← Chapters

ပန်းအိုး သူခိုး

Vol. 48 Ch. 693

ပန်းအိုး သူခိုး

Vol. 48 Ch. 693

ဖန်းယု၏ မျက်နှာထက်ရှိ ဖမ်းစားနိုင်သော အပြုံးသည် ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ အမူအရာသည် ယခင်ကဲ့သို့ လျစ်လျူရှုတတ်သော သွေးအေးသည့် ပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သို့သော် သူမ၏ တည်ငြိမ်သော အသွင်အပြင် အောက်တွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေမှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။

သူမ၏ ရင်ထဲတွင် မသက်မသာ ခံစားမှုများ နက်ရှိုင်းစွာ ကျန်ရစ်နေသေးသော်လည်း ပျော်ရွှင်မှု အရိပ်အယောင် အချို့လည်း ရောနှော၍ ရှိနေဆဲပင်။

သူမ၏ သူငယ်ချင်းဖြစ်သူ ရှုယင်တစ်ယောက် ယခုကဲ့သို့ ပြန်လည် ရွှင်လန်း ပျော်ရွှင်လာသည်ကို မြင်တွေ့ရသည့်အတွက် သူမအနေနှင့် ကြိတ်၍ ဝမ်းသာမိလိုက်သည်။

အာရန် ပျောက်ဆုံးသွားကတည်းက ရှုယင်သည် လုံးဝမျှော်လင့်ချက်ကင်းမဲ့သူ တစ်ဦးပမာ တစ်ချိန်လုံး ခံစားနေခဲ့ရသည်။

ဖန်းယုအနေနှင့် ရှုယင်အား မည်သို့ပြုမူစေကာမူ ထိုအရာသည် အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ပေ။

ရှုယင်သည် ပြုံးရယ်ရန်ကိုပင် မေ့လျော့နေသော သက်မဲ့ရုပ်သေးရုပ် တစ်ရုပ်အလား ဖြစ်နေခဲ့၏။

၎င်းသည် သူမ၏ တိုက်ခိုက်ရေး စွမ်းရည်များကိုပါ အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ထို့ကြောင့် ဖန်းယုသည် ရှုယင်အား အမှန်တကယ် အန္တရာယ်များသော နေရာများတွင် တာဝန်မပေးအပ်ခဲ့ပေ။

သာမန် တိုက်ပွဲအသေးစားများသာ ဖြစ်ပွားလေ့ရှိသော အနောက်ဘက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့ငယ်လေး တစ်မြို့၌သာ သူမအား တာဝန်ပေးအပ်ခဲ့၏။

အသန်မာဆုံး သူရဲကောင်းများသည် တောင်ဘက်တိုက် နယ်စပ်မှ ဝင်ရောက် တိုက်ခိုက်နေကြခြင်း ဖြစ်သဖြင့် အနောက်ဘက်နှင့် နီးသော မြို့များကို တိုက်ခိုက်သည့် ရန်သူများမှာ နှိုင်းယှဉ်ချက်အရ အားနည်းသူများဖြစ်ကြပြီး ထိုနေရာတွင် ရှုယင်အတွက် ပိုမို ဘေးကင်းသည်ဟု ယူဆ၍ ရလေသည်။

၎င်းက ဖန်းယုအနေဖြင့် သူမကိုယ်တိုင်အတွက် ဝန်ထုပ်ဝန်ပိုး ပိုမိုပိသွား စေသော်လည်း သူမသည် ၎င်းအား အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

ရှုယင်သည် ဂိုဏ်း၏ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရုံသာမက ဖန်းယု၏ အချစ်ဆုံး ငယ်သူငယ်ချင်းလည်း ဖြစ်လေသည်။

ထို့နောက် ဖန်းယုသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အာရန်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

သူမသည် လက်သီးဆုပ်ဖြင့် အာရန်၏ နဖူးအား ဖွဖွလေး တစ်ချက် ခေါက်ချလိုက်၏။

“ရှင် ရှုယင်ကို ဘယ်လောက်တောင် စိတ်ပူစေခဲ့လဲဆိုတာ ရှင့်ကိုယ်ရှင်ကော သိရဲ့လား” ဟု မေးလိုက်သည်။

သူမသည် အားအများကြီး မထည့်ခဲ့သော်လည်း အစွမ်းထက်သော အကြီးအကဲတစ်ဦးအား နာကျင်သွားစေရန်မူ လုံလောက်လေသည်။

သို့သော် ကံမကောင်းစွာဖြင့် အံ့အားသင့်သွားရသူမှာ သူမကိုယ်တိုင်သာ ဖြစ်နေခဲ့၏။

သူမ၏ လက်ချောင်းထိပ်များ နာကျင်သွားခဲ့သော်လည်း အာရန်မှာမူ မည်သို့မျှ မခံစားရပုံ မပေါ်ပေ။

ကမ္ဘာပေါ်ရှိ အမာကျောဆုံး အရာဝတ္ထုတစ်ခုကို ခေါက်လိုက်မိသကဲ့သို့ သူမအနေနှင့် ခံစားလိုက်ရသည်။

“ရှင်... နောက်တစ်ခါ သူမကို ဝမ်းနည်းအောင် ထပ်လုပ်ရင် ကျွန်မ ရှင့်ကို ပိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ်”ဖန်းယုသည် ထိုသို့ပြောလိုက်ပြီးနောက် အစောပိုင်းလုပ်ရပ်အတွက် အနည်းငယ် ရှက်ရွံ့သွားမိ၏။

သူမသည် ဤနေရာတွင် ပိုမိုခွန်အားကြီးမားသူတစ်ဦး ဖြစ်သင့်သော်လည်း အာရန်အား ဟန်ပြအနေဖြင့်ပင် အပြစ်မပေးနိုင်ခဲ့ပေ။

သူမ၏ အခြေအနေမှာ လူကြီးတစ်ယောက်ရှေ့တွင် ရပ်၍ ပြစ်တင်နေမိသော ကလေးမလေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။

“ဟုတ်ကဲ့ မှတ်ထားပါ့မယ်” အာရန်သည် မတရားခံလိုက်ရသူတစ်ဦးပမာ ဟန်ဆောင်ရင်း သူ၏ နဖူးအား ပြန်လည် ပွတ်သပ်နေမိသည်။

သူသည် နာကျင်နေသော ပုံစံကိုလည်း ပြသလိုက်သော်လည်း သူ၏ ဟန်ဆောင်မှုသည် အနည်းငယ် နောက်ကျနေခဲ့သည်။

ဖန်းယုသည် အာရန်အား မျက်စောင်းမထိုးဘဲ မနေနိုင်တော့ပေ။ အာရန်သည် သူမအား ဟန်ဆောင်လိုက်လျောနေသည်မှာ သိသာလွန်းနေသည်မဟုတ်ပါလား....။ သူမ သူ၏ နဖူးကို စတင်ခေါက်လိုက်စဉ်က သူ့အနေနှင့် မည့်သို့မျှခံစားခဲ့ရပုံမရပေ။

သို့သော် သူမသည် တစ်စုံတစ်ရာကိုတွေးမိလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးညွှတ်သွားမိခဲ့သည်။

အာရန်၏တုံ့ပြန်မှုသည် အနည်းငယ်နောက်ကျနေခဲ့သော်လည်း အနည်းဆုံးတော့ ဂိုဏ်းအကြီးအကဲများ၏ ရှေ့တွင် သူမ၏ ဂုဏ်သိက္ခာအား ကာကွယ်ပေးရာ ရောက်နေသည်မဟုတ်ပါလား...။

“ဂိုဏ်းချုပ်ရှင့်... ဒါ သူ့အပြစ် မဟုတ်ပါဘူး။ ဒ့ါကြောင့် သူ့ကို အပြစ်ပေးလို့ မရဘူးလေ” ရှုယင်သည် အာရန် ဟန်ဆောင်နေသည်အား မရိပ်မိခဲ့ပေ။

သူမသည် အာရန်တစ်ယောက် အမှန်တကယ် နာကျင်သွားသည်ဟုသာ ယုံကြည်နေခဲ့ပြီး ချစ်သူအား အနည်းငယ်စိတ်မကောင်းဖြစ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

ထို့နောက် ရှုယင်သည် သူမ၏ ပါးလေးများကို အနည်းငယ် ဖောင်းလိုက်ပြီး ဂိုဏ်းချုပ်အား မကျေနပ်ဟန်ပြကာ စူးစိုက်ကြည့်လိုက်၏။

သူမသည် ဂိုဏ်းချုပ်၏ ရှေ့တွင် ထိုကဲ့သို့ ပြုမူရဲသော ဂိုဏ်းအတွင်းမှ တစ်ဦးတည်းသောသူ ဖြစ်သည်။

ဖန်းယုသည် သက်ပြင်းတစ်ချက် တိတ်တိတ်လေး ချလိုက်မိသော်လည်း သူမ၏ နှုတ်ခမ်းများပေါ်တွင်မူ အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့၏။

“ရှင် ဘာလုပ်လိုက်လဲ မြင်တယ်မလား။ ရှင် ဂိုဏ်းကို ပြန်ရောက်တာ တစ်နာရီတောင် မရှိသေးဘူး... ကျွန်မရဲ့ အားအကိုးရဆုံး စစ်သူကြီးကို ပုန်ကန်တတ်တဲ့ ကလေးတစ်ယောက် ဖြစ်အောင် လုပ်ပစ်လိုက်ပြီ”

သူမသည် စိတ်ပျက်သွားဟန်ဖြင့် ခေါင်းခါယမ်းရင်းပြောလိုက်သော်လည်း ရှုယင်အား ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းများမှာ နူးညံ့ပျော့ပျောင်းနေခဲ့သည်။ “ဟုတ်ပါပြီ... ။ နင့်ရဲ့ အဖိုးတန် ချစ်သူလေးကို ငါ အပြစ်မပေး တော့ပါဘူးနော် ကျေနပ်ပြီလား”

“ပြီးတော့ ခရီးဝေးက ပြန်လာရတာ ရှင်တို့လည်း ပင်ပန်းနေလောက်ပြီ။ အခုပဲ သွားနားလိုက်တော့။ သင်္ဘောပေါ်မှာ စောင့်ကျန်ခဲ့တဲ့ ရှင့်သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်လိုက်လို့ ရတယ်။ ရှင် သူတို့ကို ဒီတောင်ခေါ်လာမှတော့ ကျွန်မအနေနဲ့ သူတို့အပေါ် ယုံကြည်ပေးလို့ရမယ်လို့ မျှော်လင့်ပါတယ်”

သူမသည် အာရန်၏ အတိတ်အကြောင်း သို့မဟုတ် သူ၏ ရုတ်တရက် ရရှိလာသော ပြင်းထန်သည့် ခွန်အားသစ်များ အကြောင်း စကားတစ်ခွန်းမျှ မဟခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အခြားအကြီးအကဲများ၏ ရှေ့မှောက်တွင် သူ့အား ထိုကဲ့သို့ မေးခွန်းမျိုးထုတ်ရန် မသင့်တော်ဟု သူမအနေနှင့်လည်း ယူဆထားကြောင့်ပင်။

သူမသည် အာရန်အား လွန်စွာလွမ်းဆွတ်နေခဲ့မိသော်လည်း သူနှင့် အချိန်များစွာ မကုန်ဆုံးဘဲ စကားအနည်းငယ်ပြောပြီးနောက် မိစ္ဆာဂိုဏ်းထဲသို့သာ ပြန်လှည့်ဝင်သွားခဲ့၏။

သူမသည် အာရန်အား ရှုယင်နှင့်အတူ သည်အတိုင်း ထားရစ်ခဲ့လေသည်။

မိစ္ဆာဂိုဏ်းချုပ်ဖန်းယု ထွက်ခွာသွားပြီးနောက် အကြီးအကဲများသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်လိုက်ကြသည်။

ဂိုဏ်းချုပ်သည် စိတ်အခြေအနေ ကောင်းမွန်ပုံ ပေါ်သော်လည်း ထိုအခြေအနေအား သူတို့အနေနှင့် ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲခဲ့ကြပေ။

သူမ ထွက်ခွာသွားပြီးနောက်မှသာ ရှေ့ထွက်လာကြပြီး အာရန်အား တစ်ယောက်တစ်ပေါက် နှုတ်ဆက်လိုက်ကြသည်။

ယဉ်ကျေးမှုအရ အပြန်အလှန် စကားအနည်းငယ် ပြောဆိုလိုက်ပြီးနောက် သူတို့သည်လည်း ဂိုဏ်းအတွင်းရှိ သက်ဆိုင်ရာနေရာအသီးသီးသို့ ပြန်ဝင်သွားခဲ့ကြလေသည်။

ထို့နောက် ရှုယင်သည်လည်း အာရန်နှင့်အတူ ဂိုဏ်းထဲသို့ အတူလျှောက်ဝင်သွားခဲ့၏။

အာရန် ခေါ်ဆောင်လာသော သန့်စင်အင်ပါယာမှ လေသင်္ဘောအတွက်လည်း မိစ္ဆာဂိုဏ်း၏ ခံစစ်ဝင်္ကဘာများကို ယာယီ ပိတ်ဆို့ထားပေးလိုက်သည်။

ထို့နောက် ထိုသင်္ဘောအား အကြီးအကဲရန် ပိုင်ဆိုင်သော တောင်ထိပ်၏ ရှေ့တည့်တည့်တွင် ဆင်းသက်ခွင့် ပြုလိုက်သည်။

အာရန်သည် ထိုတောင်ထိပ်အား ခွဲခွာသွားခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ယခုပြန်လည်ရောက်ရှိသွားချိန်တွင်မူ သူ ထွက်ခွာသွားသည်မှာ တစ်ရက်နှစ်ရက်မျှသာ ရှိသေးသကဲ့သို့ ခံစားလိုက်ရသည်။

ထို့ပြင် သူ၏ ယခင်ပြိုကျပျက်စီးသွားသော နေအိမ်နေရာတွင် ယခင်ကနှင့် တစ်ထေရာတည်းနီးပါး တူညီသော နေအိမ်သစ်တစ်လုံးအားလည်း ရှုယင်မှ သူ၏တောင်ထိပ်နဂိုနေရာ၌ပင် ပြန်လည်ဆောက်လုပ်ထားပေးထားဖြင့် အာရန်အတွက် မူလနေအိမ်သို့ပြန်လည်ရောက်ရှိသွားသည်နှင့်မခြားပင် ခံစားမိစေခဲ့၏။

“ဟူး... ဒီနေရာကို ပြန်ရောက်လာရတာ အရမ်းကို စိတ်အေးလက်အေး ရှိတာပဲ”

အာရန်သည် ချောက်ကမ်းပါးအစွန်းရှိ သူ၏ အခန်းထဲမှ ကုတင်ပေါ်သို့ ချက်ချင်း ပစ်လှဲချလိုက်သည်။

‘ရှုယင်လေးက င့ါကို အတော်လေး အသေးစိတ် ဂရုစိုက်တာပဲ’

ထို့သို့တွေးလိုက်ပြီးနောက် အာရန်သည် အတွေးများအတွင်း ဆက်လက် နစ်မျောသွားခဲ့သည်။

ဤနေရာသည် သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ပထမဆုံး နိုးထလာခဲ့သည့် နေရာလည်းဖြစ်လေသည်။

ထိုနေရာရှိ အိမ်ကလေးထဲမှ ပထမဆုံး အပြင်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့် အခိုက်အတန့်တွင် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့ဖူးသည့် နေရာလည်း ဖြစ်၏။

ဤတောင်ထိပ်ရှိနေအိမ်သည် သာမန်ရိုးရှင်းသော နေအိမ်လေးတစ်လုံးမျှသာ ဖြစ်လေသည်။

သူသည် အနောက်ဘက်တိုက်ကြီး၊ ငရဲဘုံနှင့်အတူ အထက်ကမ္ဘာများထိပါ ရောက်ရှိဖူးခဲ့ပြီးဖြစ်ကာ ထိုခရီးစဉ်များအတွင်း ပိုမို ဇိမ်ကျသော အခန်းများစွာတွင် အိပ်စက်ခဲ့ဖူးသော်လည်း ဤနေရာမှ ပေးစွမ်းသော သက်တောင့်သက်သာ ရှိမှုကိုမူ မည်သည့်နေရာကမျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

ဤသို့ဖြင့် ထိုကုတင်ပေါ်သို့ လှဲချလိုက်ပြီးနောက် မကြာမီမှာပင် အာရန်တစ်ယောက် အမှန်တကယ်ပင် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားခဲ့လေသည်။

ရှုယင်သည်လည်း သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။

သူမသည် အာရန်၏ လက်မောင်းတစ်ဖက်ပေါ်တွင် ခေါင်းအုံး၍ မှေးစက်ရန် ကြိုးစားလိုက်သော်လည်း အိပ်မပျော်သွားခဲ့ပေ။

ယင်းအစား သူမသည် အာရန်၏ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသော မျက်နှာလှလှလေးကိုသာ ငေးကြည့်နေခဲ့မိသည်။

ထိုအချိန်တွင် အာရန် ခေါ်ဆောင်လာသော လူများသည် သင်္ဘောပေါ်မှ ဆင်းသက်လာခဲ့ကြသည်။

ကမ္ဘာကူးပြောင်းလာသူ အကျဉ်းသားကိုမူ တောင်ပေါ်ရှိ အိမ်ငယ်လေးတစ်ခုတွင် ယာယီ ထားရှိပြီး အချိန်တိုင်း သေခြာစွာ စောင့်ကြည့်နေစေရန် အစောင့်အချို့ကိုလည်း တာဝန်ပေးထားခဲ့၏။

....

ဤသို့ဖြင့် နောက်တစ်နေ့ နေထွက်ချိန်ရောက်မှသာ အာရန်တစ်ယောက် ပြန်လည် နိုးထလာနိုင်ခဲ့သည်။

ထိုအခါ ရှုယင် သူ၏ ရင်ခွင်ထဲတွင် အိပ်ပျော်လျက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

သူမအား နိုးမသွားစေရန် ဂရုစိုက်၍ သူ၏ လက်မောင်းအား ဖြည်းညှင်းစွာ ပြန်လည်ရုပ်လိုက်၏။

“ငါ ဘယ်နှနာရီလောက် အိပ်ပျော်သွားခဲ့တာလဲ” ဟု အာရန်သည် သူ၏ လက်မောင်း အနေအထားကို ကြည့်ရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။

“ထင်ထားတာထက် နဲနဲပိုကြာသွားတယ်ထင်တာပဲ” ဟုတစ်ယောက်တည်း တိုးတိုးလေး ထပ်မံရေရွတ်လိုက်ပြီးနောက် ထိုတဲအိမ်လေးအတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့၏။

ထို့နောက် အာရန်အနေနှင့် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ မြောက်ဘက်တိုက်ကြီးမှ ကမ္ဘာကူးပြောင်းလာသူအား စစ်ဆေးခြင်းပင် ဖြစ်သည်။

သူပြုလုပ်ထားသော ချိတ်စည်းများ ပျက်စီးခြင်း မရှိကြောင်း အတည်ပြုပြီးနောက် အာရန်သည် ထိုအကျဉ်းသား၏ ပတ်လည်တွင် ထပ်မံ၍ အကာအကွယ်လွှာ အသစ်တစ်ခု ဖန်တီးလိုက်ပြီးမှသာ ထိုနေရာမှ ထွက်ခွာလာခဲ့၏ ။

“ဂိုဏ်းချုပ်...”

အာရန်သည် ဖန်းယု၏ နေအိမ် အဝင်ဝသို့ သွားရောက်လိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ဗဟိုဧရိယာ၏ အကာအကွယ်ဝင်္ကဘာများကပင် သူ၏ ရောက်ရှိလာမှုအား မထောက်လှမ်းနိုင်ခဲ့ကြပေ။

အာရန်သည် ဂိုဏ်း၏ အရေးအပါဆုံး နေရာသို့ ရောက်ရှိသွားသည့်တိုင် အစောင့်များထံ အချက်ပေးသံတစ်ချက် ရောက်မသွားခဲ့ချေ။

“နောက်ဆုံးတော့ ရှင်ကျွန်မရဲ့ ပန်းအိုးကို ပြန်လာပေးပြီပေ့ါလေ”

ထိုအချိန်တွင် တည်ငြိမ်နေဟန်ရသော်လည်း ဖမ်းစားနိုင်လွန်းသည့် အသံလေးတစ်ခု ဂိုဏ်းချုပ်အိမ်တော် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် တံခါးတစ်ချပ်သည် အလိုအလျောက် ပွင့်သွားခဲ့သည်။

“ပန်းအိုးဟုတ်လား...”

ဂိုဏ်းချုပ်က သူ့အား အစေခံတစ်ယောက်ယောက်နှင့် မှားနေသလားဟု တွေးမိရင်း အာရန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။

သူက အဘယ့်ကြောင့် ပန်းအိုးတစ်လုံးကို ဤနေရာသို့ ယူဆောင်လာရမည်နည်း...။

“ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ရှင် ဒီနေရာကို ဝင်လာတုန်းက တိတ်တိတ်လေး ယူသွားခဲ့တဲ့ အရာလေ” ဟု အတွင်းမှ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သော စကားသံအချို့ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ဒီတစ်ကြိမ်တွင်မူ အာရန်တစ်ယောက် သူ၏ မေးရိုးများ ပြုတ်ကျမတတ်ပင် ဖြစ်သွားခဲ့ရသည်။

ဂိုဏ်းချုပ် မသိဘူးဟု ထင်မှတ်ထားခဲ့သော ထိုအရှက်ရစရာကောင်းလွန်းလှသည့် အတိတ်ပုံရိပ်တစ်ခုအား အာရန်အနေဖြင့် ရုတ်တရက် ပြန်သတိရမိသွား၏။

သူသည် ပြောစရာ စကားလုံးများပင် ပျောက်ရှသွားခဲ့ရပြီး နောက်ထပ် ဘာဆက်ပြောရမည်ကိုပင် မသိတော့ပေ။

“မင်း သိနေခဲ့တာလား”

အာရန်သည် ခြံဝင်းထဲသို့ ဝင်ရောက်ရင်း ခေါင်းကုတ်ကာ မေးလိုက်လေသည်။

“ဒါက ခန့်မှန်းရ သိပ်တော့ မခက်ပါဘူး” အတွင်းမှ စကားသံအချို့ ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

အာရန်သည် ရေစက်ကျသံများနှင့်အတူ အသံ၏ လားရာဘက်သို့ လိုက်ပါသွားခဲ့၏။

ဤသို့ဖြင့် အာရန်တစ်ယောက် အသံထွက်လာရာအတိုင်း လိုက်သွားခဲ့ရာ ဤနေရာသို့ မတော်တဆ ပထမဆုံး ရောက်ရှိခဲ့စဉ်က ရောက်ရှိခဲ့ဖူးသည့် နေရာသို့ အမှတ်တမဲ့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ဤကဲ့သို့ အသံလာရာနောက်သို့ လိုက်ပါရင်းဖြင့် အာရန်သည် ဂိုဏ်းချုပ်၏ အိပ်ခန်းအတွင်းပိုင်းသို့ ဝင်ရောက်မိလျက်သား ဖြစ်သွားခဲ့ရသည်။

ထိုအခါ သူ၏ အကြည့်များသည် မသိစိတ်၏ စေ့ဆော်မှုအရ ရေချိုးခန်းရှိရာဘက်သို့ အမှတ်တမဲ့ ရောက်ရှိသွားခဲ့၏။

All Chapters