သားရဲထိန်းမျိုးနွယ်စု
Vol. 11 Ch. 117
“သခင်လေး... ဟိုးဘက်ကိုကြည့်လိုက်... သစ်ပင်မြင့်ကြီးတွေနောက်ကွယ်မှာ ပုန်းနေတဲ့ လူရိုင်းတွေကိုတွေ့တယ် မဟုတ်လား ၊ သူတို့က သားရဲထိန်းမျိုးနွယ်စုဝင်တွေပဲ ၊ လူဦးရေ(၁၀၀)ကျော် လောက်ပဲရှိတယ် ၊ လောလောဆယ်တော့ ဒီမှော်ဝင်သားရဲတွေကိုထိန်းချုပ်ဖို့ သူတို့မျိုးနွယ်စုက အင်အားကုန်သုံးထားတဲ့ပုံပဲ”
ခုန်မင်က မော့ဖေးညွှန်ပြရာသို့ သေချာအာရုံစိုက်ကာ ကြည့်လိုက်သည်။
အမှန်ပင်ဖြစ်၏။
အဝေးရှိ စိမ်းလန်းသော သစ်ကိုင်းသစ်ရွက်များကြားတွင် လူရိုင်းများစွာ ပုန်းခိုနေကြလေသည်။
သူတို့က ပတ်ဝန်းကျင်နှင့်တသားတည်းဖြစ်စေမည့် အဝတ်အစားများကိုဝတ်ဆင်ထားပြီး သစ်ပင်များကြား ပုန်းအောင်းနေကြသည်။
သာမန်အခြေအနေတွင် သူတို့ကိုတွေ့ရှိရန် အလွန်ခက်ခဲပေမည်။
သားရဲထိန်းမျိုးနွယ်စုဝင်များကို သေချာအကဲခတ်ကြည့်လိုက်တော့ သူတို့ပါးစပ်များတွင် ပုလွေကဲ့သို့ တူရိယာတစ်ခုစီ တီးမှုတ်နေသည်ကို တွေ့ရသည်။
သူတို့က ထူးခြားသည့်အတတ်ဖြင့် အသံကိုအသုံးပြုကာ တိုက်ပွဲဝင်နေသည့် မှော်ဝင်သားရဲများကို ထိန်းချုပ်နေခြင်း ဖြစ်နိုင်သည်။
လူဦးရေ(၁၀၀)ကျော်မျှဖြင့် အမျိုးအစားမတူညီသော မှော်ဝင်သားရဲများကို တစ်စုတစ်စည်းတည်း တိုက်ပွဲဝင်ရန် အမိန့်ပေးနိုင်ခြင်းမှာ အံ့သြဖွယ်ရာဖြစ်သလို ချီးကျူးဖွယ်ရာလည်း ကောင်းသည်။
လူဦးရေနည်း၍သာ တော်တော့သည်။ လူဦးရေများပါက အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်နိုင်သော မှော်ဝင်သားရဲစစ်တပ်ကြီးကို အသုံးပြုနိုင်မည်ဖြစ်ရာ အခြားသောမျိုးနွယ်စုများအနေဖြင့် သူတို့ကို ယှဉ်နိုင်ကြမည် မဟုတ်ပေ။
မိမိကိုယ်တိုင်က အဝေးတစ်နေရာ ဘေးကင်းရာတွင်နေထိုင်ပြီး သားရဲများကို တိုက်ခိုက်ရန်စေခိုင်းခြင်းက အရှုံးမရှိသော တိုက်ခိုက်ရေးဗျူဟာ ဖြစ်သည်။
အထူးတန်ပြန်တိုက်စစ်နည်းလမ်းများ သို့မဟုတ် ထိပ်တန်းကျင့်ကြံသူများသာ မရှိပါက မည်သူမှ ဤသို့သော လက်ဝင်လှသည့်ရန်သူမျိုးကို ရင်ဆိုင်လိုကြမည် မဟုတ်ပေ။
မော့ဖေးက သားရဲထိန်းမျိုးနွယ်စုအကြောင်းကို ဤမျှအသေးစိတ် သိရှိနေခြင်းမှာ သူတို့သည်လည်း နတ်သားရဲမျိုးနွယ်များနှင့် ရန်သူတော်များ ဖြစ်နေသောကြောင့်ပင်။
ယခင်က နတ်သားရဲမျိုးနွယ်စုဝင်များ တောရိုင်းဒေသတွင် အခြေချနေထိုင်စရာမရှိဘဲ ဟိုပြေးဒီလွှား ပုန်းရှောင်နေထိုင်ခဲ့ရသည်မှာ သားရဲထိန်းမျိုးနွယ်စု၏ကျေးဇူးကြောင့် ဖြစ်၏။
သေချာသုံးသပ်ရမည်ဆိုလျှင် တောရိုင်းဒေသမျိုးနွယ်စုတစ်ရာကြားမှ ပတ်သက်ဆက်နွယ်မှုများက အလွန်ပင် ရှုပ်ထွေးလှသည်။
နတ်သားရဲမျိုးနွယ်စုက ချီတိမျိုးနွယ်စုနှင့်ရော သားရဲထိန်းမျိုးနွယ်စုနှင့်ပါ ရန်သူများဖြစ်ကြသည်။ ထို့အတူ ချီတိမျိုးနွယ်စုကလည်း နတ်သားရဲမျိုးနွယ်စုရော သားရဲထိန်းမျိုးနွယ်စုနှင့်ပါ မတည့်ကြပေ။
ပုံမှန်ဆိုလျှင် ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သင့်သည် မဟုတ်လား။
သို့သော် တောရိုင်းဒေသမျိုးနွယ်စုများတွင်တော့ ရန်သူ၏ရန်သူသည်လည်း ရန်သူပင် ဖြစ်လေသည်။
ဤသည်ကိုတွေးမိတော့ ခုန်မင် ခေါင်းခါယမ်းလိုက်မိ၏။
ဤအရိုင်းအစိုင်းမျိုးနွယ်စုများက မဟာမိတ်ဖွဲ့ခြင်းနှင့် အင်အားစုစည်းခြင်း၏ အခြေခံသဘောတရားကို လုံးဝ နားလည်ဟန် မရှိပေ။
တစ်ဖက်နှင့်တစ်ဖက် အမြဲတစေ ဤသို့တိုက်ခိုက်နေခြင်းက အဘယ်မှာအကျိုးရှိပါမည်နည်း။
ဥပမာအားဖြင့် ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စုတို့၏ စစ်ပွဲကို ကြည့်ပါ။
သားရဲထိန်းမျိုးနွယ်စု၏ မှောဝင်သားရဲများကို ထိန်းချုပ်စေခိုင်းသည့်အတတ်ပညာက အထင်ကြီးလောက်စရာ ဖြစ်သော်လည်း သူတို့အနေဖြင့် ဤသားရဲအုပ်စုလေးဖြင့် သစ်ပင်တံတိုင်းကြီးကို ဖျက်ဆီးပစ်နိုင်မည်ဟု ယုံကြည်လောက်သည်အထိ တုံး အ ကြမည်မထင်ပေ။
ခုန်မင်တစ်ယောက် သားရဲထိန်းမျိုးနွယ်စု၏ ရည်ရွယ်ချက်အမှန်ကို အသေအချာ မခန့်မှန်းနိုင်သေးပေ။
သူက ဘာတုကို လှည့်ကြည့်လိုက်ပြီး...
“ခေါင်းဆောင်ကြီး’ဘာတု’ ... ခင်ဗျားတို့နဲ့ သားရဲထိန်းမျိုးနွယ်စုကြားကတိုက်ပွဲကိုကြည့်ရတာ တကယ့်ကို မျက်စိပွင့် နားပွင့်ပါပဲ ၊ ဒါပေမဲ့ သူတို့က နောက်တန်းမှာပုန်းနေတာဆိုတော့... သူတို့ကို ဘယ်လိုလုပ်ကိုင်တွယ်နိုင်မှာလဲ ၊ ဒီစစ်ပွဲကိုအနိုင်ရဖို့ ဒီမှော်ဝင်သားရဲတွေ အကုန်လုံးကို သတ်ပစ်ရမှာလား”
မျိုးနွယ်စုခေါင်းဆောင် ဘာတုက မကျေမနပ်ဖြင့်...
“ဒီ သားရဲထိန်းမျိုးနွယ်တွေက အမြဲတမ်း ယုတ်မာတဲ့နည်းလမ်းကိုပဲသုံးတာ ၊ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့က အတော်ခက်တယ် ၊ သူတို့မျိုးနွယ်စုခေါင်းဆောင်နဲ့ နတ်ဆရာကြီးနှစ်ယောက်က ဘယ်တော့မှ အပြင်ထွက်ပြီး မျက်နှာပြလေ့မရှိဘူး ၊ အရိပ်ထဲမှာပဲပုန်းပြီး သားရဲတွေစေလွှတ်ပြီး အလစ်တိုက်ခိုက်ဖို့ပဲ သိကြတာ ၊ ခုန်သခင်လေး... ဒီမျိုးနွယ်စုက အခက်ခဲဆုံးသားရဲတွေက အခုရှေ့မှာ မြင်နေရတဲ့အကောင်တွေမဟုတ်ဘူး ၊ သားရဲထိန်းတွေနဲ့အတူ အဝေးမှာပုန်းနေကြတဲ့ အကောင်တွေပဲ ၊ အဲဒီသားရဲတွေအကူအညီနဲ့ဆိုရင် သူတို့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ခုန်မင် အနည်းငယ် အံ့အားသင့်သွားပြီး...
“အိုး... ဘယ်လိုသားရဲမျိုးက အဲ့ဒီလောက်တောင် စွမ်းအားကြီးတာလဲ ၊ သားရဲထိန်းမျိုးနွယ်စုက အဆင့်နိမ့်မှော်ဝင်သားရဲတွေကိုပဲ ထိန်းချုပ်နိုင်တာ မဟုတ်ဘူးလား ၊ ရွှေရောင်အမွှေးရှိတဲ့မျောက်ဝံတွေထက်တောင်သန်မာတဲ့ အဆင့်(၃) မှော်ဝင်သားရဲတွေ ရှိနေသေးတာလား”
ဘာတုက ခေါင်းခါယမ်းလိုက်သည်။
သူ၏မျက်နှာထက် ရွံလျှာစက်ဆုပ်ဟန်များပေါ်လာပြီး...
“သူတို့ကို အနိုင်ယူဖို့မဖြစ်နိုင်ဘူးဆိုတာက... သူတို့နဲ့အတူပုန်းနေတဲ့သားရဲတွေက အစွမ်းထက်လွန်းလို့မဟုတ်ဘူး ၊ အဲဒီ လျှပ်စီးလင်းယုန်တွေက အဆင့်(၃) မှော်ဝင်သားရဲဆိုပေမယ့် အပြေးမြန်တာကလွဲရင် ဘာအစွမ်းမှ သိပ်မရှိဘူး ၊ ဒါပေမဲ့ သူတို့က မြန်လွန်းတဲ့အတွက် သားရဲထိန်းတွေ ထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ကျုပ်တို့ ဘယ်လိုမှ လိုက်ဖမ်းလို့ မဖြစ်နိုင်တော့ဘူး ၊ အဲဒီတော့ သူတို့ကိုနိုင်အောင် ဘယ်တော့မှ တိုက်လို့မရဘူးပေါ့”
ခုန်မင် ခဏမျှမှင်တက်သွားရသည်။
“လျှပ်စီးလင်းယုန်... သူတို့က ထွက်ပြေးတာလား”
ဘာတုပြောသည့်စကား အမှန်ဆိုလျှင်တော့ ဤသားရဲထိန်းမျိုးနွယ်စုက အတော်လေးထူးဆန်းသည့် မျိုးနွယ်စုပင်။
အပြင်လူများအမြင်တွင် တောရိုင်းဒေသမှ မျိုးနွယ်စုဝင်တစ်ရာက သတ္တိဗျတ္တိနှင့်ပြည့်စုံပြီး စစ်တိုက်ရာတွင်ကျွမ်းကျင်သည်ဟု ထင်မှတ်ကြသည်။
သို့သော် ထိုမျိုးနွယ်စုများထဲတွင် ခြေဖဝါးဆီသုတ်ပြီး ထွက်ပြေးရာတွင် ကျွမ်းကျင်သည့်အုပ်စုရှိနေမည်ဟု မည်သူထင်ပါမည်နည်း။
သားရဲထိန်းမျိုးနွယ်စုက လူဦးရေနည်းပါးလွန်းသဖြင့် သူတို့၏ အသက်ကို အရာအားလုံးထက် ပိုမိုတန်ဖိုးထားခြင်းလည်း ဖြစ်နိုင်သည်။
သူတို့က စစ်ပွဲမနိုင်ခင်ကတည်းက အရှုံးအတွက် ကြိုတင်ပြင်ဆင်ထားကြသူများဖြစ်ပြီး လျှပ်စီးလင်းယုန်များကို နောက်ဆုံး အသက်ကယ်ဝှက်ဖဲအဖြစ် အသုံးပြုကြသည်။
ထိုစဉ် အနားတွင်ရှိနေသည့် မော့ဖေးက ဝင်ရှင်းပြလေသည်။
"သခင်လေး... လျှပ်စီးလင်းယုန်က အဆင့် (၃) မှော်ဝင်သားရဲပါ ၊ သူတို့က ခန္ဓာကိုယ်ထွားကျိုင်းပေမယ့် စိတ်နေစိတ်ထားကတော့ အတော်လေးနူးညံ့တယ် ၊ ထူးခြားချက်ကတော့ ပျံသန်းတဲ့အရှိန် အရမ်းမြန်တာပဲ၊ ပျံသန်းနိုင်တဲ့ အဆင့်မြင့်မှော်ဝင်သားရဲတွေထက်တောင်ပိုမြန်လို့ သူတို့ကို ‘လျှပ်စီးလင်းယုန်’ လို့ ခေါ်တာပါ ၊ နောက်ပြီး ဒီသားရဲထိန်းမျိုးနွယ်စုကလွဲပြီး တခြား ဘယ်မျိုးနွယ်စုကမှ သူတို့ကို ယဉ်ပါးအောင် မမွေးမြူနိုင်ကြဘူး ၊ လျှပ်စီးလင်းယုန်တွေကို အသုံးပြုပြီး ထွက်ပြေးနေသရွေ့ သားရဲထိန်းမျိုးနွယ်စုကို ဘယ်သူမှအနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ခုန်မင် ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲဖြစ်ပွားရာသို့ ထပ်မံကြည့်ရှုလိုက်သည်။
ပြီးမှ သက်ပြင်းတစ်ချက်ချရင်း...
“သားရဲထိန်းမျိုးနွယ်စုက သူတို့ကိုယ်သူတို့ကာကွယ်ဖို့ ဒီလောက်ထိပြင်ဆင်ထားမှတော့... သူတို့ကိုတိုက်နေတာ ဘာအဓိပ္ပါယ်ရှိမှာလဲ ၊ ဒီမှော်ဝင်သားရဲတွေကို သတ်ဖြတ်လိုက်တာက သူတို့အတွက် ဆုံးရှုံးမှု ရှိနိုင်မလား”
ဘာတုက ခါးသီးစွာ ပြုံးလိုက်ပြီး...
“တောရိုင်းဒေသမှာ မှော်ဝင်သားရဲတွေမှ အများကြီးပါ ၊ အဆင့်နိမ့်သားရဲတွေဆိုရင် ရေတွက်လို့တောင် မကုန်နိုင်ဘူး ၊ သူတို့ရဲ့ သားရဲထိန်းပညာက အရမ်းကောင်းတော့ အခု ဒီတံတိုင်းအောက်က သားရဲတွေ အကုန်သေသွားရင်တောင်... နောက်တစ်လလောက်ဆို ဒီလိုမျိုးသားရဲစစ်တပ်ကြီးတစ်ခု ပြန်ဖွဲ့စည်းနိုင်မှာပဲ”
ခုန်မင်က...
“ဒါဖြင့် အခုတိုက်နေတဲ့စစ်ပွဲက အာအဓိပ္ပါယ်မှ မရှိဘူးပေါ့ ၊ သားရဲထိန်းမျိုးနွယ်စုက သူတို့ကို လိုက်ဖမ်းလို့မရအောင် စီစဉ်ထားတယ် ၊ ပြီးတော့ ဒီသားရဲလောက်လေးနဲ့ သစ်ပင်တံတိုင်းကိုလည်း ထိုးဖောက်နိုင်မှာ မဟုတ်ဘူး ၊ ဒါက ဘယ်လိုမှ အဖြေထွက်လာမှာမဟုတ်တဲ့ တိုက်ပွဲပဲ...”
သူက ဆက်ပြောလိုက်သည်။
“ကျုပ်အမြင်တော့ ခင်ဗျားတို့ မျိုးနွယ်စုနှစ်ခု စစ်ရေးလေ့ကျင့်နေကြသလိုပဲ ၊ သားရဲထိန်းမျိုးနွယ်တွေက အိမ်မပြန်ခင် ဒီသားရဲတွေကိုသုံးပြီး ချီတိမျိုးနွယ်စုရဲ့ ခံစစ်စွမ်းရည်ကို စမ်းသပ်နေသလိုမျိုးပေါ့ ၊ ခေါင်းဆောင်ကြီး ဘာတု... ကျုပ် တစ်ခုလောက် မေးပါရစေ၊ ဒီတိုက်ပွဲပြီးသွားရင် သားရဲထိန်းမျိုးနွယ်စုက နောက်လမှာ နောက်ထပ်သားရဲတွေနဲ့ ထပ်ပြီး လာတိုက်ခိုက်ဦးမှာလား"
ထိုစကားကြားတော့ ဘာတုက အံ့အားသင့်သွားပြီး...
“သခင်လေးရဲ့ခန့်မှန်းချက်က ကွက်တိပါပဲ ၊ ဒီသားရဲထိန်းမျိုးနွယ်စု ဘာတွေအရူးထနေသလဲ ကျုပ်တို့လည်း နားမလည်နိုင်ဘူး ၊ လွန်ခဲ့တဲ့လပိုင်းကတည်းက သူတို့ မှော်ဝင်သားရဲတွေနဲ့အတူ ကျုပ်တို့ကို လတိုင်းနီးပါး လာတိုက်နေတာ ၊ ဒါနဲ့ဆို (၃)ကြိမ်ရှိပြီ ၊ နောက်လလည်း (၄)ကြိမ်မြောက် လာတိုက်ဦးမှာပဲ”
ခုန်မင်၏ အမူအရာက လေးနက်တည်ကြည်သွားပြီး...
"မျိုးနွယ်စုခေါင်းဆောင်ဘာတု... သားရဲထိန်းမျိုးနွယ်စုက ခင်ဗျားတို့ကို ဘာလို့တိုက်ခိုက်ရတာလဲ... အကြောင်းရင်းကို သိလား”
ဘာတုက ခေါင်းခါရင်း...
“မသိဘူးလေ ၊ ကျုပ်တို့ ချီတိမျိုးနွယ်စုနဲ့ သားရဲထိန်းမျိုးနွယ်စုက တစ်ချိန်လုံး တိုက်ခိုက်နေတာပဲ ၊ အစကတည်းက ရန်သူတွေပဲလေ”
ပြီးမှ သူက ခဏမျှစဉ်းလိုက်ပြီး...
“ဒါပေမဲ့ အရင်ကတော့ အခုလောက်ထိ ခပ်စိပ်စိပ်တိုက်ခိုက်တာမျိုး မရှိဘူး....”
ပြောရင်း သူက ဒေါသတကြီး တောက်တစ်ချက်ခေါက်လိုက်သည်။
“ဒီကောင်တွေအပြေးမြန်လို့ပေါ့ ၊ မဟုတ်လို့ကတော့ သူတို့မျိုးနွယ်စုခေါင်းဆောင်ကိုဖမ်းပြီး ဘာတွေအရူးထနေတာလဲဆိုတာ မေးကြည့်ချင်မိတယ်”
ခုန်မင်က တံတိုင်းအောက်မှ မှော်ဝင်သားရဲအလောင်းကောင်များကို ငုံ့ကြည့်လိုက်သည်။
“ခေါင်းဆောင်ကြီး... ဒီတိုက်ပွဲပြီးသွားရင် ခင်ဗျားတို့ ချီတိမျိုးနွယ်စုအတွက် အမြတ်ထွက်မှာပဲ မဟုတ်လား ၊ ဒီလောက်များတဲ့ မှော်ဝင်သားရဲတွေကို သတ်ဖြတ်ထားတာ... အနည်းဆုံးတော့ သူတို့ရဲ့ ပုံဆောင်ခဲအမြုတေတွေ အများကြီး ရနိုင်မှာပဲလေ”
ခုန်မင်၏စကားကိုကြားသည်နှင့် ဘာတုက ခါးသက်စွာ ပြုံးလိုက်သည်။
သူက သက်ပြင်းရှည်တစ်ချက်ချရင်း...
“ခုန်သခင်လေး... ခင်ဗျား ဆက်ကြည့်မယ်ဆိုရင် သိလာမှာပါ ၊ ဒီတိုက်ပွဲပြီးသွားရင် ကျုပ်တို့ချီတိမျိုးနွယ်စုအတွက် ဘာတစ်ခုမှ ကျန်ခဲ့မှာမဟုတ်ဘူး ၊ တကယ်တော့ သစ်ပင်တံတိုင်းရဲ့ အလိုအလျောက် ပြန်လည်ပြုပြင်နိုင်တဲ့စွမ်းရည်ကို အသက်သွင်းဖို့အတွက်တင် ကျုပ်တို့မှာရှိတဲ့ ပုံဆောင်ခဲအမြုတေတွေ အများကြီးအသုံးပြုထားရတာပါ”
ဘာတု ထိုသို့ပြောလိုက်သည်နှင့် ဘေးတွင်ရှိနေသည့် စုချီက မျက်နှာကွက်ခနဲ ပျက်သွားသည်။ သိုသော် သူက ချက်ချင်းပြန်ဟန်ဆောင်လိုက်နိုင်သည်။
တကယ်တော့ "သစ်ပင်တံတိုင်း" ၏ လျှိဝှက်ချက်က ချီတီမျိုးနွယ်စု ရှင်သန်ရပ်တည်ရေးအတွက် အဓိက အုတ်မြစ်ပင် ဖြစ်သည်။
ဘာတုက ဟန်မဆောင်တတ်သည့် ရိုးသားပွင့်လင်းသူပင်။
ထိုကြောင့် သစ်ပင်တံတိုင်း အလိုအလျောက်ပြုပြင်နိုင်ရန်အတွက် ပုံဆောင်ခဲအမြုတေများ အသုံးပြုရကြောင်း လွှတ်ခနဲ ပြောမိသွားခြင်း ဖြစ်သည်။
အကယ်၍ ဤစကားများကို မကောင်းသော ရည်ရွယ်ချက်ရှိသူတစ်ဦး ကြားသွားခဲ့လျှင် သစ်ပင်တံတိုင်း၏ လျှိဝှက်ချက်ကို ခန့်မှန်းသွားနိုင်သည်။
သိုသော် ခုန်မင်က ခုန်အိမ်တော်၏ ဒုတိယသခင်လေး ဖြစ်သည့်အပြင် ခုန်အိမ်တော်နှင့် ချီတီမျိုးနွယ်စုမှာလည်း အလွန်နီးကပ်သော ကုန်သွယ်ရေး မဟာမိတ်များ ဖြစ်ကြသည်။
ထိုကြောင့် ခုန်မင်က မျိုးနွယ်စု၏ လျှိဝှက်ချက်ကို သိရှိသွားလျှင်ပင် သူ အနည်းငယ်မျှ စိတ်ခုသွားအောင် ပြုလုပ်၍ မဖြစ်ပေ။
စုချီက ဘာတု၏စကားကို ဝင်ပြီးသတိပေးလိုက်မည်ဆိုလျှင် ချီတိမျိုးနွယ်စုက မိမိအပေါ်ရိုးသားမှုမရှိဟု ခုန်မင်က ထင်မြင်သွားပေမည်။
သစ်ပင်တံတိုင်း၏ အဓိကအရေးကြီးသောလျှိဝှက်ချက် ပေါက်ကြားမသွားသရွေ့ ကိစ္စမရှိဟု စုချီတွေးလိုက်သည်။ ထို့ကြောင့်ပင် စုချီတစ်ယောက် စိတ်ကိုအမြန်ဆုံးထိန်းပြီး ခုန်မင်ကို တည်ငြိမ်စွာရင်ဆိုင်လိုက်နိုင်ခြင်းပင်။
ခုန်မင်ကလည်း ပွင့်လင်းရိုးသားသောစရိုက်ရှိသော ဘာတုထံမှသာ စကားနှိုက်ခြင်းဖြစ်သည်။ ဘာတု၏ နှုတ်မှသာလျှင် အမှန်တရားကို ကြားရနိုင်သည်ဟု သူ သိထားသည်။
စုချီ၏ သိမ်မွေ့သည့်မျက်နှာအပြောင်းအလဲကို သတိထားလိုက်မိသော်လည်း ခုန်မင်က အရေးစိုက်ခြင်းမရှိပေ။
သူက ပြုံးလိုက်ပြီး...
“ဘာလို့ ချီတိမျိုးနွယ်စုက ဘာမှမရရတာလဲ ၊ ကျုပ် ခန့်မှန်းကြည့်ပါရစေ... စစ်ပွဲပြီးသွားတာနဲ့ ဒီမှော်ဝင်သားရဲတွေက အလောင်းတွေကိုပြန်သယ်သွားရလောက်အောင် ဉာဏ်ကောင်းနေလို့လား”
ဘာတုက ခြေတစ်ချက်ဆောင့်လိုက်ရင်း...
“သိပ်ဟုတ်တာပေါ့ သခင်လေး... ၊ သားရဲတွေက သားရဲအလောင်းတွေကို ပြန်သယ်သွားကြတယ်လေ ၊ သူတို့တွေ ဒီလိုထူးဆန်းတဲ့အပြုအမူတွေလုပ်တာ သားရဲထိန်းတွေရဲ့ ညွှန်ကြားချက်ကြောင့်ပဲ ၊ ကျုပ်တို့ ချီတိမျိုးနွယ်စု အကျိုးအမြတ် တစ်စက်လေးမှမရဖို့ သူတို့က အသေအလဲ ကြိုးစားကြတာ”
သူက ဆက်ပြောလိုက်သည်။
“ကျုပ်တို့က တံတိုင်းအောက်ဆင်းပြီး သားရဲအလောင်းတွေ လိုက်လုမယ်ဆိုရင်လည်း... မရနိုင်တာတော့ မဟုတ်ပေမယ့် သားရဲတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ကျုပ်တို့စစ်သည်တွေလည်း အကျအဆုံးရှိနိုင်တယ်လေ ၊ ဒါကြောင့် ဒီသားရဲထိန်းတွေ အေးအေးဆေးဆေး ပြန်ဆုတ်သွားတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရတာပေါ့”