အခန်း (၁၁၃)
Vol. 12 Ch. 113
မိုးသည်းထန်စွာ ရွာသွန်းသော ညတစ်ညတွင် ကျောက်ဝူကျိ ကို ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။ သူ၏ သွေးကြောမျှင်များမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မခံမရပ်နိုင်အောင် နာကျင်စေသည့် ထူးဆန်းသော အဆိပ်တစ်ခုလည်း ခန္ဓာကိုယ်ထဲတွင် စိမ့်ဝင်နေ၏။ ရှီလိုင်ခဲ့အကယ်ဒမီ၏ အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့သော်လည်း သူ့ကို ပြန်လည် ကျန်းမာလာအောင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။
“ဟူး... ကောင်းပြီလေ၊ မင်းတို့တွေ အစွမ်းကုန် ကြိုးစားခဲ့ကြတာပဲ”
ကျောင်းအုပ်ကြီး ဖူလန်ဒါသည် သက်ပြင်းကို လေးလံစွာ ချလိုက်ရင်း ဘာမှ ဆက်မပြောတော့ပေ။ သူသည် ယွီရှောင်ကန်း၊ လျိုအာလုံ တို့နှင့်အတူ “ရှီလိုင်ခဲ့ ခုနစ်ဦး” ကို ဦးဆောင်ကာ လမ်းမကြီးပေါ်သို့ တက်လှမ်းခဲ့သည်။
ဝိဉာဉ်ဆရာသခင် ပြိုင်ပွဲတွင် နာမည်ကျော်ကြားလာတော့မည့်၊ တောက်ပသော အနာဂတ်ရှိသည့် သူ၏ သူငယ်ချင်းဟောင်းများ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း မာဟုန်ကျွင်းသည် မြေပြင်ပေါ်သို့ အားလျော့စွာ ထိုင်ချလိုက်သည်။ ရေနစ်နေသူတစ်ဦးကဲ့သို့ အသက်ကို လုရှူနေရပြီးနောက် တိတ်ဆိတ်နေသော ရင်ပြင်အတွင်း သူ၏ ထိန်းမနိုင်သိမ်းမရ ငိုကြွေးသံကြီးမှာ ဟိန်းထွက်သွားတော့သည်။
လမ်းမကြီးပေါ်သို့ ရောက်ရှိချိန်တွင် မာဟုန်ကျွင်း၏ အမြင်အာရုံမှ ကင်းဝေးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ယွီရှောင်ကန်းသည် အဖွဲ့ထဲမှ အရပ်ရှည်ရှည် ဆံပင်ကျစ်ဆံမြီးနှင့် မိန်းကလေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ပိုင်ရှန်းရှန်း၊ စိတ်ဖိစီးမှုတွေ မထားပါနဲ့”
“ငါ့ရဲ့ လေ့ကျင့်ပေးမှုတွေအပြီးမှာ မင်းတို့ ခုနစ်ယောက်စလုံး ဝိဉာဉ်ဆရာသခင် ပြိုင်ပွဲမှာ တောက်ပလာမှာ သေချာတယ်”
“နားလည်ပါပြီ”
ပိုင်ရှန်းရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြန်ဖြေသည်။ သူမသည် အလျင်နှုန်းဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်ဟယ်၏ မြေးမလေး ဖြစ်သည်။ အလျင်နှုန်းဂိုဏ်းမှာ ကြယ်ဒူအင်ပါယာအတွင်းရှိ ပိုင်ကျားခံတပ်တွင် အခြေစိုက်သည်။ ယခင်က ဟောက်ထျန်းဂိုဏ်း၏ လက်အောက်ခံ ဂိုဏ်းလေးခုအနက် တစ်ခုဖြစ်သော်လည်း အသက်မွေးဝမ်းကျောင်း လုပ်ငန်း မရှိသဖြင့် အဆင်းရဲဆုံး ဖြစ်ခဲ့ရသည်။
ထိုစဉ်က ခွန်အားဂိုဏ်းသည် အလျင်နှုန်းဂိုဏ်းကို အမြဲတစေ ကူညီပေးခဲ့သည်။ သို့သော် လွန်ခဲ့သော လအနည်းငယ်က ခွန်အားဂိုဏ်းတစ်ခုလုံး အသတ်ခံလိုက်ရသဖြင့် အလျင်နှုန်းဂိုဏ်း တစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။ သို့သော် ရန်သူ၏ နောက်ခံအင်အားမှာ အလွန်ကြီးမားကြောင်း သိလိုက်ရသောအခါ လက်စားချေလိုစိတ်များကို နှလုံးသားထဲတွင်သာ မြှုပ်နှံထားလိုက်ရတော့သည်။
ထိုအချိန်၌ ရှီလိုင်ခဲ့အကယ်ဒမီသည် လန်ပါအကယ်ဒမီနှင့် ပေါင်းစည်းပြီးနောက် ဝိဉာဉ်ဆရာသခင် ပြိုင်ပွဲအတွက် ပါရမီရှင်များကို ဖိတ်ခေါ်နေချိန် ဖြစ်သည်။ ဂိုဏ်းချုပ် ပိုင်ဟယ်သည် ရှီလိုင်ခဲ့အကယ်ဒမီနှင့် ခွန်အားဂိုဏ်းကို ဖျက်ဆီးခဲ့သူ “ဓားဝိုင်” တို့ကြားတွင် ရန်ငြိုးဟောင်းရှိကြောင်း သိရှိသဖြင့် သူ၏ မြေးမလေး ပိုင်ရှန်းရှန်းကို လွှတ်လိုက်ခြင်း ဖြစ်သည်။
ပိုင်ရှန်းရှန်းသည် ငယ်စဉ်ကတည်းက အပြင်တွင် လေ့ကျင့်ခဲ့သူဖြစ်သဖြင့် ခွန်အားဂိုဏ်းနှင့် သံယောဇဉ် သိပ်မရှိလှပေ။ လူကြီးများ၏ ရန်ငြိုးကိုလည်း သိပ်စိတ်မဝင်စားသော်လည်း မိသားစု၏ မျှော်လင့်ချက်များကြောင့် ရှီလိုင်ခဲ့အဖွဲ့ထဲသို့ ဝင်ရောက်လာခဲ့ရသည်။
ဖြစ်နိုင်သည်မှာ... မမြင်ရသော ကမ္ဘာတစ်ခုတွင် ကံကြမ္မာ၏ လက်ဖဝါးက တိတ်ဆိတ်စွာ ဝင်ရောက်စွက်ဖက်ပြီး လွဲချော်နေသော လမ်းကြောင်းအချို့ကို ပြန်လည်ပြင်ဆင်ပေးလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ နောင်အနာဂတ်မှသာ ရှီလိုင်ခဲ့အဖွဲ့သို့ ဝင်ရောက်ရမည့် ပိုင်ရှန်းရှန်းသည် မာဟုန်ကျွင်း၏ ဆုတ်ခွာသွားမှုကြောင့် ယခုကတည်းက နေရာယူလိုက်ပြီ ဖြစ်သည်။
“ဟွန့်”
တိုက်မုပိုင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ထန်စန်း၊ အော်စကာ တို့နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ သုံးဦးစလုံး၏ မျက်ဝန်းထဲတွင် အေးစက်ထက်မြက်သော အလင်းတန်းများ ဖြတ်သန်းသွားသည်။ မာဟုန်ကျွင်း၏ အနာဂတ်မှာ ပျက်စီးသွားပြီ ဖြစ်သော်လည်း သူတို့နှင့် အတူရှိခဲ့သော သံယောဇဉ်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာများမှာ ထျန်းဒိုမြို့မှ အရှက်တကွဲ နှင်ထုတ်ခံခဲ့ရခြင်း၊ ကျောက်ဝူကျိ အိပ်ရာပေါ်တွင် လဲနေရခြင်း စသည့် ရန်ငြိုးများမှာ စုပုံနေခဲ့ပြီ။
“ဓားဝိုင်...”
“နောက်ဆုံးတော့ ငါတို့ နင်နဲ့ ရင်ဆိုင်ရတော့မယ်”
တိုက်မုပိုင်က ဝတ်ရုံစအောက်တွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထန်စန်း၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲ။ သူသည် “ဓားဝိုင်” ဆိုသူကို လုံးဝ မကြောက်ရွံ့ပေ။ အကယ်၍ ဆုံတွေ့ခဲ့လျှင် တစ်ဖက်လူက လိမ္မာပါးနပ်စွာဖြင့် မာဟုန်ကျွင်းနှင့် ဆရာယွီတို့ကို တောင်းပန်လျှင် ကိစ္စပြတ်ပေလိမ့်မည်။ သို့သော် အကယ်၍ သူ၏ရှေ့တွင် မောက်မာပြခဲ့လျှင်မူ... ထန်စန်း၏ မျက်ဝန်းထဲတွင် ခရမ်းရောင်အလင်းတန်း တစ်ချက် လက်သွားသည်။ ထို “ဓားဝိုင်” ဆိုသူကို သေမင်းနှင့် ဆုံတွေ့ခြင်းဆိုသည်မှာ မည်သို့ရှိကြောင်း သူ ကောင်းကောင်း သင်ခန်းစာ ပေးလိုက်မည်။
အော်စကာက သက်ပြင်းချလိုက်သည်။ သူ၏ အကြည့်မှာ နင်ရုံရုံ ဆီသို့ ကျရောက်နေ၏။ နင်ရုံရုံမှာမူ ရှောင်ဝူ၊ ကျူးကျူးချင်း တို့နှင့်အတူ စိတ်လှုပ်ရှားစွာ စကားပြောနေသဖြင့် သူ့ကို သတိပင် မထားမိပေ။
“ကျူးချင်း ကျူးချင်း”
“နင့်ရဲ့ ‘ဓားဝိုင်’ ကို မကြာခင် တွေ့ရတော့မယ် မဟုတ်လား”
နင်ရုံရုံက မျက်လုံးလေး ကလည်ကလည်ဖြင့် တိုးတိုးလေး နောက်လိုက်သည်။ ကျူးကျူးချင်း၏ ဖြူစင်သော ပါးပြင်လေးများပေါ်တွင် ရှက်သွေးများ ဖြာသွားခဲ့သည်။
“ဘာတွေ လျှောက်ပြောနေတာလဲ”
“ဘယ်က ‘ငါ့ရဲ့ ဓားဝိုင်’ လဲ”
သူမ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် မျက်တောင်လေးများ ချထားမိသည်။
“ဟီးဟီး”
ရှောင်ဝူကလည်း ရယ်မောရင်း ဝင်ပါလိုက်သည်။
“ငါတို့က ဟိုအနံ့နံတဲ့ ကောင်လေးတွေနဲ့ မတူပါဘူး။ မာဟုန်ကျွင်းက သူ့ရဲ့ မိစ္ဆာမီးလျှံကို မထိန်းနိုင်လို့ မိန်းကလေး ဘယ်နှစ်ယောက်ကို ဒုက္ခပေးခဲ့လဲ။ အခုလို ဖြစ်သွားတာ သူနဲ့ ထိုက်တန်ပါတယ်”
မာဟုန်ကျွင်း ဒုက္ခိတ ဖြစ်သွားခြင်းအပေါ် သူမနှင့် နင်ရုံရုံမှာ သနားစိတ် သိပ်မရှိလှပေ။ သူတို့ ဆုံတွေ့ခဲ့သည်မှာ ခဏသာ ရှိသေးသလို၊ အပြစ်မဲ့သော မိန်းကလေးများကို နှိပ်စက်ခဲ့သည့် မာဟုန်ကျွင်းအပေါ် ခံစားရသော ရွံရှာမှုမှာ သူငယ်ချင်း သံယောဇဉ်ထက် ပိုမို နက်ရှိုင်းနေသောကြောင့် ဖြစ်သည်။
နင်ရုံရုံက ဆက်ပြောသည်။
“ဒါပေမဲ့လေ... ဓားဝိုင်ရဲ့ စရိုက်နဲ့ဆိုရင် သူက ဝိဉာဉ်ဆရာပြိုင်ပွဲမှာ ပါချင်မှ ပါမှာ။ တကယ်လို့ ဆုံခဲ့ရင်တော့ ငါတို့ ညီအစ်မတွေက အလျှော့ပေးမှာ မဟုတ်ဘူးနော်”
ကျူးကျူးချင်း၏ မျက်နှာလေးတွင် မျှော်လင့်ချက်များ ပေါ်လာသည်။ သူမသည် လီကျယ်ရှန်းနှင့် ပြန်လည်ဆုံတွေ့ရမည့် အချိန်ကို အကြိမ်ကြိမ် အိပ်မက်မက်ခဲ့ဖူးသည်။
“နင်တို့တွေ အစွမ်းကုန်သာ ကြိုးစားကြပါ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို နင်တို့ နိုင်မှာ မဟုတ်ဘူး”
“ဟွန့်... ကျူးကျူးချင်း၊ နင်က သူ့ဘက်ကနေ ကာကွယ်ပေးနေပြီပေါ့လေ။”
နင်ရုံရုံက စိတ်ဆိုးချင်ယောင်ဆောင်ကာ ရှောင်ဝူကို လှမ်းခေါ်လိုက်သည်။
“ရှောင်ဝူ၊ သူမကို သင်ခန်းစာ ပေးလိုက်စမ်း။”
“အိုကေလေ။” ရှောင်ဝူက ပျော်ရွှင်စွာ ပြန်ထူးသည်။
မိန်းကလေး သုံးဦးသည် လမ်းမပေါ်တွင် တဟားဟား ရယ်မောရင်း တစ်ဦးကိုတစ်ဦး လိုက်တမ်းပြေးတမ်း ကစားနေကြသည်။ အနားတွင် ရှိနေသော ပိုင်ရှန်းရှန်း၏ မျက်လုံးထဲတွင်မူ အားကျရိပ်အချို့ ဖြတ်သန်းသွားခဲ့သည်။
ကစားပြီးနောက် အားအနည်းဆုံးဖြစ်သော အထောက်အကူပြု ဝိဉာဉ်ဆရာသခင် နင်ရုံရုံမှာ အရင်ဆုံး အမောဖောက်လာသည်။ သူမသည် ရှောင်ဝူနှင့် ကျူးကျူးချင်းတို့ ပြေးလွှားနေသည်ကို ကြည့်ရင်း အနာဂတ်ပြိုင်ပွဲကြီးကို တွေးတောမိကာ မျက်ဝန်းများ တောက်ပလာသည်။
ဆရာယွီ ခဏခဏ ပြောလေ့ရှိသည်မှာ
“ပြိုင်ပွဲပြီးသွားရင် ‘ရှီလိုင်ခဲ့ ခုနစ်ဦး’ ရဲ့ နာမည်ဟာ တစ်တိုက်လုံးမှာ ဟိုးဟိုးကျော် သွားလိမ့်မယ်”
နင်ရုံရုံသည် လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ငါ နင်ရုံရုံဟာ မျိုးဆက်သစ်တွေရဲ့ ခေါင်းဆောင် ဖြစ်လာရမယ်”
“ဂိုဏ်းကို အားမကိုးဘဲနဲ့လည်း ငါဟာ သန်မာတဲ့သူ ဖြစ်နိုင်တယ်ဆိုတာ ဖေဖေ မြင်ပါစေ။”
မျိုးဆက်သစ် ဝိဉာဉ်ဆရာသခင်များ၏ အမြင့်ဆုံး ပြိုင်ပွဲတွင် သူမ၏ အစွမ်းကို ပြသတော့မည့်အကြောင်း တွေးနေရင်းမှ၊ နင်ရုံရုံ၏ စိတ်ထဲတွင် ထိုနေ့က ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်း ၏ နောက်တောင်ကုန်းပေါ်တွင် မြင်ခဲ့ရသော ဝတ်ရုံဖြူနှင့် လူငယ်၏ ခေါင်းမာပြီး အထီးကျန်လှသော ကျောပြင်ကြီးကို တိတ်တဆိတ် ပုံဖော်နေမိသည်။
သွယ်လျသော လက်ကလေးဖြင့် လည်ပင်းမှ အင်္ကျီအောက်တွင် အမြဲ ဝတ်ဆင်ထားသော အရာတစ်ခုကို စမ်းကြည့်လိုက်မိသည်။ သူမ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်အချို့ ဖြတ်သန်းသွားပြီးနောက် ပြန်လည် တည်ငြိမ်သွားခဲ့သည်။
“အဲဒီနေ့က ငါ ပြောခဲ့သလိုပဲ...”
“နောက်ဆုံးတော့... ငါတို့ဟာ မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေ ဖြစ်သွားကြပြီ...”
ထျန်းဒို နန်းတော်အတွင်း
“လီကျယ်ရှန်း၊ ငါတို့ရဲ့ အမြင်တွေက ဘယ်လိုလုပ် မတူတာလဲ။”
ရွှယ်ချင်းဟော်သည် ဇွန်းကို ချလိုက်ကာ လီကျယ်ရှန်းကို ဒေါသတကြီး ကြည့်နေသည်။
လီကျယ်ရှန်းက သူမသည် ပဲနို့သောက်လျှင် အချိုကြိုက်ပြီး သူက အငန်ကြိုက်သောကြောင့် သူတို့၏ “အမြင်သုံးရပ်”မှာ မတူညီကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ ရွှယ်ချင်းဟော်မှာမူ ထိုစကားကို အဓိပ္ပာယ်မရှိဟု ယူဆနေသည်။ သူမသည် “အမြင်သုံးရပ်” ဆိုသော စကား၏ တိကျသော အဓိပ္ပာယ်ကို မသိသော်လည်း၊ လီကျယ်ရှန်းနှင့် သူမကြားတွင် “မတူညီခြင်း” ဆိုသည်မှာ လုံးဝ မရှိစေရဟု ဆုံးဖြတ်ထားသည်။
လီကျယ်ရှန်းက ပါးစပ်ထဲမှ ပဲနို့ငန်ငန်ကို မျိုချလိုက်ပြီး
“ဟူး... အလေးအနက်ကြီး မယူပါနဲ့၊ ဒါက နောက်ပြောင်တာပါ”
ရွှယ်ချင်းဟော်က မျက်မှောင်ကြုတ်လိုက်သည်။ ဘာမှ ဆက်မပြောဘဲ လီကျယ်ရှန်း ရှေ့ရှိ ပဲနို့ငန်ငန် ပန်းကန်ကို လှမ်းဆွဲယူလိုက်သည်။ ထို့နောက် ခေါင်းကို မော့ကာ တစ်ငုံကြီး သောက်ချလိုက်ပြီး
“ငါ... ငါ သောက်လိုက်ပြီ”
“ငါတို့ကြားမှာ... မတူညီတဲ့ အမြင်တွေ မရှိတော့ဘူး”
လီကျယ်ရှန်းက ခေါင်းခါရင်း ရယ်မောလိုက်သည်။ ဤကလေးဆန်သော ငြင်းခုံမှုလေး ငြိမ်သက်သွားစဉ်မှာပင်... မီတာ ဒါဇင်အနည်းငယ် ဝေးသော အရှေ့ဘက် မြို့တံခါးဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ဒေါသတကြီး ထွက်ပေါ်လာသော လူငယ်တစ်ဦး၏ အသံမှာ ဆူညံသံများကို ဖောက်ထွက်လာသည်။
“အစောင့်အစ်ကို၊ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ”
“ငါတို့ မျက်လုံးကို အနက်ရောင် ပိုးသားနဲ့ အုပ်ထားတာက ထျန်းဒိုမြို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လို စော်ကားလို့လဲ”