်လိုက်သည်။ မြင့်မားသော တံတိုင်းကြီးများ ဝန်းရံထားသည့် စတုရန်းပုံစံ ကောင်းကင်ပြာလေးကို မြင်လိုက်ရ၏။

သူ၏ စိတ်ထဲတွင် ရုတ်တရက် ပျင်းရိငြီးငွေ့မှု အနည်းငယ် ဖြတ်သန်းသွားသည်။ နန်းတော်ဆိုသည်မှာ ကောလာဟလများ ပြောသလောက် မကောင်းလှပါချေ။ အနာဂတ်တွင် ထျန်းဒို နန်းတွင်း၌ ပေါ်ပေါက်လာမည့် ကြီးမားသော အပြောင်းအလဲများကို တွေးတောမိသောအခါ လီကျယ်ရှန်း၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားသည်။

“ငါ့ကြောင့်များ ဒီအနာဂတ်ရဲ့ လမ်းကြောင်းက ဘယ်လိုများ ပြောင်းလဲသွားမလဲ သိချင်မိပါရဲ့”

သူ၏ တည်ရှိမှုသည် ကြိုတင်သတ်မှတ်ထားသော မြစ်ရေပြင်ထဲသို့ ပစ်ချလိုက်သည့် ကျောက်ခဲတစ်လုံးကဲ့သို့ပင် တုလော့တိုက်ကြီးပေါ်တွင် မူလစီးဆင်းမှုမှ သွေဖည်သွားသော လှိုင်းကြက်ခွပ်များကို ဖန်တီးနေပြီ ဖြစ်သည်။ လီကျယ်ရှန်းသည် မူရင်းဇာတ်ကြောင်းကို သိရှိထားသော်လည်း ရှေ့ဆက်ရမည့် လမ်းမှာမူ ဝေဝါးပြီး ခန့်မှန်းရ ခက်ခဲလာခဲ့ပြီ။

“ရှေ့ကလမ်းက ဘယ်လောက်ပဲ မှောင်မိုက်ပြီး မရှင်းမလင်း ဖြစ်နေပါစေ”

လီကျယ်ရှန်း၏ မျက်ဝန်းများတွင် ထက်မြက်သော အလင်းတန်းတစ်ခု လက်သွားပြီး စိတ်ရှုပ်ထွေးမှုများအားလုံး ပျောက်ကွယ်သွားသည်။

“ငါ့လက်ထဲက ဓားကပဲ အရာအားလုံးကို ဆုံးဖြတ်ပေးလိမ့်မယ်”

နန်းဆောင်တစ်ခုပြီးတစ်ခု၊ ပိုက်ကွန်ကဲ့သို့ ယှက်နွယ်နေသော စင်္ကြံလမ်းများ။ လီကျယ်ရှန်းသည် အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် လမ်းပျောက်သွားတော့သည်။ အကူအညီမဲ့စွာဖြင့် သူသည် တံတိုင်းနံဘေးတွင် ခေါင်းငုံ့ကာ အပြေးအလွှား သွားနေသော မိန်းမစိုးလေးတစ်ဦးကို လှမ်းမေးလိုက်ရသည်။

“ခဏလောက်၊ အိမ်ရှေ့မင်းသားရဲ့ စံအိမ်ကို ဘယ်လိုသွားရမလဲ သိပါရစေ”

ရုတ်တရက် အခေါ်ခံလိုက်ရသော မိန်းမစိုးလေးမှာ ထိတ်လန့်တကြား တုန်ရင်သွားသည်။ “မိန်းမစိုး”ဟု အခေါ်ခံရသည်မှာ သူအဖို့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

သူ မော့ကြည့်လိုက်သောအခါ မေးမြန်းသူမှာ ခန့်ညားထည်ဝါသော လူငယ်လေးဖြစ်နေသည်ကို တွေ့ရသဖြင့် အမြန်ပင် ဦးညွှတ်နှုတ်ဆက်ကာ လမ်းကြောင်းတစ်ခုကို တုန်တုန်ရင်ရင်ဖြင့် ညွှန်ပြပေးလိုက်သည်။

လီကျယ်ရှန်းက ကျေးဇူးတင်စကား ပြောလိုက်ပြီး ထိုဘက်သို့ အမြန် လျှောက်သွားခဲ့သည်။

အိမ်ရှေ့မင်းသား စံအိမ်အတွင်း၌။

ရွှယ်ချင်းဟော်သည် စားပွဲပေါ်တွင် ကိုင်းလျက် မျက်မှောင်ကို တင်းတင်းကြုတ်ထားသည်။ သူမ၏ လက်ထဲမှ ကံ့ကော်နီရောင် ကလောင်တံမှာ လေထဲတွင် ဝဲနေပြီး ထုနှင့်ထည်နှင့် ရှိနေသော စာရွက်စာတမ်းပုံကြီးကို ကြည့်ကာ စိတ်ပျက်နေသော အမူအရာကို ဖုံးကွယ်၍ မရနိုင်ပေ။

ဝိဉာဉ်ဆရာပြိုင်ပွဲကြီးမှာ စတင်တော့မည် ဖြစ်သည်။ ပထမအဆင့် ပြိုင်ပွဲများကို ထျန်းဒိုအင်ပါယာအတွင်း ကျင်းပမည်ဖြစ်သည်။ ဤသည်မှာ တုလော့တိုက်ကြီးတစ်ခုလုံး၏ အာရုံစိုက်မှုကို ခံရသော ပါရမီရှင် ဝိဉာဉ်ဆရာများအတွက် ပထမဆုံးသော ပွဲတော်ကြီးဖြစ်ပြီး နိုင်ငံတော်၏ အင်အားကို ပြသရန် အကောင်းဆုံး စင်မြင့်တစ်ခုလည်း ဖြစ်သည်။

ထျန်းဒိုအင်ပါယာ၏ လက်ရှိအုပ်ချုပ်သူအဖြစ် ရွှယ်ချင်းဟော်သည် ဤပွဲကို အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံစေကာ ကြီးမားသော အောင်မြင်မှုတစ်ခုအဖြစ် ဖန်တီးလိုသည်။ သို့သော် ပေါင်းစပ်ညှိနှိုင်းမှု၊ နေရာရွေးချယ်မှု၊ ဘဏ္ဌာ‌ရေးလျာထားမှု စသည့် အသေးစိတ် အချက်အလက်များစွာကြောင့် သူမမှာ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်နေရသည်။ ဌာနအသီးသီးမှ တင်ပြလာသော အစီအစဉ်များမှာ သူမ၏ အမြင်တွင် အလွန်ပင် လိုအပ်ချက်များနေသည်။

တံခါးဝတွင် ရပ်နေသော ငါးပူတင်းနှင့် မြွေလှံတို့မှာလည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူတို့၏ သခင်ငယ်လေးသည် ဝိဉာဉ်ဆရာသခင် ပြိုင်ပွဲအတွက် ရက်ပေါင်းများစွာ ပူပန်ပင်ပန်းနေရသည် မဟုတ်ပါလော။

“သခင်ငယ်၊ ကြာပန်းကန် ဆီကို သွားပြီး ငါးမျှားရင်း အနားမယူချင်ဘူးလား”

ရွှယ်ချင်း‌ေဟာ်က ခေါင်းပင် မမော့ဘဲ

“မသွားဘူး”

အကယ်၍ အရင်ကဆိုလျှင် ထိုကြည်လင်သော ရေပြင်နှင့် ကြာပန်းစိမ်းများမှာ သူမအတွက် စိတ်အပန်းဖြေရာ နေရာတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ထိုလူသား ဝင်ရောက်လာပြီးကတည်းက ထိုကန်နံဘေးမှာ ရိုးရှင်းသော ရှုခင်းတစ်ခု မဟုတ်တော့ပေ။ ထိုလူသားမရှိဘဲ ကြာပန်းကန်က ဘာအဓိပ္ပာယ် ရှိဦးမည်နည်း။

ငါးပူတင်းနှင့် မြွေလှံတို့သည် ရွှယ်ချင်းဟဲ ဘာကို တွေးနေသည်ကို သိရှိကြသဖြင့် စိတ်ထဲမှ ရေရွတ်နေကြသည်။

“ဒီ လီကျယ်ရှန်းဆိုတဲ့ တစ်ယောက်က ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”

“သခင်ငယ်လေးက သူ့ကို လွမ်းနေတာကို သူ မသိဘူးလား”

စံအိမ်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်။ ရွှယ်ချင်းဟော်က စာရွက်များကို လိပ်လိုက်၊ ဖြည်လိုက် လုပ်နေသော အသံကိုသာ ကြားနေရ၏။ သူမ၏ မျက်ခုံးကြားတွင် နက်ရှိုင်းသော ပင်ပန်းမှုများမှာ အရိပ်ထင်နေသည်။ တစ်ခါတစ်ရံတွင် သူမသည် မော့ကြည့်တတ်သည်။

ပြတင်းပေါက်မှ နံနက်ခင်းပန်းလေးနှင့် မသေမျိုးပန်းအောက်ရှိ ကောက်ရိုးဖြင့် ယက်လုပ်ထားသော နှံကောင်လေးကို မြင်လိုက်ရသောအခါမှသာ သူမ၏ တင်းမာနေသော ပါးပြင်လေးများမှာ နူးညံ့သွားတတ်သည်။ ငါးပူတင်းနှင့် မြွေလှံတို့သည် သူတို့သခင်ငယ်၏ ထိုအခြေအနေကို ကြည့်ကာ နောက်ထပ်တစ်ကြိမ် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ကြပြန်သည်။

ထိုစဉ်မှာပင်။ သူတို့၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားပြီး စံအိမ်၏ တံခါးမကြီးဆီသို့ သိမ်းငှက်ကဲ့သို့ စူးရှသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက် ရောက်လာပြီ။ ၎င်းမှာ နန်းတွင်းမှ လူ မဟုတ်ပေ။ ဖုန့်ဟောက်သုံ့လော်များ၏ ထက်မြက်လှသော အာရုံခံစားမှုရှိပါလျက် ဤလူသည် မည်သို့များ သူတို့ မရိပ်မိခင် ဤမျှ အနီးကပ်အထိ ရောက်ရှိလာနိုင်ရသနည်း။

ရွှယ်ချင်းဟော်ကို အလန့်တကြား မဖြစ်စေဘဲ သူတို့၏ အကြည့်များမှာ ဓားများကဲ့သို့ ဝင်ပေါက်ဆီသို့ စိုက်ကြည့်နေကြသည်။ အသက်ရှူကြိမ် အနည်းငယ်အပြီးတွင် ရိုးရှင်းသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။

ငါးပူတင်းနှင့် မြွေလှံတို့၏ ထက်မြက်သော အကြည့်များမှာ ရုတ်တရက် အံ့ဩမှုများဖြင့် အစားထိုးသွားခဲ့သည်။

“ဒီကောင်လေးကတော့”

သူတို့နှစ်ဦးသည် အေးအေးဆေးဆေး လျှောက်လှမ်းလာသော ဝတ်ရုံဖြူနှင့် လူငယ်ကို အထက်အောက် စုန်ဆန်ကြည့်ရင်း သံသယများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ အကြည့်များမှာ လူငယ်၏ နဖူးပေါ်ရှိ ကြာပန်းစိမ်းဓား အမှတ်အသားပေါ်တွင် အကြာကြီး ရပ်တန့်နေခဲ့သည်။ တစ်လကျော်မျှ ခွဲခွာခဲ့ရပြီးနောက် လီကျယ်ရှန်း၏ အသားအရေမှာ ပိုမိုဝင်းပလာရုံသာမက သူ၏ အရှိန်အဝါမှာလည်း တိမ်တိုက်နှင့် မြူနှင်းများကဲ့သို့ နတ်ဘုရားဆန်ကာ ခန့်မှန်းရခက်ခဲလာခဲ့ပြီ။

“ဒီကောင်လေးက ထပ်ပြီး သန်မာလာပြန်ပြီပဲ”

ငါးပူတင်းနှင့် မြွေလှံတို့၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသည်။ လီကျယ်ရှန်းက ခြေလှမ်းကို ဖွဖွနင်းကာ နှုတ်ခမ်းပေါ် လက်တင်လျက် အသံမထွက်ရန် အချက်ပြလိုက်သည်ကို မြင်သောအခါ သူတို့ နားလည်သွားပြီး စံအိမ်ရင်ပြင်တံခါး ပြင်ပသို့ တိတ်ဆိတ်စွာ ဆုတ်ခွာကာ စောင့်ကြပ်ပေးလိုက်ကြသည်။

လီကျယ်ရှန်း၏ အကြည့်မှာ စားပွဲတွင် ကိုင်းလျက် အလုပ်လုပ်နေသော ပုံရိပ်လေးဆီသို့ ကျရောက်သွားသည်။ ရွှယ်ချင်းဟော်၏ ဆံနွယ်မည်းအချို့မှာ အနည်းငယ် ပိန်ပါးသွားသော သူမ၏ ဘေးတိုက်မျက်နှာလေးပေါ်တွင် ဝဲကျနေပြီး သူမ၏ အာရုံစိုက်နေမှုများကြားတွင် ဖုံးကွယ်မရသော ပင်ပန်းမှုများ ပါဝင်နေသည်။

သူသည် နှုတ်ခမ်းလေးကို အနည်းငယ် တွန့်လိုက်ပြီး သူမ၏ နောက်ဘက်သို့ တိတ်ဆိတ်စွာ ရွှေ့လိုက်သည်။

ထို့နောက်။

လီကျယ်ရှန်းသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

ပြီးနောက် သူမ၏ မျက်လုံးများကို ညင်သာစွာ အုပ်လိုက်ပြီး

“မှန်းကြည့်စမ်း၊ ငါ ဘယ်သူလဲ”

ရွှယ်ချင်း‌ေဟာ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။ သို့သော်လည်း သူ၏ လက်ဖဝါးမှ ခံစားလိုက်ရသော ရင်းနှီးလှသည့် နွေးထွေးမှု။ ထိုတမင်တကာ ပြောင်းလဲထားသော အသံ၊ သို့သော် ညတိုင်း အိပ်မက်ထဲတွင် ပဲ့တင်ထပ်နေသော အသံ ရွှယ်ချင်းဟဲ၏ တောင့်တင်းနေသော ခန္ဓာကိုယ်မှာ နူးညံ့ပျော့ပြောင်းသွားသည်။

ဝမ်းသာအားရမှုများက သူမ၏ နှလုံးသားထဲရှိ စိတ်ညစ်မှုများအားလုံးကို တိုက်ထုတ်ပစ်လိုက်သည်။ သူမ၏ နှုတ်ခမ်းလေးများမှာ အပေါ်သို့ တွန့်တက်သွားပြီး နုနယ်သော မျက်နှာလေးပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းလာခဲ့တော့သည်။

All Chapters