← Chapters

ရှင်ဘယ်သူလဲ

Vol. 48 Ch. 694

ရှင်ဘယ်သူလဲ

Vol. 48 Ch. 694

ရေစက်များ ကြမ်းပြင်ပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းနေသံသည် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်နေဆဲ ဖြစ်၏။

ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်၌မူ အာရန်တစ်ယောက် မည်သည့်အရာကိုမျှ မမြင်ခဲ့ရပေ။

ရေချိုးခန်းနေရာ ဝင်ပေါက်ဝတွင် ကုလားကာတစ်ခု ကာရံထားပြီး ဝေဝါးသော ပုံရိပ်တစ်ခုကိုသာ ထိုကုလားကာမှတဆင့် မြင်တွေ့နေရ၏။

ထိုကုလားကာ၏ အနောက်တွင် ဖုံးကွယ်နေသော ရင်းနှီးသည့်ပုံရိပ်ကလေးအား တစ်ချက် ခန့်မှန်းကြည့်ရုံဖြင့်ပင် ဖန်းယုဖြစ်ကြောင်း ဗေဒင်မေးရန် မလိုအပ်ပေ။

“ကျုပ် အပြင်မှာပဲ စောင့်နေပါ့မယ်”

အာရန်သည် သူမ ရေချိုးနေစဉ် ဤနေရာတွင် ရပ်နေမိခြင်းမှာ အနည်းငယ် အဆင်မပြေဟု ခံစားမိလိုက်သဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်မိသည်။

“ရပါတယ်။ ကျွန်မ ပြီးနေပါပြီ” ဟု သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်ခု ကုလားကာ၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့၏။

ထိုသို့ပြောပြီးနောက် ဖန်းယုသည် တဘက်တစ်ထည်အား လှမ်းယူလိုက်သဖြင့် အရိပ်မည်းမည်းလေး တစ်ခု ကုလားကာနောက်ကွယ်မှ လှုပ်ရှားသွားသည်ကို အာရန် တစ်ယေက်လှမ်း၍ မြင်လိုက်ရသည်။

သူမသည် ခန္ဓာကိုယ်အား တဘက်ဖြင့် ပြန်ပတ်ထားလိုက်ရာ အစောပိုင်း မြင်လိုက်ရသော သူမ၏ အရိပ်ကောက်ကြောင်းများသည် အနည်းငယ် ပြန်လည် ဝေဝါးသွားခဲ့၏။

ထို့နောက် ကုလားကာအား ဘေးသို့ ဆွဲဖယ်လိုက်ပြီး ဖန်းယုတစ်ယောက် ရေချိုးခန်းအတွင်းမှ ထွက်လာခဲ့သည်။

သူမ၏ ဆံနွယ်စများသည် စိုစွတ်နေဆဲဖြစ်ပြီး ရေစက်ပေါက်ကလေးများသည် သူမ၏ ဖြူဝင်းသော ပါးပြင်တစ်လျှောက်နှင့် သွယ်လျလျ လည်တိုင်တဝိုက်တွင် စီးကျလျက်ရှိသည်။

ဖန်းယုသည် သူမ၏ စိုစွတ်နေသော ခန္ဓာကိုယ်ပေါ်တွင် ရိုးရှင်းလွန်းသော တဘက်တစ်ထည်ကိုသာ ပတ်ထားခဲ့ခြင်းဖြစ်သော်လည်း အာရန်‌ရှေ့၌ ရှက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသခဲ့ပေ။

ထို့ပြင် သူမသည် အာရန်အား တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် သူ၏ အနားသို့ တိုးကပ်လာခဲ့သည်။

ဖန်းယုသည် တဖြည်းဖြည်း အာရန်နှင့် နီးကပ်လာသည်နှင့်အမျှ သူမဆီမှ လတ်ဆတ်သော ကိုယ်သင်းနံ့တစ်ခုအား အာရန်တစ်ယောက်ပိုမို၍ အာရုံခံမိလိုက်သည်။

ထိုစဥ် သူမသည် အာရန်နှင့် ပေအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ပြီး သူမ၏ လက်တစ်ဖက်အား ရှေ့သို့ ဆန့်ထုတ်လိုက်၏။

အာရန်သည် ရုတ်တရက် ဘာဖြစ်သွားမှန်းပင် မသိလိုက်သော်လည်း မသိစိတ်၏ စေ့ဆော်မှုအရ သူ၏ ခန္ဓာကိုယ်မှာမူ အသင့်အနေအထားအတိုင်း ပြင်ဆင်ထားလိုက်မိသည်။

သူသည် ဖန်းယု၏ မျက်နှာအမူအရာကို ဖတ်ကြည့်၍ပင် မရတော့ပေ။

သူမသည် တစ်စုံတစ်ရာလုပ်ဆောင်ရာ၌ မျက်နှာတွင် မည်သို့သော ခံစားချက်မျှ ပေါ်လွင်မနေတတ်သဖြင့် သူမဘာလုပ်မည်ကို မှန်းဆရအလွန်ခက်ခဲလေသည်။

အကယ်၍ သူ အတိတ်က ရန်နစ်ခရိုလိုင်းအနေဖြင့် ပြုလုပ်ခဲ့သည့်အရာများကိုသာ သူမအနေနှင့် သိရှိသွားမည်ဆိုပါက ရုတ်တရက် ထ၍ တိုက်ခိုက်လာမလားဆိုသည်ကိုပင် သူ့အနေနှင့် မခန့်မှန်းနိုင်တော့ချေ။

လွန်ခဲ့သော အကြိမ်က သူမ၏ ဤခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည် ဆိုခြင်းမှာ မတော်တဆ ဖြစ်ခဲ့ခြင်းဟု ဆိုနိုင်သော်လည်း အမှန်တယ် ပြန်လည် တွေးကြည့်ပါက လွယ်လွယ်ကူကူ လျစ်လျူရှု၍ရသော အရာမျိုးတော့ ဟုတ်မနေချေ။

ထိုစဥ်က ခြံဝင်းအတွင်းသို့ သာမန်ကျူးကျော်ဝင်ဝင်ရောက်မိခြင်းမျိုးဆို ပြဿနာ ဤမျှ မရှိနိုင်သော်လည်း ထိုစဥ်က သူမ ရေချိုးနေသည်ကိုပါ မြင်တွေ့ခဲ့ရခြင်း ဖြစ်နေသည်။

ထိုအချိန်က ထိုနေရာတွင် ယခုကဲ့သို့ ကုလားကာတစ်ခု ရှိမနေခဲ့ပေ။

ဤကုလားကာသည် ထိုအဖြစ်အပျက် ဖြစ်ပွားပြီးမှသာ ဖန်းယုအနေနှင့် တပ်ဆင်လိုက်ခြင်း ဖြစ်မည်မှာ သေချာလေသည်။

“အဲ့ဒီပန်းအိုးထဲကပန်းက ကျွန်မ အကြိုက်ဆုံးပန်းလေ။ ရှင် ပြန်ပေးဖို့ ဆန္ဒမရှိတော့ဘူးလား”

ဖန်းယု၏ လက်တစ်ဖက်သည် အာရန်၏ ရင်ဘတ်နားတွင် ရပ်တန့်သွားပြီး လက်ဝါးအား ဖြန့်ထားလိုက်သည်။

“ဒါမှမဟုတ် ရှင် အဲ့ဒီပန်းကို လွှင့်ပစ်လိုက်ပြီလား” ဟု သူမသည် ခေါင်းကို အနည်းငယ် စောင်းကာ ထပ်မံ၍ မေးလိုက်၏။

‘သူမ တကယ်ပဲ စိတ်ဆိုးနေတာ မဟုတ်ဘူးလား။ သူမရဲ့ ပန်းအိုးကိုပဲ အမှန်တကယ် ပြန်လိုချင်နေတာလား’

အာရန်သည် သူမ၏ စိတ်ထဲတွင် မည်သည့်အရာများ တွေးတောနေသည်ကို မသိနိုင်သော်လည်း သူမတောင်းဆိုသည့်အတိုင်း လုပ်ဆောင်လိုက်သည်။

သူမက သူ့အား သိရှိသွားပြီ ဖြစ်သဖြင့် ထိုပန်းအိုးအား ဆက်လက်၍ သိမ်းဆည်းထားရန် အကြောင်းပြချက်မရှိတော့ပေ။

မည်သို့ပင် ဆိုစေကာမူ ထိုပန်းအိုးအား အာရန်အနေဖြင့် အချိန်အတော်ကြာ ကတည်းက မေ့မေ့လျော့လျော့ ဖြစ်နေခဲ့ပြီး ဖြစ်သည့်အပြင် ၎င်းက သူ့အတွက် အခြား မည်သို့မျှ အသုံးမဝင်သော အရာလည်း ဖြစ်လေသည်။

သူ ထွက်ပြေးရန် အလျင်လိုနေချိန်တွင် ပန်းအိုးပြုတ်ကျပြီး အသံမြည်မည်ကို စိုးရိမ်ခဲ့သောကြောင့် မတော်တဆ ဖမ်းယူရင်း ယူဆောင်ခဲ့မိခြင်းသာ ဖြစ်၏။

၎င်းသည် အကြောင်းမဲ့ သူ၏ သိုလှောင်ခန်းရှိနေရာတစ်ခုအား ယူထားမိခဲ့ခြင်း လည်းဖြစ်သည်။

သို့သော် ယခုတွင်မူ သူ့အနေနှင့် ထိုစဥ်က လွှင့်မပစ်ခဲ့မိသည်မှာ ကံကောင်းသည်ဟုပင် တွေးမိလိုက်သည်။

ထို့နောက် အာရန်သည် ပန်းအိုးအား သူ၏ ကိုယ်ပိုင် နေရာလွပ်လက်စွတ်အတွင်းမှ ထုတ်ယူလိုက်သကဲ့သို့ ဟန်ဆောင်ကာ စနစ်သိုလှောင်ခန်းထဲမှ ထုတ်ယူလိုက်သည်။

“အဲ့တုံးက လာသွားတဲ့သူက ကျုပ်မှန်း ဂိုဏ်းချုပ် ဘယ်လိုလုပ် သိနေတာလဲ။ ပြီးတော့ ခုလိုသိနေတာကို ဘာလို့ အရင်ကတည်းက တိုက်ရိုက် မပြောပြခဲ့တာလဲ”

အာရန်သည် ထိုပန်းအိုးအား မူလနေရာဖြစ်သော စားပွဲပေါ်သို့ ဂရုတစိုက် ပြန်တင်ရင်း မေးလိုက်၏။

ဖန်းယုသည် အာရန်၏ ဘေးမှ ဖြတ်လျှောက်သွားရာ သူမ၏ ပခုံးတစ်ဖက်သည် အာရန်၏ ပခုံးတစ်ဖက်နှင့် ထိမိလုနီးပါးပင် ဖြစ်သွားခဲ့သည်။

သူမ၏ သွယ်လျလျ လက်ချောင်းလေးများသည် ယခင်အတိုင်း မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သော အာရန်ပြန်တင်ထားသော ပန်းအိုးအတွင်းမှ ပန်းပွင့်လေးအား ပွတ်သပ်ကြည့်လိုက်သည်။

ထူးဆန်းစွာဖြင့် ၎င်းပန်းပွင့်လေးသည် အချိန်ကာလ တစ်ခုကြာသည်အထိ ညှိုးနွမ်းသွားခြင်းမရှိပဲ ယခင်ကအတိုင်း လက်ဆက်သွာ တည်ရှိနေဆဲပင်။

ဖန်းယုသည် အာရန်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။

ယင်းအစား သူမကိုယ်တိုင် မေးခွန်းတစ်ခု ထပ်မံ၍ ထုတ်မေးလိုက်သည်။

“သတင်းတစ်ခွန်းမှ မပါးဘဲ ရှင် နှစ်အတော်ကြာတိုင်အောင် ပျောက်ကွယ်သွာခဲ့တယ်။ ဂိုဏ်းကလူတွေအကုန်လုံး ရှင့်ကို သေပြီလို့ ကြေညာလုနီးပါးအခြေအနေအထိ ဖြစ်သွားခဲ့ရတယ်”

သူမ၏ အသံသည် တည်ငြိမ်နေဟန်ရသော်လည်း သေခြာဂရုစိုက် နားထောင်မည်ဆိုလျှင် အနည်းငယ် တုန်ရီနေမှုအား ခံစားမိမည်ဖြစ်သည်။

“ရှင် တစ်ချိန်လုံး ဘယ်တွေ ရောက်နေတာလဲ။ ပြီးတော့ ပိုပြီး အရေးကြီးတဲ့မေးခွန်းက...”

ဖန်းယုသည် သူမ၏ စကားကို ခေတ္တရပ်လိုက်ပြီး မျက်ဝန်းများဖြင့် အာရန်အား ခေါင်းအစ ခြေအဆုံး တစ်ချက်ကြည့်လိုက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ ပြီးပြည့်စုံစွာ ထိန်းချုပ်ထားသော အော်ရာအငွေ့အသက်အား သေခြာစွာ အာရုံခံကြည့်လိုက်သည်။

“ရှင် ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ”

“အမှန်အတိုင်းပြောရရင် ဇာတ်လမ်းက နည်းနည်းတော့ ရှည်မယ်” ဟု အာရန်သည် သက်ပြင်းတစ်ချက်ချရင် ပြန်ပြောလိုက်သည်။

“ရပါတယ်။ ကျွန်မမှာ ဒီကိစ္စတွေ နားထောင်ဖို့ အချိန်အလုံအလောက်ရှိနေပါတယ်” ဖန်းယု၏ ပုံရိပ်သည် ရိပ်ခနဲ အာရန်ရှေ့မှပျောက်ကွယ်သွားပြီး မျက်နှာချင်းဆိုင်ရှိ ကုတင်ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

သူမသည် ကုတင်ရှိ မွေ့ရာအပျော့စားလေးတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး ခြေထောက်တစ်ဖက်အား အခြားတစ်ဖက်ပေါ်တွင် ချိတ်၍ တင်ထားလိုက်၏။

သူမ၏ တဘက်သည် ပေါင်လယ်လောက်အထိသာ ဖုံးအုပ်ထားနိုင်သဖြင့် ထိုသို့ ထိုင်လိုက်သောအခါ အနည်းငယ် အပေါ်သို့ ဟသွားခဲ့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူမ၏ ဖုံးကွယ်ထားသင့်သည့်နေရာများကိုမူ ဆက်လက် ဖုံးကွယ်ထားနိုင်ဆဲပင်။

ထိုစဥ် ဖန်းယုမှ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုင်ခုံတစ်လုံးသည် အာရန်၏ နောက်တွင်ထိုင်ရန် အဆင်သင့်အနေအထားဖြင့် ပေါ်လာခဲ့သည်။

“ရှင့်ဇာတ်လမ်းကို နားထောင်ဖို့ ကျွန်မမှာ အချိန်အလုံအလောက် ရှိနေတယ်။ ရှင် ဒီနှစ်ပိုင်းတွေမှာ ဘယ်လို စွန့်စားခန်းတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ ကျွန်မ တော်တော်လေးကို သိချင်နေမိပြီ”

မိစ္ဆာဂိုဏ်းသည် စစ်ပွဲအတွင်း၌ ရောက်ရှိနေခြင်းဖြစ်သော်လည်း ယခု အခြေအနေမှာ ယာယီ တည်ငြိမ်နေသည်ဟု ပြော၍ရလေသည်။

ညနေခင်း တစ်ခုစာ အချိန်ပေး၍ မရနိုင်လောက်အောင်အထိ အခြေအနေ ဆိုးရွားခြင်းမျိုးတော့ မရှိသေးပေ။

အထူးသဖြင့် သူမ၏ သိချင်စိတ်အား ဖြေဖျောက်ရန်လည်း လိုအပ်နေလေသည်။

ပို၍ အရေးကြီးသည်မှာ ဖန်းယုတစ်ယောက် အာရန်နှင့် နှစ်ယောက်တည်း စကားပြောခွင့်ရရန် အကြောင်းပြချက် တစ်ခုခု လိုချင်နေမိခဲ့၏။

“အာ...”

အာရန်သည် ဖန်းယု၏ ထိုစကားကြောင့် ခေတ္တခန့် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ ဇာတ်လမ်းရှည်သည်ဟု သူ ပြောလိုက်ခြင်းမှာ သူမအား ထိုကိစ္စကို ဆက်လက်မမေးစေချင်သောကြောင့်သာ ဖြစ်လေသည်။

ယခုကဲ့သို့ သူမအနေဖြင့် ပို၍ အသေးစိတ် မေးမြန်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

အာရန်သည် မြောက်ဘက်တိုက်မှ နစ်ခရိုမန်ဆာ မျှော်စင်သခင်အား ကိုယ်တိုင် သတ်ဖြတ်ခဲ့ကြောင်း သို့မဟုတ် အထက်ကမ္ဘာသို့ ရောက်ရှိခဲ့ကြောင်းများကို သူမအား အမှန်အတိုင်း ပြောပြ၍ မဖြစ်နိုင်ပေ။

အကယ်၍ သူမသည်သာ အထက်ကမ္ဘာနှင့် တစ်နည်းတစ်ဖုံ အဆက်အသွယ် ရှိနေသူတစ်ဦးဆိုပါက သူ အမဲလိုက်ခံနေရပြီဖြစ်ကြောင်း ပြောပြခြင်းသည် ကောင်းမွန်သော အကြံတစ်ခု မဟုတ်ချေ။

“ဂိုဏ်းချုပ်... ကျုပ်လောလောဆယ် တောင်ဘက်တိုက်ကို သွားကြည့်ချင်နေတယ်။ သူရဲကောင်းအကယ်ဒမီနဲ့ စကားအချို့ သွားပြောပြီး ဒီစစ်ပွဲကို အဆုံးသတ်လို့ရနိုင်မလားဆိုတာ ကြိုးစားကြည့်ချင်တယ်”

ထို့နောက် အာရန်သည် မက်လောက်စရာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ရင်း မေးခွန်းအား ထပ်မံ ရှောင်လွှဲရန် ကြိုးစားကြည့်လိုက်၏။

သူ ခွန်အားရုတ်တရက်ကြီးမားလာခြင်းသည် ထိုစစ်ပွဲနှင့်ယှဥ်လျှင်ထိုမျှ အရေးမကြီးတော့ပေ။

အရေးကြီးသည်မှာ ဂိုဏ်း၏ ပြဿနာများကို ဖြေရှင်းရန် သူ့တွင် ဆန္ဒရှိနေကြောင်း ဖော်ပြနိုင်ရန်သာ ဖြစ်သည်မဟုတ်ပါလော...။

သို့သော် ဖန်းယု၏ ဆက်လက် ပြောလိုက်သည့် စကားက သူ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သည်။

“အဲ့ဒီကိစ္စက နောက်မှ လုပ်လို့ရပါတယ်”

“မဟုတ်ဘူးထင်တယ် ဒီကိစ္စကို ကျုပ်တို့ အချိန်ပိုဆွဲလေ လူတွေ သေဆုံးမှု ပိုမိုများပြားလေဖြစ်နေမှာနော်”

“သူတို့ သေချင်သလောက် သေပါစေတော့”

ထိုစဥ် ဖန်းယု၏ လေသံသည် ရုတ်တရက် အေးစက်လာခဲ့သည်။

သူမသည် အရှေ့တိုက်ကြီးကို ကာကွယ်လိုသည်မှာ မှန်ကန်သော်လည်း သူမနှင့် မရင်းနှီးသည့် သူစိမ်းများအား ဂရုစိုက်ပေးသော နတ်ဘုရားမ တစ်ပါးမဟုတ်ပေ။

သူမသည် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်နေဆဲပင်။

ဂိုဏ်း၏ အကြီးအကဲများပင်လျှင် အခြားသူများ၏ အသက်များကို တန်ဖိုးမထားကြသည့်အတွက် နာမည်ဆိုးဖြင့် ကျော်ကြားကြသူများ ဖြစ်လေသည်။

“ရှင် ဒီခွန်အားတွေကို ရဖို့ ဘာတွေများ လုပ်ခဲ့ရသလဲ။ ရှင်က တကယ်ရော ဘယ်သူလဲ” ဟု သူမသည် ထပ်မံ၍ မေးလိုက်သည်။

ယခုတစ်ကြိမ်တွင် သူမ၏ လေသံသည် ယခင်ကလောက် နူးညံ့နေခြင်းမျိုး မရှိတော့ဘဲ စစ်ဆေးမေးမြန်းသော လေသံနှင့်ပိုမိုတူလာခဲ့သည်။

“အရင်တုန်းကတော့ ကျွန်မ ဒီအကြောင်းကို သိပ်မစဉ်းစားမိခဲ့ဘူး။ ဒါပေမဲ့ ခုချိန် ပြန်စဉ်းစားလေလေ ရှင်နဲ့ ပတ်သတ်ပြီး တစ်ခုခုက အမြဲ လွဲနေခဲ့တယ်လို့ ပိုပြီး ခံစားရလေလေပဲ”

ဖန်းယုသည် သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း ထပ်မံ ပြောလိုက်သည်။

All Chapters