← Chapters

သားရဲထိန်းမျိုးနွယ်စု၏ရည်ရွယ်ချက်

Vol. 11 Ch. 119

သားရဲထိန်းမျိုးနွယ်စု၏ရည်ရွယ်ချက်

Vol. 11 Ch. 119

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အဝေးတစ်နေရာမှ စူးရှသည့် လေချွန်သံတစ်ချက် ပဲ့တင်ထပ်ထွက််ပေါ်လာသည်။

ထိုလေချွန်သံကိုကြားသည်နှင့် မှော်ဝင်သားရဲတပ်ဖွဲ့ကြီးက ပင်လယ်ရေလှိုင်းများ နောက်ပြန်ဆုတ်သွားသည့်ပမာ လှည့်ထွက်သွားကြပြီး မျက်စိတစ်မှိတ်အတွင်း တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

အားလုံး၏မျက်စိရှေ့မှာပင် သားရဲများက အလွန်စည်းကမ်းရှိစွာ ဆုတ်ခွာသွားကြခြင်ဖြစ်ပြီး သေဆုံးနေသည့် သားရဲအလောင်းများကိုလည်း တစ်လောင်းမကျန် ပြန်ဆွဲယူသွားကြသည်။

ချီတိမျိုးနွယ်စုအတွက် အကျိုးအမြတ်တစ်စွန်းတစ်စမျှပင် ချန်မထားခဲ့ပေ။

သို့သော် လက်ရှိတွင် သားရဲများ၏လှုပ်ရှားမှုကို မည်သူမှ အရေးမစိုက်ကြတော့ပေ။

အားလုံးက ခုန်မင်ကိုသာ အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။

ခုန်မင် စကားတစ်ခွန်းအော်ဟစ်လိုက်သည်နှင့် သားရဲထိန်းမျိုးနွယ်စုက သူတို့၏သားရဲစစ်တပ်ကို ပြန်လည်ရုတ်သိမ်းသွားမည်ဟု မည်သူ ထင်မှတ်ပါမည်နည်း။

သားရဲထိန်းမျိုးနွယ်စုက ဘယ်တုန်းက ဒီလောက် စကားနားထောင်တတ်သွားရတာလဲ...။

ဤအလှည့်အပြောင်းကို လူအများနားမလည်နိုင်သည်မှာ အံ့သြစရာမရှိပေ။ အဘယ်ကြောင့်ဆိုသော မည်သူမှ ခုန်မင်တွေးသလို မတွေးခဲ့သောကြောင့် ဖြစ်၏။

သားရဲထိန်းမျိုးနွယ်စုက အကြောင်းမဲ့သက်သက် အရူးထပြီး လာရောက်တိုက်ခိုက်နေသည်ဟု ချီတိမျိုးနွယ်စုဝင်များက ယူဆထားကြသည်။

သို့သော် ဤလောကတွင် အကြောင်းမဲ့သက်သက်ဖြစ်ပွားသော စစ်ပွဲဟူ၍ ရှိခဲ့ဖူးပါသလား။

သားရဲထိန်းမျိုးနွယ်စုနှင့် ချီတိမျိုးနွယ်စုက ကမ္ဘာမကြေ ရန်သူများ ဖြစ်ကြသည်။

သို့ပေသိ ဘိုးစဉ်ဘောင်ဆက် အငြိုးအတေးကြောင့် စစ်တိုက်သည်ဆိုဦးတော့ ၊ အလုံးစုံ မဟာဗျူဟာဖြင့် စဉ်းစားကြည့်ပါက စစ်ပွဲတစ်ပွဲဆင်နွှဲမည်ဆိုလျှင် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို ချိန်ဆရစမြဲ ဖြစ်သည်။

အကျိုးအမြတ်မရှိပါက မည်သူမှ အသက်အသေခံပြီး စစ်တိုက်မည်မဟုတ်ပေ။

အကျိုးအမြတ်ရှိမည်ဆိုလျှင်တော့ အသက်ပေါင်းများစွာ စတေးရသည့်တိုင် စစ်ခင်းကြပေလိမ့်မည်။

ဤသဘောတရားက တောရိုင်းဒေသမျိုးနွယ်စုများအတွက်ပင် ခြွင်းချက်မရှိပေ။

ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စု၏ ရန်ငြိုးရန်စများကို သိရှိပြီးနောက် ခုန်မင်၏စိတ်ထဲ မေးခွန်းတစ်ခုထွက်ပေါ်လာသည်။

“သားရဲထိန်းမျိုးနွယ်စုက ချီတိမျိုးနွယ်စုကို အဘယ့်ကြောင့် တိုက်ခိုက်ရပါသနည်း။”

ဘာတု ၊ စုချီနှင့် မော့ဖေးတို့ထံမှ သတင်းအချက်အလက်များ စုံစမ်းပြီးနောက် နောက်ကွယ်မှအကြောင်းရင်းကို ခုန်မင် ခန့်မှန်းတွက်ချက်နိုင်ခဲ့သည်။

သူ၏တွက်ချက်မှု လွဲမှားမည်ဆိုလျှင်တောင် (၂၀)ရာနှုန်းခန့်သာ လွဲမှားနိုင်၏။

ဟုတ်ပေ၏။

သားရဲထိန်းမျိုးနွယ်စုက ချီတိမျိုးနွယ်စုအား တိုက်ခိုက်သည်မှာ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်သည်။

သူတို့မျိုးနွယ်စုနှစ်ခုက ရန်သူများဖြစ်ကြသည့်အလျောက် သားရဲထိန်းမျိုးနွယ်စုက ချီတိမျိုးနွယ်စု၏သတင်းအချက်အလက်များကို အာရုံစိုက်နေမည်မှာ သံသယဝင်စရာ မရှိပေ။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ချီတိမျိုးနွယ်စုက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

အထူးသဖြင့် ခုန်အိမ်တော်နှင့် ဆက်သွယ်မှုတည်ဆောက်ပြီးနောက်ပိုင်း တောရိုင်းဒေသရှိ ရင်းမြစ်မျိုးစုံကို အလုံးအရင်းနှင့်ဝယ်ယူခဲ့ကြသည်။

ချီတိမျိုးနွယ်စု တိုးတက်လာခြင်းက ရန်သူဖြစ်သော သားရဲထိန်းမျိုးနွယ်စုအား စိုးရိမ်ပူပန်မှု ကြီးမားလာစေသည်။

ခုန်အိမ်တော်နှင့် ချီတိမျိုးနွယ်စုအကြား တည်ဆောက်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းက လျှို့ဝှက်ဖုံးကွယ်ထားသည်ဖြစ်ရာ အပြင်လူများအနေဖြင့် အသေးစိတ်ကိုသိရှိရန် မဖြစ်နိုင်ပေ။

ထို့ပြင် သားရဲထိန်းမျိုးနွယ်စုက လူဦးရေနည်းပါးသဖြင့် ပြင်ပသတင်းအချက်အလက်များရယူရန် ခက်ခဲပေသည်။

ထို့ကြောင့် ခုန်အိမ်တော်နှင့် ချီတိမျိုးနွယ်စု ပူးပေါင်းဆောင်ရွက်နေသည်ကို သူတို့ သိချင်မှ သိပေလိမ့်မည်။

သို့သော် သားရဲထိန်းမျိုးနွယ်စုသားများက ငတုံးများမဟုတ်ပေ။

ချီတိမျိုးနွယ်စု လျင်မြန်စွာ ဖွံ့ဖြိုးလာရခြင်းမှာ ပြင်ပလောကမှ အကူအညီပေးသူတစ်ဦးဦး ရှိနေခြင်းကြောင့်ဖြစ်မည်ဟု သူတို့ ခန့်မှန်းနိုင်ခဲ့သည်။

ချီတိမျိုးနွယ်စု၏ ကိုယ်ပိုင်အင်အားဖြင့်ဆိုလျှင် အချိန်တိုအတွင်း ဤမျှတိုးတက်လာမည် မဟုတ်ပေ။

ချီတိမျိုးနွယ်စုရရှိသည့် အကျိုးအမြတ်များကို တွေ့မြင်လာသည့်အခါ သားရဲထိန်းမျိုးနွယ်စုများ မနာလိုစိတ်ပြည့်နက်လာခဲ့ပြီး ၊ ထိုအကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်ကိုရယူရန် နည်းလမ်းရှာချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

သို့သော် မျိုးနွယ်စုနှစ်ခုက နှစ်ပေါင်းများစာ အငြိုးအတေးရှိသည်ဖြစ်ရာ သားရဲထိန်းမျိုးနွယ်စုအနေဖြင့် ချီတိတို့၏ အကျိုးအမြတ်ကို ခွဲဝေယူရန် လွယ်ကူမည်မဟုတ်ပေ။

ထို့ကြောင့် သားရဲထိန်းမျိုးနွယ်စုက ပုံမှန်လမ်းကြောင်းမဟုတ်သည့် အထူးအစီအမံများဖြင့် ချီတိမျိုးနွယ်စုကို ဒုက္ခပေးတော့သည်။

သူတို့က မြေပြင်အနေအထား အားသာချက်ကိုအသုံးချပြီး ချီတိမျိုးနွယ်စု အနောက်မြောက်ဘက်သို့ စီးပွားရေးချဲ့တွင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်သည်။

သားရဲထိန်းမျိုးနွယ်စု ဤသို့လုပ်ဆောင်ရသည်မှာ အကြောင်းရင်း (၂)ခု ရှိသည်။

ပထမတစ်ချက်မှာ ချီတိမျိုးနွယ်စု ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်စေရန်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ အနောက်မြောက်လမ်းကြောင်းမှ ကုန်သွယ်ရေးလမ်းကြောင်းကို သူတို့ကိုယ်တိုင် ထိန်းချုပ်လိုခြင်း ဖြစ်၏။

ချီတိမျိုးနွယ်သည်ပင် အပြင်လောကမှ အကူအညီပေးသူ ရှာတွေ့နိုင်သည်ဆိုလျှင် သားရဲထိန်းမျိုးနွယ်စုကရော အဘယ့်ကြောင့် မရှာနိုင်ရမည်နည်း။

သို့သော် ပြင်ပလောကမှလူအများက တောရိုင်းဒေသမျိုးနွယ်စုများကို အထင်သေးကြသည်ဖြစ်ရာ ဤသို့ နောက်ခံအားကိုး ရှာဖွေခြင်းက မဖြစ်နိုင်သ‌လောက် ခက်ခဲသည်။

တောရိုင်းဒေသနှင့် တိုက်ရိုက်ကုန်သွယ်လိုသော ကုန်သည်များရှိသော်လည်း သူတို့က ကုန်ပစ္စည်းများအ‌ပေါ်တွင် မတန်တဆ စျေးနှိမ်တတ်ကြသည်။

တောရိုင်းဒေသ မျိုးနွယ်စုများကို တန်းတူစီးပွားဖက်အဖြစ် ဘယ်သောအခါမှ မသတ်မှတ်ကြပေ။

ချီတိမျိုးနွယ်စုအနေဖြင့် အပြင်လောကတွင် စီးပွားဖက်တစ်ယောက် ရှာတွေ့ခြင်းမှာ အလွန်ကံကောင်းခြင်း ဖြစ်၏။ သားရဲထိန်းမျိုးနွယ်စုက ချီတိမျိုးနွယ်စုလက်ထဲမှ ထိုစီးပွားဖက်ကို အတင်းအကျပ်လုယူရန် ရည်ရွယ်ထားသည်။

သို့ပေသိ ချီတိမျိုးနွယ်စုနှင့် ပူးပေါင်းနေသည့် ကုန်သွယ်ရေးစီးပွားဖက်က မည်သူမည်ဝါဖြစ်ကြောင်း သားရဲထိန်းမျိုးနွယ်စု သိရှိခြင်း မရှိပေ။

ထို့ကြောင့် သူတို့၏ကိုယ်ပိုင်နည်းလမ်းဖြင့် ချီတိမျိုးနွယ်စုကို အဆက်မပြတ် ဒုက္ခပေးနေခြင်း ဖြစ်သည်။

ဒုက္ခများလုံလောက်စွာ ကြီးထွားလာပါက ချီတိမျိုးနွယ်စုနောက်ကွယ်မှ အားကိုးရာနောက်ခံက အလိုလိုထွက်ပေါ်လာပေမည်။

ထို့ကြောင့် သားရဲထိန်းမျိုးနွယ်စုက မှော်ဝင်သားရဲစစ်တပ်ကြီးစေလွှတ်ကာ ချီတိမျိုးနွယ်စု၏ သစ်ပင်တံတိုင်းကို ဆက်တိုက် တိုက်ခိုက်နေခြင်း ဖြစ်၏။

သူတို့၏သားရဲစစ်တပ်က သစ်ပင်တံတိုင်းကြီးကို ဖျက်ဆီးပစ်နိုင်မည်မဟုတ်ကြောင်း သားရဲထိန်းမျိုးနွယ်စုဝင်များ နားလည်ထားပါသည်။

သို့သော် စစ်ပွဲဆက်တိုက်ဖြစ်ပွားနေပါက ချီတိမျိုးနွယ်စုများအနေဖြင့် မလွှဲမရှောင်သာ ဖိအားများခံစားရမည်ဖြစ်ပြီး သူတို့၏လျှို့ဝှက်ကုန်သွယ်ရေးသည်လည်း ထိခိုက်လာပေမည်။

ထိုအဆင့်သို့ရောက်ရှိလာပါက ချီတိမျိုးနွယ်စုအနေဖြင့် အလျှော့ပေးညှိနှိုင်းရန် ရွေးချယ်လာဖွယ် ရှိသည်။

ထိုအချိန်ရောက်လျှင် သားရဲထိန်းမျိုးနွယ်စုက စစ်ပွဲကိုရပ်တန့်ရန်အတွက် ချီတိမျိုးနွယ်စုရရှိသည့် အကျိုးအမြတ်ကို ခွဲဝေယူရန် တောင်းဆိုနိုင်ပေမည်။

ထို့ပြင် သားရဲများဖြင့် သစ်ပင်တံတိုင်းကို တိုက်ခိုက်ခြင်းက အခြားအကျိုးအမြတ်တစ်ခုလည်း ရရှိပေသည်။

သူတို့အနေဖြင့် သားရဲအလောင်းများကို ပြန်လည်ယူဆောင်သွားသည်ဖြစ်ရာ ဒြပ်စင်စွမ်းအားပုံဆောင်ခဲအမြုတေများ အမြောက်အမြား ရရှိနိုင်လေသည်။

ဤအမြုတေများက အဆင့်နိမ့်သော်လည်း ပမာဏ အလွန်များပြားသည်။

သားရဲထိန်းမျိုးနွယ်စုအနေဖြင့် ဤအမြုတေများကို တင်ပို့‌ရောင်းချနိုင်သည့် လမ်းကြောင်းသာ ရရှိပါက မလွဲဧကန် ကြီးမားသောစည်းစိမ်ဥစ္စာများ ရရှိလာပေမည်။

သားရဲများကို လေ့ကျင့်သင်ကြားပေးရသည့်အချိန်သာ ကြာရှည်ခြင်းမရှိပါက သားရဲထိန်းမျိုးနွယ်စုအနေဖြင့် တစ်လတစ်ကြိမ် မဟုတ်ဘဲ ရက်အနည်းငယ်လျှင်တစ်ကြိမ် ချီတိမျိုးနွယ်စုအား လာရောက်ဒုက္ခပေးပေလိမ့်မည်။

ချီတိမျိုးနွယ်စု၏ အကျိုးအမြတ်ကို ခွဲဝေယူလိုလျှင် သားရဲထိန်းမျိုးနွယ်စုအနေဖြင့် ချီတိမျိုးနွယ်စုနှင့် ညှိနှိုင်းဆွေးနွေး၍ မရနိုင်ဘူးလား မေးစရာရှိသည်။

ဟုတ်ပေ၏။

သားရဲထိန်းမျိုးနွယ်စုနှင့် ချီတိမျိုးနွယ်စုတို့က ရန်ငြိုးကြီးမားသည်ဖြစ်ရာ သားရဲထိန်းမျိုးနွယ်စုက ဆွေးနွေးချင်သည်ဆိုလျှင်ပင် ချီတိမျိုးနွယ်စုက လက်ခံမည် မဟုတ်ပေ။

ချီတိမျိုးနွယ်စုအနေဖြင့် သူတို့၏ အဓိက အကျိုးစီးပွားကို မထိခိုက်သရွေ့ ဘယ်သောအခါမှ ညှိနှိုင်းဆွေးနွေးရန် ရွေးချယ်မည် မဟုတ်ပေ။

ထို့ကြောင့် သားရဲထိန်းမျိုးနွယ်စုကလည်း ချီတိမျိုးနွယ်စုဘက်မှ စတင်ညှိနှိုင်းလာသည်အထိ အဆက်မပြတ် တိုက်ခိုက်နေခြင်းသာပင်။

ထိုသို့ဖြင့် မျိုးနွယ်စုနှစ်ခုကြားမှ အကြောင်းမဲ့သက်သက် တိုက်ခိုက်နေသည်ဟုထင်ရသော စစ်ပွဲမှာ အချိန် (၄)လကျော်ခန့် ကြာမြင့်သွားခဲ့လေသည်။

ချီတိမျိုးနွယ်စုမှာလည်း သားရဲထိန်းမျိုးနွယ်စုက သူတို့ကိုတိုက်ခိုက်ရသည့်အကြောင်းရင်းကို လုံးဝ နားမလည်နိုင်ခဲ့ပေ။

သို့သော် ခုန်မင် ရောက်ရှိလာသည့်အခါမှာတော့ သတင်းအချက်အလက်များစုစည်းပြီး စစ်ဖြစ်ရသည့်အ‌ကြောင်းရင်းကို ခန့်မှန်းတွက်ချက်နိုင်ခဲ့သည်။

ထို့ကြောင့် ခုန်မင်က စစ်ပွဲတွင် ကြားဝင်စေ့စပ်ပေးမည်ဟု ဖွင့်ဟကြေညာလိုက်ခြင်း ဖြစ်ပေ၏။

ယခု ခုန်မင် စကားတစ်ခွန်းဆိုလိုက်သည်နှင့် သားရဲစစ်တပ်ကြီး ချက်ချင်းဆုတ်ခွာသွားသည်က မျက်မြင်တွေ့ရှိရသော အမှန်တရားပင် ဖြစ်၏။

တဆက်တည်းပင် လူတိုင်းသည်လည်း ခုန်မင်အပေါ် အမြင်ပြောင်းလဲသွားကြသည်။

ယခင်က ခုန်မင်ကိုလေးစားသည်မှာ ခုန်အိမ်တော်၏ ဒုတိယသခင်လေး ဖြစ်နေသောကြောင့်ပင်။ ယခုတော့ ခုန်မင်၏ အရည်အချင်းကို အမှန်တကယ် လေးစားသွားကြသည်။

ခုန်အိမ်တော်၏ ဒုတိယသခင်လေးက ပါရမီရှင်ဟု ကျော်ကြားထိုက်ပါပေသည်။

တောရိုင်းဒေသမှာပင် ဤမျှကြီးမားသော လွှမ်းမိုးနိုင်စွမ်းကို ပြသနိုင်သည်မှာ အံ့သြစရာကောင်းလှသည် မဟုတ်ပါလား။

ထိုအချိန်...

အဝေးတစ်နေရာရှိ တောအုပ်ထဲမှ လင်းယုန်ငှက်အော်မြည်သံများ ရုတ်ချည်းထွက်ပေါ်လာသည်။

ထို့နောက် ကောင်းကင်ထက်သို့ လင်းယုန်ငှက်(၃)ကောင် မြင့်တက်ပျံသန်းလာသည်ကို တွေ့မြင်ကြရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလင်းယုန်ငှက်များက သစ်ပင်တံတိုင်းထက်ရှိ ကောင်းကင်ယံသို့ ရောက်ရှိလာကြလေသည်။

ရုတ်တရက်ရောက်ရှိလာသည့် လင်းယုန်ငှက်ကြီးများက ခန္ဓာကိုယ်တစ်ခုလုံး နက်မှောင်နေပြီး သူတို့၏အမွှေးအတောင်များကလည်း သံမဏိပမာ မာကျောတောင့်တင်းလျှက် ရှိသည်။

လင်းယုန်ငှက်ကြီးများက အတောင်များကို ဖြန့်ကားထားသည်ဖြစ်ရာ အတောင်ပံအကျယ်က (၃)မီတာ ကျော်လွန်သည်အထိ ရှည်လျားသည်။

လူတစ်ယောက်ကို ကျောထက်သို့တင်ပြီး အလွယ်တကူပျံသန်းနိုင်သည့် အရွယ်အစား ဖြစ်၏။

ထို့ပြင် ဤလင်းယုန်ငှက်များက မီတာပေါင်းရာနှင့်ချီသည့်ခရီးကို တစ်ခဏအတွင်း ရောက်အောင်လာနိုင်သည်မှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသည်။

ဟုတ်ပေ၏။

ဤလင်းယုန်ငှက်ကြီးများက သားရဲထိန်းမျိုးနွယ်စု၏ အဓိကအားထားရာ အဆင့်(၃) မှော်ဝင်သားရဲဖြစ်သော ‘လျှပ်စီးလင်းယုန်’ ငှက်များ ဖြစ်လေသည်။

လျှပ်စီးလင်းယုန်ငှက်ကြီး(၃)ကောင်၏ကျောထက်တွင် ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိသည့် လူ(၃)ယောက် ထိုင်နေလေသည်။

အလယ်တွင်ရှိနေသူက လင်းယုန်ဦးခေါင်းပုံစံ မျက်နှာဖုံးစွပ်ထားပြီး သူ၏မျက်နှာကို ဖုံးကွယ်ထားသည်။

ကျန်နှစ်ယောက်တွင် တစ်ယောက်က လူရွယ်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်က အဘိုးအိုတစ်ယောက် ဖြစ်သည်။

လူရွယ်ရော အဘိုးအိုပါ မွဲခြောက်ခြောက်အသားအရေကိုပိုင်ဆိုင်ထားပြီး အဘိုးအိုကတော့ ဆံပင်များပါ တစ်ခေါင်းလုံးဖြူလျှက် ရှိ၏။

သူတို့ (၃)ယောက်ထံမှ ထွက်ပေါ်နေသော ဒြပ်စင်စွမ်းအားလှိုင်းလုံးများက အားနည်းသည်ဟု မဆိုနိုင်ပေ။

လင်းယုန်ဦးခေါင်းမျက်နှာဖုံးစွပ်ထားသည့် အလယ်မှပုဂ္ဂိုလ်၏ကျင့်ကြံခြင်းအဆင့်က ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီး ကျန်လူနှစ်ယောက်ကတော့ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များ ဖြစ်ကြလေသည်

All Chapters