← Chapters

ရန်ငြိုးကို ဘယ်လိုဖြေရှင်းမလဲ

Vol. 11 Ch. 118

ရန်ငြိုးကို ဘယ်လိုဖြေရှင်းမလဲ

Vol. 11 Ch. 118

အင်အားမတောင့်တင်းသည့် တောရိုင်းမျိုးနွယ်စုများအတွက် လူငယ်လူရွယ်များက အသက်သွေးကြောပမာ တန်ဖိုးရှိလှသည်။

မည်သည့်မျိုးနွယ်စုပင်ဖြစ်ပါစေ ဖွံ့ဖြိုးဆိုးတက်ချင်သည်ဆိုလျှင် လူဦးရေပမာဏ များပြားခြင်းက အရေးပါသည့်အချက်များထဲမှ တစ်ခုဖြစ်၏။

နတ်သားရဲမျိုးနွယ်များ တောရိုင်းဒေသသို့ ပထမဆုံး စတင်ခြေချခဲ့သည့် အခြေအနေကို ပြန်စဉ်းစားကြည့်မည်ဆိုလျှင် -

ထိုစဉ်က သူတို့၏လူဦးရေက သန်းနှင့်ချီရှိခဲ့သည့်အတွက် မျိုးနွယ်စုတစ်ရာတွင် ထိပ်တန်းအဆင့် မျိုးနွယ်စုကြီးတစ်ခုအဖြစ် သတ်မှတ်ခံရသည်။

နောက်ပိုင်းတွင် နတ်သားရဲမျိုးနွယ်များ တဖြည်းဖြည်းအင်အားဆုတ်ယုတ်လာပြီး ရာဂဏန်းမျှသာ ကျန်တော့သည်။

သို့ဖြစ်ရာ မျိုးတုံးပျောက်ကွယ်မည့် ကံကြမ္မာက ရှောင်လွှဲလို့မရနိုင်ခဲ့ပေ။

ချီတိမျိုးနွယ်စုသည်လည်း လူဦးရေ သိပ်မများလှပေ။

သို့ဖြစ်ရာ တန်ဖိုးကြီးမားခြင်းမရှိသည့် အဆင့်(၁) အဆင့် (၂) သားရဲအမြုတေလောက်ဖြင့် စစ်သည်များ အသက်ဆုံးရှုံးရမည်ဆိုပါက တွက်ခြေကိုက်မည် မဟုတ်ပေ။

အမှန်တော့ ဉာဏ်ရည်နိမ့်သားရဲများကို အသက်နှင့်ရင်းပြီး တိုက်ခိုက်နေရခြင်းသည်ပင် မတန်မရာကိစ္စတစ်ခု ဖြစ်နေသည်။

သို့သော်လည်း သားရဲထိန်းမျိုးနွယ်စုက မကြာခဏ လာရောက်တိုက်ခိုက်နေသည်ဖြစ်ရာ ချီတိမျိုနွယ်စုအတွက် အတော်လေး စိတ်ပျက်အားလျော့စရာ ဖြစ်နေခဲ့သည်။

အထူးသဖြင့် ရန်သူ၏တိုက်ခိုက်မှုကို ထိရောက်စွာ မတုံ့ပြန်နိုင်ခြင်းက အတော်ဆိုးရွားပေ၏။

ထို့ကြောင့်ပင် တိုက်ပွဲအကြောင်းပြောလိုက်တိုင်း ဘာတုမျက်နှာထက် မကျေနပ်မှုများက အထင်းသား ပေါ်ထွက်လာသည်။

ခုန်မင်က စုချီဘက်သို့လှည့်လိုက်ပြီး...

“ဆရာ’စုချီ’ က ထက်မြက်သလို ဗဟုသုတလည်းကြွယ်ဝတယ် ၊ ဒီလို ဘာအကျိုးမှမရှိတဲ့စစ်ပွဲ အဆုံးသတ်သွားဖို့ ဘာနည်းလမ်းမှ မစဉ်းစားမိဘူးလား”

စုချီက မချိပြုံး ပြုံးလိုက်ရင်း...

“သားရဲထိန်းမျိုးနွယ်စုက ကျုပ်တို့နဲ့ ကမ္ဘာမကြေရန်သူတွေလေ ၊ သူတို့နဲ့တိုက်ခိုက်ရတာ အရမ်းခက်တယ် ၊ ပြီးတော့ အခုနောက်ပိုင်း သူတို့က အရူးလိုမျိုး ကျုပ်တို့ကို မကြာခဏ လာတိုက်ခိုက်နေတာ ၊ ဒါက အတော်လေး ဒေသထွက်စရာကောင်းတယ် ၊ ဒါပေမဲ့ သူတို့က သားရဲတွေကိုထိန်းချုပ်ပြီး နောက်ကွယ်က ပုန်းလျှိုးကွယ်လျှိုးတိုက်ခိုက်နေတာဆိုတော့ ကျုပ်တို့လည်း ဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်”

သူက သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။

“သူတို့က ကျုပ်တို့တွေ တောရိုင်းဒေသ အနောက်မြောက်ဘက်ကိုသွားမယ့်လမ်းကို ပိတ်ဆို့ထားတာ ၊ သူတို့ကိုသာ နှိမ်နင်းနိုင်မယ်ဆိုရင် ကျုပ်တို့မျိုးနွယ်စုအနေနဲ့ တောရိုင်းဒေသက ရင်းမြစ်တွေကို အများကြိးပိုပြီး ရရှိနိုင်မှာပါ”

စုချီ၏စကားများက အခြေအနေကို တစ်ဖက်လှည့်နှင့် တွန်းပို့ချင်သည့် အရိပ်အယောင်များ ပါဝင်နေသည်။

သားရဲထိန်းမျိုးနွယ်စုက ချီတိမျိုးနွယ်စုကိုတိုက်ခိုက်ရုံသာမက စီးပွားရေးလမ်းကြောင်းကိုပါ ပိတ်ဆို့ထားကြောင်း ခုန်မင်သိအောင် ပြောလိုက်ခြင်းပင်။

ချီတိမျိုးနွယ်စု၏ စီးပွားရေးလမ်းကြောင်း မတိုးချဲ့နိုင်လျှင် ခုန်အိမ်တော်၏အကျိုးအမြတ်ပါ ထိခိုက်လာနိုင်သည်ဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်းလည်း ဖြစ်၏။

သို့သော် ခုန်မင်ကတော့ ထိုစကားအပေါ် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

သူက ခေါင်းတစ်ချက်သာညိတ်လိုက်ပြီး ဘာတုဘက်သို့လှည့်လိုက်သည်။

“သားရဲထိန်းမျိုးနွယ်စုက ဒီလောက်တိုက်ရခက်တယ်ဆိုတော့... အရင်က ခင်ဗျားတို့နဲ့ သူတို့နဲ့ တိုက်ခိုက်ခဲ့စစ်ပွဲတွေမှာ သူတို့ဘက်က လူအသေအပျောက် လုံးဝ မရှိခဲ့ဘူးလား”

ဘာတုက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်...

“မရှိဘဲနေမလား ၊ ကျုပ်တို့ချီတိမျိုးနွယ်စုက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူတွေမှ မဟုတ်တာ ၊ သားရဲထိန်းမျိုးနွယ်စုက မှော်ဝင်သားရဲတွေကို ထိန်းချုပ်တဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုပေမယ့်... ဒီလို အဆင့်နိမ့်သားရဲတွေလောက်နဲ့ ကျုပ်တို့ရဲ့သစ်ပင်တံတိုင်းကို ဘာမှမခြိမ်းခြောက်နိုင်ဘူး”

သူက ဆက်ပြောပြသည်။

“သူတို့တွေ ကျုပ်တို့ကို တကယ်တိုက်ချင်တယ်ဆိုရင် လျှပ်စီးလင်းယုန်တွေစီးပြီး ဝေဟင်က လာတိုက်မှရမှာ ၊ အဲဒါမှ ထိပ်တိုက်တွေ့တယ်လို့ခေါ်မှာ ၊ ကျုပ်တို့ကလည်း ဘယ်တော့မှ ဒင်းတို့တွေကိုမညှာခဲ့ဘူး ၊ ကျုပ်တို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ သားရဲထိန်းမျိုးနွယ်စုရဲ့ နတ်ဆရာကြီးတစ်ပါးကို သတ်နိုင်ခဲ့တာပဲ ၊ တောရိုင်းဒေသမျိုးနွယ်စုတွေအတွက် နတ်ဆရာကြီးဆိုတာ သိပ်ကိုအရေးပါတဲ့လူတစ်ယာက်ပဲလေ”

ထိုစကားကြားတော့ ခုန်မင်က သက်ပြင်းချလိုက်ပြီး...

“ခင်ဗျားတို့က သူတို့နတ်ဆရာကြီးကိုသွားသတ်လိုက်တော့ ရန်ငြိုးက မပြေနိုင်တော့ဘူးပေါ့ ၊ အခုဆို ခင်ဗျားတို့မျိုးနွယ်စုဝင်တွေလည်း သားရဲထိန်းမျိုးနွယ်စု လက်ချက်နဲ့ အကျအဆုံးတွေများခဲ့တာပဲ မဟုတ်လား”

ထိုစကားကြားတော့ ဘာတု မျက်နှာညှိုးသွားပြီး ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“အမှန်ပဲ... သစ်ပင်တံတိုင်းအကာအကွယ်သာမရှိရင် ကျုပ်တို့စစ်သည်တွေ သားရဲထိန်းမျိုးနွယ်စုကို ယှဉ်နိုင်မှာ မဟုတ်ဘူး ၊ အခုချိန်ထိ ကျုပ်တို့ဘက်ကစစ်သည်တွေ ဘယ်လောက်ကျဆုံးခဲ့ပြီလဲဆိုတာ ရေတွက်လို့တောင် မရနိုင်ပါဘူး ၊ ခန့်မှန်းခြေဆိုရင်တော့... ကျုပ်တို့ဘက်က ကျဆုံး ဒဏ်ရာရသူအရေအတွက်က သားရဲထိန်းမျိုးနွယ်စုထက် ဆယ်ဆလောက်ပိုများနိုင်တယ်”

ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စု၏ရန်ငြိုးက မျိုးရိုးစဉ်ဆက် ရှိခဲ့ကြဟန်ပင်။

သို့ပေသိ ချီတိမျိုးနွယ်စု လူဦးရေက သားရဲထိန်းမျိုးနွယ်စုထက် ဆယ်ဆမက ပိုများနေသဖြင့် အချိုးအစား ပြန်ကြည့်မည်ဆိုလျှင် စစ်ပွဲတွင် အင်အားချင်းညီနေသည်ဟု ဆိုနိုင်သည်။

ခုန်မင်က တည်ငြိမ်စွာဖြင့်...

“ကျုပ် နောက်တစ်ခုလောက် ထပ်မေးချင်သေးတယ် ၊ ခင်ဗျားတို့ ချီတိမျိုးနွယ်စုက သားရဲထိန်းမျိုးနွယ်စုကို ရန်သူလို့ သတ်မှတ်ထားသလို နတ်သားရဲမျိုးနွယ်စုကိုလည်း အဲဒီလို သတ်မှတ်ထားတာ မဟုတ်လား ၊ ဒါပေမဲ့ အခု မော့ဖေးတို့က ကျုပ်ရဲ့ကိုယ်ရံတော်တွေ ဖြစ်နေပြီ ၊ ခင်ဗျားတို့ ချီတိမျိုးနွယ်စုရဲ့အမြင်မှာ သူတို့ကို ရန်သူတွေအဖြစ် သတ်မှတ်ထားသေးလား”

ဘာတုက အလျှင်အမြန်ခေါင်းခါလိုက်သော်လည်း စကားဖြင့် မည်သို့ရှင်းပြရမည်မသိ ဖြစ်သွားသည်။

ထိုအချိန် စုချီက ချက်ချင်းကြားဝင်ပြီး ရှင်းပြလိုက်၏။

“ဒုတိယသခင်လေး စိတ်ချပါ ၊ တောရိုင်းဒေ မျိုးနွယ်စုတွေမှာ လက်ခံထားတဲ့ ထုံးတမ်းစဉ်လာတွေ ရှိပါတယ်။ ကျုပ်တို့မျိုးနွယ်စုနဲ့ နတ်သားရဲမျိုးနွယ်စုက ရန်သူတွေဖြစ်ခဲ့တယ်ဆိုပေမယ့်... နတ်သားရဲမျိုးနွယ်စု ချေမှုန်းခံရပြီး ကျုပ်တို့ရဲ့ သုဉ့်ပန်းတွေဖြစ်သွားတဲ့အချိန်မှာတင် သူတို့မျိုးနွယ်စုက တောရိုင်းဒေသ မျိုးနွယ်စုစာရင်းထဲက ပျောက်ကွယ်သွားခဲ့ပါပြီ ၊ ဒါကြောင့် နတ်သားရဲမျိုးနွယ်စုက ကျုပ်တို့ရဲ့ ရန်သူစာရင်းမှာ မရှိတော့ပါဘူး ၊ ပြီးတော့ အခုဆိုရင် နတ်သားရဲမျိုးနွယ်စုက ညီအစ်ကိုတွေက ဒုတိယသခင်လေးရဲ့ လက်အောက်မှာ အမှုထမ်းနေကြတယ်ဆိုတော့... သခင်လေးလည်း သူတို့ကို တန်ဖိုးထားတယ်ဆိုတာ ထင်ရှားပါတယ် ၊ သခင်လေးက တန်ဖိုးထားတယ်ဆိုမှတော့ သူတို့က ကျုပ်တို့ချီတိမျိုးနွယ်စုအတွက်လည်း ဂုဏ်သရေရှိ ဧည့်သည်တော်တွေပါပဲ ၊ အရင်က ရန်ငြိုးတွေက အလိုအလျောက် ပျောက်ကွယ်သွားပါပြီ”

ခုန်မင်က ခေါင်းညိတ်လိုက်ပြီး...

“အင်း... ခင်ဗျားတို့က ရန်ငြိုးဟောင်းကို အပြုံးနဲ့ချေဖျက်နိုင်တာပဲ ၊ တကယ်တော့... ရန်သူကနေ မိတ်ဆွေဖြစ်သွားတာကလည်း ရေစက်တစ်မျိုးပါပဲ...”

သူက ဆက်ပြောလိုက်သည်။

“ဆိုတော့... မျိုးနွယ်စုခေါင်းဆောင်’ဘာတု’ နဲ့ ဆရာ’စုချီ’.... ကျုပ်က ခင်ဗျားတို့ ချီတိမျိုးနွယ်စုနဲ့ သားရဲထိန်းမျိုးနွယ်စုကြားက ရန်ငြိုးကို ဖြေရှင်းပေးချင်တယ်ဆိုရင် ဘယ်လိုသဘောရလဲ”

ထိုစကားကြားတော့ ဘာတု အံ့အားသင့်သွားပြီး စုချီကို လှမ်းကြည့်လိုက်လေသည်။

စုချီမှာလည်း သူကဲ့သို့ပင် ကြောင်အမ်းအမ်းဖြစ်နေပြီး ဘာဆက်ပြောရမှန်းမသိ ဖြစ်နေပုံရသည်။

သို့သော် စုချီက စိတ်မြန်သူဖြစ်ရာ ခဏမျှမှင်တက်သွားပြီးနောက် ချက်ချင်းပင် ပြန်ပြုံးလိုက်ရင်း...

“ဒုတိယသခင်လေးသာ ကြားဝင်ပြီး ကျုပ်တို့ပဋိပက္ခကို ဖြေရှင်းပေးမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ ၊ ဒါပေမဲ့ သားရဲထိန်းမျိုးနွယ်စုက ခေါင်းမာပြီး ရန်လိုတတ်တယ် ၊ သခင်လေးရဲ့ စိတ်ရင်းမှန်ကို သူတို့ဘက်က အပြည့်အဝ နားလည်လက်ခံပါ့မလား စိုးရိမ်မိပါတယ်”

စုချီ အတော်လေးကြိုးစားပြီး ပြုံးနေရခြင်း ဖြစ်သည်။

ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စုကြားမှ ရန်ငြိုးကို ဖြေရှင်းရန်အတွက် ခုန်မင် မည်သို့စီစဉ်မည်လဲ လုံးဝ စဉ်းစားမရခဲ့ပေ။

မတော်လို့ ရန်ငြိုးမပြေဘဲ ပိုဆိုးသွားလျှင် ဒုက္ခပင်။

“ခုန်အိမ်တော်၏ ဒုတိယသခင်လေး” ဆိုသည့် ဂုဏ်ပုဒ်က ချီတိမျိုးနွယ်စုအတွက် အလွန်မြင့်မြတ်ခမ်းနားသော်လည်း အခြားသော တောရိုင်းမျိုးနွယ်စုများကတော့ ခွန်းကာမြို့မှ ခုန်အိမ်တော်ဆိုသည်ကို ကြားဖူးမည်ပင် မဟုတ်ပေ။

သို့ဖြစ်ရာ မည်သူက ဒုတိယသခင်လေးကို မျက်နှာသာပေးပါမည်နည်း။

နောက်ဘက်တွင်ရှိနေသည့် ရှန်ရှင်းယွင်သည်လည်း အံ့အားသင့်သွားပြီး ခုန်မင်ကို စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်သည်။

ဤသို့ ရဲရဲဝံ့ဝံ့ ပြောထွက်နိုင်ဖို့ ခုန်မင်တွင် ဘယ်လိုစွမ်းဆောင်ရည်မျိုး ရှိနေမလဲ သူ တကယ်ပင် သိချင်မိသည်။

သူသေကိုယ်သေတိုက်ရလောက်အောင် ရန်ငြိုးကြီးမားနေသည့် မျိုးနွယ်စုနှစ်ခုကြား ဘယ်သူကများ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ပါမည်လဲ။

ဒီကောင်လေးက သူ့ကိုယ်သူ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဟု အထင်ရောက်ပြီး အင်အားသုံးဖိနှိပ်နိုင်မည်ဟုများ ယူဆထားလေသလား။

တောရိုင်းဒေသ မျိုးနွယ်စုများက ရိုးရာဓလေ့နှင့် ထုံးတမ်းစဉ်လာများကို အလေးအနက် တန်ဖိုးထားကြသည်။

အချင်းချင်းရန်ငြိုးဖွဲ့သည်မှာလည်း မျိုးနွယ်စုနှစ်ခုကြား အခြေခံကျကျဆန့်ကျင်နေသည့် ထုံးတမ်းစဉ်လာများ ရှိနေသောကြောင့်ပင်။

ဤသို့သော မျိုးနွယ်စုများအား ကြားဝင်စေ့စပ်ပေးရန်မှာ ဘယ်ကစရမှန်းတောင် မသိနိုင်သည့်ကိစ္စပင်။

ဤ ‘ခုန်မင်’ ဆိုသော လူငယ်လေးက သူ့ကိုယ်သူ ‘ပါရမီရှင်’ ဟု အထင်ရောက်နေပြီး လက်တွေ့ဘဝ၏ ရှုပ်ထွေးခက်ခဲမှုများကို လုံးဝ နားမလည်ခြင်းဖြစ်ရမည်ဟု ရှန်ရှင်းယွင် တွေးလိုက်သည်။

ရှန်ရှင်းယွင် မသိမသာ ခေါင်းခါယမ်းလိုက်ပြီး ခုန်မင်တစ်ယောက် ဘယ်လိုများအရှက်ကွဲမလဲ စောင့်ကြည့်နေလိုက်တော့၏။

ခုန်မင်ကတော့ မည်သည့်စိုးရိမ်ပူပန်ဟန်မရှိ ၊ အေးဆေးတည်ငြိမ်နေဆဲပင်။

သူ့စိတ်ထဲ ဘာတွေးနေသည်ကို မည်သူမှ ခန့်မှန်းမရနိုင်ပေ။

ထိုအချိန် ခုန်မင်က သစ်ပင်တံတိုင်းထိပ်ဖျားသို့ အနည်းငယ်တိုးကပ်သွားပြီး အသံကိုမြှင့်ကာ အော်ပြောလိုက်သည်။

"သားရဲထိန်းမျိုးနွယ်စုက မိတ်ဆွေတို့... ခင်ဗျားတို့အနေနဲ့ အခွင့်အရေးကြီးတစ်ခုကို စိတ်ဝင်စားတယ်ဆိုရင် အခု တိုက်ပွဲဝင်နေတာကို ခဏရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဖိတ်‌ခေါ်ပါတယ် ၊ ခွန်းကာမြို့က ခုန်အော့က ချီတိမျိုးနွယ်စုနဲ့ ခင်ဗျားတို့မျိုးနွယ်စုကြားမှာ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ပေးချင်ပါတယ်”

ခုန်မင်က သစ်သားဒြပ်စင်စွမ်းအားအသုံးပြုပြီး အသံကို အဝေးသို့ ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။

သစ်သားဒြပ်စင်စွမ်းအားက ဖြောင့်မတ်တည်ကြည်ပြီး ငြိမ်းချမ်းသည့်ခံစားချက်ကို ပေးစွမ်းကာ ကြာရှည်တည်တံ့သော အရှိန်အဝါကို ဆောင်ယူထားသည်။

သစ်သားဒြပ်စင်စွမ်းအားကြောင့် ခုန်မင်၏အသံက မိုးကြိုးသံပမာကျယ်လောင်စွာဖြင့် အဝေးသို့ရောက်ရှိသွားသည့်တိုင် နားအူသွားစေခြင်းမရှိသလို ကြားရသူများအတွက် မနှစ်မြို့ဖွယ်ခံစားချက်လည်း မဖြစ်ပေါ်စေခဲ့ပေ။

သို့သော် ခုန်မင် ဤသို့စကားဆိုလိုက်သည်နှင့် သားရဲထိန်းမျိုးနွယ်စုက တိုက်ခိုက်ခြင်းကို ရပ်တန့်ပါမည်လား။

လူတိုင်းက ခုန်မင်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ခုန်အိမ်တော်မှ ဒုတိယသခင်လေး၏လုပ်ရပ်က အရမ်းကိုအပေါ်ယံဆန်ပြီး ရိုးရှင်းနေသည်ဟု သူတို့အားလုံး တွေးထင်မိကြသည်။

သုံးပြည်ထောင်ခေတ်တွင် “အိပ်ပျော်နေသောနဂါး” ဟု နာမည်ကြီးသည့် ခုန်မင်ကတော့ တည်ငြိမ်နေသည်ဖြစ်ရာ သူ့စိတ်ထဲ ဘာတွေးနေကြောင်း မည်သူမှ မခန့်မှန်းနိုင်ပေ။

သို့သော် အံ့သြစရာကောင်းသည်မှာ ခုန်မင် စကားဆိုပြီးသည်နှင့် “သစ်ပင်တံတိုင်း” အောက်ဘက်မှ မှော်ဝင်သားရဲများ၏ တိုက်ခိုက်မှုက သိသိသာသာပင် အားပျော့သွားခြင်းပင်။

သားရဲများက ခုန်မင်၏စကားကို နားလည်သောကြောင့် မဟုတ်ပေ။

သားရဲများကိုထိန်းချုပ်နေသည့် သားရဲထိန်းမျိုးနွယ်စုဝင်များက သူတို့ကို နှေးကွေးစေလိုက်ခြင်းသာ ဖြစ်သည်။

ကြည့်ရသည်မှာ...

သားရဲထိန်းမျိုးနွယ်စုဝင်များက ခုန်မင်၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပါယ်ကို စဉ်းစားရန်အတွက် သားရဲများ၏တိုက်ခိုက်မှုကို အရှိန်လျှော့လိုက်ခြင်း ဖြစ်ဟန်တူသည်။

All Chapters