အခန်း (၁၂၄)
Vol. 13 Ch. 124
လီကျယ်ရှန်းနှင့် ထန်စန်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ရုတ်ချည်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အခြားသူများ သတိပင်မထားမိခင်မှာပင် အဆုံးစွန်သော ထက်မြက်မှုအရှိန်အဝါများ ပြည့်နှက်နေသည့် ပွင့်လင်းမြင်သာသော လေဓားများသည် ထန်စန်း၏ မျက်ဝန်းမှ ထွက်ပေါ်လာသော ခရမ်းရောင်အလင်းတန်းများနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားတော့သည်။
“ရှဲ---“
ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရောင် အလင်းတန်းများသည် လေဓားများ၏ ခုတ်ဖြတ်မှုအောက်တွင် တောက်လောင်နေသော မီးလျှံနှင့်တွေ့သည့် နှင်းပွင့်များပမာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး ခရမ်းရောင် မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့သည်။ သို့သော် လေဓားများ၏ အရှိန်မှာ လျော့ပါးမသွားဘဲ ပို၍ပင် မြန်ဆန်လာကာ ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံများနှင့်အတူ ရှေ့သို့ တိုးဝင်သွားသည်။
ထန်စန်း၏ မျက်ဆန်များမှာ ကျဉ်းမြောင်းသွားပြီး ရှောင်တိမ်းရန် စဉ်းစားလိုက်သော်လည်း လေဓားများသည် သူ၏ မျက်ဝန်းများကို ထိုးဖောက်ပြီးဖြစ်နေပြီ။
“အား---“
ထန်စန်းသည် မိမိကိုယ်ကိုယ် စိတ်ဓာတ်ကြံ့ခိုင်သူဟု ဂုဏ်ယူထားသော်လည်း အနှိုင်းမဲ့ထက်မြက်သည့် လေဓားများက မျက်ဝန်းကို ထိုးစိုက်လိုက်သောအခါ ရရှိလာသည့် နာကျင်မှုမှာ ဓားနှင့်မွှန်းနေသကဲ့သို့ ပြင်းထန်လွန်းလှသဖြင့် သူ၏ စိတ်ဓာတ်မှာ ပြိုလဲသွားရသည်။ အက်ရှသော နာကျင်သံကြီးမှာ သူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာတော့သည်။ ထန်စန်းသည် မျက်လုံးများကို တင်းတင်းပိတ်ထားသော်လည်း ဖြူဖျော့နေသော မျက်နှာပေါ်၌ မျက်လုံးထောင့်များမှတစ်ဆင့် ခရမ်းရောင်ရောယှက်နေသော သွေးနီရောင်များ စီးကျလာသည်။
ဤသည်မှာ မပြီးသေးပေ။ ဓားချီ၏ နောက်ဆက်တွဲ ဂယက်များကြောင့် သူ၏ အဝါစိမ်းရောင် ဝတ်စုံမှာလည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရသလို စင်မြင့်ကြမ်းပြင်ပေါ်တွင်လည်း ဓားချက်ရာ ဒါဇင်နှင့်ချီ၍ ထင်ကျန်ရစ်ခဲ့သည်။
“ဖူး---”
ထန်စန်းသည် နောက်သို့ အနည်းငယ် ယိုင်သွားပြီးနောက် မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်လျက် လဲကျသွားသည်။ သူသည် လက်နှစ်ဖက်ဖြင့် မျက်လုံးများကို အုပ်ထားသော်လည်း လက်ချောင်းများကြားမှ သွေးနီနီများက စိမ့်ထွက်နေဆဲပင်။
“တတိယအစ်ကို”
“ရှောင်စန်း”
ရှောင်ဝူ၊ တိုက်မုပိုင်နှင့် အော်စကာတို့၏ အော်ဟစ်သံများ တစ်ပြိုင်နက် ထွက်ပေါ်လာပြီး ထန်ဆန်းအနားသို့ ပျာပျာသလဲ ပြေးလာကြသည်။ ရှောင်ဝူမှာ ထန်စန်း၏ လက်ကြားမှ စီးကျနေသော သွေးများကို ကြည့်ကာ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး ငိုသံပါကြီးဖြင့်
“တတိယအစ်ကို... နင့်မျက်လုံးတွေ... မျက်လုံးတွေ...”
ဆူညံနေသော ကွင်းကြီးမှာ ခဏချင်းမှာပင် သေမင်းတမျှ တိတ်ဆိတ်သွားသည်။ ကွင်းအထက်တွင် ချိတ်ဆွဲထားသော ဝိဉာဉ်လမ်းညွှန် မျက်နှာပြင်ကြီးမှတစ်ဆင့် ပရိသတ်အားလုံးသည် ဒူးထောက်လဲကျကာ သွေးချင်းချင်းနီနေသော ထန်စန်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ဘာဖြစ်သွားတာလဲ။ ခုနတင်ပဲ ရန်သူငါးယောက်ကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြခဲ့တဲ့ ပါရမီရှင် ဝိဉာဉ်ဆရာလေးက ဘာလို့ ဒီလောက် သနားစရာကောင်းတဲ့ အခြေအနေကို ရောက်သွားရတာလဲ။
“ဓားဝိုင်”
ထိုစဉ် တိုက်မုပိုင်၏ ဝိဉာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ရွှေရောင်ဆံပင်များမှာ လေမတိုက်ဘဲ ဝှေ့ယမ်းလာသည်။ သူသည် သတ်ဖြတ်လိုစိတ်များဖြင့် လှည့်ကြည့်လိုက်ပြီး အောက်ရှိ ဝတ်ရုံဖြူနှင့် လူငယ်ကို စိုက်ကြည့်ကာ “ေချာင်းေြမာင်းတိုက်ခိုက်တာပဲ။ ယုတ်မာလိုက်တာ။” ဟု အော်ဟစ်လိုက်သည်။
တိုက်မုပိုင်၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ တစ်ကွင်းလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ ပရိသတ်များမှာ မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် မျက်လုံးအစုံ ဝိုင်းစက်ကုန်ကြ၏။
ဓားဝိုင်၊ ဓားဝိုင်က တိုက်ခိုက်လိုက်တာလား။ ရှီလိုင်ခဲ့အဖွဲ့ရဲ့ ပါရမီရှင်ကို အပြတ်အသတ် အနိုင်ယူလိုက်တာလား။
“ဘုရားရေ၊ ဓားဝိုင်က တကယ်ကို အစွမ်းထက်တာပဲ”
“သူ ဘယ်လိုတိုက်ခိုက်လိုက်လဲဆိုတာတောင် ငါမမြင်လိုက်ဘူး၊ ရှီလိုင်ခဲ့က ပါရမီရှင်တော့ ရှုံးသွားပြီ”
“ဒါမှ ငါတို့ရဲ့ ဓားဝိုင်ကွ၊ ဓားဝိုင်က ဝိဉာဉ်နန်းတော်အဖွဲ့နဲ့ ယှဉ်နိုင်မှာ အသေအချာပဲ”
VIP စင်မြင့်ပေါ်တွင် ရွှယ်ယဲ့ဧကရာဇ်နှင့် ဆားလပ်စ်တို့မှာ ကိုယ်ကို မတ်လိုက်ကြပြီး ဝတ်ရုံဖြူနှင့် လူငယ်ကို အာရုံစိုက်လိုက်ကြသည်။ အကယ်၍ ရှီလိုင်ခဲ့အဖွဲ့သည် သူတို့၏ စိတ်ဝင်စားမှုကို အနည်းငယ် ရရှိခဲ့သည်ဆိုလျှင် ယခု ဓားဝိုင်၏ တစ်ခဏအတွင်း အနိုင်ယူမှုမှာ သူတို့ကို တုန်လှုပ်သွားစေခဲ့ပြီ ဖြစ်သည်။
“တကယ့်ကို ထက်မြက်တဲ့ ဓားချက်ပဲ...” ဆားလပ်စ်၏ မျက်ဝန်းအိုကြီးများထဲတွင် အရောင်များ တောက်ပလာသည်။ ရွှယ်ယဲ့ဧကရာဇ်မှာလည်း စိတ်လှုပ်ရှားမှုကြောင့် ဖြူဖျော့နေသော ပါးပြင်ပေါ်တွင် သွေးရောင်များ ဖြာတက်လာကာ ချောင်းပင် ဟန့်လိုက်ရသည်။
“ဆရာ... ကျောင်းသားက ဓားဝိုင် ဘယ်လိုတိုက်ခိုက်လိုက်လဲဆိုတာ သေချာမမြင်လိုက်ရဘူး၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး” ရွှယ်ချင်းဟော်သည် လီကျယ်ရှန်း၏ ဓားသိုင်းကို အံ့သြနေသည့်အလား ဟန်ဆောင်ကာ မေးလိုက်သည်။ သူမ သိလိုသည်မှာ နင်ဖုန်းကျစ်၏ အမြင်ပင် ဖြစ်သည်။
နင်ဖုန်းကျစ်က သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်ရင်း “ကျယ်ရှန်းရဲ့ ဓားသိုင်းကို ဓားဦးလေးတစ်ဦးတည်းသာ ခွဲခြမ်းစိတ်ဖြာနိုင်လိမ့်မယ်လို့ ငါထင်တယ်” ဟု ပြောကာ ခဏရပ်ပြီးမှ ဆက်ပြောသည်။
“ကျယ်ရှန်းရဲ့ ပါရမီကို ငါမငြင်းပါဘူး၊ ဒါပေမဲ့ ဒီထန်စန်းကလည်း သာမန်လူတော့ မဟုတ်ဘူး။ အခုရလဒ်က ထန်စန်းရဲ့ မျက်လုံးသိုင်းကို ကျယ်ရှန်းရဲ့ ဓားသိုင်းက အသာစီးရသွားတဲ့ သဘောပဲ။ အကယ်၍ သူတို့နှစ်ယောက် တရားဝင် ရင်ဆိုင်ရမယ်ဆိုရင် ကျယ်ရှန်း အနိုင်ရဖို့ အခွင့်အရေးက... ၆၀ ရာခိုင်နှုန်းလောက် ရှိမယ်”
ရွှယ်ချင်းဟော်က ပြုံးလိုက်ကာ “ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ဆရာ” ဟု ဆိုသော်လည်း စိတ်ထဲတွင်မူ သူမ၏ ဆရာဖြစ်သူ နင်ဖုန်းကျစ်၏ အကဲဖြတ်မှုမှာ အနည်းငယ် လိုအပ်ချက် ရှိနေသေးသည်ဟု တွေးနေမိသည်။
စင်မြင့်ပေါ်တွင် တိုက်မုပိုင်၏ သတ်ဖြတ်လိုစိတ်များမှာ လီကျယ်ရှန်းထံသို့ ဦးတည်နေသည်။ ဒူဂူယန်၊ ယဲ့လင်းလင်းနှင့် တော်ဝင်အဖွဲ့ဝင်များကလည်း ငြိမ်မနေဘဲ လီကျယ်ရှန်း၏ အနောက်တွင် နေရာယူလိုက်ကြကာ သူတို့၏ ဝိဉာဉ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြရာ လေထုထဲတွင် ဝိဉာဉ်စွမ်းအား မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။
ယွီဖုန်းက နှာခေါင်းရှုံ့ကာ တိုက်မုပိုင်ကို လက်ညှိုးထိုးပြီး
“မင်းက ဘယ်သူ့ကို စကားပြောနေတာလဲ၊ ငါတို့ရဲ့ ခေါင်းဆောင်ကို ဒီလိုပြောရအောင် မင်းက ဘာကောင်မို့လို့လဲ၊ နောက်တစ်ခါ ထပ်ဟောင်ဦးမယ်ဆိုရင် မင်းတို့ရှီလိုင်ခဲ့အဖွဲ့ ဗိုလ်လုပွဲ တံခါးဝကိုတောင် မမြင်ရအောင် အခုပဲ ဒုက္ခပေးပစ်မယ်ဆိုတာ ယုံသလား”
ပရိသတ်ခုံတန်းများ၏ ပထမတန်းတွင် ရှိနေသော ဖုန်းပုယွီနှင့် လေဓားဂိုဏ်းဝင်များသည်လည်း အခြေအနေ တင်းမာလာသည်ကို မြင်သောအခါ ထိုင်ရာမှ ထရပ်လိုက်ကြသည်။
“ဟေ့၊ ချကြတော့မှာလား”
“လေဓားဂိုဏ်းက အစ်ကိုကျယ်ရှန်းဘက်က ရှိနေရမယ်”
ဖုန်းပုယွီသည် ကာရံထားသော လက်ရန်းများကို ကျော်ဖြတ်၍ ကွင်းအတွင်းသို့ ဝင်ရန် ပြင်လိုက်သဖြင့် ကျန်ဂိုဏ်းဝင်များကလည်း အော်ဟစ်ကာ နောက်မှ လိုက်ကြသည်။ ဝိဉာဉ်ဆရာ အစောင့်များက သူတို့ကို တားဆီးရန် ပြေးလာကြသဖြင့် ခဏတာ ပရမ်းပတာ ဖြစ်သွားရသည်။ အခြားအကယ်ဒမီများဖြစ်သော မီးတောက်အကယ်ဒမီနှင့် နတ်ဘုရားလေအကယ်ဒမီတို့မှာမူ အခြေအနေကို စောင့်ကြည့်နေကြသည်။
တိုက်မုပိုင်သည် ဒေါသကြောင့် ရယ်မောလိုက်ကာ ဝိဉာဉ်ကွင်းများကို ဖော်ထုတ်ပြီး ကြွက်သားများ ဖောင်းကြွလာသည်။ သူ၏ အနောက်တွင် အော်စကာနှင့် ပိုင်ရှန်းရှန်းတို့ကလည်း ဝိဉာဉ်စွမ်းအားများကို ပြင်ဆင်ထားကြသည်။ နင်ရုံရုံမှာမူ မျက်နှာဖြူလျက် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူမ အားကိုးရဆုံး ထန်စန်းမှာ လီကျယ်ရှန်း၏ လက်ချက်ဖြင့် ဤမျှလောက် လွယ်လွယ်ကူကူ ရှုံးနိမ့်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ကျူးကျူးချင်းမှာမူ အေးစက်သော မျက်နှာပေးဖြင့် တိုက်မုပိုင်နှင့် အော်စကာတို့ကို စိုက်ကြည့်နေသည်။
နောက်ဆုံးတွင် ဝိဉာဉ်ဆရာ အစောင့်များနှင့် ဒိုင်လူကြီးတို့က ကြားဝင်တားဆီးလိုက်သဖြင့် နှစ်ဖက် ပဋိပက္ခမှာ ရပ်တန့်သွားရသည်။ ရှီလိုင်ခဲ့အဖွဲ့ဝင်များမှာ ထန်စန်းကို တွဲလျက် ထွက်ပေါက်ဆီသို့ ဦးတည်သွားကြသည်။
ထွက်ခွာခါနီးတွင် ထန်စန်းသည် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ သူ၏ ခရမ်းရောင်မိစ္ဆာမျက်လုံးမှာ ပျက်စီးသွားပြီဖြစ်သော်လည်း သူ၏ အသံမှာမူ အေးစက်တည်ငြိမ်နေဆဲပင်
“ဓားဝိုင်... မင်းမနိုင်သေးသလို၊ ငါလည်း မရှုံးသေးဘူး။ မင်းရဲ့ စွမ်းရည်က ငါ့မျက်လုံးသိုင်းကို အသာစီးရသွားတာသက်သက်ပဲ။ ကွင်းထဲမှာ ပြန်တွေ့ကြတာပေါ့”