← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

“ဒီအသင်းသုံးသင်းက ဘယ်တုန်းက ဒီလောက်တောင် ရင်းနှီးသွားကြတာလဲ”

ငါးပါးသော ဒြပ်စင်အကယ်ဒမီများ၏ သီးသန့် နားနေဆောင်တွင် လူအုပ်ကြီး တိုးဝှေ့ဝင်လာသည်ကို ကြည့်ရင်း ရွှေယွဲ့အာ၏ မျက်နှာတွင် အံ့အားသင့်ရိပ်များ ပြည့်နှက်နေသည်။

“မီးတောက်အဖွဲ့က ဖုန်းရှောင်ထျန်း၊ ဆင်ဖြူအဖွဲ့က ဟူယန်ကျိ၊ ဟော့ဝူ...”

ဆံပင်အနက်ရောင် ရှည်ရှည်နှင့် ရွှေဝူသည် လူအုပ်ကို အကဲခတ်လိုက်သည်။ သူမ၏ အကြည့်မှာ အလယ်တွင်ရှိသော ဝတ်ရုံဖြူနှင့် လူငယ်ထံတွင်သာ ရပ်တန့်သွားသည်။

“အဲဒီလူက ဘယ်သူလဲ”

“ဓားဝိုင်လေ”

ရွှေပင်းအာက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ မနေ့က ထျန်းဒိုမြို့သို့ ရောက်ရှိလာစဉ်ကပင် သူမသည် ထျန်းဒို တော်ဝင်အကယ်ဒမီသို့ သွားရောက်ကာ အကယ်ဒမီ လေးခု၏ ဖလှယ်ပွဲအကြောင်း စုံစမ်းခဲ့ပြီး ဖြစ်သည်။ “ဓားဝိုင်” ဟု အမည်ရသော ပါရမီရှင်တစ်ဦးသည် ဖုန်းရှောင်ထျန်းကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ကြောင်း သူမ သိရှိထားသည်။ သို့သော် သူသည် တော်ဝင်တိုက်ပွဲအဖွဲ့၏ အဖွဲ့ဝင် မဟုတ်ကြောင်း ကြားသိရသောအခါ သူမ မယုံကြည်နိုင်ဖြစ်နေမိသည်။

“ဒီ ‘ဓားဝိုင်’ ဆိုတဲ့လူဟာ တော်ဝင်တိုက်ပွဲအဖွဲ့ရဲ့ ဖုံးကွယ်ထားတဲ့ အပြင်းထန်ဆုံး လက်နက်ပဲ ဖြစ်ရမယ်”

ရွှေပင်းအာ၏ မျက်ဝန်းများ လက်သွားကာ သူမ၏ နေအိမ်ဆီသို့ လှည့်ထွက်သွားတော့သည်။ ရွှေယွဲ့အာနှင့် ရွှေဝူတို့လည်း “ဓားဝိုင်” ဟူသော အမည်ကို တီးတိုးရေရွတ်ရင်း နောက်မှ ကပ်လိုက်သွားကြသည်။

“အစ်ကို ကျယ်ရှန်း၊ ဟိုဘက်က မိုးရေအကယ်ဒမီအဖွဲ့ပဲ”

ဖုန်းရှောင်ထျန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“မိုးရေအကယ်ဒမီက မြောက်ဘက်ဒေသမှာ ရှိတာဆိုတော့ သူတို့အကြောင်း ငါတို့ သိပ်မသိရဘူး။ ရွှေပင်းအာ ကျောင်းဝင်ကတည်းက အသင်းခေါင်းဆောင် ဖြစ်ခဲ့တယ်လို့ပဲ ကြားဖူးတယ်။ သူမရဲ့ အစွမ်းကတော့ အတော်လေး ရှိမှာပဲ”

ဟော့ဝူရွှမ်းနှင့် ဟူယန်ကျိတို့ကလည်း ခေါင်းငြိမ့် ထောက်ခံကြသည်။ လီကျယ်ရှန်းကမူ ခပ်ပါးပါး ပြုံးလိုက်၏။ ရေခဲဖီးနစ်ဝိဉာဉ်ပိုင်ရှင်မှာ အားနည်းမည် မဟုတ်သည်မှာ သဘာဝပင်။ သို့သော် ၎င်းမှာ သူနှင့် မဆိုင်ပေ၊ သူသည် ပြိုင်ပွဲဝင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

“ဒါနဲ့ အစ်ကို ကျယ်ရှန်း...” ဟော့ဝူရွှမ်းက ရုတ်တရက် မေးလိုက်သည်။

“ယွီထျန်းဟန်ကော ဘယ်ရောက်နေတာလဲ။ တော်ဝင်တိုက်ပွဲအဖွဲ့က တခြားသူတွေကော။ သူတို့က ဗိုလ်လုပွဲကို တိုက်ရိုက်တက်ခွင့် ရထားပေမဲ့ ဖွင့်ပွဲအခမ်းအနားကိုတော့ လာရမှာလေ”

ထိုစကားကြောင့် လီကျယ်ရှန်း၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးအစုံမှာ အနည်းငယ် တွန့်သွားသည်။ သူ လျှပ်စစ်နဂါးဂိုဏ်းမှ ထွက်လာစဉ်က ဒူဂူယန်က သူတို့ နောက်ထပ် တစ်လခန့် လေ့ကျင့်ရန် လိုအပ်သေးကြောင်း ပြောခဲ့သည်။ ယခု ရက်ချိန်းမှာ ကျော်လွန်သွားပြီ ဖြစ်သည်။ တော်ဝင်တိုက်ပွဲအဖွဲ့ဝင် ခုနစ်ဦးသာမက မိုးကြိုးအဖွဲ့၏ ခေါင်းဆောင် ယွီထျန်းရှင်းပင် ပေါ်မလာသေးချေ။

‘စီနီယာ မိုးကြိုးသုံ့လော်ရှိနေတာပဲ၊ ဘာပြဿနာမှ မရှိလောက်ပါဘူး’ ဟု လီကျယ်ရှန်း စိတ်ထဲမှ တွေးလိုက်ရင်း “လေ့ကျင့်မှု မပြီးသေးလို့နေမှာပါ၊ ပြိုင်ပွဲမစခင်တော့ သူတို့ အရောက်လာကြမှာပါ” ဟု ပြန်ပြောလိုက်သည်။

နေဝင်ရီတရော အချိန်တွင် အသင်းအသီးသီးမှာ မှတ်ပုံတင်ခြင်းနှင့် အစမ်းလေ့ကျင့်ခြင်းများဖြင့် အလုပ်ရှုပ်နေကြသော်လည်း လီကျယ်ရှန်းနှင့် ဖုန်းပုယွီတို့မှာမူ အားလပ်နေကြသည်။ ဆိုင်ထိုင်စားရသည်မှာ ပင်ပန်းလှသဖြင့် သူတို့နှစ်ဦးမှာ လမ်းဘေးဆိုင်လေးတစ်ခုတွင် ရိုးရှင်းစွာ ညစာစားပြီးနောက် အသီးသီး လမ်းခွဲခဲ့ကြသည်။

လီကျယ်ရှန်းသည် သူ၏ တိတ်ဆိတ်သော စံအိမ်လေးသို့ ပြန်လာခဲ့သည်။ သူသည် အနားယူရန် ပြင်ဆင်နေစဉ်မှာပင် တံခါးဝမှ အလွန်တိုးညှင်းသော ခေါက်သံတစ်ခုကို ကြားလိုက်ရသည်။

“တောက်... တောက်...”

သူ ထထိုင်လိုက်ပြီး တံခါးဝသို့ ကြည့်လိုက်ရာ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ တံခါးဖွင့်လိုက်သောအခါ သင်းပျံ့သော ရနံ့တစ်ခုက သူ့ကို ဆီးကြိုလိုက်၏။ ကျူးကျူးချင်းသည် တံခါးဝတွင် ကျော့ရှင်းစွာ ရပ်နေသည်။ သူမသည် ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူနုသော ညှပ်ရိုးလေးများမှာ ပေါ်လွင်နေသည်။ နားသယ်စပ်တွင် ရောင်စုံကျောက်မျက်လေးများ ဆင်မြန်းထားကာ ဆံပင်အနက်ရောင် ရှည်ရှည်များမှာ ရေတံခွန်အလား ဝဲဖြာနေသဖြင့် သူမ၏ လှပသော မျက်နှာလေးမှာ ပို၍ပင် ဆွဲဆောင်မှု ရှိနေတော့သည်။

“လီ... လီကျယ်ရှန်း”

ကျူးကျူးချင်းသည် သူမ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် နားသယ်စပ်မှ ဆံနွယ်လေးကို အမှတ်မဲ့ သပ်လိုက်မိသည်။ သို့သော် သူမ၏ အကြည့်များကိုမူ အောက်သို့သာ နှိမ့်ထားမိ၏။

“ကျူးချင်းကျဲ” လီကျယ်ရှန်းက နွေးထွေးစွာ ပြုံးပြရင်း သူမကို စံအိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

ကျူးကျူးချင်းသည် သူမ ရောက်ဖူးနေကျ စံအိမ်လေးထဲသို့ လှပသော ခြေလှမ်းများဖြင့် ဝင်လာခဲ့သည်။ အရာအားလုံးမှာ သူမ အမြဲတစေ အိပ်မက်မက်နေခဲ့သော မြင်ကွင်းအတိုင်းပင်။ သူမသည် မက်မွန်ပင်အောက်တွင် လီကျယ်ရှန်းနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ ခွဲခွာခဲ့ရသော ခြောက်လအကြာတွင် နှစ်ဦးစလုံးမှာ အနည်းငယ် ရှက်ရွံ့နေကြသည်။

စံအိမ်လေးအတွင်း ဝိုင်ငှဲ့သံမှလွဲ၍ တိတ်ဆိတ်နေ၏။ မက်မွန်ပွင့်ဖတ်လေးများမှာ သူတို့နှစ်ဦးကြားတွင် မိုးပွဲအလား ကြွေကျနေကြသည်။ ကျူးကျူးချင်းသည် သူမ၏ ပါးပြင်များ ပိုမို ပူလောင်လာသည်ကို ခံစားနေရသည်။ ရင်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော စကားလုံးများမှာ ယခုအခါ ရှုပ်ထွေးကုန်ကာ တစ်လုံးမှပင် ပြန်မမှတ်မိတော့ချေ။

“လီကျယ်ရှန်း...”

“ကျူးချင်းကျဲ...”

နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း အချင်းချင်း ခေါ်လိုက်မိကြသည်။ ကြွေကျနေသော ပွင့်ဖတ်များကြားတွင် သူတို့၏ အသံများမှာ ညင်သာစွာ ထိတွေ့သွားကြသည်။ နှစ်ဦးစလုံးမှာ ခေတ္တမျှ ကြောင်သွားကြရသည်။ ကျူးကျူးချင်း၏ ပါးပြင်မှာ နီမြန်းသွားကာ သူမ၏ ဝတ်စုံအနားသတ်ကို လက်ချောင်းလေးများဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

လီကျယ်ရှန်းက လျှပ်စီးအလင်းများ လက်နေသော ဝိုင်တစ်ခွက်ကို သူမဘက်သို့ အသာအယာ တွန်းပေးလိုက်သည်။

“ကျူးချင်းကျဲ၊ ဒါလေး မြည်းကြည့်ဦး။ ဒါက ငါ အသစ်ရထားတဲ့ ဝိုင်ကောင်းလေးပဲ၊ ‘မိုးကြိုးမြေစေး’ လို့ ခေါ်တယ်”

“အင်း... အင်းပါ”

ကျူးကျူးချင်းသည် ဝိုင်ခွက်ကို အသာအယာ မယူကာ တစ်ငုံ သောက်လိုက်သည်။ ထူးခြားသော ဝိုင်ရနံ့နှင့်အတူ စိမ့်တက်သွားသော ခံစားချက်တစ်ခုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

“အရသာရှိလိုက်တာ”

သူမ၏ လှပသော မျက်ဝန်းလေးများ ဝိုင်းသွားကာ ပါးပြင်ပေါ်တွင် ဆွဲဆောင်မှုရှိသော ရှက်သွေးများ ဖြာတက်သွားတော့သည်။

“လီကျယ်ရှန်း၊ နင့်ဆီမှာ အမြဲတမ်း ထူးဆန်းတဲ့ ဝိုင်တွေ ရှိနေတာပဲနော်”

လီကျယ်ရှန်းသည် သူမ၏ မူးယစ်ရိပ်သန်းနေသော အလှကို စိုက်ကြည့်ရင်း

“ကျူးချင်းကျဲ၊ ထျန်းဒိုကို ဘယ်တုန်းက ရောက်တာလဲ။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ဘယ်လိုနေသေးလဲ။”

ဤကဲ့သို့ သာမန် နှုတ်ဆက်စကားများမှာ ကြာရှည်စွာ ခွဲခွာခဲ့ရသူများအတွက် ပိုမို သင့်တော်လှပေသည်။ ဝိုင်ရှိန်ကြောင့်လားမသိ၊ ကျူးကျူးချင်းသည်လည်း စိတ်ကို လျှော့ချလိုက်ကာ လီကျယ်ရှန်းကို အနည်းငယ် မကျေနပ်သလို ကြည့်လိုက်သည်။

“နင်က ပြောထွက်သေးတယ်နော်။ ဘာလို့ ငါ့ဆီ လာမရှာတာလဲ။ ငါက မိန်းကလေးဖြစ်ပြီးတော့ အမြဲတမ်း နင့်ဆီ အရင် လာရှာနေရမှာလား။”

လီကျယ်ရှန်း၏ မျက်ခုံးအစုံတွင် အားနာရိပ် အနည်းငယ် ဖြတ်သန်းသွားသည်။

“ကျူးချင်းကျဲ၊ နင် ဘယ်တော့ ရောက်မလဲဆိုတာ ငါ တကယ် မသိလို့ပါ။ ဒီရက်ပိုင်း မြို့တံခါးဝမှာ စောင့်နေတာက မိတ်ဆွေဟောင်းတွေကို ကြိုဖို့တင်မကဘဲ နင် လာမလားဆိုတာကိုလည်း မျှော်နေခဲ့တာ။ ဒါပေမဲ့...”

သူက ကြည်လင်သော အကြည့်ဖြင့် ဆက်ပြောသည်။

“ငါ နင့်ကို စောင့်‌ေနခဲ့‌ေပမယ့်မတွေ့ခဲ့ဘူး”

ကျူးကျူးချင်း၏ နှလုံးသားမှာ အရည်ပျော်သွားရသည်။ သူမသည် လီကျယ်ရှန်းကို မည်သို့စိတ်ဆိုးရက်ပါမည်နည်း။

“ရပါပြီ၊ ငါ နောက်တာပါ။ တကယ်တော့ ငါ ရောက်တာ နှစ်ရက် ရှိပြီ၊ ဒါပေမဲ့ ကိစ္စအချို့ကြောင့် အခုမှ လာရှာဖြစ်တာ”

သူမသည် လွန်ခဲ့သော နှစ်ရက်က သူမ၏ ရင်ထဲတွင် ဖြစ်ပေါ်ခဲ့သော ဝေခွဲမရမှုများကို ထုတ်မပြောချင်သဖြင့် နှုတ်ခမ်းနီနီလေးကို အသာအယာ ကိုက်ကာ ရဲရဲဝံ့ဝံ့ပင် ပြောလိုက်သည်။

“လီကျယ်ရှန်း... ပြီးခဲ့တဲ့ အခေါက်က ထျန်းဒိုမြို့ကို ငါ သေချာ မလည်ပတ်ခဲ့ရဘူး။ ဒီည ထျန်းဒိုမြို့ရဲ့ ညအလှကို ငါ့ကို လိုက်ပြပေးနိုင်မလား။ ပြီးတော့...”

ကျူးကျူးချင်း၏ အသံမှာ တိုးသွားသည်။

“ငါ့ရဲ့ အစ်မတော်နှစ်ဦးကလည်း နင့်ကို တွေ့ချင်နေကြလို့”

လီကျယ်ရှန်း၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ပြုံးလျက် ရှိနေသည်။

“ကောင်းပါပြီ”

ကျူးကျူးချင်း၏ အစ်မတော်များမှာ မည်သူဖြစ်သည်ကို သူ သိသည်။ သို့သော် နင်ဖုန်းကျစ်ကို သူ ပြောခဲ့သည့်အတိုင်းပင်၊ နင်ရုံရုံကို ပြန်တွေ့ခဲ့လျှင်တောင် သူစိမ်းတစ်ဦးကဲ့သို့သာ ဆက်ဆံမည် ဖြစ်သည်။ မည်သည့် လှောင်ပြောင်သံ၊ မည်သည့် စိတ်လှုပ်ရှားမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။

ကျူးကျူးချင်း၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ လက်သွားသည်။ လီကျယ်ရှန်း ထရပ်လိုက်သည်ကို မြင်သောအခါ သူမသည်လည်း သူမ၏ ဝတ်စုံကို အမြန်ပြင်ကာ သူ၏ ဘေးတွင် လိုက်ပါခဲ့တော့သည်။

လရောင်မှာ ယနေ့ညတွင် အတော်လေး သာယာလှပနေသည်။ လီကျယ်ရှန်းနှင့် ကျူးကျူးချင်းတို့သည် လမ်းမပေါ်တွင် လမ်းလျှောက်ရင်း ခွဲခွာနေခဲ့သော ခြောက်လအတွင်းက အတွေ့အကြုံများကို ပျော်ရွှင်စွာ ပြောဆိုနေကြသည်။ ထိုအချိန်တွင် ကျူကျူချင်း၏ အကြည့်မှာ မြေပြင်ပေါ်မှ ယှဉ်တွဲနေသော သူတို့နှစ်ဦး၏ အရိပ်များပေါ်သို့ အမှတ်မထင် ကျရောက်သွားသည်။

သူမသည် အရိပ်နှစ်ခုကို ကြည့်လိုက်သည်။ အလွန်နီးကပ်နေသော်လည်း အရိပ်နှစ်ခုကြားတွင် သေးငယ်သော မျဉ်းတစ်ကြောင်း ခြားနေဆဲ။ သူမသည် မျက်တောင်လေးများကို ခပ်စိပ်စိပ် ခတ်လိုက်ရင်း၊ စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်တို့ ရောယှက်စွာဖြင့် လီကျယ်ရှန်း၏ ဘေးသို့ တဖြည်းဖြည်း တိုးကပ်လိုက်သည်... အနည်းငယ်... ထပ်ပြီး အနည်းငယ်... သူတို့၏ ပုခုံးနှစ်ခု အသာအယာ ထိတွေ့သွားသည်အထိပင်။

မြေပြင်ပေါ်မှ အရိပ်နှစ်ခုမှာလည်း ချစ်ခင်ရင်းနှီးစွာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။ ကျူးကျူးချင်း၏ မျက်ဝန်းလေးများမှာ လဆန်းပုံသဏ္ဍာန် ကွေးညွှတ်သွားကာ သူမ၏ လှပသော မျက်နှာလေးတွင် ချိုမြိန်သော အပြုံးတစ်ခု ပွင့်လန်းသွားသည်။

“ကျူးချင်းကျဲ၊ ဘာတွေ ပြုံးနေတာလဲ။” လီကျယ်ရှန်းက လက်ထဲမှ မီးအိမ်လေးကို ကိုင်ကာ လှည့်မေးလိုက်သည်။

ကျူးကျူးချင်းက ခေါင်းကို အမြန်ခါလိုက်ပြီး ပါးပြင်လေးများ နီမြန်းနေ၏။ ဤတိတ်ဆိတ်သော ပျော်ရွှင်မှုကို သူမတစ်ဦးတည်းသာ မြတ်မြတ်နိုးနိုး သိမ်းဆည်းထားချင်သောကြောင့် ဖြစ်သည်။

ကျင့်ရှီးတံတားအနီးတွင် ရှီလိုင်ခဲ့အဖွဲ့မှ ရှောင်ဝူသည် သူမ၏ ဆံပင်ကျစ်ဆံမြီးလေးကို ကစားရင်း ဟိုဟိုဒီဒီ ကြည့်နေသည်။ နင်ရုံရုံကမူ ရေထဲသို့ ခဲလုံးလေးတစ်လုံး ပစ်ချလိုက်ရာ ရေထဲမှ ငါးလေးများမှာ အလန့်တကြား ထွက်ပြေးသွားကြသည်။

“ကျူးချင်းနဲ့ သူမရဲ့ ‘ဓားဝိုင်’ က ဘယ်ရောက်နေတာလဲ။ အခုထိ ဘာလို့ မလာကြသေးတာလဲ။”

All Chapters