အခန်း (၁၂၀)
Vol. 12 Ch. 120
လီကျယ်ရှန်းသည် ယဲ့စံအိမ်သို့ နောက်တစ်ကြိမ် ထပ်မလာတော့ဟု တစ်ခါက ပြောခဲ့ဖူးသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ မလာဘဲ မနေနိုင်တော့ပေ။
ဆေးနံ့များ ထုံသင်းနေသော ယဲ့စံအိမ်၏ ဘေးခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကုတင်ပေါ်မှ မြင်ကွင်းကြောင့် လီကျယ်ရှန်း၏ လက်သီးများမှာ ဝတ်ရုံလက်ထဲတွင် တင်းတင်းဆုပ်သွားရသည်။ ဒူဂူယန်၊ ယဲ့လင်းလင်း၊ ယွီထျန်းဟန်... တော်ဝင်တိုက်ပွဲအဖွဲ့ဝင် ခုနစ်ဦးစလုံးမှာ အသက်ငင်နေသည့် အခြေအနေသို့ ရောက်ရှိနေကြသည်။
သူတို့၏ အဝတ်အစားများမှာ သွေးများဖြင့် စိုရွှဲနေပြီး မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖျော့နေကြ၏။ အဆိုးရွားဆုံးမှာ သူတို့အားလုံး၏ လက်မောင်းတစ်ဖက်စီမှာ လူမဆန်သော ပုံသဏ္ဍာန်များဖြင့် လိမ်တွန့်နေခြင်းပင်။ အရိုးစအဖြူများမှာ အသားထဲမှ ဖောက်ထွက်နေကြသည်။
ယဲ့ကတော်သည် သူမ၏ နှလုံးသားကိုးခုပန်းသိုင်းဝိဉာဉ်ကို ဆင့်ခေါ်လိုက်ရာ ကုသခြင်းအလင်းတန်းများ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ထိုအခါမှသာ ခုနစ်ဦးစလုံး၏ ကြောက်မက်ဖွယ် ဒဏ်ရာများမှာ အလျင်အမြန် ပြန်လည်သက်သာလာတော့သည်။
အခန်းတွင်းရှိ လေထုမှာ လေးလံနေ၏။ ဒူဂူဘို နှင့် ယွီယွမ်ကျန့်ဟူသော စစ်မှန်သော ဖုန့်ဟောက်သုံ့လော်နှစ်ဦးမှာ မျက်နှာပျက်လျက် သူတို့၏ မြေးနှင့် တူများကို စိုက်ကြည့်နေကြသည်။ လီကျယ်ရှန်း ရောက်လာသောအခါမှသာ သူတို့၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားကာ ခေါင်းညိတ်နှုတ်ဆက်ကြသည်။
လီကျယ်ရှန်းက အလျင်အမြန် ရှေ့သို့တိုးကာ “အခြေအနေ ဘယ်လိုရှိလဲ” ဟု မေးလိုက်သည်။
ဒူဂူဘိုက ဖြူဖျော့နေသော ဒူဂူယန်ကို အကြည့်မခွာဘဲ အသံဩဩဖြင့် ပြန်ဖြေသည်။
“ယဲ့မိသားစုရဲ့ ‘နှလုံးသားကိုးခုပန်း’ ကြောင့်သာပေါ့။ မဟုတ်ရင် မနက်ဖြန် ဝိဉာဉ်ဆရာပြိုင်ပွဲ ဖွင့်ပွဲမှာ တော်ဝင်တိုက်ပွဲအဖွဲ့က ပြိုင်ဘက်မရှိရင်တောင် ဒီလိုအခြေအနေနဲ့ ပေါ်လာတာဟာ ကြီးမားတဲ့ အရှက်ကွဲမှုပဲ”
သူ၏ မြစိမ်းရောင် မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ဝေစီနေသော်လည်း နောက်ဆုံးတွင် ခါးသီးသော သက်ပြင်းချသံအဖြစ်သာ ပြောင်းလဲသွားသည်။ လောကကြီးက သူ့ကို “အဆိပ်သုံ့ေလာ်” ဟု ကြောက်ရွံ့ကြသော်လည်း၊ တတိုက်လုံးရှိ ထိပ်တန်းအင်အားစုများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော ဝိဉာဉ်နန်းတော်နှင့် ရင်ဆိုင်ရသောအခါ ဒူဂူဘိုမှာ အားကိုးရာမဲ့သည့် ခံစားချက်ကို ပြင်းထန်စွာ ခံစားနေရသည်။
“ဒါက သာမန် မျိုးဆက်သစ်တွေကြားက ပဋိပက္ခ မဟုတ်တော့ဘူး”
ယွီယွမ်ကျန့်၏ ဆံပင်များကြားတွင် လျှပ်စီးအလင်းတန်းအချို့ လက်သွားသည်။ သူ၏ စကားမှာ တည်ငြိမ်နေသော်လည်း မုန်တိုင်းမလာမီ တိတ်ဆိတ်မှုကဲ့သို့ ဖိအားများ ပါဝင်နေသည်။
“ဝိဉာဉ်နန်းတော်က လူငယ်တွေဟာ အထက်က ညွှန်ကြားချက် ရထားပုံရတယ်။ ပြိုင်ပွဲမစခင်မှာ ထျန်းဟန်တို့ ခုနစ်ယောက်ကို ရက်ရက်စက်စက် နှိပ်စက်ပြီး သိက္ခာချဖို့ တမင်လုပ်ခဲ့တာပဲ။ ဝိဉာဉ်နန်းတော်ရဲ့ ရည်မှန်းချက်က ဖုံးကွယ်မထားနိုင်တော့တဲ့အထိ အတင့်ရဲလာပြီလား”
ဒူဂူဘိုနှင့် ယွီယွမ်ကျန့်တို့မှာ ဝိဉာဉ်နန်းတော်က ဘာကြောင့် ဤမျှ ရက်စက်သော နည်းလမ်းကို သုံးရသနည်းဆိုသည်ကို နားမလည်ကြသော်လည်း လီကျယ်ရှန်း၏ ရင်ထဲတွင်မူ ခန့်မှန်းချက်တစ်ခု ရှိနေပြီးသားဖြစ်သည်။
ပြီးခဲ့သည့်အကြိမ် လေဓားဂိုဏ်းမှ ပြန်လာစဉ်က သူသည် ချန်ရန်ရွှယ်နှင့် နီးကပ်လွန်းခဲ့သည်။ ထို့ကြောင့် ဝိဉာဉ်နန်းတော်၏ ပုပ်ရဟန်းမက သူ့ကို လမ်းခုလတ်တွင် လုပ်ကြံရန် အင်အားကြီးသူ ဆယ်ဂဏန်းကျော် လွှတ်ခဲ့သည်။ ချင်းရန်ရွယ်က ပုပ်ရဟန်းမကို ပြန်လည် အာခံခဲ့သည့်အတွက် ပုပ်ရဟန်းမက ချန်ရန်ရွှယ်ကို သတိပေးလိုက်ခြင်းသာ ဖြစ်မည်။ တစ်ချိန်တည်းမှာပင် လီကျယ်ရှန်းကိုလည်း ဝိဉာဉ်နန်းတော်၏ ဖမ်းဝရမ်းမှာ ပြီးဆုံးမသွားသေးကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
လီကျယ်ရှန်းသည် ဘေးရှိ ရွှယ်ချင်းဟော်ကို အမှတ်မဲ့ ကြည့်လိုက်သည်။ ရွှယ်ချင်းဟော်မှာ တည်ငြိမ်နေသော်လည်း သူမ၏ နူးညံ့သော မျက်ဝန်းများအတွင်း၌ အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ဝေစီနေ၏။ ထိုစဉ် အပြင်ဘက်မှ လျင်မြန်သော ခြေသံများကို ကြားလိုက်ရသည်။ ဧည့်ကြိုက ဖုန်းရှောင်ထျန်း၊ ဟူယန်ကျိ၊ ဟော့ဝူရွှမ်းနှင့် ဟော့ဝူ တို့ကို အမြန်ခေါ်ဆောင်လာသည်။ ကုတင်ပေါ်မှ တော်ဝင်တိုက်ပွဲအဖွဲ့ဝင်များ၏ သနားစဖွယ် အခြေအနေကို မြင်သောအခါ သူတို့၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။
“ဝိဉာဉ်နန်းတော်အဖွဲ့က လွန်လွန်းတယ်”
လီကျယ်ရှန်းက မျက်မှောင်ကြုတ်ကာ “နင်တို့ ဒါကို ဘယ်လိုသိတာလဲ” ဟု မေးလိုက်သည်။ သူကိုယ်တိုင်ပင် ရွှယ်ချင်းဟော်ဆီက သတင်းရရချင်း လာခဲ့ခြင်းဖြစ်သည်။
ဟော့ဝူရွှမ်းက ဒေါသတကြီး ပြောသည်။
“တော်ဝင်တိုက်ပွဲအဖွဲ့ရဲ့ ပထမအသင်းဟာ ဝိဉာဉ်နန်းတော် ရွှေရောင်မျိုးဆက် သုံးယောက်ရဲ့ လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းဟာ ထျန်းဒိုမြို့တစ်ခွင်မှာ ပျံ့နှံ့နေပြီ”
ဤစကားကြောင့် လူတိုင်း၏ အမူအရာမှာ နောက်တစ်ကြိမ် ပျက်သွားသည်။ တော်ဝင်တိုက်ပွဲအဖွဲ့ မြို့ထဲပြန်ရောက်တာ ဘယ်လောက်မှ မကြာသေးသော်လည်း သတင်းမှာ တောမီးကဲ့သို့ ပျံ့နေပြီဖြစ်သည်။ ၎င်းမှာ ဝိဉာဉ်နန်းတော်က နောက်ကွယ်မှ သွေးထိုးပေးနေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
ဒူဂူဘိုထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာကာ
“တကယ့်ကို ရက်စက်တဲ့ အစီအစဉ်ပဲ။ ပြိုင်ပွဲတောင် မစသေးဘူး၊ ထျန်းဒိုမြို့က လူတွေဟာ တော်ဝင်တိုက်ပွဲအဖွဲ့ ရှုံးနိမ့်သွားပြီဆိုတာ သိကုန်ကြပြီ။ အဲဒီအခါ လူထုက သူတို့အပေါ် ဘယ်လို ယုံကြည်မှု ရှိတော့မှာလဲ။ သူတို့ ဒဏ်ရာတွေ ပျောက်သွားရင်တောင် ဒီလို စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်က တိုက်ပွဲဝင်စွမ်းရည်ကို လျော့ကျစေမှာပဲ။ ဝိဉာဉ်နန်းတော်ဟာ ထျန်းဒိုအင်ပါယာကို သိက္ခာချဖို့ လုပ်နေတာ”
အခန်းတွင်းရှိ လေထုမှာ အသက်ရှူရကျပ်မတတ် လေးလံနေသည်။ ထိုအချိန်တွင် ယဲ့ကတော်၏ ကုသမှုကြောင့် ပြင်ပဒဏ်ရာများမှာ အတော်လေး သက်သာသွားပြီ ဖြစ်သော်လည်း ဝိဉာဉ်စွမ်းအား ကုန်ခမ်းမှုကြောင့် အားနည်းနေကြဆဲ ဖြစ်သည်။
“အစ်ကို... အစ်ကို ကျယ်ရှန်း...”
ယွီထျန်းဟန်က လေးလံနေသော မျက်ခွံများကို ဖွင့်ကာ လီကျယ်ရှန်းကို ကြည့်လိုက်သည်။ သူ၏ တက်ကြွလှသော မျက်ဝန်းများတွင် ယခုအခါ စိတ်ပျက်အားငယ်ရိပ်များသာ ရှိတော့သည်။
“ငါတို့ အပြင်းအထန် လေ့ကျင့်ခဲ့ကြတာကြောင့် ငါတို့ရဲ့ အစွမ်းတွေ အများကြီး တိုးတက်လာပြီလို့ ထင်ခဲ့တာ။ ဒီပြိုင်ပွဲမှာ အနည်းဆုံး အဆင့်သုံးအတွင်း ဝင်ဖို့ ပြောခဲ့ပေမဲ့ တကယ်တော့ ငါတို့ရဲ့ ရင်ထဲမှာ ချန်ပီယံဖြစ်ဖို့အထိ မျှော်လင့်ခဲ့ကြတာ...”
သူ၏ အသံမှာ ခါးသီးမှုများဖြင့် ပြည့်နှက်ကာ ဩရှရှဖြစ်နေသည်။
“ဒါပေမဲ့ ငါတို့ ရှုံးခဲ့တယ်။ ဝိဉာဉ်နန်းတော် ရွှေရောင်မျိုးဆက် သုံးယောက်နဲ့ ယှဉ်ရင် ငါတို့ဟာ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရှိခဲ့ဘူး။ အစ်ကို ကျယ်ရှန်း...”
ယွီထျန်းဟန်၊ ဒူဂူယန်၊ ယဲ့လင်းလင်းနှင့် ကျန်ခုနစ်ဦးစလုံးမှာ လီကျယ်ရှန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။
“ငါတို့ နင့်ကို အနူးအညွတ် တောင်းပန်ပါတယ်... တော်ဝင်တိုက်ပွဲအဖွဲ့ထဲကို ဝင်ပေးပါ...”
ယဲ့ကတော်၊ ဒူဂူဘိုနှင့် ယွီယွမ်ကျန့်တို့မှာ တိတ်ဆိတ်နေကြသည်။ ၎င်းမှာ မျိုးဆက်သစ်များ၏ ဆုံးဖြတ်ချက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ဖုန်းရှောင်ထျန်းနှင့် ဟော့ဝူရွှမ်းတို့မှာမူ အံ့အားသင့်ကာ လီကျယ်ရှန်းကို ကြည့်နေကြသည်။ လီကျယ်ရှန်းက တော်ဝင်တိုက်ပွဲအဖွဲ့ထဲကို မဝင်ရသေးဘူးလား။ သူက ဒီလို ကြီးကျယ်တဲ့ ပြိုင်ပွဲကြီးကို လွဲချော်မှာလား။
“အစ်ကို ကျယ်ရှန်း၊ နင်က...” ဖုန်းရှောင်ထျန်းက စကားပြောရန် ပြင်လိုက်သော်လည်း လီကျယ်ရှန်းက လက်မြှောက်ကာ တားလိုက်သည်။
“နင်တို့ အနားယူပြီး ပြန်လည် နာလန်ထူအောင် လုပ်ကြပါ။ မနက်ဖြန် ပြိုင်ပွဲဖွင့်ပွဲကိုတော့ အရောက်လာခဲ့ဖို့ မမေ့နဲ့”
ပြောပြီးသည်နှင့် သူသည် ရွှယ်ချင်းဟော်နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ သူ၏ နောက်ကွယ်တွင် မကျေနပ်မှု၊ စိတ်ပျက်မှုနှင့် မျှော်လင့်ချက်ရိပ်များ ရောယှက်နေသော အကြည့်များ ကျန်ရစ်ခဲ့သည်။
အပြန်လမ်းတွင် ရွှယ်ချင်းဟော်သည် တိတ်ဆိတ်စွာ ခေါင်းငုံ့လာသည်။ လီကျယ်ရှန်းကလည်း ဘာမှ မပြောပေ။ လမ်းမများပေါ်တွင် သာမန်လူထု၏ ဆွေးနွေးပြောဆိုသံများကို အတိုင်းသား ကြားနေရသည်။
“ဝိဉာဉ်နန်းတော်က တကယ်ကို ကြောက်စရာကောင်းတာပဲ”
“ရှက်စရာကြီး၊ တော်ဝင်တိုက်ပွဲအဖွဲ့က အတော်လေး အစွမ်းထက်မယ် ထင်ခဲ့တာ၊ ပြိုင်ပွဲတောင် မစသေးဘူး ထမ်းစင်နဲ့ ပြန်သယ်လာရတယ်”
“ကြားလိုက်လား၊ ဝိဉာဉ်နန်းတော်က သုံးယောက်တည်း လွှတ်တာကို တော်ဝင်တိုက်ပွဲအဖွဲ့ တစ်ဖွဲ့လုံး ဒုက္ခိတဖြစ်သွားတာတဲ့”
“ကွာခြားချက်က ကြီးလွန်းတယ်။ ‘ဓားဝိုင်’ သာ ဝင်ပြိုင်ရင် အနိုင်ရနိုင်ပါ့မလား”
ကြာပန်းကန်ပေါင်သို့ ရောက်သောအခါ လီကျယ်ရှန်းက မေးလိုက်သည်။
“တော်ဝင်တိုက်ပွဲအဖွဲ့ ဒဏ်ရာရတာက နင့်အပေါ် သက်ရောက်မှု ရှိမလား”
ရွှယ်ချင်းဟော်က ခပ်ပါးပါး ပြုံးလိုက်ကာ
“ဝိဉာဉ်ဆရာပြိုင်ပွဲ ဆိုတာက အပိုရတဲ့ ဂုဏ်ဒြပ်တစ်ခုပါပဲ။ ဒီအောင်မြင်မှု မရှိရင်တောင် ဘယ်သူမှ ငါ့ရဲ့ အိမ်ရှေ့စံမင်းသား နေရာကို လာမလှုပ်ခါနိုင်ပါဘူး”
သူမ၏ စကားမှာ ခိုင်မာလှသည်။ ထျန်းဒို တော်ဝင်မိသားစုတွင် သူမ၏ နေရာကို ခြိမ်းခြောက်နိုင်သူ မရှိပေ။ သို့သော်လည်း လက်ရှိတွင် သူမကို အမျက်ထွက်စေသည့်အရာမှာ ထိုအမျိုးသမီး (ပုပ်ရဟန်းမ) ၏ သတိပေးမှုပင် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအမျိုးသမီးသည် လီကျယ်ရှန်းကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဤသို့ တွေးမိသည်နှင့် ရွှယ်ချင်းဟော်၏ ရင်ထဲတွင် ဒေါသများ မထိန်းနိုင်အောင် ပေါက်ကွဲလာသည်။
မနက်ဖြန်တွင် ပြိုင်ပွဲ စတင်တော့မည် ဖြစ်သည်။
နေ့လယ်စာ စားပြီးနောက် ရွှယ်ချင်းဟော်မှာ နန်းတွင်းကိစ္စများ ကိုင်တွယ်ရန် နန်းတော်သို့ ပြန်သွားသည်။ လီကျယ်ရှန်းမှာမူ သူ၏ စံအိမ်လေးသို့ တစ်ဦးတည်း ပြန်လာခဲ့သည်။
စံအိမ်တံခါးကို တွန်းဖွင့်လိုက်သောအခါ မက်မွန်ပင်အောက်ရှိ အရာတစ်ခုက သူ၏ အာရုံကို ဆွဲဆောင်သွားသည်။ ၎င်းမှာ သေသေသပ်သပ် ခေါက်ထားသော အဖြူနှင့် ရွှေရောင်စပ်ထားသည့် တော်ဝင်တိုက်ပွဲအဖွဲ့၏ ဝတ်စုံ ဖြစ်သည်။ ထိုဝတ်စုံ၏ ရင်ဘတ်နေရာတွင် သရဖူပုံစံ တံဆိပ်တစ်ခုမှာ တောက်ပနေ၏။ ၎င်းမှာ တော်ဝင်တိုက်ပွဲအဖွဲ့၏ အသင်းခေါင်းဆောင် ဝတ်စုံပင် ဖြစ်သည်။ လီကျယ်ရှန်းသည် စားပွဲဆီသို့ လျှောက်သွားကာ ထိုသရဖူတံဆိပ်လေးကို လက်ချောင်းလေးများဖြင့် အသာအယာ ထိတွေ့လိုက်သည်။
နောက်တစ်နေ့တွင် တိုက်ကြီးတစ်ခုလုံးဆိုင်ရာ အထက်တန်းလွှာ ဝိဉာဉ်ဆရာပြိုင်ပွဲ၏ ထျန်းဒိုအင်ပါယာ ခြေစစ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ထျန်းဒိုဝိဉာဉ်တိုက်ပွဲကွင်းကြီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။
လက်မှတ်များမှာ လွန်ခဲ့သော တစ်လကတည်းက ရောင်းကုန်ခဲ့ပြီး ဖြစ်သည်။ မိုးလင်းစမှာပင် ကွင်းကြီး၏ အပြင်ဘက်တွင် လူသောင်းချီ၍ တိုးဝှေ့နေကြသည်။ လူတိုင်းမှာ ပါရမီရှင် လူငယ်ဝိဉာဉ်ဆရာများကို အနီးကပ် မြင်တွေ့နိုင်ရန် မျှော်လင့်နေကြသည်။
စောင့်ဆိုင်းခန်းအတွင်း၌ တော်ဝင်တိုက်ပွဲအဖွဲ့၊ လေနတ်ဘုရားအကယ်ဒမီ၊ မီးတောက်အကယ်ဒမီနှင့် ဆင်ဖြူအကယ်ဒမီ တို့မှ အဖွဲ့ဝင်များမှာ လွတ်နေသော ဝင်ပေါက်ဆီသို့ မကြာခဏ လှမ်းကြည့်နေမိကြသည်။
သူတို့၏ မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွား၏။ ထိုရင်းနှီးနေသော ပုံရိပ်မှာ ယခုအချိန်အထိ ပေါ်မလာသေးချေ။