လျှပ်စီးလင်းယုန်
Vol. 11 Ch. 121
သစ်ပင်တံတိုင်းမြို့တော်၏ အတွင်းပိုင်းဖွဲ့စည်းပုံက ပျားအုံပမာ တစ်နေရာနှင့်တစ်နေရာ ဆက်စပ်နေပြီး လမ်းကြောင်းများကလည်း ရှုပ်ထွေးလွန်းသည်။
လမ်းကြောင်းကျွမ်းကျင်သည့် လမ်းပြတစ်ဦးမပါရှိပါက အတွင်းသို့ရောက်သည်နှင့် သေချာပေါက် မျက်စိလည်လမ်းပျောက်သွားမည် ဖြစ်၏။
ထို့ထက်ပို၍ ထူးဆန်းသည်မှာ တစ်မြို့လုံးက ကြီးမားသောသက်ရှိတစ်ကောင်ပမာ အသက်ရှူနေသလို ခံစားရခြင်း ဖြစ်သည်။
စုချီပြောပြချက်အရ တစ်မြို့လုံးရှိ ဝင်ပေါက်လမ်းများအားလုံးက ဧရာမသစ်ပင်ကြီးများ၏ အကိုင်းအခက်နှင့် အရွက်များဖြင့် ယှက်နွယ်ချိတ်ဆက်နေပေသည်။
အဓိပ္ပါယ်ကတော့ ပြင်ပရန်သူများ ချီတိမျိုးနွယ်စုကို ဖျက်ဆီးပစ်လိုပါက သစ်ပင်တံတိုင်းမြို့တော်ကို ဖျက်ဆီးပစ်နိုင်မှသာ ဖြစ်နိုင်ပေမည်။
မဟုတ်ပါက ချီတိမျိုးနွယ်စုဝင်များ မြို့တွင်းသို့ ဆုတ်ခွာဝင်ရောက်သွားသည်နှင့် ရန်သူများအနေဖြင့် မြို့တံတိုင်းကြီးကိုသာ ရင်ဆိုင်ကြရပေမည်။
စုချီက ခုန်မင်အား သစ်ပင်တံတိုင်းမြို့တော်၏ ထူးခြားချက်များကို ရှင်းပြရင်း ချီတိမျိုးနွယ်စု၏ အင်အားကိုပါ ပြသလိုက်ခြင်း ဖြစ်သည်။
သူတို့မျိုးနွယ်စုက ခုန်အိမ်တော်နှင့်ပူးပေါင်းရန် အရည်အချင်းရှိကြောင်း သွယ်ဝိုက်သက်သေပြလိုက်ခြင်းပင် ဖြစ်၏။
ခုန်မင်ကလည်း ချီတိမျိုးနွယ်စုကို ချီးကျူးစကားဆိုခဲ့သည်။
“ခင်ဗျားတို့မျိုးနွယ်စုမှာ ထူးခြားတဲ့အားသာချက်တွေ ရှိနေတာပဲ ၊ နောက်ဆိုရင်... ချီတိမျိုးနွယ်စုက အခုထက်ပိုပြီး ကြီးပွားတိုးတက်လာမှာပါ”
စုချီက ခေါင်းညိတ်လိုက်လေသည်။
သို့သော် သူက သစ်ပင်တံတိုင်းမြို့တော်၏ အဓိကလျှို့ဝှက်ချက်ကိုတော့ ခုန်မင်ကို လုံးဝ ပြောမပြခဲ့ပေ။ ခုန်မင် စကားနှိုက်သည့်တိုင် အနည်းငယ်သာလျှင် ပြောဆိုပြီး စကားလွှဲသွားတတ်သည်။
ခုန်မင်ကလည်း ဤအချက်ကို နားလည်ပေးသည်ပင်။
အစောပိုင်းက ဘာတု၏ပြောပြချက်အရ သစ်ပင်တံတိုင်းမြို့တော်၏ ထူးခြားသည့်လုပ်ဆောင်ချက်များအတွက် ပုံဆောင်ခဲအမြုတေများ များစွာလိုအပ်မည် ဖြစ်သည်။
ခုန်မင်၏အမြင်အရဆိုလျှင် သစ်ပင်တံတိုင်းမြို့တော်ကြိးက ဧရာမသက်ရှိတစ်ခုဖြစ်မည်ဆိုလျှင် ပုံဆောင်ခဲအမြုတေများက ထိုသက်ရှိ၏ အာဟာရဓာတ်ပင် ဖြစ်၏။
ချီတိမျိုးနွယ်စုအနေဖြင့် ကုန်သွယ်လုပ်ငန်းကို အလွန်အလေးထားသည်မှာ သူတို့အတွက် အမြုတေအမြောက်အမြားလိုအပ်ခြင်းနှင့် သေချာပေါက် ဆက်စပ်နေပေမည်။
ချီတိမျိုးနွယ်စုဘက်မှ ငွေကြေးဥစ္စာလိုအပ်နေသရွေ့ ခုန်အိမ်တော်က သူတို့ကို အကျိုးစီးပွားနှင့် ခိုင်ခိုင်မာမာ ချည်နှောင်ထားနိုင်မည်ဖြစ်လေရာ ၊ မျိုးနွယ်စုဘက်မှ လှည့်စားလာမည်ကို စိုးရိမ်စရာမရှိတော့ပေ။
စုချီက...
“ဒါနဲ့ သခင်လေး... ဒီတစ်ခေါက် တောရိုင်းဒေသကိုလာတာ အလည်အပတ်သက်သက်ပဲလား”
ခုန်မင်က ခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး... ကျုပ် ဖီးနစ်ကျဆုံးတောင်ကြားက စမ်းသပ်ပွဲမှာ ပါဝင်မလို့ပါ”
ထိုစကားကြားသည်နှင့် မျိုးနွယ်စုခေါင်းဆောင်’ဘာတု’ ၊ စုချီနှင့် ကျန်လူများအားလုံး အံ့အားသင့် ပျော်ရွှင်သွားကြသည်။
ဘာတုက...
“သခင်လေးက သူများတွေ မလုပ်နိုင်တာကို လုပ်နိုင်တာပဲ ၊ တကယ်စစ်မှန်တဲ့ လူငယ်သူရဲကောင်းတစ်ယောက်ပါပဲ”
စုချီက...
“ကျုပ်တို့ ချီတိမျိုးနွယ်စုကတော့ စမ်းသပ်ပွဲလက်မှတ်တစ်စောင်တောင် ရအောင်ယူနိုင်စွမ်း မရှိပါဘူးဗျာ”
သခင်ကြီး’တာလာ’ က သက်ပြင်းချရင်း...
“လက်မှတ်ရရင်တောင် ကျုပ်တို့မျိုးနွယ်စုက လူငယ်တွေက ဖီးနစ်ကျဆုံးတောင်ကြားကို သွားနိုင်တဲ့အထိ အရည်အချင်း မရှိကြပါဘူး”
ချီတိမျိုးနွယ်စုဝင်များအနေဖြင့် ခုန်မင်ကို လေးစားအားကျရုံသာ တတ်နိုင်ခဲ့ကြသည်။
ဖီးနစ်ကျဆုံးတောင်ကြားမှ ဘေးမသီ ရန်မခ ပြန်ထွက်လာနိုင်သည်ဆိုလျှင် ရရှိသည့်အကျိုးအမြတ်ကလည်း အလွန်ကြီးမားကြောင်း လူတိုင်းသိရှိကြသည်ပင်။
နောက်ဆုံးမှာတော့ ဖီးနစ်တောင်ကြား စမ်းသပ်ပွဲစတင်ရန် (၁၀)ရက်ခန့်သာလိုတော့သဖြင့် ချီတိမျိုးနွယ်စုဝင်များက ခုန်မင်ကို ဆွဲမထားကြတော့ပေ။
ခရီးနှောင့်နှေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သစ်ပင်တံတိုင်းမြို့တော်ကို လှည့်ပတ်ကြည့်ရှုပြီးသည်နှင့် ချီတိမျိုးနွယ်စုက အစားအသောက်များဖြင့် ထပ်မံဧည့်ခံလေသည်။
ထို့နောက်မှာတော့ ခုန်မင်တို့အုပ်စုလည်း သစ်ပင်တံတိုင်းမြို့တော်မှထွက်ခွာကာ သားရဲထိန်းမျိုးနွယ်စုနယ်မြေဘက်သို့ ဦးတည်ခဲ့ကြသည်။
သားရဲထိန်းမျိုးနွယ်စုက ခုန်အိမ်တော်၏ စီးပွားဖက်အသစ်ဖြစ်သည်။ သူတို့အနေဖြင့် စိတ်ရင်းမှန်ဖြင့် ခုန်အိမ်တော်ကို ပူးပေါင်းမည်လားဟု အပြည့်အဝ အာမခံချက်ရှိရန် အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်သည်။
နောက်တစ်ချက်မှာ ခုန်မင်က သားရဲထိန်းမျိုးနွယ်စု၏ လျှပ်စီးလင်းယုန်များကို အလွန်စိတ်ဝင်စားနေလေသည်။
လျှင်မြန်လှသည့် အဆင့်(၃)မှော်ဝင်သားရဲဖြစ်သော လင်းယုန်ငှက်ကြီးများကို ခဏမျှငှားနိုင်မည်ဆိုပါက ခုန်မင်တို့၏ တောရိုင်းဒေသခရီးစဉ်က များစွာချောမွေ့သွားနိုင်သည် မဟုတ်ပါလား။
သစ်ပင်တံတိုင်းမြို့တော်မှ (၂)ရက်ခန့် ခရီးနှင်ပြီးနောက် သားရဲထိန်းမျိုးနွယ်စုနယ်မြေသို့ ရောက်ရှိလာသည်။
ခုန်မင်တို့ သားရဲထိန်းမျိုးနွယ်စု နယ်နိမိတ်နားသို့ရောက်သည်နှင့် ကောင်းကင်ယံထက်မှ လျှပ်စီးလင်းယုန်များ ပျံသန်းလာသည်ကို တွေ့ရသည်။
သားရဲထိန်းမျိုးနွယ်စု၏ ကင်းစောင့်တပ်များက သူတို့ကိုတွေ့မြင်သွားပေလိမ့်မည်။
မကြာခင်မှာပင် လျှပ်စီးလင်းယုန် (၁၀)ကောင်ခန့် ခုန်မင်တို့အုပ်စုဆီသို့ တည့်တည့်မတ်မတ် ပျံသန်းလာလေသည်။
အဖွဲ့ကိုဦးဆောင်လာသူက သားရဲထိန်းမျိုးနွယ်စုခေါင်းဆောင် ‘လင်းယုန်သခင်’ ဖြစ်၏။ သူ့နောက်တွင် နတ်ဆရာကြီးများဖြစ်သော ‘ဝက်ဝံသခင်’ နှင့် ‘ဝံပုလွေသခင်’ အပါအဝင် လူ(၁၀)ယောက်ခန့် လိုက်ပါလာသည်။
ထိုသူများအားလုံးက သားရဲထိန်းမျိုးနွယ်စုတွင် အရေးပါသောပုဂ္ဂိုလ်များ ဖြစ်နိုင်သည်။
မျိုးနွယ်စု၏လူဦးရေဖြင့် တွက်ချက်ကြည့်မည်ဆိုလျှင် ထိပ်ပိုင်းခေါင်းဆောင်အဆင့် လူများအားလုံး ခုန်မင်တို့ကို လာရောက်ကြိုဆိုခြင်း ဖြစ်နိုင်သည်။
ဤသည်က သူတို့အနေဖြင့် ခုန်မင်ကို မည်မျှအလေးအနက်ထားကြောင်း ပြသလိုက်ခြင်းပင်။
လင်းယုန်သခင်က လက်နှစ်ဖက်ဆုပ် ဂါရဝပြု နှုတ်ဆက်လိုက်ရင်း...
“ဒုတိယသခင်လေးက စကားတည်တာပဲ ၊ အခုလို ကြွရောက်လာတဲ့အတွက် ကျုပ်တို့မျိုးနွယ်စုက သိပ်ကိုဂုဏ်ယူမိပါတယ် ၊ ဒုတိယသခင်လေးနဲ့ အဖွဲ့သားတွေအားလုံး လျှပ်စီးလင်းယုန်တွေပေါ်တက်ပြီး ကျုပ်တို့နဲ့အတူ လိုက်ပါခဲ့ပေးပါ”
လင်းယုန်သခင်တို့အုပ်စုက လူ (၁၀)ယောက်ကျော်ခန့်ရှိပြီး သူတို့နှင့်အတူ စီးနင်းသူမရှိသော လျှပ်စီးလင်းယုန်(၁၀)ကောင်ကိုလည်း ခေါ်ဆေင်လာသည်။
ခုန်မင်တို့အုပ်စု စီးနင်းရန်အတွက် ပြင်ဆင်လာခြင်းပင် ဖြစ်၏။
သားရဲထိန်းမျိုးနွယ်စုအတွက် ဧည့်သည်တော်များကို လျှပ်စီးလင်းယုန်ထက်တွင် စီးနင်းခွင့်ပေးခြင်းမှာ အမြင့်ဆုံးအဆင့် ဧည့်ဝတ်ကျေပွန်မှုပင် ဖြစ်သည်။
ခုန်မင်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး...
“သားရဲထိန်းမျိုးနွယ်စုရဲ့ လျှပ်စီးလင်းယုန်တွေက အရမ်းကြီးကျယ်ခမ်းနားပြီး လျှင်မြန်လွန်းတယ်လို့ သတင်းကြားဖူးတာ ကြာပါပြီ ၊ ဒီနေ့ ကျုပ်တို့ တကယ်ပဲ စီးနင်းခွင့်ရမယ်လို့ ထင်မထားမိဘူး ၊ ကောင်းကင်ပြာကြီးထဲ ပျံသန်းရတဲ့ခံစားမှုမျိုး တွေ့ကြုံရတော့မယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်”
ထိုးစကားကြားတော့ လင်းယုန်သခင်က ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး...
“ဒုတိယသခင်လေး စိတ်ချပါ ၊ ဒီ လျှပ်စီးလင်းယုန်တွေက ကျုပ်တို့မျိုးနွယ်စုက သေချာလေ့ကျင့်ပေးထားတာပါ ၊ သိပ်ကိုနူးညံ့သိမ်မွေ့ကြပါတယ် ၊ သူတို့ကိုစီးနင်းတဲ့အတွက် ဘေးအန္တရယ်လည်းမရှိသလို မတော်တဆမှုတွေလည်း မဖြစ်နိုင်ပါဘူး”
ပြောပြီးသည်နှင့် လင်းယုန်သခင်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှလူအချို့က ထူးဆန်းသော လေချွန်သံများ ပြုလုပ်လိုက်ကြသည်။
ချက်ချင်းပင် လျှပ်စီးလင်းယုန်(၉)ကောင် ကောင်းကင်ထက်မှ ဆင်းသက်လာကြပြီး အတောင်ပံများကိုခေါက်သိမ်းကာ ခြေသည်းများကိုဝှက်လျှက် မြေပြင်ထက်တွင် ဝပ်လိုက်ကြသည်။
သူတို့ကိုကြည့်ရသည်မှာ စီးနင်းမည့်သူများကို စောင့်ဆိုင်းနေသည့်အလားပင်။
ဝပ်နေသည့်အချိန်တွင် လျှပ်စီးလင်းယုန်များ၏အရပ်က လူတစ်ယောက်၏အရပ်အမြင့်တစ်ဝက်ခန့်သာရှိတော့သဖြင့် မြင့်စီးသလောက်ပင် မခက်ခဲဘဲ သူတို့ကိုယ်ပေါ်သို့ တက်သွားနိုင်သည်။
ခုန်မင်တို့အုပ်စုလည်း ဟန်လုပ်မနေတော့ဘဲ ချက်ချင်းပင် လင်းယုန်များ၏ကျောပေါ်သို့ တက်လိုက်ကြသည်။
သူတို့အားလုံးတွင် စိတ်အလှုပ်ရှားဆုံးသူက မော့ယွဲ့ ဖြစ်လေသည်။
သူမက စိတ်မထိန်းနိုင်တော့ဘဲ သူမစီးနင်းမည့် လင်းယုန်ငှက်၏ဦးခေါင်းကို အသာပွတ်သပ်ပေးလိုက်သည်။
သေချာလေ့ကျင့်ထားသည့် လင်းယုန်ငှက်က မော့ယွဲ့၏အပြုအမူကြောင့် ကြောက်ရွံ့သွားခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မပြုခဲ့ပေ။
မော့ယွဲ့က ပိုမိုရဲတင်းလာပြီး လင်းယုန်ငှက်၏ လည်ပင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်။ လင်းယုန်ငှက်က မျက်လုံးများ မှေးစင်းလိုက်ပြီး အလွန်တရာ သဘောကျကျေနပ်ဟန် ပြုမူလိုက်သည်။
မော့ယွဲ့မှာ လျှပ်စီးလင်းယုန်၏လည်ပင်းကို မလွှတ်တမ်းပွေ့ဖက်ထားပြီး ပျော်ရွှင်မဆုံး ဖြစ်နေတော့သည်။
မိန်းကလေးငယ် ပျော်ရွှင်နေသည်ကိုကြည့်ရင်း ခုန်မင်ဆီသို့ပင် အပျော်များ ကူးစက်လာသည်။
သူက လင်းယုန်သခင်ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“ကဲ... လင်းယုန်သခင်ပဲ ရှေ့ကနေ လမ်းပြပေးစေချင်ပါတယ်”
လင်းယုန်သခင်ကလည်း လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“ဒါဖြင့် ဒုတိယသခင်လေး ကြွပါဗျာ”
လေချွန်သံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်နှင့် လျှပ်စီးလင်းယုန်(၉)ကောင်က အတောင်များကိုဖြန့်ကားလိုက်ပြီး တဟုန်းဟုန်းရိုက်ခတ်လိုက်ကြသည်။
အားပြင်းလွန်းသည့် လေမုန်တိုင်းတစ်ခုပမာ မြေပြင်ထက်မှ သစ်ကိုင်းသစ်ရွက်များနှင့် ဖုန်မှုန့်များ လွင့်ပျံသွားကြသည်။
လွင့်ပျံနေသည့် သစ်ရွက်ခြောက်များနှင့် ဖုန်မှုန့်များ မငြိမ်သက်သေးခင်မှာပင် လျှပ်စီးလင်းယုန်များက အဝေးတစ်နေရာကောင်းကင်ထက်သို့ သဲလွန်စမကျန် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
လျှပ်စီးလင်းယုန်များ၏ အံ့မခန်းလျင်မြန်မှုက အမည်နှင့်လိုက်ဖက်လွန်းသည်။
ခုန်မင်တို့ ထွက်ခွာသွားသည်နှင့် ကောင်းကင်ယံလေထုထဲတွင် အစိမ်းရောင်ဝတ်လူရွယ်တစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။
ခုန်မင်နောက်သို့ တစ်ချိန်လုံးလိုက်လာသည့် ခုန်ယင်းကျီပင် ဖြစ်၏။
သူက သက်ပြင်းချလိုက်ပြီး...
“ဒီကောင်စုတ်လေးက လျှပ်စီးလင်းယုန်စီးပြီး ထွက်သွားပြီဆိုတော့... ငါလည်း နည်းနည်းပိုအားစိုက်ပြီး လိုက်ရတော့မှာပေါ့”
ထိုသို့ပြောလိုက်သော်လည်း ခုန်ယင်းကျီ၏မျက်နှာထက် ကျေနပ်နေသည့်အမူအရာက အထင်းသားပေါ်လွင်နေသည်။
ခုန်မင်နောက်သို့ တိတ်တဆိတ်လိုက်လာသည့် အချိန်တစ်လျှောက်လုံး ဤလူငယ်လေး မည်မျှအရည်အချင်းရှိကြောင်း ခုန်ယင်းကျီ သိရှိခဲ့ရသည်ပင်။
ဤကောင်လေးက ကျင့်ကြံခြင်းပါရမီထူးချွန်သည်ကိုမပြောနှင့် ၊ လူမှုဆက်ဆံရေးနှင့် စီးပွားရေးတွင်လည်း လူကြီးအမျးစုထက်ပင် လိမ္မာပါးနပ်သည်။
ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စုကို စစ်ပြေငြိမ်းစေပြီး စီးပွားဖက်များဖြစ်လာအောင် စည်းရုံးခဲ့သည့် လုပ်ရပ်ကိုကြည့်ရုံဖြင့် ခုန်မင်၏ အရည်အချင်းကိုသိမြင်နိုင်သည်။
ကြည့်ရသည်မှာ ခုန်မင်က တောရိုင်းဒေသမှ အနိမ့်စားနှင့် အလယ်အလတ်အင်အားစုများကို ပေါင်းစည်းရန် ရည်ရွယ်ထားပုံရသည်။
ထို့နောက် ခုန်ယင်းကျီက ခန္ဓာကိုယ်တစ်ချက်လှုပ်ရှားလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
သူ၏အရှိန်အဟုန်က လျှပ်စီးလင်းယုန်များထက်ပင် သာလွန်နေတော့၏။
လျှပ်စီးလင်းယုန်များပေါ် စီးနင်းရခြင်းဟာ အမှန်တကယ်ပင် တစ်သက်လုံး မတွေ့ဖူးခဲ့ရသော အတွေ့အကြုံတစ်ခု ဖြစ်သည်ပင်။
ကောင်းကင်ပြာကြီးထဲ ပျံသန်းရခြင်းက လူတိုင်းနီးပါး စိတ်ကူးယဉ်ကြသည့် အိပ်မက်တစ်ခုပင် မဟုတ်လား။
သို့သော် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်နှင့်အထက် ကျင့်ကြံသူများကတော့ ကိုယ်ပိုင်စွမ်းအားဖြင့် ကောင်းကင်ယံတွင် ပျံသန်းနိုင်ကြသည်။
လျှပ်စီးလင်းယုန်များက အံ့မခန်းလျှင်မြန်သော်လည်း ကောင်းကင်ယံတွင် အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်ကြသည်။
ထို့ပြင် အဆင့်(၃) မှော်ဝင်သားရဲဖြစ်သည့် လျှပ်စီးလင်းယုန်များတွင် အထူးစွမ်းရည်အချို့လည်း ရှိနေသည်။
ပျံသန်းနေစဉ်တွင် သူတို့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဒြပ်စင်စွမ်းအားဒိုင်းကာတစ်ခု အလိုအလျောက် ဖြစ်တည်လာသည်။
ထို့ကြောင့် စီးနင်းသူများအနေဖြင့် လေတိုက်ခတ်မှုကို လုံးဝနီးပါး ခံစားရခြင်း မရှိပေ။
ထိုဒြပ်စင်စွမ်းအားဒိုင်းကာက လေတိုက်ခတ်မှုကို လျှော့ချပေးရုံသာမက စီးနင်းသူများ အန္တရယ်ကင်းအောင်လည်း ကာကွယ်ပေးလေသည်။
ထို့ကြောင့် စီးနင်းသူများမှာ မြေင်ပြင်ထက် လမ်းလျှောက်သကဲ့သို့ပင် သက်သောင့်သက်သာ ခရီးနှင်နိုင်ကြသည်။