ထူးဆန်းသောမှော်ဝင်သားရဲ
Vol. 11 Ch. 125
ဤမှော်ဝင်သားရဲကြီး၏ အနေအထားအရဆိုလျှင် နောက်တစ်ကြိမ်လေရှူသွင်းပြီး တွန်းကန်လိုက်သည်နှင့် သူ၏ဧရာမခန္ဓာကိုယ်ကြီးဖြင့် ခုန်မင်တို့အဖွဲ့ကို ဝမ်းဗိုက်ထဲသို့ အလွယ်တကူဝါးမြိုပစ်လိုက်မည်ပင်။
ထိုသို့ကြောက်မက်ဖွယ်ရာကောင်းသော မှော်ဝင်သားရဲနှင့် ရင်ဆိုင်လိုက်ရသည်နှင့် လူတိုင်းစိတ်ထဲ ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။
သူတို့စီးနင်းလာသည့် လျှပ်စီးလင်းယုန်များမှာ အလွန်ပင်ပန်းနေပြီဖြစ်သည့်တိုင် အသက်ရှင်လိုသည့် ပင်ကိုယ်သိစိတ်ကြောင့် အတောင်များကိုအစွမ်းကုန်ခတ်ကာ အဝေးသို့ အမြန်ဆုံးပြေးထွက်ရန် ပြင်ဆင်ကြသည်။
လျှပ်စီးလင်းယုန်များ၏ မြန်နှုန်းဖြင့်ဆိုလျှင် ထိုသားရဲကြီး နောက်ထပ်လေရှူသွင်းပြီး အရှိန်မမြှင့်ခင်မှာပင် တိုက်ခိုက်ခံရမည့်ဧရိယာမှ လွတ်အောင်ပြေးနိုင်လောက်သည်။
သို့သော် ထိုအချိန် ခုန်မင်က တည်ကြည်လေးနက်စွာဖြင့် ရုတ်တရက် အမိန့်ပေးလိုက်သည်။
“ကောင်းကင်အမြင့်ကိုမတက်နဲ့ ၊ အခုချက်ချင်း လျှပ်စီးလင်းယုန်တွေကို အောက်ဘက်ကတောအုပ်ထဲကို ဆင်းခိုင်းကြ”
ထိုစကားကြောင့် အခြားသူများ ခဏမျှကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် လေချွန်သံများထုတ်လွှတ်ကာ လျှပ်စီးလင်းယုန်များကို အောက်ဘက်ရှိတောအုပ်ထဲသို့ အရှိန်အဟုန်ဖြင် ထိုးစင်းရန် စေခိုင်းလိုက်ကြသည်။
လျှပ်စီးလင်းယုန်များက ပင်ကိုယ်ဗီဇအရ ထိုရေခူမိစ္ဆာကြီးနှင့် အဝေးသို့သာ ပြေးချင်ကြပေမည်။
သို့သော်လည်း သားရဲထိန်းမျိုးနွယ်စု၏ လေ့ကျင့်ပေးထားမှုကြောင့် သူတို့အားထိန်းချုပ်သည့် လေချွန်သံအမိန့်ကို မလွန်ဆန်နိုင်ဘဲ စူးစူးရှရှအော်မြည်ကာ အောက်ဘက်တောအုပ်ဆီသို့သာ ထိုးဆင်းလိုက်ကြလေသည်။
ထိုခဏမှာပင် ရေခူနှင့်တူသော မှော်ဝင်သားရဲကြီး၏ခန္ဓာကိုယ်က နောက်တစ်ကြိမ် ဖောင်းကားလာပြန်သည်။
သို့ရာတွင် လျှပ်စီးလင်းယုန်များ တောအုပ်ထဲထိုးဆင်းသွားသည်နှင့် ထူးဆန်းစွာပင် ထိုသားရဲကြီး၏ လေရှူသွင်းနှုန်းမှာလည်း သိသိသာသာ နှေးကွေးသွားသည်။
ခဏအကြာမှာတော့ ထိုသတ္တဝါကြီးက ရှေ့သို့တွန်းကန်ခြင်းမပြုတော့ဘဲ လေများပြန်ထုတ်လိုက်ကာ ကောင်းကင်ယံတွင် ပေါလောမျောလျှက် ရှိတော့သည်။
ယခု ခုန်မင်တို့အုပ်စုက တောအုပ်ထဲသို့ ဆင်းသက်လိုက်ပြီ ဖြစ်သည်။
အပေါ်သို့ ခေါင်းမော့ကြည့်လိုက်တော့ လေထုထဲ ပေါလောမျောနေသည့် ဧရာမသားရဲကြီးကို ကောင်းကင်ယံထိမြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများကြားမှ တွေ့လိုက်ရလေသည်။
တွန့်လိမ်လှုပ်ရှားနေသည့် ၎င်း၏ အာရုံခံလက်တံများမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုသားရဲကြီးက ကောင်းကင်ယံထက် အချိန်အတန်ကြာမျောပါနေပြီး တောအုပ်အောက်ဘက်သို့ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
ခုန်မင်တို့အုပ်စုအား သားကောင်အဖြစ် အတင်းမလိုက်တော့ဘဲ အဝေးသို့ ဖြည်းညင်းစွာ မျောပါသွားလေသည်။
ထိုအခါမှ ခုန်မင်တို့အားလုံး သက်ပြင်းချလိုက်မိကြသည်။
မော့ဖေးက...
“တော်သေးတာပေါ့ ၊ သခင်လေး အောက်ဆင်းဖို့အမိန့်ပေးလိုက်တာ မှန်သွားတယ်”
ခုန်မင်က ကောင်းကင်ထက် ခေါင်းမော့ကြည့်ရင်း...
“ဒီသစ်ပင်ကြီးတွေက အရမ်းမြင့်တော့... တောအုပ်ထဲထိုးဆင်းလိုက်တာနဲ့ သစ်ကိုင်းတွေ သစ်ရွက်တွေက ကာကွယ်ရေးပိုက်ကွန်ကြီးတစ်ခုလိုဖြစ်သွားတယ်လေ ၊ ဒီတော့ အဲဒီသတ္တဝါကြီး ဆက်မလိုက်နိုင်တော့ဘူးပေါ့”
ထိုသတ္တဝါကြီးက လျှပ်စီးလင်းယုန်များထက် များစွာကြီးမားလေရာ သစ်ကိုင်းများကြားရှိ ကွက်လပ်လေးများထဲမှ တောအုပ်အတွင်းသို့ ဆင်းသက်လာနိုင်စရာ အကြောင်းမရှိပေ။
အတင်းဆင်းသက်လာပါကလည်း သစ်ပင်ထိပ်ဖျားများအားလုံးကို ရှင်းလင်းပစ်ရမည်ဖြစ်လေရာ ထိုသားရဲကြီးတွင် ထိုသို့သောစွမ်းရည်မရှိသည်မှာ သေချာပေသည်။
မီတာရာနှင့်ချီပြီးမြင့်မားသော သစ်ပင်ကြီးများ၏ အကိုင်းအခက် အရွက်များက ဘေးသို့ဖြာထွက်နေသည်ဖြစ်ရာ လူအများ လက်ချင်းချိတ်ပတ်ထာသည့်ပမာ ထူထဲလွန်းလှသည်။
သိပ်သည်းသော သစ်ရွက်များကလည်း နေရာအနှံ့ မိုင်ပေါင်းများစွာ ဖုံးလွှမ်းအုပ်မိုးထားကြသည်။
ထိုဧရာမသတ္တဝါကြီးသာ တောအုပ်ထဲ ထိုးဆင်းရန်ကြိုးစားပါက သစ်ကိုင်းသစ်ရွက်များထက်တွင် ချိတ်နေပြီး အောက်ဘက်သို့ ရောက်ရှိလာမည် မဟုတ်ပေ။
ထို့ကြောင့် ခုန်မင်တို့ တောအုပ်အတွင်းဝင်ရောက်လိုက်ခြင်းက အကွာအဝေးအားဖြင့် ထိုသားရဲကြီးနှင့် သိပ်မဝေးလှဟု ထင်မှတ်ရသော်လည်း ၎င်း၏တိုက်ကွင်းနယ်မြေမှ လွတ်မြောက်သွားခဲ့လေသည်။
ထိုမှော်ဝင်သားရဲက မည်မျှပင်ကြမ်းတမ်းခက်ထန်ပါစေ လေဟာပြင်ဖြစ်သော ကောင်းကင်ထက်မှာသာ အစွမ်းပြနိုင်မည်ဖြစ်ပြီး တောအုပ်ထဲတွင်တော့ အစွမ်းပြနိုင်မည် မဟုတ်ပေ။
လျှပ်စီးလင်းယုန်များက သူတို့ပင်ကိုယ်ဗီဇအတိုင်း ကောင်းကင်ယံတွင်သာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပြေးကြမည်ဆိုလျှင် သားရဲကြီး၏ရန်မှ ခဏတဖြုတ်သာ လွတ်မြောက်နိုင်သည်။
နောက်တစ်ချက်မှာ ခုန်မင်တို့စီးလာသည့် လျှပ်စီးလင်းယုန်များက အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ လျှင်မြန်သည့်အရှိန်အဟုန်ကို ရေရှည်ထိန်းထားနိုင်တော့မည် မဟုတ်ပေ။
ပင်ပန်းမှုကြောင့် အရှိန်လျော့သွားသည်နှင့် သားကောင်များအဖြစ် သားရဲကြီးဝမ်းဗိုက်အတွင်း ဝင်ရောက်သွားကြပေမည်။
ရှန်ရှင်းယွင်က တဖြည်းဖြည်းဝေးကွာသွားသော သားရဲကြီးကိုလှမ်းကြည့်ရင်း...
“သူဌေးလေးက အချိန်တိုတိုနဲ့ တိကျတဲ့ဆုံးဖြတ်ချက်ချလိုက်နိုင်တာပဲ... ဒါကြောင့် အဲဒီကောင်ကြီးရန်က လွတ်သွားတာ ၊ အဲဒါ ဘာကောင်ကြီးလဲ မသိပါဘူးဗျာ”
မော့ယွဲ့ကတော့ အကြွင်းမဲ့လေးစားအားကိုးသည့်အကြည့်များဖြင့် ခုန်မင်ကို လှမ်းကြည့်နေမိလေသည်။ သူမ၏နှလုံးသားထဲတွင် သခင်လေးက အရာရာကို တတ်စွမ်းနိုင်သည်ဟု မှတ်ယူထားလိုက်ပြီ မဟုတ်ပါလား။
ခုန်မင်က မျက်မှောင်ကျုံ့လိုက်ရင်း...
“တောရိုင်းဒေသ အနက်ရှိုင်းဆုံးနေရာကိုရောက်လာပြီဆိုတော့... နေရာတိုင်းမှာ အန္တရယ်တွေ ရှိနေနိုင်တယ် ၊ အခုချိန်ကစပြီး အားလုံးဘေးကင်းဖို့အတွက် အရှိန်နည်းနည်းလျှော့ပြီး ရှေ့ဆက်ကြရမယ် ၊ လျှပ်စီးလင်းယုန်တွေရှိနေတော့ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ နယ်မြေကို အချိန်မီမရောက်မှာ စိုးရိမ်စရာမရှိပါဘူး”
အားလုံးကလည်း ခုန်မင်၏စကားကို ထောက်ခံလိုက်ကြသည်။
သူတို့အုပ်စု ယခင်ကကဲ့သို့ စုပြုံပြီး မပျံသန်းတော့ဘဲ အဖွဲ့ကို အရှေ့ ၊ အလယ် ၊ အနောက် အုပ်စု(၃)စုခွဲပြီး အကွာအဝေးတစ်ခုစီထိန်းကာ ပျံသန်းရန်စီစဉ်လိုက်သည်။
ဤသည်က ကင်းထောက်နိုင်သည့်နယ်ပယ်ကို ပိုမိုကျယ်ပြန့်စေပြီး ဘေးအန္တရယ်ကို ကြိုတင်သိရှိနိုင်ပေသည်။
ထိုသို့ဖြင့် အချိန် (၂)ရက်ခန့် ကြာမြင့်သွားလေသည်။
(၂)ရက်တာ ကာလအတွင်း ခုန်မင်တို့အုပ်စု ဘေးအန္တရယ်ရှိသည့် အခြေအနေများနှင့် အကြိမ်ပေါင်းများစွာ ထပ်မံရင်ဆိုင်ခဲ့ရသည်။
သို့သော် သူတို့၏ အမြဲမပြတ်သတိရှိမှု ၊ လျှပ်စီးလင်းယုန်များ၏ လျှင်မြန်မှုနှင့် ခုန်မင်၏ ထက်မြက်တိကျသော ဆုံးဖြတ်ချက်များကြောင့် အခက်အခဲတိုင်းကို ဘေးကင်းစွာ ကျော်လွှားနိုင်ခဲ့ကြသည်။
ယနေ့မှာတော့ ခုန်မင်တို့အုပ်စု လျှပ်စီးလင်းယုန်များကိုစီးနင်းပြီး အောက်ဘက်ရှိတောအုပ်နှင့် မနီးမဝေးအမြင့်မှ ပုံမှန်အရှိန်ဖြင့် ပျံသန်းခဲ့ကြသည်။
ရုတ်တရက်ဆိုသလိုပင် လူတိုင်း၏မျက်စိရှေ့တွင် အဆုံးမရှိ ၊ အလွန်တရာကျယ်ပြန့်သော တောင်တန်းကြီးတစ်ခုအား တွေ့လိုက်ရလေသည်။
တောရိုင်းဒေသ နက်ရှိုင်းရာသို့ရောက်ရှိလာကတည်းက ခုန်မင်တို့အုပ်စု တောင်တန်းများစွာကို ဖြတ်သန်းခဲ့ကြသည်။
သို့သော် မည်သည့်တောင်တန်းကမှ သူတို့ရှေ့မှ တောင်တန်းကြီးလောက် ခမ်းနားထည်ဝါခြင်း မရှိခဲ့ပေ။
အဆုံးမစမရှိ ကျယ်ပြောလှသော တောရိုင်းဒေသကြီးတွင် ယခင်ကတွေ့ခဲ့သော တောင်တန်းများက ဤတောင်တန်းကြီးနှင့်ယှဉ်လျှင် အလွန်ပင် သေးငယ်နေသည်။
သူတို့ရှေ့မှ ဧရာမတောင်တန်းကြီးကတော့ မြေပြင်ထက်မှ ရုတ်ချည်းထိုးထွက်လာသည့်ပမာ မြင့်မားမတ်စောက်လွန်းလှသည်။
တောင်ထွတ်အချို့ကလည်း ကောင်းကင်ယံ တိမ်တိုက်များအထိ မြင့်မားစွာထိုးဖောက်နေပြီး တောရိုင်းဒေသ၏ ကြိးမားသော သစ်ပင်ကြီးများသည်ပင် ဤတောင်တန်းကြီးကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။
တောရိုင်းဒေသ၏ ထူးခြားထင်ရှားသောအမှတ်အသားများက နေရာအနှံ့တွင်ရှိနေသော်လည်း ခုန်မင်တို့အုပ်စုသွားနေသည့် ဦးတည်ချက်အရဆိုလျှင် ဤနေရာက ဖီးနစ်နားခိုရာမျိုးနွယ်စု၏ နယ်မြေဖြစ်ရန် သေချာသလောက် ရှိနေသည်။
ခုန်မင်က လျှပ်စီးလင်းယုန်ထက်တွင် မတ်တတ်ရပ်လိုက်ပြီး အရှေ့ဆီမှတောင်တန်းကြီးကို လက်ညှိုးညွှန်ပြလိုက်သည်။
“ဒီနေရာက ဖီးနစ်နားခိုရာမျိုးနွယ်စု အခြေစိုက်တဲ့ ဖီးနစ်နားခိုရာတောင်တန်းပဲ ဖြစ်ရမယ် ၊ သူတို့ဘက်ကလူတွေကိုရှာလို့တွေ့ရင် ငါတို့က စမ်းသပ်ပွဲဝင်ခွင့်လက်မှတ်ပြလိုက်လို့ရတယ် ၊ ဒါဆို သူတို့က ငါတို့ကို မျိုးနွယ်စုဆီ ခေါ်သွားပေးနိုင်တယ်”
စကားပြောရင်းပင် ခုန်မင်က အဖွဲ့သားများကို အရှိန်လျှော့ရန် အချက်ပြလိုက်ပြီး သူ၏လျှပ်စီးလင်းယုန်ကို အနီးဆုံးတောင်ထိပ်သို့ ဆင်းသက်စေလိုက်သည်။
သို့သော် လျှပ်စီးလင်းယုန်(၉)ကောင်လုံး မြေပြင်သို့နင်းခါနီးတွင် ခုန်မင်က ရုတ်တရက်အော်ဟစ်ကာ သတိပေးလိုက်သည်။
"အားလုံးပဲ... သတိထားကြ..."
သူ၏ သတိပေးသံမဆုံးခင်မှာပင် ပတ်ဝန်းကျင်တစ်ခွင် ဒြပ်စင်စွမ်းအားများ ရုတ်ချည်းပင် လှိုင်းထလာလေသည်။
ထို့နောက် မြေပြင်ထက်မှ ချွန်ထက်နေသည့် ကျောက်တိုင် (၁၀)ခုကျော်က လှံရှည်များအလား အထက်ဆီသို့ ထိုးဖောက်ထွက်လာသည်။
ဤရုတ်တရက်တိုက်ခိုက်မှုက အလွန်တရာကျယ်ပြန့်သည့်ဧရိယာကို လွှမ်းခြုံထားပြီး လျှပ်စီးလင်းယုန်(၉)ကောင်လုံး၏ ဝမ်းဗိုက်များက အဓိကပစ်မှတ်များ ဖြစ်လာခဲ့သည်။
ဤခြုံခိုတိုက်ခိုက်မှု၏ ချိန်သားကိုက်မှုက အလွန်ပင် ယုတ်မာကောက်ကျစ်လှသည်။
လျှပ်စီးလင်းယုန်များက အရှိန်ဖြင့် မြေပြင်ထက်သို့ ဆင်းသက်နေသည်ဖြစ်ရာ သူတို့အရှိန်ကိုပြန်ထိန်းပြီ ကောင်းကင်ထက်သို့ တဖန်ပျံတက်သွားရန်မှာ မဖြစ်နိုင်ပေ။
ကံကောင်းသည်မှာ ခုန်မင်က ပတ်ဝန်းကျင်မှ ဒြပ်စင်စွမ်းအားများ မူမမှန်ကြောင်း အာရုံခံမိပြီး သတိပေးအော်ဟစ်ခဲ့သဖြင့် လူတိုင်း တုံ့ပြန်ရန် အချိန်ရလိုက်ခြင်းပင်။
ခုန်မင်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ လက်ဖဝါးခန့်မျှရှိသော သစ်သားဒိုင်းငယ်လေးတစ်ခု ထွက်ပေါ်လာသည်။
ထိုသစ်သားဒိုင်းလေးအတွင်းသို့ သစ်သားဒြပ်စင်စွမ်းအားထည့်သွင်းလိုက်သည်နှင့် ဒိုင်းငယ်လေးက ချက်ချင်းပင် (၁၀)ပေခန့်အထိ ကျယ်ပြန့်လာကာ ထိုးထွက်လာသော ကျောက်တိုင်များကို တံတိုင်းတစ်ခုအလား ဖိနှိပ်ပိတ်ဆို့လိုက်၏။
ဤသစ်သားဒိုင်းလေးက အခြားမဟုတ်ပေ။
ယူဂျီးန်ထံမှ ရရှိထားသော အဆင့်မြင့် သစ်သားဒြပ်စင် ဝိညာဉ်လက်နက်ဖြစ်သည့် 'နက်ရှိုင်းသစ်သားဒိုင်း' ပင် ဖြစ်သည်။
ခုန်မင်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ ဤလက်နက်၏ စစ်မှန်သောစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။
သို့သော် ဤကဲ့သို့အရေးကြီးသောအချိန်မှာတော့ ဝိညာဉ်လက်နက်တစ်ခု၏စွမ်းအားက အပေါ်သို့ထိုးတက်လာသည့် ကျောက်တိုင်အများစုကို တားဆီးပေးနိုင်ခဲ့၏။