← Chapters

အကျိုးဆက်ကို တစ်ဦးတည်း ခံရခြင်း

Vol. 1 Ch. 411

အကျိုးဆက်ကို တစ်ဦးတည်း ခံရခြင်း

Vol. 1 Ch. 411

ဝှစ်...

ချမ်ဂိုဏ်းမှ နောက်လိုက်တစ်ယောက်သည် သင်္ဘောခန်းအတွင်းမှ ပြေးထွက်သွားခဲ့သည်။ မကြာခင်တွင် သံရှည်သုံးချက်နှင့် သံပြတ်သုံးချက်ဆက်နေသော ဦးချိုမှုတ်သံများ ထွက်ပေါ်လာခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည်လည်း လက်ဟန်ပြလိုက်ကြသည်။ သူတို့နှစ်ယောက်၏ နောက်လိုက်များသည်လည်း ပြေးထွက်သွားကြကာ ဦးချိုများ မှုတ်လိုက်ကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

ဂိုဏ်းသုံးဂိုဏ်း၏ အကူအညီတောင်း ဦးချိုမှုတ်သံ ထွက်ပေါ်သွားသည်နှင့် ဂိုဏ်းသုံးဂိုဏ်းမှ နောက်လိုက်များ ချက်ချင်းရောက်လာကြသည်။ အားလုံးသည် လက်နက်ကိုယ်စီကို ကိုင်ဆွဲထားကြပြီး အတွင်းအားများ ထုတ်ဖော်ထားကြသည်။ အားလုံးသည် အချိန်မရွေး အသက်နှင့်ရင်း၍ တိုက်ခိုက်ကြတော့မည့်အလားပင်။

"...."

သင်္ဘောခန်းအတွင်းတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ ချမ်ဝမ်ကွမ်သည် အဘယ်ကြောင့် ယနေ့မူမမှန် ဖြစ်နေသနည်း။ သူသည် လုံးဝအလျှော့မပေးပေ။ ထိုပုံစံမှာ ချမ်ဂိုဏ်းသားများ၏ ပုံမှန်အပြုအမူနှင့် လုံးဝကွဲပြားနေသည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည်လည်း သူရူးသွပ်သည့်အတိုင်း လိုက်ပါပြုမူနေကြသည်။ အဘယ်ကြောင့် သူတို့သည် အားလုံးကိုရင်းရန် အဆင်သင့်ဖြစ်နေကြသနည်း။

သမိုင်းထဲတွင် သခင်လေး၊ သခင်မလေးများ စားသောက်ပွဲအတွင်း ပြဿနာတက်ကြသော ဖြစ်ရပ်များမှာ မရှားပါးပေ။ တစ်ခါတစ်ရံတွင် သေဆုံးခြင်းများအထိလည်း ဖြစ်တတ်ကြသည်။ သို့သော် နှစ်ဖက်လုံးသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်လေ့ရှိကြသည်။ အရေးပါသူများ သေဆုံးသွားခြင်း မဟုတ်သရွေ့ နှစ်ဖက်သည် ရန်မီးပျိုးကြမည် မဟုတ်ပေ။ အလွန်ဆုံးမှ နောက်တစ်ကြိမ်တွေ့လျှင် ထပ်မံတိုက်ခိုက်ကြရုံ သို့မဟုတ် ပြိုင်ဘက်အား သက်သေမချန်ဘဲ အကွက်ချကြရုံလောက်သာ ရှိသည်။

ယနေ့ ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့မှာ လူအင်အားနည်းနေသည်။ သူတို့သည် လှောင်ပြောင်နှိမ့်ချ ခံခဲ့ရသော်လည်း သည်းခံနေခဲ့သည်။ ထိုအချက်သည် ရှောင်ထျန်းဟူတို့ အဖွဲ့အား ပိုမိုမောက်မာလာစေသည်။

ကျန်းရီသည် ကောင်းကင်နှင့်မြေကြီး၏ တာအိုကို နားလည်ထားသော ရှောင်ဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်ကို သုံးစားမရတော့အောင် လုပ်လိုက်သည်။ ရှောင်မင်သည် ဗာဂျရာအဆင့်သို့ရောက်ရန် အလားအလာ ရှိသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရှောင်ထျန်းဟူသည် ဒေါသထွက်ကာ ကျန်းရီ၏ အသက်ကို လိုချင်နေခြင်းဖြစ်သည်။

သို့သော်လည်း ချမ်ဝမ်ကွမ်သည် သူ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဖော်ပြလိုက်သည်။ ကျန့်ဂိုဏ်းသည်လည်း ပါဝင်လာခဲ့သည်။ အရေးအကြီးဆုံးမှာ ယွင်ဖေး၏မောင်သည် လက်ရှိအချိန်တွင် အိမ်ရှေ့စံဖြစ်နေသည်။ ယွင်ဖေးသည်လည်း ကျန်းရီကြောင့် ရှန်မိနိုင်ငံတွင် လူသိများ၍ အာဏာရနေပြီဖြစ်သည်။ သူတို့ ယွင်ဖေးနှင့် ရန်သူများ ဖြစ်သွားပါက ရှန်မိနိုင်ငံကို ရန်သူလုပ်လိုက်ခြင်းနှင့် မခြားတော့ပေ။

ရှောင်ထျန်းဟူသည် စတင်တွေဝေလာခဲ့သည်။ သူသည် ရှောင်ဂိုဏ်း၏ နံပါတ်တစ်သခင်လေးဖြစ်သော်လည်း ရှောင်ဂိုဏ်းချုပ် မဟုတ်ပေ။ ဤကိစ္စကို ကောင်းကောင်းမဖြေရှင်းနိုင်ပါက ရှောင်ဂိုဏ်းရှိ သူ့နေရာအား သက်ရောက်မှု ရှိလာနိုင်သည်။

တောက်ကျန့်တို့ လူစုသည်လည်း ရပ်တန့်လိုက်ကြသည်။ အသက်ဆုံးရှုံးသွားသည်မှာ ရှောင်ဂိုဏ်းသားဖြစ်သည်။ သူတို့နှင့် ဘာမှမဆိုင်ချေ။ ဂိုဏ်းသုံးခုနှင့် တိုက်ခိုက်ရန်မှာ ထိုက်တန်သည့် ရွေးချယ်မှု မဟုတ်ပေ။

သခင်လေး၊ သခင်မလေးများသည် တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်ကြသည်။ ပွဲကြည့်သူများအနေဖြင့် သူတို့သည် အခြေအနေအား ပိုမိုအရှိန်တက်လာစေချင်သည်။ သို့သော်လည်း ဤသို့သော အခြေအနေမျိုးတွင် သူတို့ ဝင်ဆွပေးပါက သူတို့ပါ ပြဿနာထဲ ရောပါသွားနိုင်သည်။ ရှောင်ဂိုဏ်း၏ ကိစ္စအတွက်ကြောင့် ဂိုဏ်းသုံးခုနှင့် ရန်သူလုပ်ရမည်လော။ သူတို့သည် အရူးများ မဟုတ်ချေ။

ထို့ကြောင့် အခြေအနေသည် ထူးဆန်းစွာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ၎င်းမှာ ရှောင်ဂိုဏ်းသည် ဂိုဏ်းသုံးဂိုဏ်းအား တိုက်ပွဲစတင်ရန် သူတို့သဘောနှင့်သူတို့ စိန်ခေါ်ခဲ့သည့်အလားပင်။

"ဟမ်"

ရှောင်ထျန်းဟူသည် ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်သောအခါ အခြေအနေ၏ ပြောင်းလဲမှုကို အလျင်အမြန် သဘောပေါက်သွားခဲ့သည်။ တောက်ကျန့်နှင့် မြောက်ဘက်မန့်နိုင်ငံမှ သခင်လေး၊ သခင်မလေးများသည် တိတ်ဆိတ်စွာ ပြန်ထိုင်သွားကြသည်။ ရှောင်ထျန်းဟူသည် အခြားသူများကို ကြည့်လိုက်သောအခါတွင်လည်း အစောပိုင်းက သူ့အပေါင်းအဖော်များသည် ခေါင်းငုံ့၍ လက်ဖက်ရည် သောက်နေကြကြောင်းသာ တွေ့လိုက်ရသည်။ ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့သာလျှင် သူ့အား လှောင်ပြုံးကိုယ်စီနှင့် ကြည့်နေကြလေသည်။

ဘန်း..

ချမ်ဝမ်ကွမ်သည် သူအသာစီးရနေကြောင်း တွေ့သည်နှင့် စဉ်းလဲစွာ ပြုံးလိုက်ပြီး စားပွဲအား နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။ သူသည် ထေ့ငေါ့နေသည့်လေသံနှင့် စကားပြောလိုက်သည်။

"ရှောင်ထျန်းဟူ...ကြီးမြတ်တဲ့ သခင်လေးရှောင်...မင်းဘယ်လိုကစားချင်လဲ။ စည်းမျဉ်းသတ်မှတ်လိုက်လေ။ ငါမင်းကို အဆုံးထိ အဖော်ပြုပေးမယ်။ မြောက်ဘက်မန့်နိုင်ငံရဲ့ နံပါတ်တစ် သခင်လေးအနေနဲ့ မင်းတို့ကို စိတ်မပျက်စေဘူးမလား"

ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည် ဆွံ့အသွားကြသည်။ ချမ်ဝမ်ကွမ်သည် အမြဲတမ်း နိမ့်ချ၍ နေတတ်ပြီး ငြိမ်းချမ်းရေးမှ စီးပွားရှာရန်သာ အကြံရှိသူဖြစ်သည်။ ပုံမှန်အချိန်များတွင် သူသည် အခြားသူများ သူ့မျက်နှာအား လာရိုက်လျှင်တောင် ပြန်ပြုံးပြမည့်သူဖြစ်သည်။ ယနေ့ ကျန်းရီ အနီးတွင် ရှိနေရာ သူသည် မောက်မာလွန်းနေသည်။ သူတို့တောင် ဆက်မကြည့်နိုင်ကြတော့ပေ။

"မင်း..."

ရှောင်ထျန်းဟူ၏ မျက်လုံးများမှ မီးတောက်များ ထွက်လာတော့မတတ်ပင်။ သူ့မျက်နှာမှာလည်း သွေးကြောများ ထောင်ထနေပြီး အတော်ကြည့်ရဆိုးနေသည်။ သူစိတ်လွတ်တော့မည်ဆဲဆဲတွင် သူ့နောက်မှ သက်တော်စောင့်တစ်ယောက်သည် သူ့အားဆွဲထားလိုက်သည်။ သက်တော်စောင့်သည် ခေါင်းယမ်း၍ တီးတိုးပြောလာခဲ့သည်။

"သခင်လေး...ဒီနေ့မဖြစ်ဘူး။ နှစ်တွေအများကြီး ရှ်သေးနယ်။ ဒီနေ့ကိစ္စအတွက် အနာဂတ်မှာ ကျွန်တော်တို့ လက်စားပြန်ချေကြမယ်"

"ဟမ့်"

ရှောင်ထျန်းဟူသည် အင်္ကျီလက်စကို ခါယမ်း၍ အေးစက်စွာ အော်ပြောလိုက်သည်။

"သွားစို့...ချမ်ဝမ်ကွမ် ငါဒီနေ့ကို မှတ်ထားတယ်။ မြောက်ဘက်မန့်နိုင်ငံကို ကုန်သွယ်ရေးကိစ္စအတွက် မလာခဲ့ဖို့ ငါအကြံပေးလိုက်မယ်။ မဟုတ်ရင်တော့...အကျိုးဆက်ကို မင်းသိလိမ့်မယ်"

ရှောင်ဂိုဏ်းသားများသည် သင်္ဘောခန်းအတွင်းမှ ထွက်ခွာသွားကြသည်။ ယနေ့ စားသောက်ပွဲ အခမ်းအနားသည် ဆုံးခန်းတိုင်လုချေပြီ။

စားသောက်ပွဲတွင် ပွဲကြီးပွဲကောင်းများလည်း ရှိခဲ့ပြီး စိတ်လှုပ်ရှားစရာလည်း ကောင်းခဲ့လေသည်။ ထို့နောက်တွင် တောက်ကျန့်တို့လူစုမှာ ထွက်ခွာသွားကြသည်။ မကြာခင်တွင် လူအများစုသည် သင်္ဘောခန်းအတွင်းမှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာကုန်ကြသည်။ ကျန်းရီသည် ချမ်ဝမ်ကွမ်၏ နောက်ဘက်သို့ ပြန်သွားလိုက်သည်။ သခင်လေး၊ သခင်မလေးများ ထွက်ခွာမသွားကြခင်တွင် ကျန်းရီကို ခိုးကြည့်ကြပြီး သူ့မျက်နှာကို သေချာမှတ်ထားလိုက်ကြလေသည်။

ရှောင်မင်သည် အမှန်တကယ် အင်အားကြီးပြီး ကောင်းကင်နှင့်မြေကြီး၏ တာအိုကို နားလည်ထားခဲ့သူလည်းဖြစ်သည်။ သို့သော်လည်း ကျန်းရီသည် တစ်ချက်တည်းနှင့် သူ့အား တစ်သက်လုံး မကျင့်ကြံနိုင်တော့အောင် လုပ်ပစ်နိုင်ခဲ့သည်။ သူသည် ရှောင်မင်ထက် ပိုမိုအင်အားကြီးပြီး စားသောက်ပွဲထဲရှိ စွမ်းအားအမြင့်ဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။ ထို့ကြောင့် လူများသည် သူ့အား အာရုံစိုက်မိကြသည်မှာ သဘာဝပင်။ ထို့ပြင် သူ၏ ကောင်းကင်ပေါ်မှ ပျံသန်းလာသည့် လက်သည်းပုံရိပ်များမှာလည်း သူတို့အတွက် ရင်သပ်ရှုမောစရာ ဖြစ်နေသည်။

ထိုသို့သော စွမ်းအင်နှင့်ပင် သူသည် အလွန်ဆုံးမှ အသက်သုံးဆယ်ခန့်သာ ရှိနိုင်သေးသည်။ သူသည် ဗာဂျရာအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေး အတော်များလေသည်။ ကျန်းရီသည် လူအုပ်၏ အကြည့်များစွာကို လက်ခံရရှိလိုက်သည်။ သူတို့သည် ချမ်ဂိုဏ်းအား ဤသို့ပါရမီရှင်မျိုး ပိုင်ဆိုင်ထားသည့်အတွက် မနာလိုအားကျ ဖြစ်နေကြသည်။

"သခင်မလေးချမ်လော့...ရက်ရောမှုအတွက် ကျေးဇူးပါပဲ။ နှုတ်ဆက်ပါတယ်"

လူတိုင်းထွက်ခွာသွားသည်နှင့် ချမ်ဝမ်ကွမ်သည် အိမ်ရှင်အား အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်သည်။

ရွှေချမ်လော့သည် ပန်းပွင့်များနှင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ကြည်လင်ရှင်းသန့်နေသည့် မျက်နှာမှာ မျက်နှာချေများ လိမ်းချယ်မထားပေ။ သို့သော်လည်း သူမသည် လှပတင့်တယ်နေဆဲဖြစ်သည်။ သူမသည် စားပွဲတန်းနှစ်ခု၏ ထိပ်တွင် ထိုင်နေရာမှ ချမ်ဝမ်ကွမ်အား လှမ်းကြည့်လာသည်။ ဤတစ်ကြိမ်တွင် သူမသည် ခေါင်းငြိမ့်ပြမလာဘဲ ပါးစပ်ဖွင့်၍ ပြောလာခဲ့သည်။

"ဖက်တီးချမ်...ခဏနေဦး"

သူမ၏ မျက်ခုံးလှလှလေးများသည် ကျန်းရီအပေါ် ကျရောက်သွားခဲ့သည်။ သူမသည် ရုတ်တရက် စကားဆိုလာခဲ့သည်။

"ချမ်...တာ့ရယ်...ရှင့်ကို ရင်းနှီးနေတယ်လို့ ဘာလို့ခံစားနေမိတာပါလိမ့်"

ချမ်ဝမ်ကွမ်တို့ လူစုသည် မှင်တက်သွားကြသည်။ ရွှေချမ်လော့သည် ရည်ရွယ်ချက်ရှိရှိ ပြောနေခြင်းဖြစ်သည်။ သူမသည် ကျန်းရီ၏ ရုပ်ဖျက်မှုကို ဖောက်ထွင်း၍ မြင်သွားသည်လော။

ကျန်းရီသည် တည်ငြိမ်စွာ ရှေ့ထွက်ရပ်လိုက်သည်။ သူသည် လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်ပြီး အေးစက်စက်လေသံနှင့် ပြောလိုက်သည်။

"သခင်မလေးချမ်လော့...တကယ်တော့ တာ့ရယ်ကလည်း သခင်မလေးကို ရင်းနှီးနေပါတယ်"

"အိုး...ချမ်တာ့ရယ်....မင်းငါ့ကို ဘယ်မှာမြင်ဖူးတာလဲ"

ရွှေချမ်လော့သည် စိတ်ဝင်စားသည့်ဟန်ဖြင့် မေးလာခဲ့သည်။ သူမ၏ မျက်ဝန်းလှလှများသည် ဟာကွက်တစ်ခုခု ရှာတွေ့ရန် အလို့ငှါ ကျန်းရီထံတွင်သာ ရှိနေခဲ့သည်။

"ဟီးဟီး"

ကျန်းရီ၏ နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားခဲ့ပြီး နားလည်ရခက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူသည် ရဲတင်းစွာဖြင့် ရွှေချမ်လော့၏ ရင်ဘတ်အား ကြည့်လိုက်သည်။ သူ့ပုံစံမှာ တဏှာရူးနေသူနှင့် တူနေသည်။ သူသည် မြှူဆွယ်သည့် လေသံနှင့် ပြောလိုက်သည်။

"တာ့ရယ်က သခင်မလေးကို အိပ်မက်ထဲမှာ တွေ့ဖူးတာပါ။ သခင်မလေးက တာ့ရယ်ရဲ့ အိပ်မက်ထဲကချစ်သူ..."

"ရဲတင်းလိုက်တာ"

ရွှေချမ်လော့၏ အနောက်တွင် ထိုင်နေကြသော အကြီးအကဲများမှာ ဒေါသတကြီး ပြောလာကြသည်။ ထိုအကောင်သည် သူတို့သခင်မလေးကို လူမြင်ကွင်းတွင် ပစ်မှားရဲသည်။ ထိုသူသည် သူ၏တဏှာအကြည့်များကိုတောင် ဖုံးကွယ်မထားပေ။

ဘန်း...

ချမ်ဝမ်ကွမ်သည် စားပွဲအားရိုက်၍ ဒေါသတကြီး ထရပ်လိုက်သည်။

"ချမ်တာ့ရယ်..ထွက်သွားစမ်း၊ သခင်မလေးချမ်လော့ကို မင်းဘယ်လိုလုပ်ပြီး စော်ကားရဲရတာလဲ။ ငါမင်းရဲ့ ပစ္စည်းကို ဖြတ်ပစ်ပြီး ကုန်းကုန်းအဖြစ် နန်းတော်ထဲ ပို့ပစ်မယ်ဆို မင်းယုံလိုက်"

"ထြီ"

ရွှေချမ်လော့သည် ရှက်လွန်း၍ မျက်နှာများ နီရဲနေသည်။ သူမသည် အသာတံတွေးထွေးလိုက်သည်။ သူမ၏ သံသယများ ရှင်းလင်းသွားပြီဖြစ်သည်။ ကျန်းရီသည် ယဉ်ကျေးရည်မွန်သော လူငယ်ဖြစ်သည်။ သူ့တွင် ဤသို့ ယုတ်ညံ့သည့်အကြည့်မျိုး မရှိလောက်ပေ။

ကျန်းရီသည် အလှလေးများစွာ ဝန်းရံနေသည့် ပါရမီရှင်ဖြစ်သည်။ သို့သော် စုလောရွှယ်မှတစ်ပါး သူ့တွင် အခြားမိန်းကလေးများ မရှိပေ။ ထို့ကြောင့် သူမစိတ်ထဲတွင် ကျန်းရီမှာ နှာဗူးတစ်ယောက် မဟုတ်ပေ။ ဤသို့သော အပြုအမူကြောင့် သူမ၏သံသယများ ရှင်းလင်းသွားခဲ့သည်။

"ဟီးဟီး"

ကျန်းရီသည် ရွှေယွဲ့လျန်မျှော်စင်မှ အကြီးအကဲများကို အေးစက်စက် မျက်လုံးများဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူသည် နောက်လှည့်၍ သင်္ဘောပေါ်မှ ထွက်ခွာလာခဲ့သည်။ ချမ်ဝမ်ကွမ်တို့ လူစုသည်လည်း သူတို့လူများ အားလုံးကို ချမ်ဂိုဏ်း၏ သင်္ဘောပေါ်သို့ ပြန်ခေါ်လာခဲ့ကြသည်။

"အစ်ကိုကြီး...ငါမင်းကို သတိရနေတာ"

ချမ်ဝမ်ကွမ်သည် သူ့လူများအားလုံးကို သင်္ဘောခန်းအပြင်သို့ ထွက်ခိုင်းလိုက်ပြီး ကျန်းရီကို ဝမ်းသာအားရ ဖက်လိုက်သည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးမှာ ပြုံးနေကြသည်။ ကျန်းရီသည် ချမ်ဝမ်ကွမ်၏ ဝတုတ်တုတ် ကိုယ်ကြီးကြောင့် မွန်းလာ၍ ချမ်ဝမ်ကွမ်အား တံတောင်ဆစ်နှင့် ဘေးသို့တွန်းလိုက်သည်။

"သောက်ဖက်တီးကောင်...ဝေးဝေးသွားစမ်း၊ ဘာလို့ ငါ့ကို မတရားလာဖက်နေတာလဲ။ မင်းက ယောက်ျားတွေကိုပဲ စိတ်ဝင်စားတယ်ဆိုတာ ငါကြားထားတယ်နော်..."

*****

All Chapters