ဘဏ္ဍာတိုက်
Vol. 11 Ch. 122
လျှပ်စီးလင်းယုန်များ၏ အံ့မခန်းလျှင်မြန်မှုဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ခုန်မင်တို့အုပ်စု မိုင်ပေါင်းဆယ်ချီ အကွာအဝေးကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။
အဝေးတစ်နေရာ တောအုပ်ထဲတွင် မြင့်တက်ထွက်ပေါ်နေသည့် ချောက်ကမ်းပါးကြီးတစ်ခုကို တွေ့မြင်ရလေသည်။
ထိုနေရာက သားရဲထိန်းမျိုးနွယ်စုဝင်များ အခြေချနေထိုင်ရာ နေရာပင်ဖြစ်၏။
ချီတိမျိုးနွယ်စု၏ သစ်ပင်တံတိုင်းမြို့တော်ကဲ့သို့မဟုတ်ဘဲ သားရဲထိန်းမျိုးနွယ်စုများက ကြီးမားသော ချောက်ကမ်းပါးတစ်ခုထက်တွင် မရေမတွက်နိုင်သည့်ကျောက်ဂူများတူးကာ နေထိုင်ကြသည်။
ထိုကျောက်ဂူများကလည်း ရှုပ်ထွေးသည့်လမ်းကြောင်းများဖြင့် ဆက်စပ်နေပြီး သားရဲထိန်းမျိုးနွယ်များ ဂူအတွင်း ဆုတ်ခွာသွားးပါက အပြင်လူများအနေဖြင့် သူတို့ကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေသည်။
ဤသို့သော ခံစစ်နည်းလမ်းက ချီတိမျိုးနွယ်စု၏ သစ်ပင်တံတိုင်းမြို့တော် အတွင်းပိုင်းနှင့် အံ့သြစရာကောင်းလောက်အောင် ဆင်တူနေသည်။
ဤအချက်ကို သတိပြုမိသည်နှင့် ခုန်မင် အလေးအနက်ပင် ချီးကျူးလိုက်မိသည်။
တောရိုင်းဒေသမျိုးနွယ်စုတစ်ရာတွင် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် မျိုးနွယ်စုများက သူတို့ရှင်သန်ရေးအတွက် အတော်လေး ကြိုးပမ်းအားထုတ်ကြရသည် မဟုတ်လား။
သူတို့ကိုယ်ပိုင် အသက်ရှင်သန်ရေးအတွက် အဆင့်အမြင့်ဆုံးစွမ်းရည်ကို အသုံးပြုထားကြသည်ပင်။
ချောက်ကမ်းပါးကြီးနားသို့ရောက်သည်နှင့် လျှပ်စီးလင်းယုန်များက တဖြည်းဖြည်း အရှိန်လျှော့လိုက်ပြီး ချောက်ကမ်းပါးထက်ရှိ အကြီးဆုံးကျောက်ဂူကြီးအတွင်းသို့ တပြိုင်တည်း ဝင်ရောက်ကာ ဆင်းသက်လိုက်ကြသည်။
ကျောက်ဂူအဝင်ဝက မီတာပေါင်းများစွာမြင့်မားပြီး အတွင်းပိုင်းမှာတော့ စတုရန်းမီတာ ထောင်နှင့်ချီကျယ်ဝန်းသည့် ခန်းမကြီးတစ်ခု ရှိနေသည်။
ကျောက်ဂူနံရံထက်တွင် အရွယ်အစားမတူညီသော ဂူပေါက်များစွာရှိနေပြီး မည်သည့်နေရာများသို့ ချိတ်ဆက်ထားသည်လဲ မသိနိုင်ပေ။
ထိုအချိန် လင်းယုန်သခင်တို့ အုပ်စုသည်လည်း လျှပ်စီးလင်းယုန်များထက်မှ ဆင်းသက်လိုက်ကြသည်။
လင်းယုန်သခင်က...
“ဒုတိယသခင်လေး... ကျုပ်တို့ သားရဲထိန်းမျိုးနွယ်စုဆီကို ကြွရောက်လာတာ ကြိုဆိုပါတယ် ၊ ဧည့်ဝတ်မကျေပွန်တာရှိရင် ခွင့်လွှတ်ပေးဖို့ ကြိုတင်တောင်းပန်ပါတယ်”
လင်းယုန်သခင်တို့အုပ်စု လင်းယုန်ငှက်ပေါ်မှဆင်းသည်ကို ခုန်မင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဟုတ်ပေ၏။
သူတို့အားလုံး၏ ပုံပန်းသွင်ပြင်က အသားအရေခြောက်ကပ်ကပ်ဖြင့် အလွန်ပိန်ပါးပြီး မတ်တတ်ရပ်နေချိန်မှာပင် အရပ်အမောင်းက မော့ယွဲ့လောက်သာ မြင့်မားသည်။
သို့သော် ခုန်မင်က သူတို့ကို လုံးဝ အထင်မသေးခဲ့ပေ။
သူက လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“အကြီးအကဲတို့အားလုံးက ယဉ်ကျေးလွန်းနေပါပြီ ၊ သားရဲထိန်းမျိုးနွယ်စုဆီ လာရောက်လည်ပတ်ရတာကိုက ခုန်အော့အတွက် ဂုဏ်ယူစရာဖြစ်နေပါပြီ”
ထို့နောက် လင်းယုန်သခင်က လက်ခုပ်တစ်ချက်တီးလိုက်ရာ သားရဲထိန်းမျိုးနွယ်စုမှ မိန်းမပျိုတစ်ယောက် ရှေ့သို့လျှောက်လာသည်။
သူမ၏လက်ထဲတွင် အနက်ရောင်ငှက်မွှေးဖြင့်ယက်လုပ်ထားသည့် ဝတ်ရုံတစ်ထည် ကိုင်ဆောင်လာလေသည်။
ထိုဝတ်ရုံမှ ဒြပ်စင်စွမ်းအားအနည်းငယ် ထွက်ပေါ်နေသည်ကို ခံစားရသည်။
လင်းယုန်သခင်က ရယ်မောလိုက်ပြီး...
“ဒုတိယသခင်လေး ကျုပ်တို့ သားရဲထိန်းမျိုးနွယ်စုဆီ လာရောက်လည်ပတ်တာ ကျုပ်တို့အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ ၊ ဒါပေမဲ့ ကျုပ်တို့ဆီမှာ တန်ဖိုးရှိတဲ့လက်ဆောင်တော့ သိပ်မရှိဘူး ၊ ဒီဝတ်ရုံက ကျုပ်တို့မျိုးနွယ်စုက လေ့ကျင့်ပေးထားတဲ့ လျှပ်စီးလင်းယုန်တွေရဲ့ အမွှေးအတောင်တွေနဲ့ ယက်လုပ်ထားတာပါ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... ဒါက သာမန်ဝတ်ရုံ မဟုတ်ပါဘူး ၊ ဒီဝတ်ရုံကိုဝတ်ဆင်ပြီး ဒြပ်စင်စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်ရုံနဲ့ မြန်နှုန်းကို (၁၀)ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပါတယ် ၊ ဒီလက်ဆောင်က တန်ဖိုးမကြီးပေမယ့် ဒုတိယသခင်လေး လက်ခံပေးဖို့ မျှော်လင့်ပါတယ်”
ခုန်မင်က ချက်ချင်းပင် လင်းယုန်အမွှေးဖြင့်ယက်လုပ်ထားသည့် ဝတ်ရုံကို လှမ်းယူလိုက်သည်။
သူက ပြုံးလိုက်ရင်း...
“ဒီလောက်ကောင်းတဲ့လက်ဆောင်မျိုးကို ခုန်အော့ လက်ခံယူရမှာတောင် အားနာမိပါတယ် ၊ လင်းယုန်သခင်က ယဉ်ကျေးလွန်းနေပါပြီ”
လင်းယုန်သခင်က ပေါ့ပါးစွာ ရယ်မောလိုက်ပြီး ခုန်မင်ကို စူးစိုက်ကြည့်လိုက်သည်။
“ကျုပ်က လူကဲခတ်ကောင်းတဲ့သူပါ ၊ တစ်ချက်ကြည့်တာနဲ့ ဒုတိယသခင်လေးက ကောင်းကင်ဘုံက ကောင်းချီးပေးတဲ့ ပါရမီရှင်ပဲလို့ ခံစားမိပါတယ် ၊ ဒါကြောင့်လည်း သခင်လေးနဲ့ မိတ်ဖွဲ့ဖို့ ဆုံးဖြတ်လိုက်တာပါ ၊ နောင်တစ်ချိန် သခင်လေး ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်လာရင် ကျုပ်တို့ သားရဲထိန်းမျိုးနွယ်စုကို နည်းနည်းပါးပါး ဂရုစိုက်ပေးဖို့ မျှော်လင့်ထားပါတယ်”
လောကတွင် လူလူချင်းပေါင်းသင်းဆက်ဆံရာတွင် အနည်းနှင့်အများ အကျိုးအမြတ် တွက်ဆတတ်ကြသည်ပင်။ သို့သော် လင်းယုန်သခင်ကဲ့သို့ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုသူက အလွန်ရှားသည်။
ခုန်မင်က လင်းယုန်သခင်ကို စူးစိုက်ကြည့်ရင်း ပြုံးလိုက်ပြီး...
“လင်းယုန်သခင် စိတ်ချပါ ၊ ကျုပ်တို့ ခုန်အိမ်တော်နဲ့ ပူးပေါင်းမယ်ဆိုရင် ခင်ဗျားတို့မျိုးနွယ်စု တိုးတက်ထွန်းကာလာပြီး တောရိုင်းဒေသမှာ အရေးကြီးတဲ့နေရာတစ်ခု သေချာပေါက် ရရှိလာမယ်လို့ အာမခံပါတယ်...”
လင်းယုန်သခင်က သက်ပြင်းရှည်တစ်ချက်ချရင်း...
“ကျုပ်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပါ ၊ ကျုပ်လူမျိုးတွေကို အခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်စေချင်မိတယ္ ၊ ဒါပေမဲ့ ကျုပ်တို့သားရဲထိန်းမျိုးနွယ်စုက လူဦးရေနည်းပါးလွန်းတယ် ၊ မျိုးတုံးပျောက်ကွယ်မသွားအောင် မနည်းရပ်တည်နေရတာ ၊ ကောင်းကင်ထိတက်မယ့် ဂုဏ်ကျက်သရေမျိုး ရရှိဖို့ဆိုတာ ပြောရတာသာလွယ်တာပါ ၊ လုပ်ရတာကျ ခက်ခဲလွန်းပါတယ်”
ခုန်မင်၏ မျက်နှာအမူအရာ တည်ကြည်လေးနက်သွားပြီး...
“လင်းယုန်သခင်... မျိုးနွယ်စုတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နေ့ချင်းညချင်းဖြစ်လာမယ့်အရာတော့ မဟုတ်ဘူးပေါ့ ၊ ဒါပေမဲ့ ကုန်သွယ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်နိုင်မယ်ဆိုရင် တိုးတက်မှုလည်း လျှင်မြန်လာပါလိမ့်မယ် ၊ အခွင့်အရေးကို ဆုပ်ကိုင်ရမယ် ၊ ငွေကြေးစုဆောင်းရမယ် ၊ ဒါဆို တဖြည်းဖြည်း နေထိုင်စားသောက်မျုလည်းအဆင်ပြေလာပြီး မျိုးနွယ်စုလူဦးရေလည်း များပြားလာမှာပါ ၊ အဲဒီအချိန်ရောက်ရင်တော့ မျိုးနွယ်စုတစ်ခုလုံးရဲ့အင်အားကိုမြှင့်တင်ဖို့ သိပ်ပြီးခက်ခဲမှာ မဟုတ်တော့ပါဘူး ၊ ကျုပ်အမြင်အရတော့... လင်းယုခသင်က ရည်မှန်းချက်ကြီးပြီး ရေရှည်ကိုမြင်တတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ ၊ ဒီလိုမျိုးတွက်ချက်မထားဘူးဆိုတာ မဖြစ်နိုင်ပါဘူး”
လင်းယုန်သခင်က ခေါင်းညိတ်လိုက်ပြီး...
“ဒုတိယသခင်လေးရဲ့စကားအတွက် ကျေးဇူးတင်ပါတယ် ၊ ကျုပ်တို့လည်း ခုန်အိမ်တော်ရဲ့အကူအညီကိုရယူပြီး ကြီးမားတဲ့ဂဠုန်ငှက်ကြီးလို ကောင်းကင်ဘုံအထိ ပျံသန်းနိုင်ဖို့ မျှော်လင့်မိပါတယ်”
ခုန်မင်က ပြုံးလိုက်ပြီး...
“ကျုပ်တို့ ခုန်အိမ်တော်နဲ့ ခင်ဗျားတို့မျိုးနွယ်စုက စီးပွားဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရမှာပါ ၊ အချင်းချင်းကူညီပြီး အတူတူဖွံ့ဖြိုးတိုးတက်ရမှာပဲ မဟုတ်လား”
လင်းယုန်သခင်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် လင်းယုန်သခင်က ခုန်မင်တို့အုပ်စုအား သားရဲထိန်းမျိုးနွယ်စု နေထိုင်ရာ နေရာများကို လိုက်လံပြသလေသည်။
ပြောရမည်ဆိုလျှင် သားရဲထိန်းမျိုးနွယ်စု၏ နေထိုင်မှုပုံစံက ချီတိမျိုးနွယ်စုနှင့်ယှဉ်လျှင် အဆမတန် နိမ့်ကျလွန်းသည်။
ကျောက်ဂူများကို ဝင်္ကပါပမာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေအောင် တူးဖော်ချိတ်ဆက်ထားသော်လည်း ကျောက်ဂူ၏အငွေ့အသက်က အေးစက်မှောင်မိုက်မှုဖြင့်ပြည့်နက်ပြီး တက်ကြွလန်းဆန်းမှု မရှိလှပေ။
ဤသို့သောနေရာမျိုးတွင် ကာလရှည်ကြာနေထိုင်ပါက စိတ်ဖိစီးမှုနှင့် အသက်ရှူကြပ်မှုများ မလွဲဧကန် ဖြစ်လာပေမည်။
လင်းယုန်သခင်က...
“ကျုပ်တို့သားရဲထိန်းမျိုးနွယ်စုက ဟိုးရှေးပဝေသဏီကတည်းက ဒီချောက်ကမ်းပါးကြီးမှာ အခြေချနေထိုင်ခဲ့ကြတာ ၊ နှစ်ပေါင်းတစ်သောင်းနီးပါးတောင်ရှိတော့မယ်”
ချောက်ကမ်းပါးအတွင်းမှ ကျောက်ဂူများက တစ်ခုနှင့်တစ်ခု ကွန်ယက်သဖွယ် ချိတ်ဆက်နေလေသည်။
မျိုးနွယ်စုဘိုးဘေးများက ခေတ်အဆက်ဆက် တူးဖော်လာခဲ့ရမှာ ယခုကဲ့သို့ အံ့မခန်းအခြေအနေအထိ ရောက်ရှိလာခြင်း ဖြစ်၏။
သို့သော် ခုန်မင်ကတော့ သားရဲထိန်းမျိုးနွယ်စုအနေဖြင့် ဤချောက်ကမ်းပါးကြီးကိုဖက်တွယ်ပြီး မျိုးဆက်များစွာ ဇွတ်မှိတ်နေထိုင်နေကြသည်ကို အမှန်ပင် နားမလည်နိုင်ခဲ့ပေ။
ဘယ်လိုပဲကြည့်ကြည့် ဤနေရာက ပထဝီဝင်အနေအထားအရ ကောင်းမွန်ထွန်းကားလာနိုင်မည့် နေရာမျိုးမဟုတ်ပေ။
အဘယ့်ကြောင့် သားရဲထိန်းမျိုးနွယ်စုများက ခေတ်အဆက်ဆက် ပင်ပန်းဆင်းရဲခံပြီး ဤချောက်ကမ်းပါးကြီးကို ခေါင်းမာစွာဖြင့် ဖက်တွယ်ထားရပါသနည်း။
ဤချောက်ကမ်းပါးကြီးကို မစွန့်ခွာနိုင်ဘဲ စောင့်ကြပ်နေရသည့် လျှို့ဝှက်ချက်တစ်ခုခု ရှိရပေမည်။ ထိုလျှို့ဝှက်ချက်ကလည်း မျိုးနွယ်စုတစ်ခုလုံးအတွက် အရေးကြီးဆုံးနှင့် အဓိကအကျဆုံးအရာ ဖြစ်နိုင်၏။
ချီတိမျိုးနွယ်စုက သူတို့၏ သစ်ပင်တံတိုင်းမြို့တော် လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသခြင်းမရှိသလို သားရဲထိန်းမျိုးနွယ်စုကလည်း သူတို့၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသပါမည်လား။
မည်သို့ပင်ဖြစ်စေ ဤချောက်ကမ်းပါးကြီးကိုမစွန့်ခွာဘဲ ထိန်းသိမ်းစောင့်ရှောက်ထားရခြင်းအတွက် သားရဲထိန်းမျိုနွယ်စု ပေးဆပ်ရသည့်တန်ဖိုးကလည်း အလွန်ကြီးမားပေလိမ့်မည်။
သားရဲထိန်းမျိုးနွယ်စု လူဦးရေနည်းပါးရခြင်းမှာလည်း ဤကြမ်းတမ်းသည့် လူနေမှုပတ်ဝန်းကျင်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။
လူဦးရေ (၁၀၀)ကျော်မျှသာရှိသော သားရဲထိန်းမျိုးနွယ်စုအတွက် မျိုးနွယ်စုဝင်အချင်းချင်း ထိမ်းမြားလက်ထပ်နေရုံဖြင့် မျိုးဆက်ပြန့်ပွားလာမည် မဟုတ်ပေ။
အခြားမျိုးနွယ်စုမှ မိန်းမပျိုများကို လက်ထပ်ထိမ်းမြားပြီး သားရဲထိန်းမျိုးနွယ်စုအတွင်းသို့ ခေါ်ဆောင်လာမှသာ လူဦးရေတိုးပွားမှု ပိုမိုများပြားလာမည် ဖြစ်၏။
သို့သော် ဤသို့သော စိုစွတ်ထိုင်းမှိုင်း မှောင်မိုက်သည့် ကျောက်ဂူများထဲတွင် မည်သူက အတူလိုက်ပါနေထိုင်ရန် ဆန္ဒရှိပါမည်နည်း။
အခြားမျိုးနွယ်စုမှ မိန်းကလေးများကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်လာပြီး လက်ထပ်ထိမ်းမြားမှသာလျှင် ဖြစ်နိုင်ပေမည်။
သားရဲများကို ထိန်းကျောင်းနိုင်သည့် အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားပါလျက် သားရဲထိန်းမျိုးနွယ်စုမှာ ဤကဲ့သို့ သနားစဖွယ်အခြေအနေ ဆိုက်ရောက်နေခြင်းက အမှန်တကယ် စိတ်မကောင်းဖြစ်စရာပင်။
လင်းယုန်သခင်တို့အုပ်စုက ခုန်မင်အပေါ် အလွန်အမင်း လေးစားကြပြီး သူတို့၏နွေးထွေးပျူငှာမှုက ချီတိမျိုးနွယ်စုထက်ပင် သာလွန်သည်။
ဤသည်က အကြောင်းရင်း ရှိလေသည်။
သားရဲထိန်းမျိုးနွယ်စုအနေဖြင့် ခုန်အိမ်တော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက သူတို့မျိုးနွယ်စု ပြန်လည်ဦးမော့လာစေမည့် တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်နေသောကြောင့်ပင်။
လင်းယုန်သခင်က အတွေ့အကြုံရင့်ကျက်ပြီး ပါးနပ်သူတစ်ယောက် ဖြစ်၏။
သူက မျိုးနွယ်စုနေထိုင်ရာနေရာများကို လိုက်လံပြသရင်း ထူးခြားသည့်နေရာတစ်ခုသို့ရောက်တိုင်း အသေးစိတ်ရှင်းလင်းပြတတ်သည်။
သူတို့မျိုးနွယ်စုအနေဖြင့် ခုန်မင်ကို မည်သည့်အရာများဖုံးကွယ်မထားကြောင်း သိသာစေရန်အတွက် ဤသို့ပြုမူခြင်း ဖြစ်သည်။
နောက်ဆုံး သူက ခုန်မင်အား သားရဲထိန်းမျိုးနွယ်စု၏ ဘဏ္ဍာတိုက်သို့ပင် ခေါ်ဆောင်လာခဲ့သည်။
သူတို့၏ဘဏ္ဍာတိုက်ဆိုသည်က ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံးနေရာ ကျောက်ဂူတစ်ခုအတွင်း တည်ရှိခြင်း ဖြစ်သည်။
ထိုနေရာသို့ရောက်ရှိရန်အတွက် အဆုံးမရှိဟု ထင်မှတ်ရလောက်အောင် ရှုပ်ထွေးသည့် မြေအောက်လိုဏ်ခေါင်းများအား အဖန်ဖန်အထပ်ထပ် ကွေ့ပတ်သွားလာခဲ့ရသည်။
လမ်းပြမပါလျှင် အပြင်လူတစ်ယောက်အနေဖြင့် ဤနေရာကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
ဘဏ္ဍာတိုက်ထဲတွင် သားရဲထိန်းမျိုးနွယ်စု၏ အကြီးမားဆုံးသော ကြွယ်ဝမှုများ ရှိနေသည်။ ထိုအရာများက တောင်ပုံရာပုံ စုပုံနေသည့် မှော်ဝင်သားရဲ ဒြပ်စင်ပုံဆောင်ခဲအမြုတေများပင်။
ခုန်မင် ဘဏ္ဍာတိုက်ထဲသို့ ခြေချလိုက်သည်နှင့် ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေများမှ ဖြာလင်းတောက်ပနေသည့်အလင်းရောင်ကြောင့် မျက်စိများပင်ကျိန်းစပ်သွားရသည်။
"တောင်ပုံရာပုံ" ဆိုသည်မှာ တင်စားပြောဆိုခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် တောင်ကုန်းငယ်များပမာ စုပုံနေခြင်း ဖြစ်သည်။
အရေအတွက်အတိအကျသိရှိရန်ပင် မဖြစ်နိုင်လောက်အောင် များပြားလွန်းပေ၏။