← Chapters

အခန်း (၁၁၄)

Vol. 12 Ch. 114

အခန်း (၁၁၄)

Vol. 12 Ch. 114

ရင်းနှီးနေသော အသံတစ်ခု နားထဲသို့ တိုးဝင်လာသဖြင့် လီကျယ်ရှန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းသွားသည်။ သူ၏ ပဲနို့ကို ရွှယ်ချင်းဟော်က သောက်လိုက်ပြီ ဖြစ်သဖြင့် ရွှယ်ချင်းဟော် ရှေ့ရှိ ပဲနို့ချိုကိုပင် ဆွဲယူကာ နှစ်ငုံသုံးငုံဖြင့် ကုန်အောင် သောက်လိုက်ပြီးနောက် ထရပ်လိုက်သည်။

“ဘာဖြစ်လို့လဲ” ရွှယ်ချင်းဟော်က မော့ကြည့်ကာ မေးသည်။

“အဝေးက မိတ်ဆွေတစ်ယောက် ရောက်လာလို့လေ”

မြို့တံခါးဝတွင်

“အစောင့်အစ်ကို... ငါတို့က ထျန်းဒိုမြို့ကို အရှက်ရစေမယ်လို့ တကယ်ပဲ ထင်နေတာလား”

ဖုန်းပုယွီသည် သူ၏ မျက်လုံးကို အုပ်ထားသော အနက်ရောင် ပိုးသားစကို လက်ညှိုးထိုးပြလိုက်သည်။ သူ၏ နောက်ကွယ်တွင် လေဓားဂိုဏ်းမှ တပည့် တစ်ဒါဇင်ကျော်သည်လည်း တစ်ပြိုင်နက်တည်း ထိုအတိုင်း လိုက်လုပ်ကြသည်။

လေပြင်းတစ်ချက် ဝှေ့ယမ်းသွားရာ သူတို့၏ ဦးခေါင်းနောက်တွင် စည်းနှောင်ထားသော ပိုးသားစများမှာ တဖျတ်ဖျတ် လွင့်နေ၏။ ဤလူတစ်စုမှာ ကြည့်ရသည်မှာ သာမန်နှင့် မတူသဖြင့် မြို့တံခါးဝရှိ ခရီးသွားများမှာပင် နောက်သို့ အလန့်တကြား ဆုတ်သွားကြရသည်။

“ဟုတ်ပါတယ်၊ အာ... မဟုတ်ပါဘူး... မဟုတ်ပါဘူး”

အစောင့်မှာ စိတ်ထဲရှိသည့်အတိုင်း လွှတ်ခနဲ ပြောမိမတတ် ဖြစ်သွားသည်။

ယခုအချိန်တွင် အစောင့်မှာလည်း အကျပ်ရိုက်နေရသည်။ ဝိဉာဉ်ဆရာသခင် ပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ လူပေါင်းစုံ မြို့ထဲသို့ ဝင်ရောက်နေကြသည်။ အိမ်ရှေ့စံမင်းသားကလည်း ပြိုင်ပွဲကာလအတွင်း မြို့တွင်း သန့်ရှင်းရေးနှင့် လုံခြုံရေးကို အထူး တင်းကျပ်ထားရန် အမိန့်ထုတ်ထားသည်။ ဤအပြာရောင်ဝတ် ဓားသမားများမှာ သာမန်မဟုတ်ကြောင်း အစောင့်က သိသော်လည်း သူတို့တွင် ပြိုင်ပွဲဝင် အကယ်ဒမီ အလံများ မပါရှိပေ။ ထို့ထက် ပိုဆိုးသည်မှာ အနီးအနားရှိ ပဲနို့ဆိုင်တွင် အိမ်ရှေ့စံမင်းသားကို မြင်နေရခြင်းပင်။

“ဒီက... သူရဲကောင်းတို့...” အစောင့်က အားတင်းကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး... မျက်လုံးက အနက်ရောင် ပိုးသားစတွေကို ခဏလောက် ဖယ်ပေးလို့ ရမလားခင်ဗျာ”

ဖုန်းပုယွီမှာ ဒေါသထွက်သွားသည်။ မျက်လုံးက ပိုးသားစကို ဖယ်ရမည်ဟုတ်လား။ ထိုသို့ဆိုလျှင် သူသည် သာမန်လူများနှင့် ဘာကွာတော့မည်နည်း။ လေဓားဂိုဏ်း တပည့်တစ်ဦး၏ ထူးခြားသော အရှိန်အဝါကို မည်သို့ ပြသရတော့မည်နည်း။

“ငါတို့ လေဓားဂိုဏ်းရဲ့ နာမည်က သိပ်မကျော်ကြားသေးပုံပဲ။ ငါတို့က လေဓားဂိုဏ်းကပဲ၊ ဒီကို မိတ်ဆွေတစ်ယောက်ဆီ လာလည်ရင်း ပြိုင်ပွဲကို လာကြည့်တာ”

အစောင့်များ ပြန်ပြောရန် ပြင်စဉ်မှာပင် ဝါကျင်ကျင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး သူတို့ဆီသို့ တည့်တည့် လျှောက်လာသည်ကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် အစောင့်အားလုံး ဒူးထောက်လိုက်ကြသည်။

“အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ် ခင်ဗျာ”

ဖုန်းပုယွီနှင့် အဖွဲ့သားများမှာ ခဏမျှ ကြောင်သွားကြသော်လည်း “အိမ်ရှေ့စံမင်းသား” ဟူသော ခေါ်သံကြောင့် ထိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သို့သော် ဖုန်းပုယွီ၏ အကြည့်မှာ အိမ်ရှေ့စံမင်းသားထံတွင် မရပ်တန့်ဘဲ၊ ပြုံးရွှင်နေသော ဝတ်ရုံဖြူနှင့် လူငယ်လေးထံတွင်သာ ရပ်တန့်သွားသည်။

“အစ်ကို ကျယ်ရှန်း”

ပိုးသားစအောက်မှ ဖုန်းပုယွီ၏ မျက်လုံးများမှာ ဝမ်းသာအားရမှုဖြင့် တောက်ပသွားသည်။ သူသည် အပြေးအလွှား လာရောက်ကာ လှမ်းဖက်လိုက်သည်။

“စီနီယာ အစ်ကို ကျယ်ရှန်း”

အခြားသော လေဓားဂိုဏ်း တပည့်များကလည်း ဝမ်းသာအားရဖြင့် “စီနီယာအစ်ကို” ဟု ဝိုင်းအော်ကြသည်။ ၎င်းမှာ ဂိုဏ်းအတွင်း အဆင့်အတန်းအရ ခေါ်ခြင်းမဟုတ်ဘဲ လီကျယ်ရှန်း၏ ဓားပညာနှင့် သူ၏ လမ်းညွှန်မှုများအပေါ် ကြည်ညိုလေးစားမှုကြောင့် ခေါ်ဆိုခြင်း ဖြစ်သည်။ လီကျယ်ရှန်းက ဖုန်းပုယွီကို တင်းကျပ်စွာ ပြန်လည်ဖက်လိုက်သည်။

“ညီလေး ပုယွီ၊ မင်း နောက်ဆုံးတော့ ငါ့ဆီ ရောက်လာပြီပေါ့”

ထို့နောက် သူသည် ဝိုင်းနေသော လေဓားဂိုဏ်း တပည့်များကို ကြည့်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

“ကျယ်ရှန်းက မိတ်ဆွေတို့အားလုံးကို နှုတ်ခွန်ဆက်သပါတယ်”

လီကျယ်ရှန်းအတွက် လေဓားဂိုဏ်းမှာ သူ၏ စိတ်နေစိတ်ထားနှင့် အလွန်ကိုက်ညီသော နေရာတစ်ခုဖြစ်သည်။ ဖုန်းပုယွီကဲ့သို့သော လူငယ်များ၏ ရိုးသားမှုနှင့် ဂိုဏ်းချုပ် ဖုန်းပိုင်လုံ၏ ရက်ရောသော လမ်းညွှန်မှုများကြောင့် သူတို့ကို သူငယ်ချင်းရင်းချာများကဲ့သို့ သတ်မှတ်ထားခြင်း ဖြစ်သည်။

အနားရှိ ရွှယ်ချင်းဟော်မှာမူ လူအများ ဝိုင်းနေသော လီကျယ်ရှန်းကို ကြည့်ကာ ပြုံးနေမိသည်။ သူမ၏ မျက်လုံးထဲတွင် လီကျယ်ရှန်းသည် မည်သည့်အချိန်တွင်မဆို ထူးခြားသော အရှိန်အဝါ ရှိနေသူဖြစ်သည်။ သောက်စားချိန်တွင် လွတ်လပ်ပေါ့ပါးခြင်း၊ ဓားကပြချိန်တွင် ထက်မြက်ခြင်း၊ သူမနှင့်အတူ ငါးမျှားချိန်တွင် အေးချမ်းခြင်း။ ဤပုံစံအမျိုးမျိုးမှာ သူမ၏ နှလုံးသားကို လှုပ်ခတ်စေခဲ့သည်။ ယခုကဲ့သို့ သူငယ်ချင်းများနှင့် ရယ်မောနေသော ပုံစံမှာလည်း သူမ၏ ရင်ထဲတွင် လှိုင်းကလေးများ ထစေခဲ့သည်။

ဖုန်းပုယွီသည် လီကျယ်ရှန်းကို အသေးစိတ် ကြည့်ရှုပြီးနောက် သူ၏ နဖူးထက်မှ ကြာပန်းစိမ်းဓား အမှတ်အသားကို မြင်သောအခါ အံ့အားသင့်သွားရသည်။

“အစ်ကို ကျယ်ရှန်း... မင်း... မင်းက...”

သူသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ပြီး ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

“ငါကတော့ လေမျက်စိထဲမှာ လအတော်ကြာ ခက်ခက်ခဲခဲ ကျင့်ကြံပြီးမှ နင့်ရဲ့ ကျောပြင်ကို မြင်ရပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ငါတို့ကြားက ကွာဟချက်က ပိုပြီး ကျယ်ပြန့်သွားလိမ့်မယ်လို့ မထင်ထားဘူး”

ဖုန်းပုယွီက လီကျယ်ရှန်း၏ နဖူးကို ညွှန်ပြကာ “နဖူးက အဲဒီ ဓားအမှတ်အသား... ငါ ကျောင်းအုပ်ကြီးဆီမှာပဲ မြင်ဖူးတာ”

“ဩော်” လီကျယ်ရှန်းက စိတ်ဝင်တစား မေးလိုက်သည်။

“ဒါဆို ငါ ဘာလို့ မမြင်ဖူးရတာလဲ”

“ငါလည်း မသိဘူး” ဖုန်းပုယွီက ပြုံးကာ ပြောသည်။

“ဖြစ်နိုင်တာက သူ တောင်ကုန်းပေါ်မှာ တရားထိုင်နေတာ ကြာလို့ ဖုန်တွေ တက်ပြီး ဖုံးနေတာ ဖြစ်မှာပေါ့”

သူ ခေတ္တ ရပ်လိုက်သည်။ သူ၏ လေသံတွင် ဇဝေဇဝါဖြစ်မှုနှင့် စိုးရိမ်မှုများ ပါဝင်နေသည်။

“ဒါနဲ့ ပြောရဦးမယ်... အစ်ကို ကျယ်ရှန်း လေဓားဂိုဏ်းက ထွက်သွားပြီးကတည်းက ငါ ကျောင်းအုပ်ကြီးရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရတော့ဘူး။ သူ အမြဲနေတဲ့ တောင်ကုန်းပေါ်မှာလည်း ရှာမတွေ့တော့ဘူး”

ထိုစကားကို ကြားသောအခါ လီကျယ်ရှန်း၏ မျက်ဝန်းထဲတွင် အရိပ်တစ်ခု ဖြတ်သန်းသွားသည်။

ထိုအချိန်တွင်မှ ဖုန်းပုယွီသည် လီကျယ်ရှန်း၏ နောက်ကွယ်မှ ရွှယ်ချင်းဟော်ကို သတိထားမိကာ ဂါရဝပြုလိုက်သည်။

“ကျွန်တော်က လေဓားဂိုဏ်းရဲ့ ဂိုဏ်းသားငယ် ဖုန်းပုယွီပါ။ ထျန်းဒို အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်”

ရွှယ်ချင်း‌ေဟာ်က ခေါင်းငြိမ့်ပြကာ

“ဂိုဏ်းသားငယ်က လီကျယ်ရှန်းရဲ့ သူငယ်ချင်းဆိုမှတော့ ငါ ရွှယ်ချင်း‌ေဟာ်ရဲ့ အထူးဧည့်သည်ပါပဲ၊ အားနာစရာ မလိုပါဘူး”

“ဟားဟား။ သွားကြစို့၊ သွားကြစို့”

လီကျယ်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ညီလေး ပုယွီနဲ့ မိတ်ဆွေတို့ ခရီးပန်းလာကြပြီ။ ဒီနေ့တော့ ငါတို့ ကောင်းကောင်း ပြုစုရမယ်”

ထိုညက ရှန်းရှန်းစား‌ေသာက်ဆိုင်တွင် ခမ်းနားသော တည်ခင်းဧည့်ခံပွဲကြီး ကျင်းပခဲ့သည်။ ထို့နောက် ဖုန်းပုယွီနှင့် အဖွဲ့သားများမှာ ထျန်းဒိုမြို့တွင်းရှိ ဝန်းကျယ်သော စံအိမ်တစ်ခုတွင် အခြေချခဲ့ကြသည်။

ဝိဉာဉ်ဆရာသခင် ပြိုင်ပွဲ ပဏာမအဆင့်များမှာ ပိုမို နီးကပ်လာခဲ့ပြီ။ ထျန်းဒိုမြို့တွင်းရှိ အရှိန်အဝါမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို မြင့်တက်လာသည်။ အကယ်ဒမီ အသီးသီးမှ အဖွဲ့များမှာ အစီအရီ ရောက်ရှိလာကြပြီ ဖြစ်သည်။ ရွှယ်ချင်းဟော်မှာမူ အလုပ်များလွန်းသဖြင့် လီကျယ်ရှန်းနှင့်အတူ မရှိနိုင်တော့ပေ။

လီကျယ်ရှန်းမှာ ဘာမှ လုပ်စရာ မရှိသဖြင့် ဖုန်းပုယွီကို ခေါ်ကာ မြို့ရိုးပေါ်သို့ တက်ခဲ့သည်။ မြို့ထဲသို့ ဝင်လာသော အသင်းများကို ကြည့်ရန် ဖြစ်သည်။ အပြာရောင်ဝတ် လူငယ်များကြားတွင် လီကျယ်ရှန်း၏ အဖြူရောင်ဝတ်စုံမှာ ပိုမို ထင်ရှားနေ၏။

“အစ်ကို ကျယ်ရှန်း... မင်းရဲ့ သူငယ်ချင်းတွေ မရောက်သေးဘူးလား။” ဖုန်းပုယွီက စိတ်မရှည်စွာ မေးသည်။

“မလောပါနဲ့ဦး”

လီကျယ်ရှန်း စကားမဆုံးမီမှာပင် သူ၏ အကြည့်မှာ တည်ငြိမ်သွားသည်။ လမ်းမကြီး၏ အဆုံးတွင် မြေမှုန်များကို ဖောက်ထွက်ကာ အနီရောင် လှိုင်းလုံးကြီး တစ်ခုအလား ပြေးလွှားလာသော အဖွဲ့ကို မြင်လိုက်ရသည်။

လေထဲတွင် ဝဲနေသော အနီရောင်အလံတော်ပေါ်ရှိ “မီးတောက်” (熾) ဟူသော စာလုံးမှာ နေမင်းကဲ့သို့ တောက်ပနေ၏။ လီကျယ်ရှန်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ဆင်းသွားကြစို့”

“ငါ့ရဲ့ သူငယ်ချင်းတွေ ရောက်လာပြီ”

All Chapters