← Chapters

အစစ်အမှန် နေအိမ်

Vol. 48 Ch. 692

အစစ်အမှန် နေအိမ်

Vol. 48 Ch. 692

ထိုစောင့်နေသူသည် အခြားသူမဟုတ်... မိစ္ဆာဂိုဏ်းချုပ် ဖန်းယု ကိုယ်တိုင်ပင် ဖြစ်လေ၏။

သူမသည် တစ်စုံတစ်ယောက်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသကဲ့သို့ ဂိုဏ်းအဝင်ဝတွင် ရပ်လျက်ရှိနေသည်။

သူမ၏ အဝေးတစ်နေရာတွင် အကြီးအကဲအချို့ ရပ်နေကြပြီး သူမအား မရေမရာသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

၎င်းတို့အနေနှင့် ဂိုဏ်းချုပ်အား ဤကဲ့သို့ မြင်တွေ့ဖူးခြင်းသည် ယခု ပထမဆုံးအကြိမ်ပင် ဖြစ်၏။

သူမ၏ မျက်ဝန်းများထဲတွင် ယခင်ကကဲ့သို့ ကြောက်မက်ဖွယ် အေးစက်မှုမျိုး ရှိမနေတော့ပဲ ဆန့်ကျင်ဘက်အနေဖြင့် မတူညီသော တောက်ပမှု တစ်မျိုးပင် ပေါ်ထွက်နေခဲ့သည်။

သူမအား ရုတ်တရက်မြင်လိုက်သော အကြီးအကဲများသည် သူမအား ၎င်းတို့၏ ဂိုဏ်းချုပ်မှ ဟုတ်ပါလေစဟုပင် သံသယဝင်မိခဲ့ကြသည်။

“သူမက ဘယ်သူ့ကို စောင့်နေတာလဲ။ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက် လာမှာမို့လို့လား”

အာရန် ပြန်လာမည့်အကြောင်း မသိထားသေးသော အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်မိကြ၏။

“ဂိုဏ်းချုပ်ကိုယ်တိုင် ထွက်ကြိုရတယ်ဆိုတော့ အနည်းဆုံး သူမနဲ့အဆင့်တူတဲ့ အထူးဧည့်သည်တော် တစ်ယောက်ယောက် ဖြစ်ရမယ်”

“မင်း ဆိုလိုတာက...”

“အနောက်ဘက်တိုက်ကြီးမှာ ပြည်တွင်းစစ်တွေ ပြီးဆုံးသွားပြီလို့လည်း ကျုပ် ကြားထားတယ်။ သန့်စင်ဧကရာဇ်က နောက်ဆုံးမှာ အနိုင်ရသွားခဲ့ပြီး တိုင်းပြည် သစ္စာဖောက်တွေ အကုန်လုံးကို ချက်ချင်း ကွပ်မျက်လိုက်တယ်တဲ့။ ခုလာတာ သန့်စင်ဧကရာဇ် ကိုယ်တိုင်များ ဖြစ်နေမလား မသိဘူး”

“အဲ့ဒါ ဖြစ်နိုင်ချေ အရှိဆုံးပဲ”

အမှန်တရားကို မသိရှိထားသော အကြီးအကဲများသည် သူတို့အတွက် အဓိပ္ပါယ်ရှိမည့် ကောက်ချက်များကို အသီးသီးချနေခဲ့ကြသည်။

ဤတိုက်ကြီးလေးခု ကမ္ဘာတွင် ဂိုဏ်းချုပ် ဖန်းယုနှင့် ရင်ဘောင်တန်းဆက်ဆံခွင့်ရှိသူ သုံးဦးသာ ရှိလေ၏။

ပထမတစ်ဦးမှာ သေဆုံးသွားပြီဟု ကြေညာထားခဲ့သော မြောက်ဘက်တိုက်မှ နစ်ခရိုမန်ဆာ မျှော်စင်သခင် ဖြစ်လေသည်။

ဒုတိယတစ်ဦးမှာ သူရဲကောင်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီးမစ်ထ် ဖြစ်ပြီး ယခုအခါတွင်မူ သူမ၏ နေရာအား အနောက်ဘက်တိုက်ကြီးနှင့် စစ်ခင်းနေသော သူရဲကောင်းလူငယ် တစ်ဦးမှ ဝင်ရောက်နေရာယူထား၏။

အကယ်၍ ထိုလူငယ်သာ ကိုယ်တိုင် ရောက်လာခဲ့လျှင်ပင် ဖန်းယုသည် ယခုကဲ့သို့ ကြိုဆိုစောင့်ဆိုင်းနေမည် မဟုတ်ဘဲ တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေပေလိမ့်မည်။

ထို့ကြောင့် လက်ရှိ တိုက်ကြီးလေးခုလုံးတွင် ဩဇာအာဏာ အကြီးမားဆုံးဟုပင် ဆိုနိုင်သော ပုဂ္ဂိုလ်မှာ နောက်ထပ် တစ်ဦးတည်းသာ ကျန်လေတော့၏။

၎င်းမှာ ယခင် သန့်စင်ပရောဟိတ်မကိုသာမက နစ်ခရိုမန်ဆာ မျှော်စင်သခင်ကိုပင် အနိုင်ယူခဲ့သော အနောက်ဘက်တိုက်ကြီး၏ တစ်ဦးတည်းသော သန့်စင်ဧကရာဇ်ပင် ဖြစ်လေသည်။

ထိုလူသည် အရှင်သခင် လေးဦးအနက် နှစ်ဦးကို အခြားအရှင်သခင်များ၏ အကူအညီမပါပဲ တစ်ကိုယ်တော် ဖယ်ရှားပစ်ခဲ့သူ ဖြစ်သည်။

ယခုကဲ့သို့ကာလမျိုးတွင် သူ၏ ခွန်အားအား အထူးတလည် မိတ်ဆက်နေရန်ပင် မလိုတော့ပေ။

၎င်းကိစ္စတွင် သူတို့အတွက် အကောင်းဆုံး အချက်မှာ အနောက်ဘက်တိုက်ကြီးသည် အရှေ့တိုက်ကြီးနှင့် မဟာမိတ်ဖွဲ့ထားခြင်းပင် ဖြစ်လေသည်။

အကယ်၍ ထိုလူသာ ဂိုဏ်းချုပ် ဖန်းယုအား ကူညီရန် ကိုယ်တိုင် ရောက်လာခြင်း ဖြစ်ပါက ဂိုဏ်းချုပ်ကိုယ်တိုင် ထွက်၍ ကြိုဆိုခြင်းသည် အဓိပ္ပါယ်ရှိသွားပြီဖြစ်၏။

ထိုသို့ အကြီးအကဲများနှင့် ဂိုဏ်းသားများ ကိုယ်ထင်ရာ အတွေးပွားနေကြစဥ် အဝေးတစ်နေရာမှ ကြီးမားသော လေသင်္ဘောကြီးတစ်စင်း မိစ္ဆာဂိုဏ်းဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရလေသည်။

ထိုအခါ သူတို့၏ အစောပိုင်း သံသယများသည် သေချာမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

၎င်းသည် အနောက်ဘက်တိုက်ကြီး တော်ဝင်မိသားစု အမှတ်အသား ပါရှိသော တော်ဝင်သင်္ဘောတစ်စင်းလည်း ဖြစ်နေခဲ့၏။

ထို့ကြောင့် ထိုသင်္ဘော ရောက်ရှိလာခြင်း ဆိုပါက ပါလာမည့် ဧည့်သည်တော်သည် အနောက်ဘက်တိုက်ကြီးမှ လာခြင်း ဖြစ်ကြောင်း ရှင်းလင်းနေပေပြီ။

“ဒါက အရမ်းကောင်းတဲ့ ကိစ္စတစ်ခုပဲ။ အနောက်ဘက်တိုက်ကြီးကသာ ငါတို့ကို ထောက်ခံပေးမယ်ဆိုရင် တောင်ဘက်တိုက်ကြီးကို နှစ်ဖက်ညှပ် တိုက်လို့ရပြီ။ ဒီလိုသာဆိုရင် ဒီစစ်ပွဲကို ငါတို့ ပိုမြန်မြန် အဆုံးသတ်နိုင်တော့မယ်”

“ဆွေးနွေးပွဲ အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရတော့မယ်”

မိစ္ဆာဂိုဏ်း အကြီးအကဲများသည် ထိုလေသင်္ဘောကို မြင်လိုက်ရသည်နှင့် မျှောင်လင့်ချက်ဖြင့် မျက်လုံးများ အရောင်တောက်သွားခဲ့ကြသည်။

သူတို့သည် ဧည့်သည်တော်များကို ကြိုဆိုရန် အကောင်းဆုံး အပြုံးများကိုပင် ကြိုတင် ပြင်ဆင်ထားလိုက်ကြ၏။

ထိုအချိန်တွင် မိစ္ဆာဂိုဏ်းချုပ် ဖန်းယု၏ ရင်ထဲတွင်မူ ခံစားချက် လှိုင်းများ လှုပ်ခပ်လျက်ရှိလေသည်။

ရန်အား သူမအနေနှင့် နောက်ဆုံး တွေ့မြင်ခဲ့ရသည့် အချိန်ကို ပြန်ပြောင်း သတိရနေလိုက်သောအခါ သူမ၏ မျက်ဝန်းများထဲတွင် တွန့်ဆုတ်မှုအချို့နှင့်အတူ ရှုပ်ထွေးမှု အရိပ်အယောင်အချို့လည်း ဖြစ်ပေါ်လျက်ရှိ၏။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ သူမ၏ အတွင်းစိတ်ထဲတွင် မြှုပ်နှံထားခဲ့သော မရေရာသည့် ခံစားချက်များသည် ယခုအခါ ဒီရေလှိုင်းလုံးကြီးများပမာ ကြီးမားလာခဲ့ကာ အပြင်သို့ အတင်းအဓမ္မ ထိုးဖောက်ထွက်ရန်ပင် ကြိုးစားနေကြလေပြီ။

ဖန်းယုသည် အသက်ခပ်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီးနောက် စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် လုပ်ယူလိုက်ရသဖြင့် သူမ၏ ချယ်ရီရောင် နှုတ်ခမ်း‌လေးများပင် အနည်းငယ် ပွင့်ဟသွားခဲ့ရသည်။

မြို့ငယ်လေးတစ်မြို့ အရွယ်အစားခန့်ပင်ရှိနေသော လေပေါ်တွင် ပျံသန်းရောက်ရှိလာသည် လေသင်္ဘောကြီးတစ်စင်းသည် မိစ္ဆာဂိုဏ်း၏ အနီးသို့ ရောက်ရှိသွားပြီးနောက်တွင် ၎င်း၏ အရှိန်အား သိသိသာသာ လျော့ကျပစ်ခဲ့သည်။

ထိုစဥ် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်လျက်ရှိနေသော အမျိုးသားတစ်ဦး၏ ဝေဝါးသော ပုံရိပ်တစ်ခုကို မြင်တွေ့နေရပြီး သင်္ဘောအရှိန်လျော့သွားသည်နှင့်အမျှ သူ၏ ရှည်လျားသော ဝတ်ရုံသည်လည်း လေတိုက်ခတ်မှုကြောင့် တလူလူ လွင့်ပျံနေခဲ့၏။

ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ ဖန်းယု၏ နှုတ်ခမ်းများသည် အနည်းငယ်ထပ်မံ၍ တုန်ရီသွားခဲ့ရပြန်သည်။

ထိုသူသည် သူမှသူအစစ်ပင်ဖြစ်၏။ ယခုမူ သံသယ ဖြစ်စရာ မလိုတော့ပေ။

ထိုသူမှာ သူမ ရင်းနှီးသော ရန် အစစ်အမှန်ပင် ဖြစ်လေ၏။

သို့သော် သူ့ထံ၌ ယခင်နှင့်မတူ ကွဲပြားခြားနားသော အရာတစ်ခုလည်း ရှိနေခဲ့သည်။

ထိုအရာက သူ့ကို ကြည့်လိုက်မိသောအခိုက်အတန့်မှာပင် သူမ တစ်ကြိမ်တစ်ခါမှ မခံစားဖူးခဲ့သော ပြင်းထန်သည့် ဖိအားတစ်မျိုးကို ခံစားလိုက်ရခြင်းပင်။

သူသည် အမှန်တကယ်ပင် ယခင်ထက် များစွာ ပိုမိုသန်မာလာခဲ့ပြီ ဖြစ်၏။

သူမနှင့် ပုခုံးချင်း ယှဉ်ရပ်နိုင်လောက်အောင်အထိပင် ခွန်အားကြီးလာခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထို့ပြင် သူ၏ ခွန်အားအစစ်အမှန်ကို မည်သူမျှ မမြင်နိုင်အောင် တစ်စုံတစ်ခုဖြင့် ဖုံးကွယ်ထားသကဲ့သို့ထင်မှတ်ရကာ သူမကိုယ်တိုင်ပင် သူ့အား အလုံးစုံ ဖောက်ထွင်း၍ မမြင်နိုင်တော့ပေ။

ဖန်းယုအနေဖြင့် ထိုဖိနှိပ်မှုအား လျစ်လျူရှုထားနိုင်သော်လည်း သာမန် အကြီးအကဲများအတွက်မူ ထိုအရာက ခွဲပြားသောအရာတစ်ခုဖြစ်လေသည်။

ဘီလူးသရဲစီး တစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ကြရသဖြင့် မိစ္ဆာဂိုဏ်းရှိ အကြီးအကဲများ၏ မျက်နှာများ နီရဲတက်လာကြ၏။

ဤကဲ့သို့ ခံစားချက်မျိုးကို သူတို့ နောက်ဆုံး ခံစားခဲ့ရဖူးသည်မှာ ဂိုဏ်းချုပ် ဒေါသထွက်နေသည်ကို မြင်တွေ့ခဲ့ရစဉ်အချိန်ကသာ ဖြစ်လေသည်။

“သူက ခွန်အားကြီးလိုက်တာ... သူက အနောက်ဘက်တိုက်ရဲ့ သန့်စင်ဧကရာဇ်များလား”

သင်္ဘောသည် မိစ္ဆာဂိုဏ်းအဝင်ဝ၌ ဆိုက်ကပ်လိုက်သည်နှင့် ပုံရိပ်တစ်ခုသည် သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်သည်။

အာရန်အနေနှင့် ဤနေရာသို့ နောက်ဆုံး ရောက်ရှိခဲ့ဖူးသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း အရာအားလုံးသည် မနေ့တနေ့ကကဲ့သို့ပင် အတူတူ ဖြစ်နေဆဲဟု ခံစားမိလိုက်သည်။

အနည်းဆုံးတော့ ဤကမ္ဘာမှ အခြားလူများနှင့် ယှဉ်လျှင် သူ့အတွက် ဤနေရာတွင် ကုန်ဆုံးခဲ့သော အချိန်က များစွာ ပို၍ နည်းပါးလေသည်။

ဖန်းယုသည် အာရန်၏ အနီးသို့ ပျံသန်းသွားပြီး သူနှင့် မီတာဝက်ခန့် အကွာတွင် ဆင်းသက်လိုက်သည်။

“ဂိုဏ်းချုပ်...” အာရန် စကားစရန် ပါးစပ်ဟလိုက်စဥ်မှာပင် ဖန်းယုက သူ၏ စကားအား ကြားဖြတ်၍ ဝင်ပြောလိုက်၏။

“ရှင် ပြန်လာတာ ကြိုဆိုပါတယ်”

ဖန်းယု၏ နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး နတ်သမီးတစ်ပါးက သူ့အား အပြုံးဖြင့် ကောင်းချီးပေးနေသကဲ့သို့ ဖမ်းစားနိုင်လွန်းသော မြင်ကွင်းတစ်ခုအား အာရန်တစ်ယောက် မြင်တွေ့လိုက်ရသည်။

သူမအနေနှင့် သူ့အား ကိစ္စများစွာ ပြောချင်နေပုံရသော်လည်း နှုတ်ဆက် စကားလုံးအချို့ကိုသာ ပြောခဲ့သည်။

ဖန်းယုသည် နောက်ထပ် တစ်စုံတစ်ရာ ပြောရန် ကြိုးစားနေသကဲ့သို့ သူမ၏ နှုတ်ခမ်းနှစ်လွှာသည် အကြိမ်ကြိမ် ပွင့်ဟလာခဲ့သော်လည်း သူမ၏ ပါးစပ်မှ မည်သည့်စကားလုံးမျှ ထွက်ကျမလာခဲ့ပေ။

“ကျုပ် ပြန်ရောက်ပါပြီ”

အာရန်သည် အတိတ်က ကဲ့သို့ပင် တောက်ပသည့် အပြုံးမျိုးဖြင့် ပြန်လည် နှုတ်ဆက်လိုက်၏။

အထက်ကမ္ဘာနှင့် ငရဲဘုံတွင် ရှိနေစဉ်ကပင် သူသည် အကြိမ်အနည်းငယ်ခန့်သာ ပြုံးမိခဲ့သည်။

သို့သော် ထိုအထဲမှ အများစုမှာ ဟန်ဆောင်ထားသော အပြုံးများသာ ဖြစ်လေသည်။

သို့သော် ဤကမ္ဘာသို့ ပြန်ရောက်ပြီးနောက် သူ၏ နှလုံးသားသည် ယခင်ကထက် များစွာ ပိုမို နွေးထွေးလာခဲ့သည်ဟု သတိထားမိလိုက်သည်။

ဤကမ္ဘာသည် သူ၏ မူလစိတ်ဝိညာဉ်အတွက် စစ်မှန်သော နေအိမ်တစ်ခု ဟုတ်မနေခဲ့သော်လည်း ဤနေရာအား သူ့အနေနှင့် အတော်လေး သံယောဇဉ် တွယ်မိနေပြီမှာ ငြင်းမရသောအရာတစ်ခု ဖြစ်လေသည်။

ယခုအခါ ဤကမ္ဘာမှလွဲ၍ အခြားကမ္ဘာများကို သူ၏ နေအိမ်အဖြစ် မစဉ်းစားနိုင်တော့ပေ။ ဤနေရာသည် သူနှင့် အမှန်တကယ် သက်ဆိုင်သော နေရာ ဖြစ်သည်ဟု ကောက်ချက်ချမိလိုက်သည်။

“ရှင် အဆင်ပြေ...”

ဖန်းယုသည် အားတင်း၍ နောက်ထပ် စကားတစ်ခွန်း စတင် ပြောဆိုရန် ပြင်ဆင်လိုက်စဥ်မှာပင် နောက်ထပ် ပုံရိပ်လေးတစ်ခု သင်္ဘောပေါ်မှ ခုန်ဆင်းလာသည်ကို မြင်လိုက်ရသဖြင့် သူမ၏ စကားသည် တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားခဲ့ရသည်။

ထိုသို့ အချိန်ကိုက် ဆင်းလာသူသည် အခြားမဟုတ်။

ခန္ဓာကိုယ်တစ်ခုလုံး၌ ညှို့ဓာတ်များ ပြင်းပြစွာထွက်ပေါ်နေ၍ နေရာတိုင်း၌ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသော ရှုယင်ပင် ဖြစ်လေတော့၏။

သူမသည် အာရန်၏ နံဘေသို့ ရည်ရွယ်ချက်ရှိရှိ ဆင်းသက်လိုက်ပြီးနောက် သူ၏ လက်မောင်းအား သူမ၏လက်ဖြင့် တွဲချိတ်ထားလိုက်သည်။

All Chapters