← Chapters

အင်အားစုများပူးပေါင်းခြင်း

Vol. 11 Ch. 120

အင်အားစုများပူးပေါင်းခြင်း

Vol. 11 Ch. 120

ထိုလူ (၃)ယောက်ကိုမြင်သည်နှင့် ဘာတု၏အကြည့်များ မီးဝင်းဝင်းတောက်သွားသည်။

သူက ထက်ရှကျယ်လောင်သည့်အသံဖြင့်...

“အခု ရောက်လာသူက သားရဲထိန်းမျိုးနွယ်စုခေါင်းဆောင် ‘လင်းယုန်သခင်’ ဟုတ်ပါသလား ၊ ကျန်တဲ့နှစ်ယောက်ကတော့ နတ်ဆရာကြီးတွေဖြစ်တဲ့ ‘ဝက်ဝံသခင်’ နဲ့ ‘ဝံပုလွေသခင်’ ဖြစ်မယ်ထင်တယ်”

သားရဲထိန်းမျိုးနွယ်စုဝင်များက လူရှေ့သူရှေ့ထွက်ရသည်ကို မနှစ်သက်သူများ ဖြစ်ကြသည်။

ယခုကဲ့သို့ မျိုးနွယ်စု၏ ထိပ်တန်းခေါင်းဆောင်(၃)ယောက်လုံး တပြိုင်တည်းရောက်ရှိလာသည်မှာ အမှန်တကယ် ထူးဆန်းအံ့သြဖွယ်ရာပင်။

ဘာတု၏မေးခွန်းကိုကြားသော်လည်း လူ(၃)ယောက်က မည်သည့်တုံ့ပြန်စကားမှ မဆိုခဲ့ပေ။

လင်းယုန်ခေါင်းပုံစံ မျက်နှာဖုံးစွပ်ထားသည့်ပုဂ္ဂိုလ်ကသာ ထက်ရှသည်လေသံဖြင့် စကားဆိုလိုက်သည်။

“ခုန်အိမ်တော်ရဲ့ ဒုတိယသခင်လေးက ဘယ်သူပါလဲ ၊ သားရဲထိန်းမျိုးနွယ်စုက လင်းယုန်သခင်က သခင်လေးနဲ့ တွေ့ခွင့်ရချင်ပါတယ်”

ထိုစကားကြားတော့ ခုန်မင်က မည်သည့်ဟန်ဆောင်မှုမှမလုပ်ဘဲ ရှေ့သို့ထွက်လိုက်သည်။

“ကျုပ်က ခွန်းကာမြို့က ခုန်အော့ပါ ၊ ဒီနေ့ လင်းယုန်သခင်နဲ့တွေ့ခွင့်ရတာ အရမ်းဂုဏ်ယူမိပါတယ်”

လင်းယုန်သခင်က စူးရှသည့်အကြည့်များဖြင့် ခုန်မင်ကို အကဲခတ်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

“ခွန်းကာမြို့ ၊ ခုန်အိမ်‌တော်က ဒုတိယသခင်လေးက ပါရမီရှင်ဆိုပြီး နာမည်ကျော်ကြားတယ်လို့ ကြားဖူးပါတယ် ၊ ဒီနေ့တွေ့ဆုံရတော့ တကယ်ပဲ နာမည်ကျော်ကြားထိုက်သူဆိုတာ သိလိုက်ရတယ်”

လင်းယုန်သခင်၏အသံက အက်ကွဲစူးရှပြီး နားအူလုမတတ် ကျယ်လောင်လေသည်။ သူ၏စကားသံက ပြတ်သားပွင့်လင်းသော်လည်း ယဉ်ကျေးမှုရှိသည်။

ဤပုဂ္ဂိုလ်က လူမှုဆက်ဆံရေးပညာတွင် ဘာတုထက် များစွာကျွမ်းကျင်သည်မှာ ထင်ရှား၏။

မျိုးနွယ်စုနှစ်စု၏ ခေါင်းဆောင်နှစ်ယောက်က အမူအကျင့်ရော ပုံပန်းသွင်ပြင်ပါ ဆန့်ကျင်ဘက်ဖြစ်လေရာ ရန်သူများဖြစ်နေခြင်းမှာ အံ့သြစရာ မရှိတော့ပေ။

လင်းယုန်သခင်က ယဉ်ကျေးသည့်စကားများပြောနေသော်လည်း သူ့ဘေးတွင်ရှိသည့် နတ်ဆရာကြီးနှစ်ပါးဖြစ်သော ဝက်ဝံသခင်နှင့် ဝံပုလွေသခင်တို့ကတော့ အလွန်သတိထားနေကြဟန်ရှိသည်။

အနည်းငယ် မူမမှန်သည့်လက္ခဏာတစ်ခုခုဖြစ်ပေါ်လာသည်နှင့် လင်းယုန်များကိုအချက်ပြကာ ချက်ချင်းထွက်ပြေးရန် အသင့်ပြင်ထားဟန်ပင်။

ခုန်မင်ကတော့ လင်းယုန်သခင်တို့ဘက်မှ အလွန်သတိထားနေသည်ကို အရေးမစိုက်ပေ။

သူက ပြုံးလိုက်ရင်း...

“နည်းနည်းပါးပါး နာမည်ကြီးတာ ဘာမှမပြောပလောက်ပါဘူး ၊ ဒါပေမဲ့... လင်းယုန်သခင်နဲ့ တွေ့ဆုံရတဲ့အတွက် ကျုပ်ရဲ့ တောရိုင်းဒေသခရီးစဉ်က အတော်လေး တန်ဖိုးရှိသွားပါတယ်”

ထို့နောက် သူက လိုရင်းကို ပွင့်လင်းစွာပင် မေးမြန်းလိုက်သည်။

“ဆိုတော့... လင်းယုန်သခင်အနေနဲ့ ကျုပ်တို့ ခုန်အိမ်တော်နဲ့ပူးပေါင်းပြီး ကုန်သွယ်လုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားပါသလား”

ထိုစကားကြားသည်နှင့် ဘာတုက မခံမရပ်နိုင်ဖြစ်ပြီး စကားဝင်ပြောလိုက်သည်။

“ဒုတိယသခင်လေး၊ သားရဲထိန်းမျိုးနွယ်စုက ထူးဆန်းပြီး လှည့်ကွက်များပါတယ် ၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာ ဘာအကျိုးမှ မရှိနိုင်ပါဘူး”

ခုန်မင်က ပြုံးလိုက်ပြီး တောရိုင်းဒေသ၏ အဆုံးမရှိကျယ်ပြောလှသော တောအုပ်ကြီးကို လက်ညှိုးညွှန်ပြလိုက်သည်။

“တောရိုင်းဒေသက အဆုံးမရှိ ကျယ်ပြောပါတယ် ၊ ဒီဒေသရဲ့ ကုန်သွယ်လုပ်ငန်းတိုးတက်ချင်တယ်ဆိုရင် အချင်းချင်းတိုက်ခိုက်နေမယ့်အစား အင်အားတွေကို စုစည်းပြီး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်”

“တောရိုင်းဒေသက ထိပ်တန်းမျိုးနွယ်စုတွေဟာ တိုင်းပြည်တစ်ပြည်နည်းပါး အင်အားရှိကြတယ် ၊ ဒီတော့ ခင်ဗျားတို့လို အလယ်အလတ်နဲ့ အဆင့်နိမ့်မျိုးနွယ်စုတွေက စည်းလုံးမှုမရှိဘဲ အချင်းချင်းတိုက်ခိုက်နေမယ်ဆိုရင် ဘယ်တော့မှ အင်အားကြီးထွားလာမှာ မဟုတ်ဘူး ၊ ထိပ်တန်းမျိုးနွယ်စုကြီးတွေရဲ့ဖိနှိပ်မှုကိုပဲ အမြဲတမ်း ခံစားနေကြရလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီတော့ ခင်ဗျားတို့ အင်အားကြီးချင်တယ်ဆိုရင် ပူးပေါင်းဆောင်ရွက်တာက ပထမဆုံး ခြေလှမ်းပါပဲ ၊ ခုန်အော့က အရည်အချင်းမရှိပေမယ့် ခင်ဗျားတို့ မျိုးနွယ်စုတွေကြားမှာ ငြိမ်းချမ်းရေးဖော်ဆောင်သူ ဖြစ်ချင်ပါတယ် ၊ ခင်ဗျားတို့မျိုးနွယ်စုနှစ်ခုလုံး အတူတကွ ကြီးပွားတိုးတက်ဖို့ ကျုပ်က အာမခံချက်ပေးနိုင်ပါတယ် ၊ ပဋိပက္ခတွေနဲ့ စစ်ပွဲဖော်ဆောင်တာက ဘဘ်သူ့အတွက်မှ အကျိုးမရှိပါဘူး ၊ ဒီတော့ နှစ်ဖက်လုံး ခြေတစ်လှမ်းစီ နောက်ဆုတ်ကြပါ ၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ဖို့ကို ရှာဖွေစေချင်ပါတယ်”

ခုန်မင်၏ စကားဆုံးသွားသည်နှင့် ဘာတုနှင့် လင်းယုန်သခင်တို့ အချင်းချင်း စူးစိုက်ကြည့်လိုက်ကြသည်။

ဘိုးစဉ်ဘောင်ဆက် ရန်သူများဖြစ်ခဲ့လေရာ ခုန်မင်၏စကားကြောင့်တော့ အတိတ်ရန်ငြိုးများ လုံးဝ ချေဖျက်နိုင်မည် မဟုတ်ပေ။

သို့ပေသိ ခုန်မင်၏စကားလုံးများက သူတို့စိတ်ထဲ မျိုးစေ့ကြဲချသလို ဖြစ်သွားခဲ့သည်။

ထိုမျိုးစေ့များက အပင်ပေါက်ပြီး အသီးများသီးလားမည်လားဆိုသည်ကတော့ ခုန်မင်က မျိုးနွယ်စုနှစ်ခုလုံးအတွက် မည်မျှကြီးမားသည့်အကျိုးအမြတ်များ ယူဆောင်ပေးနိုင်မည်လဲ ဆိုသည့်အပေါ်တွင် မူတည်ပေသည်။

လုံလောက်စွာ အကျိုးအမြတ်ရရှိမည်ဆိုပါက ကမ္ဘာမကြေရန်ငြိုးဟု ခေါ်ဆိုရသည့်အရာများကိုလည်း ဘေးဖယ်ထားနိုင်ကြမည်သာပင်။

ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စုတို့ ချက်ချင်း ပူးပေါင်းသွားမည်ဟု ခုန်မင်ကလည်း မျှော်လင့်မထားခဲ့ပါ။

သို့သော် ဤနေရာအထိ သားရဲထိန်းမျိုးနွယ်စုခေါင်းဆောင်များ ရောက်ရှိလာခြင်းက အနည်းဆုံး ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြောင်း ညွှန်ပြနေသည်။

စစ်ပွဲဖြစ်ရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ခုန်မင်၏ခန့်မှန်းတွက်ချက်မှုက လုံးဝ မှန်ကန်နေခဲ့လေသည်။

ဤသည်က ခုန်အိမ်တော်အတွက်တော့ အရှုံးမရှိသည့်ကိစ္စပင်။

ခုန်အိမ်တော်က သားရဲထိန်းမျိုးနွယ်စုဖြင့် ဆက်ဆံရေးတည်ဆောက်လိုက်သည်နှင့် တောရိုင်းဒေသ၏ စီးပွားဖက်တစ်ယောက် ထပ်မံရရှိသွားမည် ဖြစ်၏။

စီးပွားရေးတွင် အပြိုင်အဆိုင်ရှိလာပြီဖြစ်ရာ ချီတိမျိုးနွယ်စုသည်လည်း အရင်ကထက်ပိုပြီး အလုပ်ကြိုးစားလာမည် ဖြစ်သည်။

ခုန်အိမ်တော်က မျိုးနွယ်စုနှစ်ခုကြား လိမ္မာပါးနပ်စွာကိုင်တွယ်နိုင်မည်ဆိုလျှင် နှစ်ဖက်စလုံးမှ အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။

ဟုတ်ပေ၏။

ခုန်မင်က ချီတိမျိုးနွယ်စုကိုရော သားရဲထိန်းမျိုးနွယ်စုကိုပါ မတရားသဖြင့် ခေါင်းပုံဖြတ်မည် မဟုတ်ပေ။

ကုန်သွယ်ရေးလုပ်ငန်းစဉ် ပိုမိုကောင်းမွန်လာသည်နှင့်အမျှ မျိုးနွယ်စုနှစ်ခုလုံး ယခင်က တစ်ခါမှ မရရှိဖူးသော ကြီးမားသည့် အမြတ်အစွန်းများ ရရှိစေရန် အာမခံပေးမည်ဖြစ်သည်။

ဤနည်းအားဖြင့် သူတို့နှစ်ဖွဲ့သည်လည်း သင့်မြတ်ညီညွတ်လာကြပေလိမ့်မည်။

တောရိုင်းဒေသမျိုးနွယ်စုတစ်ရာတွင် အင်အားကြီးမားသည့် ထိပ်တန်းမျိုးနွယ်စုများက အနည်းစုသာ ဖြစ်သည်။ အများစုမှာ ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စုတို့ကဲ့သို့ အလယ်အလတ်နှင့် အဆင့်နိမ့် မျိုးနွယ်စုများ ဖြစ်ကြသည်။

ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏ လက်ရှိအင်အားဖြင့်ဆိုလျှင် ထိပ်တန်းမျိုးနွယ်စုကြီးများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အရည်အချင်း မရှိသေးပေ။

သို့သော် အဆင့်နိမ့်နှင့် အလယ်အလတ်မျိုးနွယ်စုများအတွက်တော့ ခုန်အိမ်တော်က အပြင်လောကမှ အင်အားကြီးနောက်ခံတစ်ခုအဖြစ် လုံလောက်စွာ ရပ်တည်ပေးနိုင်သည်။

ခုန်မင် တောရိုင်းဒေသသို့ ခရီးထွက်လာသည်မှာ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွင် ပါဝင်မည့်ကိစ္စတစ်ခုတည်း မဟုတ်ပေ။

အဆင့်နိမ့်နှင့် အလယ်အလတ် မျိုးနွယ်စုများကို ပေါင်းစည်းပြီး ခုန်အိမ်တော် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် “ရွှေလမ်း ငွေလမ်း” ဖောက်ရန်အတွက်လည်း ရည်ရွယ်ထားသည်။

ယခု သားရဲထိန်းမျိုးနွယ်စုကို စည်းရုံးနိုင်ပြီဖြစ်ရာ ခုန်မင်၏ မဟာဗျူဟာလှုပ်ရှားမှုအတွက် အရေးကြီးသောခြေလှမ်းတစ်ခု တက်လှမ်းလိုက်နိုင်ပြီ ဖြစ်၏။

ချီတိမျိုးနွယ်စုအနေဖြင့် ခုန်အိမ်တော်နှင့် စီးပွားရေးလုပ်ဆောင်ခြင်းကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ချင်သည်မှာ မဆန်းပေ။

သို့သော် သားရဲထိန်းမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆရာကြီး(၂)ပါးက ခုန်မင်နှင့် တွေ့ဆုံဆွေးနွေးနေပြီဖြစ်ရာ သူတို့အနေဖြင့် ဘာတတ်နိုင်ပါတော့မည်နည်း။

သူသေကိုယ်သေတိုက်ခိုက်နေကြသည့် ရန်သူများအဖြစ်မှ စီးပွားဖက်အဖြစ် ပြောင်းလဲလိုက်ရခြင်းမှာ လက်ခံရန် ခက်ခဲသည့်ကိစ္စတစ်ခုပင်။

သို့ရာတွင် သူတို့အပေါ် ခုန်အိမ်တော် စိတ်ငြိုငြင်သွားပါက ပူးပေါင်းဆောင်ရွက်မှုအားလုံး ရပ်တန့်လိုက်နိုင်ပေသည်။ စီးပွားပျက်သည်ထက်ဆာလျှင် ရန်သူနှင့် အောင့်အည်းပူးပေါင်းလိုက်ရခြင်းက များစွာပိုမိုကောင်းမွန်ပေသည်။

ထို့ကြောင့်ပင် ချီတိမျိးနွယ်စုဝင်များမှာ သူတို့မျက်စိရှေ့မှာပင် ခုန်မင်နှင့် သားရဲထိန်းမျိုးနွယ်စုတို့ ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စ အသေးစိတ်ဆွေးနွေးနေသည်ကို ကူရာကယ်ရာမဲ့စွာ ကြည့်ရှုနေရတော့သည်။

ကံကောင်းစွာပင် ခုန်မင်က တရားမျှတသူဖြစ်သောကြောင့် သားရဲထိန်းမျိုးနွယ်စုနှင့် ချီတိမျိုးနွယ်စုကို တန်းတူအခွင့်အရေးနှင့် တန်းတူသတ်မှတ်ချက်များ ပေးအပ်ခဲ့သည်။

ဤသည်က မျိုးနွယ်စုနှစ်ခုလုံးနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် စိတ်ရင်းမှန်ကို ပြသလိုက်ခြင်းပင်။

ခုန်မင်က ငြိမ်းချမ်းရေးဖန်တီးသူ ဖြစ်လာသည်နှင့်အမျှ မျိုးနွယ်စုနှစ်ခုအကြား စစ်ပွဲသည်လည်း ထိုအချိန်မှစ၍ အဆုံးသတ်သွားတော့သည်။

ထို့ပြင် မျိုးနွယ်စုအချင်းချင်း ပြဿနာမဖြစ်စေရန်အတွက် ခုန်မင်က သီးသန့်ကုန်သွယ်ရေးနယ်မြေများ ခွဲဝေသတ်မှတ်ပေးခဲ့သည်။

သားရဲထိန်းမျိုးနွယ်စုနှင့် ဆက်ဆံရေးတည်ဆောက်ပြီးသည်နှင့် ခုန်အိမ်တော်အတွက် တောရိုင်းဒေသ အနောက်မြောက်ဘက်သို့ ကုန်သွယ်ရေးလမ်းကြောင်း ပွင့်သွားတော့သည်။

ခုန်မင်က သားရဲထိန်းမျိုးနွယ်စုအား တံဆိပ်ပြားတစ်ခုပေးအပ်ပြီး နန်မန်မြို့မှ ခုန်အားဖူနှင့်ဆက်သွယ်ရန် ပြောဆိုလိုက်၏။

ပူးပေါင်းဆောင်ရွက်ရေးကိစ္စများပြီးဆုံးသည်နှင့် လင်းယုန်သခင်က လျှပ်စီးလင်းယုန်ကြီး၏ ကျောပေါ်တွင်ထိုင်ရင်း ခုန်မင်အား လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။

“ဒုတိယသခင်လေး တောရိုင်းဒေသကိုလာတယ်ဆိုတာ ခပ်ရှားရှားပဲ ၊ ကျုပ်တို့ သားရဲထိန်းမျိုးနွယ်စုအနေနဲ့ သခင်လေးကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားခွင့်ရှိနိုင်မလား”

ခုန်မင်က ရယ်မောလိုက်ပြီး...

“ကျုပ်လည်း ခင်ဗျားတို့ဆီ လာရောက်လည်ပတ်ချင်နေတာပါ ၊ အခုလိုဖိတ်ကြားတော့ အတော်ပဲ ဖြစ်သွားတာပေါ့ ၊ ဒါပေမဲ့ ချီတိမျိုးနွယ်စုက မိတ်ဆွေတွေကလည်း အရမ်းကို ဧည့်ဝတ်ကျေပွန်ပါတယ် ၊ ဒီတော့ ကျုပ် သစ်ပင်တံတိုင်းမြို့တော်မှာ လည်ပတ်ပြီးမှပဲ လင်းယုန်သခင်တို့ဆီကို လာခဲ့ပါ့မယ် ၊ ဒီအတွက် စိတ်မရှိပါနဲ့”

ခုန်မင်က မျိုးနွယ်စုနှစ်ခုလုံး စိတ်ကျေနပ်စေရန် လိမ္မာပါးနပ်စွာ ပြောဆိုလိုက်သည်။ သူ့စကားကြောင့် ချီတိမျိုးနွယ်စုရော သားရဲထိန်းမျိုးနွယ်စုပါ ကျေနပ်သွားကြသည်။

လင်းယုန်သခင်က ခေါင်းညိတ်လိုက်ပြီး...

“ဒီလိုဆိုရင်တော့... သခင်လေးရောက်လာမယ့်အချိန်ကို ကျုပ်တို့ စောင့်မျှော်နေပါ့မယ်”

စကားဆုံးသည်နှင့် လင်းယုန်သခင်နှင့် နတ်ဆရာကြီးနှစ်ပါးတို့က ခုန်မင်ကို လက်နှစ်ဖက်ဆုပ် အရိုအသေပြုလိုက်ကြသည်။

ထို့နောက် လင်းယုန်ငှက်ကြီးများကိုမောင်းနှင်ကာ အဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့(၃)ယောက်လုံး သဲလွန်စမကျန် ပျောက်ကွယ်သွားကြတော့၏။

***

သားရဲထိန်းမျိုးနွယ်စုများထွက်ခွာသွားသည်နှင့် ချီတိမျိုးနွယ်စုဝင်များလည်း သိသိသာသာပင် စိတ်သက်သာရာရသွားကြသည်။

စုချီက ရွှင်မြူးဝမ်းသာစွာဖြင့် ပြုံးရယ်လိုက်ပြီး...

“ဒုတိယသခင်လေး... သားရဲထိန်းမျိုးနွယ်တွေ နှောက်ယှက်တာနဲ့ မီးပုံပွဲမှာ အပြည့်အဝ မပျော်ရွှင်လိုက်ရဘူး ၊ ဒါပေမဲ့... ကျုပ်တို့ရဲ့ သစ်ပင်တံတိုင်းမြို့တော်က တောရိုင်းဒေသတစ်ခွင်မှာ ထူးခြားတဲ့နေရာတစ်ခုပါပဲ ၊ သခင်လေး စိတ်ဝင်စားရင် လိုက်လံပြသပေးပါ့မယ်”

ခုန်မင်က ပြုံးလိုက်ပြီး...

“ကျုပ် တောရိုင်းဒေသကို ခရီးထွက်လာတာလည်း အတွေ့အကြုံရဖို့သက်သက်ပါပဲ ၊ ဒီတော့ သစ်ပင်တံတိုင်းမြို့တော်မှာ လည်ပတ်ဖို့ ဆရာ’စုချီ’ ကိုပဲ ဒုက္ခပေးရတော့မယ်”

စုချီက...

“သခင်လေးအတွက် အလုပ်လုပ်ပေးရတာ ကျုပ်အတွက်တော့ ဂုဏ်ယူစရာပါပဲ”

ထိုသို့ဖြင့် ခုန်မင်က ထိုနေ့တစ်နေ့လုံး ချီတိမျိုးနွယ်စု၏ ဧည့်သည်အဖြစ်နေထိုင်ခဲ့ပြီး သစ်ပင်တံတိုင်းမြို့တော်ကိုလည်း ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်ခွင့် ရခဲ့သည်။

တကယ်တော့ ချီတိမျိုးနွယ်စုဝင်များက သစ်ပင်တံတိုင်း အတွင်းဘက်တွင် နေထိုင်ကြခြင်း ဖြစ်သည်။

သစ်ပင်တံတိုင်းအပေါ်ဘက်တွင် ဆောက်လုပ်ထားသည့် အိမ်ငယ်လေးများက အလှဆင်ရုံသက်သက်သာ ဖြစ်၏။

ထိုသစ်သားအိမ်ငယ်လေးတိုင်းတွင် လျှို့ဝှက်ဝင်ပေါက်လမ်းကြောင်းများရှိနေပြီး ၊ ထိုဝင်ပေါက်များမှတဆင့် သစ်ပင်တံတိုင်းမြို့တော် အတွင်းပိုင်းသို့ ဝင်ထွက်သွားလာကြခြင်း ဖြစ်သည်။

All Chapters