← Chapters

အခန်း (၁၂၂)

Vol. 13 Ch. 122

အခန်း (၁၂၂)

Vol. 13 Ch. 122

လီကျယ်ရှန်း ဦးဆောင်သော တော်ဝင်တိုက်ပွဲအဖွဲ့ကွင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ကွင်းလုံးရှိ ပရိသတ်များ၏ ဟစ်ကြွေးသံများမှာ မိုးထိမတတ် ဟိန်းထွက်သွားတော့သည်။

ပြိုင်ပွဲမစမီကပင် ဝိဉာဉ်နန်းတော်အဖွဲ့ထံ၌ တော်ဝင်တိုက်ပွဲအဖွဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်ကို ထျန်းဒိုမြို့သားများက ဒေါသတကြီး ဆဲဆိုခဲ့ကြသော်လည်း ယခုကဲ့သို့ ကိုယ်စားပြုအသင်းအဖြစ် ထွက်ပေါ်လာချိန်တွင်မူ သူတို့၏ ဂုဏ်သိက္ခာအတွက် အားပေးကြရပြန်သည်။

သို့သော် ဝတ်ရုံဖြူနှင့် လူငယ်လေးကို မြင်လိုက်ရသောအခါ ပရိသတ်များမှာ အံ့အားသင့်သွားကြ၏။

“တော်ဝင်တိုက်ပွဲအဖွဲ့ရဲ့ ခေါင်းဆောင်က ယွီထျန်းဟန် မဟုတ်ဘူးလား၊ ဒီလူက ဘယ်သူလဲ”

“ဝတ်ရုံဖြူနဲ့... ကိုယ်ဟန်ကလည်း ဓားတစ်လက်လို မတ်နေတာပဲ။ ယွီထျန်းဟန်ရဲ့ ခေါင်းဆောင်နေရာကိုတောင် အစားထိုးလိုက်တာလား...”

“ဟား…ဓားဝိုင်ပဲ၊ ငါတို့ တော်ဝင်တိုက်ပွဲကွင်းရဲ့ ဓားဝိုင်ပဲ”

“ဓားဝိုင်က ဒီလိုပုံစံလား၊ တကယ့်ကို ခန့်ညားတဲ့ လူငယ်လေးပဲ”

“ဓားဝိုင်က ဝိဉာဉ်နန်းတော်အဖွဲ့ကို အနိုင်ယူနိုင်ပါ့မလား”

“ခက်တော့ ခက်လိမ့်မယ်၊ ဒါပေမဲ့ မျှော်လင့်ချက်တော့ ရှိတာပေါ့”

ကွင်း၏ ဝေးလံသော ထောင့်တစ်နေရာတွင် ပုံပြောဆရာအိုကြီးမှာ မျက်လုံးများ ဝိုင်းစက်သွားကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသော လက်ချောင်းများဖြင့် လီကျယ်ရှန်းကို ညွှန်ပြနေသည်။

“သခင်လေး ဓားဝိုင်... သခင်လေး ဓားဝိုင်...”

ဘေးမှ လူတစ်ယောက်က စနောက်လိုက်သည်။

“အဘိုးကြီးရာ၊ ခင်ဗျား ဓားဝိုင်အကြောင်း ပုံပြောလာတာ တစ်နှစ်ကျော်ပြီ။ ဒီနေ့တော့ လူစစ်စစ်ကို မြင်ရပြီပေါ့”

ပုံပြောဆရာအိုကြီးမှာ မျက်ရည်ဝဲလျက် ခေါင်းကို တရစပ် ငြိမ့်နေမိသည်။

“ဟုတ်တယ်၊ ဟုတ်တယ်”

“ငါ အမြဲတမ်း သိချင်နေခဲ့တာ... ငါ့ရဲ့ ပုံပြောစင်ပေါ်မှာ ဘာလို့ ရွှေဒင်္ဂါးတွေ ခဏခဏ ရောက်လာနေသလဲဆိုတာ။ ဒါတွေအားလုံးက သခင်လေး ဓားဝိုင်ရဲ့ ဆုလာဘ်တွေ ဖြစ်နေတာပဲ”

“သခင်လေး ဓားဝိုင်က ငါ့ကို အသိအမှတ်ပြုခဲ့တာပဲ”

မိမိ သီကုံးပြောဆိုခဲ့ရသော ပါရမီရှင် လူငယ်မှာ မိမိရှေ့သို့ အမှန်တကယ် ရောက်ရှိလာရုံသာမက မိမိကို ဆုလာဘ်များပင် ပေးကမ်းခဲ့သည်ဟူသော အသိက အဘိုးကြီးအား အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်စေသည်။ သူ သတိရသွားသည်။ အရက်ဆိုင်၏ မျက်စောင်းထိုးရှိ ခေါက်ဆွဲဆိုင်လေးသို့ သူငယ်ချင်းအနည်းငယ်နှင့် အမြဲလာတတ်သော လူငယ်လေးမှာ အခြားသူမဟုတ်ဘဲ သူ၏ ပုံပြင်ထဲမှ ဇာတ်လိုက်ကျော် သခင်လေး ဓားဝိုင်ပင် ဖြစ်တော့သည်။

“အိမ်ရှေ့စံမင်းသားက ဒီလောက် ယုံကြည်မှု ရှိနေတာဆိုတော့ ဒီ ‘ဓားဝိုင်’ အပေါ်မှာပဲ မျှော်လင့်ချက် ထားပုံရတယ်” ပလက်တီနမ် ဘုန်းတော်ကြီး ဆားလပ်စ်က မချိပြုံးဖြင့် ပြောလိုက်သည်။

ရွှယ်ချင်းဟော်က တည်ငြိမ်စွာ ခေါင်းညိတ်ပြကာ

“ဓားဝိုင်သာ တော်ဝင်တိုက်ပွဲအဖွဲ့ထဲ ပါလာရင်တော့ ငါတို့ ဘယ်ပြိုင်ဘက်ကိုမှ ကြောက်စရာ မလိုတော့ဘူး”

ဆားလပ်စ်၏ မာန်ထောင်နေသော မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

“အိမ်ရှေ့စံမင်းသားရဲ့ စကားတွေက သံသယဖြစ်စရာတောင် မရှိဘူးပဲ”

ရွှယ်ချင်းဟော်၏ ထုံးစံအတိုင်း နှိမ့်ချတတ်သော အမူအရာနှင့် ကွဲလွဲနေသည့် ဤပြတ်သားသော စကားလုံးများကြောင့် ရွှယ်ယဲ့ဧကရာဇ်ပင် အံ့သြသွားရသည်။ သူ ဓားဝိုင်ကို မှတ်မိသည်။ အကယ်ဒမီ လေးခု ဖလှယ်ပွဲတုန်းက တော်ဝင်အကယ်ဒမီ၏ သိက္ခာကို ဆယ်တင်ပေးခဲ့သူမှာ ဤဓားဝိုင်ပင် မဟုတ်ပါလော။

“ချင်းဟော်က ဓားဝိုင်ကို ဒီလောက် အထင်ကြီးနေမှတော့ ငါလည်း စောင့်ကြည့်ရမှာပေါ့”

ဧကရာဇ်က ရယ်မောရင်း ဆက်ပြောသည်။

“နှမြောစရာကောင်းတာက ဗိုလ်လုပွဲက ဝိဉာဉ်မြို့တော်မှာ ကျင်းပမှာဆိုတော့ ဒီလူငယ်လေးရဲ့ စွမ်းဆောင်ရည်ကို ငါကိုယ်တိုင် မြင်တွေ့ခွင့် ရမှာမဟုတ်ဘူး”

ဆားလပ်စ်သည် ရွှယ်ချင်းဟော်ထံမှ ဘာမှ မသိရသဖြင့် နင်ဖုန်းကျစ်ဘက်သို့ လှည့်ကာ

“ဂိုဏ်းချုပ်နင် ရောဘယ်အသင်းကို အားပေးမလဲ” ဟု မေးလိုက်သည်။

နင်ဖုန်းကျစ်က ညင်သာစွာ ပြုံးလိုက်ပြီး

“ကျွန်တော့်အမြင်ကလည်း အိမ်ရှေ့စံမင်းသားနဲ့ အတူတူပါပဲ။ တော်ဝင်တိုက်ပွဲအဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အလွန် အစွမ်းထက်ပါတယ်။ ဒါ့အပြင် နောက်ထပ် အလားအလာရှိတဲ့ အသင်းတစ်သင်းလည်း ရှိသေးတယ်...”

“ဪ...” ဧကရာဇ်နှင့် ဆားလပ်စ်တို့က နင်ဖုန်းကျစ်ကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

“ရှီလိုင်ခဲ့အကယ်ဒမီက ‘နတ်ဆိုး ခုနစ်ယောက်’ ပါပဲ။ ကျွန်တော့်ရဲ့ ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်းက သူတို့နဲ့ အဆက်အသွယ် ရှိခဲ့ဖူးပြီး သူတို့ရဲ့ အစွမ်းက အတော်လေး အထင်ကြီးစရာ ကောင်းတယ်”

မိမိ၏ သမီးဖြစ်သူ နင်ရုံရုံ ရှိနေသော အသင်းဖြစ်သဖြင့် ဖခင်တစ်ဦးအနေဖြင့် သူ အမြဲ စောင့်ကြည့်နေခဲ့သည်။ ထို့အပြင် ထန်စန်း ဆိုသော လူငယ်နှင့်လည်း လက်နက်ပုန်းများအတွက် ကုန်သွယ်မှု ပြုလုပ်ထားသေးသည်။

‘ထန်စန်း... သူနဲ့ ကျယ်ရှန်း... ဘယ်သူက ပိုအစွမ်းထက်မလဲ’ ဟု နင်ဖုန်းကျစ် တွေးနေမိသည်။ သူ ဓားနတ်ဘုရား ချန်ရှင်းကို မေးဖူးသော်လည်း ချိန်ရှင်းက “ဖုန်းကျစ်... မင်း ဓားအကြောင်းကိုလည်း နားမလည်ဘူး၊ ကျယ်ရှန်းရဲ့ ဓားသိုင်းပါရမီကိုလည်း နားမလည်ဘူး” ဟု အလေးအနက် ပြန်ပြောခဲ့ဖူးသည်။

ဧကရာဇ်က ရယ်မောရင်း

“ပြောရဦးမယ်၊ ဖုန်းကျစ်ရဲ့ သမီးလေးကလည်း အဲဒီအကယ်ဒမီမှာ ရှိတယ် မဟုတ်လား၊ တကယ်ကို စောင့်ကြည့်ရမယ့် အဖွဲ့ပဲ”

ရွှယ်ချင်းဟော်က လက်ဖက်ရည် သောက်နေသော နင်ဖုန်းကျစ်ကို တစ်ချက် ကြည့်လိုက်သည်။ နင်ဖုန်းကျစ်သည် ရှီလိုင်ခဲ့အဖွဲ့ကို လီကျယ်ရှန်းနှင့် နှိုင်းယှဉ်နေခြင်းဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်သည်။

‘ဟက်...’ ရွှယ်ချင်းဟော်က ရင်ထဲတွင် လှောင်ပြုံးပြုံးလိုက်သည်။

သူမ၏ အမြင်အရ ရှိလိုင်ခဲ့ ခုနစ်ယောက်လုံးကို ပေါင်းလိုက်လျှင်ပင် လီကျယ်ရှန်း၏ ဓားချက်အောက်မှ လွင့်စင်လာမည့် မက်မွန်ပွင့်ဖတ်လေး တစ်ဖတ်ကိုပင် ယှဉ်နိုင်မည် မဟုတ်ချေ။

အသင်းများမှာ တစ်ခုပြီးတစ်ခု တက်ကြွစွာ ဝင်ရောက်လာကြရာ ကွင်းအတွင်းရှိ လေထုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ သို့သော် အိမ်ရှင်အသင်းဖြစ်ခြင်း၊ ‘ဓားဝိုင်’ ၏ အရှိန်အဝါ ပါဝင်နေခြင်းတို့ကြောင့် တော်ဝင်တိုက်ပွဲအဖွဲ့မှာ တစ်ကွင်းလုံးတွင် အတောက်ပဆုံးသော ဗဟိုချက် ဖြစ်နေတော့သည်။

ထျန်းဒိုမြို့ ခြေစစ်ပွဲဇုန်တွင် တော်ဝင်တိုက်ပွဲအဖွဲ့၏ ပထမအသင်းမှာ ဗိုလ်လုပွဲသို့ တိုက်ရိုက် တက်လှမ်းခွင့် ရရှိထားသဖြင့် အခြားအသင်း ၂၈ သင်းမှာ ခြေစစ်ပွဲ ၅ နေရာအတွက် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ပြိုင်ပွဲပုံစံမှာ ၂၈ သင်းစလုံး တစ်သင်းနှင့်တစ်သင်း ပတ်လည်စနစ်ဖြင့် ၂၇ ရက်ကြာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံး ထိပ်တန်း ၅ သင်းက နောက်ဆုံးအဆင့်သို့ တက်လှမ်းခွင့် ရမည်ဖြစ်သည်။

ယနေ့ ဖွင့်ပွဲတွင် ပွဲစဉ်တစ်ပွဲသာ ရှိသည်။ ဆားလပ်စ်က မဲနှိုက်ရွေးချယ်လိုက်သောအခါ တစ်ကွင်းလုံးရှိ လူများမှာ မှင်တက်သွားကြရ၏။

“ပထမအဆင့် ပွဲစဉ် (၁) - ရှီလိုင်ခဲ့ အကယ်ဒမီအသင်း နှင့် တော်ဝင်တိုက်ပွဲအဖွဲ့၏ ဒုတိယအသင်း”

“ဟင်”

ဒူဂူယန်၊ ယဲ့လင်းလင်းနှင့် ယွီထျန်းဟန် တို့မှာ အံ့အားသင့်သွားကြသည်။ ရှီလိုင်ခဲ့အဖွဲ့မှာ သူတို့၏ ပြိုင်ဘက်ဟောင်း ဖြစ်သည်။ လီကျယ်ရှန်းနှင့် ပဋိပက္ခများကို ထည့်မတွက်လျှင်ပင် သူတို့၏ ပထမအသင်းမှာ ရှီလိုင်ခဲ့ထံ၌ ရှုံးနိမ့်ခဲ့ဖူးသည်။

“ရှီလိုင်ခဲ့ နတ်ဆိုး ခုနစ်ဖော်...” ယွီထျန်းဟန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

“သူတို့ အခု ဘယ်လောက်အထိ အစွမ်းထက်လာပြီလဲ ကြည့်ရအောင်”

သူတို့၏ ဒုတိယအသင်းမှာလည်း အစွမ်းမညံ့လှသဖြင့် ရှီလိုင်ခဲ့အဖွဲ့၏ အစွမ်းအစစ်ကို စမ်းသပ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်နေသည်။

လီကျယ်ရှန်းမှာမူ စင်မြင့်ပေါ်သို့ တက်လာသော အသင်းနှစ်သင်းကို စိတ်ဝင်တစား ကြည့်နေသည်။ သူ သိချင်နေသည်မှာ မာဟုန်ကျွင်း မပါဘဲ၊ နတ်ဘုရားဆေးမြက်များကိုလည်း စားသုံးခွင့် မရရှိခဲ့သော ရှီလိုင်ခဲ့ ခုနစ်ယောက်မှာ ယခုအခါ မည်မျှအထိ အစွမ်းရှိနေဦးမည်နည်း ဆိုသည်ကိုပင်။

အမြင့် ၁၀ မီတာကျော်၊ အကျယ် မီတာ ၁၀၀၀ ရှိသော စင်မြင့်ပေါ်တွင် ရှီလိုင်ခဲ့အဖွဲ့နှင့် တော်ဝင်ဒုတိယအသင်းတို့ ရင်ဆိုင်ရပ်လိုက်ကြသည်။ သူတို့၏ အကျည်းတန်သော ဝတ်စုံကို ပရိသတ်များက လှောင်ပြောင်နေကြသဖြင့် အော်စကာက မချိပြုံးပြုံးရင်း “ငါတို့က အရှက်ခွဲခံဖို့ လာတာလား မသိဘူး” ဟု ညည်းတွားလိုက်သည်။

တိုက်မုပိုင်က သူ၏ လက်ချောင်းများကို ချိုးလိုက်ရာ ‘ဂျွတ်... ဂျွတ်’ ဟု အသံများ မြည်သွားသည်။

“ဒီနေ့ ဒုတိယအသင်းကို အရင်ရှင်းမယ်။ ပြီးရင် ပထမအသင်းကိုပါ အပြတ်ရှင်းပြပစ်မယ်”

ထန်စန်းက ပြိုင်ဘက်များကို အကဲခတ်ရင်း အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

“ပုံမှန်အတိုင်း လေ့ကျင့်ထားတဲ့ လူအင်အားနဲ့ နေရာယူကြ။ သူငယ်ချင်းတို့... ဒါဟာ ဝိဉာဉ်ဆရာပြိုင်ပွဲမှာ ရှီလိုင်ခဲ့ရဲ့ ပထမဆုံး တိုက်ပွဲပဲ၊ ငါတို့ တစ်မိနစ်အတွင်းမှာပဲ အမြန်ဆုံး အနိုင်ယူကြမယ်”

“နားလည်ပါပြီ”

ကျူးကျူးချင်း၏ အကြည့်မှာမူ စင်မြင့်ကို ကျော်ဖြတ်၍ အောက်ရှိ အဖွဲ့ဝင်များ စုဝေးရာ နေရာဆီသို့ တန်းတန်းမတ်မတ် ကျရောက်နေသည်။ သူမ၏ ပါးပြင်လေးမှာ အနည်းငယ် မော့တက်နေကာ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရိပ်များ လက်နေ၏။ သူမအတွက် ဤပြိုင်ပွဲမှာ ရှုံးနိမ့်ခြင်း၊ အနိုင်ရခြင်းသက်သက် မဟုတ်ပေ။ နှစ်နှစ်တိုင်တိုင် သူမ အနားမယူဘဲ ကြိုးစားခဲ့ရသည့် အကြောင်းရင်းမှာ ထိုဓားကိုင်စွဲထားသော ပုံရိပ်လေးအား “ကျူးချင်းက နင်နဲ့ ရင်ဘောင်တန်းပြီး ရပ်တည်ချင်တယ်” ဟု ပြောနိုင်ရန်အတွက်ပင် ဖြစ်သည်။

နင်ရုံရုံမှာမူ သူမ၏ လက်ဖဝါးပေါ်တွင် အရောင်စုံ အလင်းတန်းများ ဝေစီလာသည်။ သူမသည် ကျူးကျူးချင်း ကြည့်နေသော ဘက်သို့ အသာအယာ လှမ်းကြည့်လိုက်ရင်း သူမ၏ နှုတ်ခမ်းနီနီလေးကို တင်းတင်းကိုက်လိုက်မိသည်။

‘အစ်ကိုကျယ်ရှန်း... နင့်ကို ငါပြမယ်။ ဘုံ၇ဆင့်ပြသာဒ်ရဲ့ စွမ်းအားကို ကြည့်ထားလိုက်’

All Chapters