← Chapters

ရှင်းပစ်လိုက်ရအောင်

Vol. 11 Ch. 126

ရှင်းပစ်လိုက်ရအောင်

Vol. 11 Ch. 126

ခုန်မင်အနေဖြင့် 'နက်ရှိုင်းသစ်သားဒိုင်း' ၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ခြင်း မရှိသေးသော်လည်း ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်သည်ပင် ဤအဆင့်မြင့် ဝိညာဉ်လက်နက်ကို ခြစ်ရာလေးတစ်ခုထင်အောင် လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ခုန်မင်က နက်ရှိုင်းသစ်သားဒိုင်းကို အောက်သို့ ဖိနှိပ်လိုက်သည်နှင့် ထိုးထွက်လာသော ကျောက်တိုင်များ၏ ထက်ဝက်ကျော်က ဒိုင်းမျက်နှာပြင်နှင့် အရှိန်ပြင်းစွာရိုက်မိသွားသည်။

ကျောက်တိုင်များက ချက်ချင်းပင် ဝါကျင့်ကျင့်မြေမှုန်များအဖြစ် ကြွေမွသွားပြီး မြေပြင်ထက်သို့ လွင့်စင်ကျသွားသည်။

ခုန်မင်လှုပ်ရှားလိုက်ချိန်မှာပင် ရှန်ရှင်းယွင်၏တုံ့ပြန်မှုကလည်း နှေးကွေးခြင်း မရှိခဲ့ပေ။

သူက ခါးတွင်ပတ်ထားသည့်ဓားကိုဆွဲထုတ်လိုက်သည်နှင့် အေးစက်သည့်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင် ဓားရိပ်ပေါင်းတစ်ထောင်ခန့်ထွက်ပေါ်လာကာ ကျန်ရှိနေသော ကျောက်တိုင်များကို ခုတ်ပိုင်းချလိုက်သည်။

ရှန်ရှင်းယွင်၏လက်ထဲမှ ပါးလွှာသော ဓားရှည်မှာ ဝိညာဉ်လက်နက်အဆင့် မဟုတ်သော်လည်း အဆင့်မြင့် ဒြပ်စင်စွမ်းအားလက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

သူ စွမ်းအားကုန်ထုတ်သုံးလိုက်ချိန်တွင် ထွက်ပေါ်လာသည့်စွမ်းအားက အမှန်ပင် အထင်ကြီးစရာ ကောင်းလှသည်။

ရှန်ရှင်းယွင်၏ ဓားချက်ထိမှန်သည်နှင့် ကျောက်တိုင်များ အပိုင်းပိုင်းပြတ်ကြေမွသွားကာ အဝါရောင်မြေမှုန့်များအဖြစ် မြေပြင်ထက်သို့ တဖွဲဖွဲ ကျဆင်းသွားကြလေသည်။

ခုန်မင်နှင့် ရှန်ရှင်းယွင်ကဲ့သို့ အလျှင်အမြန် တုံ့ပြန်တိုက်ခိုက်နိုင်သူ နောက်တစ်ယောက်က မော့ဖေး ဖြစ်လေသည်။

မော့ဖေး၏ တုံ့ပြန်မှုက ရိုးရှင်းသော်လည်း အလွန်ပင် ကြမ်းတမ်းလှသည်။

သူသည် ဒေါသတကြီး ကျုံးဝါးသံပြုလိုက်ပြီး လျှပ်စီးလင်းယုန်၏ကျောထက်မှ ခုန်ချလိုက်သည်။

သူ၏အရေပြားထက်တွင် နက်မှောင်သည့် မိစ္ဆာတက်တူးများထွက်ပေါ်လာပြီး အနက်ရောင်မြူခိုးများထွက်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခုလုံးကို လက်နက်သဖွယ်အသုံးပြုပြီး ထိုးထွက်လာသည့် ကျောက်တိုင်များအား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်သည်။

မော့ဖေးက လက်သီးများ ခြေကန်ချက်များ အဆက်မပြတ်အသုံးပြုတိုက်ခိုက်လေရာ သူနှင့်ထိမိသမျှကျောက်တိုင်များမှ တစ်ခဏအတွင်း ကြေမွပျက်ဆီးကာ မြေဝါမှုန့်များအဖြစ် ပြောင်းလဲလွင့်စင်သွားသည်။

ခုန်မင်၊ ရှန်ရှင်းယွင်နှင့် မော့ဖေးတို့ (၃)ယောက် ပူးပေါင်းတိုက်ခိုက်မှုကြောင့် ရုတ်တရက်ထွက်ပေါ်လာသည့် ကျောက်တိုင် (၁၀)ခုကျော် အားလုံးနီးပါး ပျက်ဆီးသွားရသည်။

ကျန်ရှိနေသော ကျောက်တိုင်အနည်းငယ်ကိုမူ လျှပ်စီးလင်းယုန်များက ပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့ကြ၏။

ထိုအချိန် မော့ဖေးက မြေပြင်ထက်သို့ ဆင်းသက်မိသွားပြီ ဖြစ်သည်။

သူ၏ဒေါသကြောင့် မျက်လုံးများပြူးထွက်နေပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုရင်း ပုန်းအောင်းနေသည့်ရန်သူကို အပြင်သို့ဆွဲထုတ်ရန် ဟန်ပြင်နေသည်။

ခုန်မင်က မော့ယွဲ့နှင့် အခြားသူများကို လျှပ်စီးလင်းယုန်ထက်မှ မဆင်းရန် အချက်ပြလိုက်သည်။ အခြေအနေဆိုးရွားလာပါက လင်းယုန်များကိုအသုံးချကာ အလျှင်အမြန်ဆုတ်ခွာနိုင်မည် မဟုတ်ပါလား။

ထိုစဉ်...

“ဟီး... ဟီး... ဟီး...”

ကျောက်တုံးပုံများကြားမှ ကြောက်မက်ဖွယ်ရာ ရယ်သံဆိုးကြီး ထွက်ပေါ်လာသည်။

ထို့နောက် အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေသော သဏ္ဌာန်တစ်ခုက မတ်တတ်ထရပ်လိုက်ပြီး ခုန်မင်တို့အုပ်စုဆီသို့ ဦးတည်လျှောက်လှမ်းလာလေသည်။

သူ့ထံမှ ပြင်းထန်သည့်စွမ်းအားရောင်ဝါများ ထွက်ပေါ်လျှက် ရှိသည်။

ထိုသူက အသက်(၄၀)ဝန်းကျင် လူရွယ်တစ်ယောက် ဖြစ်၏။

သို့သော် ဖရိုဖရဲဖြစ်နေသော ဆံပင်ရှည်ကြီးများနှင့် ထူထဲသော မုတ်ဆိတ်ကျင်စွယ်များကြောင့် သူ့ပုံစံက လူတစ်ယောက်နှင့်ပင် မတူ‌ပေ။

ထို့ပြင် အမွှေးအမျှင်ရှည်လျားသည့် အနက်ရောင် သားရဲသရေဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် ကြည့်ရသည်မှာ သားရဲကြီးတစ်‌ကောင်နှင့်ပင် ဆင်တူနေသည်။

သူ၏ရုပ်သွင်က အရိုင်းအစိုင်းတစ်ယောက်ပမာ ဖြစ်‌နေသော်လည်း ခန္ဓာကိုယ်မှထုတ်လွှတ်နေသည့် စွမ်းအားရောင်ဝါကတော့ ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။

ဟုတ်ပေ၏။

ထိုသူက ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

သူ၏ကျင့်ကြံခြင်းက ဆရာသခင်နှောင်းပိုင်းအဆင့် အထွတ်ထိပ်သို့ မရောက်သေးသော်လည်း သာမန်တောရိုင်းမျိုးနွယ်စုငယ်လေးများတွင်မူ ထိပ်တန်းပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည့် အနေအထားမျိုး ဖြစ်သည်။

ထိုအမွှေးအမျှင်ထူထူနှင့်လူကို တွေ့မြင်သည်နှင့် ရှန်ရှင်းယွင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

သူက သူ၏လျှပ်စီးလင်းယုန်ကို ခုန်မင်ဆီသို့ အမြန်မောင်းနှင်လိုက်ပြီး သတိပေးစကားဆိုလိုက်သည်။

“သူဌေးလေး... ဒီကောင့်ပုံစံကြည့်ရတာ ဘန်နီမျိုးနွယ်စုက ဖြစ်ရမယ် ၊ သူတို့က တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာထဲမှာ အင်အားကြီးတဲ့ အုပ်စုထဲမှာပါတယ် ၊ အရမ်းမောက်မာရိုင်းစိုင်းပြီး နိုင်ထက်စီးနင်းလုပ်တတ်ကြတယ် ၊ ခြိမ်းခြောက်ငွေညှစ်တာနဲ့ လုယက်တာက သူတို့ရဲ့ ဗီဇပဲ... တကယ့်ဓားပြတွေအတိုင်းပဲ ၊ သူတို့နဲ့ဆုံရတာ ဘယ်လိုမှ မကောင်းနိုင်ဘူး”

ခုန်မင် ခေါင်းညိတ်လိုက်ပြီး ဘန်နီမျိုးနွယ်စုမှ နှောင်းပိုင်းဆရာသခင်အဆင့် ကျင့်ကြံသူကို အသေအချာ အကဲခတ်လိုက်၏။

ထိုသူက ကျောက်တုံးပုံများအစွန်းတွင် မတ်တတ်ရပ်ရင်း ခုန်မင်တို့အုပ်စုကို လှောင်ပြုံးပြုံးလျှက် စိုက်ကြည့်နေသည်။

ထိုခဏမှာပင် ထိုသူ ဘာကြံစည်နေကြောင်း ခုန်မင် သဘောပေါက်လိုက်လေသည်။

ခုန်မင်တို့အုပ်စုက လျှပ်စီးလင်းယုန်များကို စီးနင်းရောက်ရှိလာခြင်း ဖြစ်သည်။

သူတို့သာ လင်းယုန်များကို ချက်ချင်းပြန်ကွေ့ပြီး ထွက်ပြေးမည်ဆိုလျှင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ပင် ဖြစ်လင့်ကစကား သူတို့ကို မီအောင်လိုက်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ထိုသူက ကျောက်တုံးပုံများကြားတွင် ရပ်နေခြင်း ဖြစ်သည်။

ခုန်မင်တို့ ထွက်ပြေးမည်ဆိုလျှင် ထိုသူက ကျောက်တုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ပေလိမ့်မည်။

ထိုသို့တိုက်ခိုက်ခံရပါက ခုန်မင်တို့အားလုံး မြေပြင်ပေါ်သို့ ပြုတ်မကျနိုင်သည့်တိုင် လူတိုင်းဘေးကင်းမည်ဟု အာမခံနိုင်ခြင်း မရှိပေ။

ဘန်နီမျိုးနွယ်စုဝင်က လှောင်ပြုံးတစ်ချက်ပြုံးရင်း သူတို့အုပ်စုကို ကြည့်နေလေသည်။

သူ့ပုံစံက ယုံကြည်မှုအပြည့်ရှိနေသည်။

စောစောက ခုန်မင်တို့အုပ်စုအား ခြုံခိုတိုက်ခိုက်ခြင်း မအောင်မြင်သည်ကိုပင် အရေးစိုက်ဟန်မရှိပေ။

သူ့အမြင်တွင် သူ့အရှေ့မှအုပ်စုက စားပွဲပေါ်တင်ထားသည့် ဟင်းလျာတစ်ပွဲထက် မပိုပေ။

ဟုတ်ပေ၏။

အပေါ်ယံကြည့်မည်ဆိုလျှင် ထိုဘန်နီမျိုးနွယ်စုဝင်က နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် ဖြစ်သည်။

ခုန်မင်တို့အုပ်စုတွင် ကျင့်ကြံခြင်းအမြင့်ဆုံးသူက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဖြစ်သော ‘ရှန်ရှင်းယွင်’ သာလျှင်ရှိသည်။

ခုန်မင်ကိုယ်တိုင်က ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်မျှသာဖြစ်ပြီး ကျန်လူများဆိုလျှင် ကျင့်ကြံသူများပင် မဟုတ်ကြပေ။

သို့ဖြစ်ရာ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်၏အမြင်တွင် ခုန်မင်တို့အုပ်စုက လျှပ်စီးလင်းယုန်များ၏ အကူအညီရှိနေလျှင်ပင် အရေးစိုက်စရာမလိုသည့် အုပ်စုဖြစ်နေသည်။

ဘန်နီမျိုးနွယ်စုဝင်၏ ယုတ်မာလှသည့် ချုံခိုတိုက်ခိုက်မှုကြောင့် မော့ဖေးက အလွန်အမင်း ဒေါသထွက်နေသော်လည်း နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်ကို ယှဉ်နိုင်မည်မဟုတ်ကြောင်း နားလည်ထားသည်။

ထို့ကြောင့် သူက စိတ်လိုက်မာန်ပါ ရှေ့တို့မသွားဘဲ နောက်သို့အနည်းငယ်ဆုတ်ကာ ခုန်မင်တို့အုပ်စုကို ကာကွယ်ပေးထားလိုက်သည်။

ယခု အဖွဲ့ထဲတွင် မော့ဖေးတစ်ယောက်သာ မြေပြင်ပေါ်သို့ ဆင်းသက်ထားခြင်း ဖြစ်၏။

အကယ်၍ အခြားသူများ ထွက်ပြေးမည်ဆိုပါက မော့ဖေးက အသက်စွန့်ပြီး ဘန်နီမျိုးနွယ်စုဝင်ကိုတားဆီးပေးရန် စိတ်ပိုင်းဖြတ်ထားသည်။

ထိုစဉ် ဘန်နီမျိုးနွယ်စုဝင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်က ရယ်သံဆိုးကြီးဖြင့် ထပ်မံရယ်မောလိုက်ပြန်သည်။

“ဟီး... ဟီး... ဟီး...”

ထို့နောက် သူက လျှာဖြင့် နှုတ်ခမ်းကိုသပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

“ငါက ဘန်နီမျိုးနွယ်စုက သခင်’ဂယ်ရီ’ ပဲ ၊ မင်းတို့လို သားရဲထိန်းမျိုးနွယ်စုက ကောင်စုတ်လေးတွေက ဖီးနစ်နားခိုရာနယ်မြေထဲကို ဝင်လာရဲတယ်ပေါ့လေ ၊ မင်းတို့ပုံစံနဲ့ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲမှာ ပါဝင်နိုင်မယ်လို့ ထင်နေကြတာလား ၊ အိပ်မက်မက်နေလိုက်...”

သူက ဆက်ပြောလိုက်သည်။

“အရမ်းမြန်တဲ့ ငှက်သားရဲလေးတွေရှိနေရုံနဲ့ ငါ့လက်ကလွတ်မယ်လို့ မတွေးလိုက်နဲ့ ၊ ကဲ... မင်းတို့မှာ စမ်းသပ်ပွဲဝင်ခွင့်လက်မှတ်တွေရှိရင် ငါ့ကို အသာတကြည် ထုတ်ပေးကြစမ်း ၊ ငါစိတ်ကြည်ရင် မင်းတို့အလောင်းတွေကို အကောင်းတိုင်း ချန်ထားပေးမယ် ၊ မဟုတ်လို့ကတော့....”

စကားဆုံးသွားသည်နှင့် ဂယ်ရီက မြေပြင်ကိုခြေတစ်ချက်ဆောင့်လိုက်ရာ ဖရဲသီးလုံးခန့်ရှိသော ကျောက်တုံးကြီးတစ်တုံးမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားလေသည်။

ခုန်မင်တို့အုပ်စုက ဖီးနစ်နားခိုရာနယ်မြေသို့ ဝင်ရောက်လာသည်ဖြစ်ရာ သူတို့တွင် စမ်းသပ်ပွဲလက်မှတ်များရှိမည်အထင်နှင့် ဂယ်ရီက ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ခုန်မင်တို့အုပ်စုတွင် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများ ပါမလာသဖြင့် အခွင့်အရေးယူလိုက်ခြင်းလည်း ဖြစ်၏။

ဂယ်ရီ၏အပြုအမူက အလွန်ပင် နိုင့်ထက်စီးနင်းရှိလှသည်။

သို့သော် အားကြီးသူက အားနည်းသူကိုအနိုင်ကျင့်သည်မှာ တောရိုင်းဒေသ၏ နိယာမတစ်ခုပင်ဖြစ်သဖြင့် သူ၏လုပ်ရပ်က ပုံမှန်ကိစ္စသာ ဖြစ်၏။

တောရိုင်းဒေသမျိုးနွယ်စုတစ်ရာမှ အင်အားကြီးအုပ်စုများအတွက် စမ်းသပ်ပွဲဝင်ခွင့်လက်မှတ်များက အလွန်ပင်အရေးကြီးသည်။

လက်မှတ်တစ်ခုပိုရလေ သူတို့မျိုးနွယ်စုမှ လူငယ်များ ဖီးနစ်ကျဆုံးတောင်ကြားသို့ ပိုပြီးဝင်ရောက်နိုင်လေ မဟုတ်လား။

မိမိမျိုးနွယ်စုမှလူငယ်များ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် သူတို့အနေဖြင့် ဘေးကင်းစွာ ပြန်လည်ထွက်ခွာလာနိုင်မည့်အခွင့်အရေး သိသိသာသာ မြင့်မားသွားပေမည်။

ဖီးနစ်ကျဆုံးတောင်ကြားမှ ဘေးကင်းစွာ ပြန်ထွက်လာနိုင်ပါက ထိုလူငယ်များ၏ အနာဂတ်ကျင့်ကြံခြင်းတွင် များစွာအထောက်အကူပြုမည့် အကျိုးကျေးဇူးများ ရရှိပေမည်။

ထို့ပြင် ဖီးနစ်ကျဆုံးတောင်ကြားမှ ယူဆောင်လာနိုင်မည့် ရင်းမြစ်ပစ္စည်းများမှာလည်း ပြင်ပလောကတွင် တွေ့ရခဲသည့် ရတနာများဖြစ်လေသည်။

သားရဲထိန်းမျိုးနွယ်စုဆိုသည်က တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် အသေးအဖွဲ မျိုးနွယ်စုလေးမျှသာ ဖြစ်ပြီး အင်အားကြီးအုပ်စုများ၏အမြင်တွင် လုံးဝအရေးမပါလှပေ။

စမ်းသပ်ပွဲလက်မှတ်သာ သူတို့လက်ထဲရောက်ရှိနေမည်ဆိုပါက ကောင်းကင်ဘုံမှပေးအပ်သည့်အခွင့်အရေးကို အလဟာ ဖြုန်းတီးရာရောက်မည် မဟုတ်ပါလား။

ခုန်မင်တို့အုပ်စုတွင်လည်း အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ပါဝင်ခြင်းမရှိလေရာ ဂယ်ရီက သူတို့ထံမှ စမ်းသပ်ပွဲလက်မှတ်ကို လွယ်လွယ်နှင့်လုယူနိုင်မည်ဟု တွေးထင်ထားသည်။

ထို့ကြောင့် စတင်ချုံခိုတိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ထို့ပြင် ခုန်မင်တို့က လျှပ်စီးလင်းယုန်များကို စီးနင်းလာသဖြင့် သားရဲထိန်းမျိုးနွယ်စုများဟု အထင်မှားသွားခြင်းလည်း ဖြစ်သည်။

လျှပ်စီးလင်းယုန်ဆိုသည်က သားရဲထိန်းမျိုးနွယ်စု၏ အရေးကြီးဆုံး မှော်ဝင်သားရဲဖြစ်ပြီး အပြင်လူများကို လုံးဝ ပေးအပ်ခြင်းမရှိပေ။

ခုန်မင်တို့အုပ်စု ဤလင်းယုန်ငှက်များကိုရရှိလာခြင်းက ခြွင်းချက် ဖြစ်သည်။

ခုန်မင်က မျက်ခုံးများကိုတွန့်ချိုးရင်း ဂယ်ရီကို လှမ်းကြည့်လိုက်သည်။

ဤလူကိုကြည့်ရသည်မှာ မောက်မာရမ်းကားပုံရပြီး ညှိနှိုင်းဆွေးနွေး၍ ရမည့်ဟန်မရှိပေ။

သူ၏ပြောစကားအရ ခုန်မင်တို့က စမ်းသပ်ပွဲလက်မှတ်များကို ထုတ်ပေးလိုက်လျှင်ပင် သူပေးအပ်မည့်အခွင့်ထူးက အလောင်းကို ပုံမပျက်ထားပေးခြင်းသာ ဖြစ်၏။

အတော်ဗိုလ်ကျစိုးမိုးပြီး တစ်ဖက်သတ်ဆန်သည့်ပုဂ္ဂိုလ်သာပင်။

ထို့နောက် ခုန်မင်က သူ့လူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အေးဆေးသည့်လေသံဖြင့်...

“ဒီကောင့်ကြည့်ရတာ မျက်စိစပါးမွှေးစူးချင်စရာပဲ ၊ ရှင်းပစ်လိုက်ရအောင်...”

ခုန်မင်အတွက်တော့ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဆိုသည်က ရွှံ့နှင့်လုပ်ထားသည့် ကြက်ရုပ်မျှသာ ဖြစ်၏။

ခုန်မင် ရှင်းပစ်ချင်သည်ဆိုလျှင် ဂယ်ရီကဲ့သို့လူတစ်ယောက်မှာ ဓားအောက်တွင် လည်စင်းခံရရုံမှတစ်ပါး အခြားမရှိပေ။

ခုန်မင်၏ ပြတ်သားသောစကားကိုကြားသည်နှင့် မော့ဖေးတို့အုပ်စုလည်း သွေးများဆူပွက်လာကြသည်။

ဂယ်ရီကတော့ ခုန်မင်၏စကားကိုကြားသည်နှင့် ကိုယ့်နားကိုယ်ပင် မယုံနိုင်ဖြစ်သွားရသည်။

သူ့ရှေ့မှ ထိုကောင်စုတ်လေးက ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်လေးမျှသာ ရှိသေးသည်။ သူ့လို နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်ကို “ရှင်းပစ်လိုက်ရအောင်” ဟု ပေါ့ပေါ့ပါးပါးပင် ပြောဆိုဝံ့သည်လား။

ထိုကောင်စုတ်လေးက မိုးနှင့်မြေ၏ အတိမ်အနက်ကို နားမလည်ခြင်းလား သို့မဟုတ် လုံးဝ ရူးသွပ်နေခြင်းလား။

ဂယ်ရီ ဒေါသထွက်စွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

“ဟီး... ဟီး... ဟီး...”

ရယ်သံဆိုးကြီးက ထပ်မံထွက်ပေါ်လာပြန်၏။

“မသိနားမလည်တဲ့ ကောင်စုတ်လေး ၊ ငါ့လက်ထဲရောက်မှ လေကျယ်နိုင်ဦးမလား ကြည့်သေးတာပေါ့”

သူ့စကားသံဆုံးသွားသည်နှင့် ဂယ်ရီက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ကြိတ်ဆုံကျောက်ခန့်ရှိသော ကျောက်တုံးကြီးတစ်တုံးက လေထုထဲသို့ မြင့်တက်လာသည်။

ထို့နောက် နားကွဲလုမတတ် မြည်ဟည်းသံကြီးနှင့်အတူ ခုန်မင်ရှိရာသို့ ကြယ်တံခွန်တစ်စင်းပမာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေတော့၏။

All Chapters