တောနက်ထဲဝယ်
Vol. 11 Ch. 124
ခုန်မင်က ယနေ့ သားရဲထိန်းမျိုးနွယ်စုထံမှ ရရှိခဲ့သည့် များပြားလှသောလက်ဆောင်မွန်များကို စိတ်ထဲတွင် အမြဲမှတ်သားထားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက လင်းယုန်သခင်အား အလေးအနက်ထားကာ လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“ဒီနေ့ လင်းယုန်သခင်ရဲ့ ကြီးမားတဲ့စေတနာကို ခုန်အော့ စိတ်ထဲမှာ အမြဲမှတ်ထားပါ့မယ် ၊ တကယ်လို့ ဒီခရီးစဉ် ချောချောမွေ့မွေ့ပြီးဆုံးသွားရင် အပြန်ခရီးမှာ သေချာပေါက် တစ်ခေါက်ထပ်ဝင်ခဲ့ပါဦးမယ်”
လင်းယုန်သခင်က သဘောကျစွာ ရယ်မောလိုက်ရင်း...
“ဒုတိယသခင်လေး ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး ၊ ကျုပ်က အခုလို ရက်ရက်ရောရော ပေးကမ်းတယ်ဆိုတာလည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ် ရှိနေလို့ပါ ၊ နောင်အနာဂတ်မှာ သခင်လေးက ကျုပ်တို့မျိုးနွယ်စုအတွက် အကျိုးအမြတ်တွေ ယူဆောင်လာပေးမယ်လို့ မျှော်လင့်ပါတယ် ၊ သခင်လေးလို သဘောထားကြီးတဲ့သူက ကျုပ် အကျိုးအမြတ်တွက်ချက်တာကို အပြစ်မတင်ဘူး မဟုတ်လား”
ခုန်မင်ကလည်း ရယ်မောလိုက်ရင်း...
“လင်းယုန်သခင်က ဒီလောက်တောင်ပွင့်ပွင့်လင်းလင်း ပြောနေမှတော့ ခုန်အော့ကလည်း ထိုက်ထိုက်တန်တန် ပြန်မပေးနိုင်ဘူးဆိုရင် မျက်နှာတောင်ပြရဲမယ်မထင်ပါဘူး”
ထို့နောက် ခုန်မင်နှင့် လင်းယုန်သခင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြလေသည်။
အကျိုးအမြတ်လိုလားသူအချင်းချင်း ရိုးရှင်းပွင့်လင်းစွာ စကားပြောရသည်က ကောင်းမွန်လှပေသည်။
ထို့နောက် သားရဲထိန်းမျိုးနွယ်များက ခုန်မင်တို့အုပ်စုအား အစားအသောက်များဖြင့်ဧည့်ခံလေရာ ခုန်မင်နှင့် လင်းယုန်သခင်သည်လည်း စကားလက်ဆုံကျလျှက် ရှိတော့သည်။
သူတို့နှစ်ယောက် အလွန်ပင် သဘောထားချင်းတိုက်ဆိုင်သည်ဖြစ်ရာ တွေ့ဆုံရသည်ပင် နောက်ကျသည်ဟု ခံစားနေကြရ၏။
ပထမဆုံးတွေ့ဆုံသည့်အချိန်တွင် ခြောက်သွေ့သောအသားအရေ ပိန်ပါးသည့်ခန္ဓာကိုယ်ရှိသော လင်းယုန်သခင်၏ပုံစံက အထင်ကြီးစရာ မရှိခဲ့ပေ။
သို့သော် ပိုမိုထိတွေ့ဆက်ဆံလာရသည့်အခါ ထိုပုဂ္ဂိုလ်၏ ပွင့်လင်းရိုးသားပြီး ပြတ်သားသည့်စရိုက် ၊ မိမိလုပ်ရပ်အပေါ် တာဝန်ယူရဲသည့်စိတ်ဓာတ်များကို ပိုမိုသိရှိလာရသည်။
လင်းယုန်သခင်၏ အကျင့်စရိုက်များက ခုန်မင်၏အကြိုက်နှင့်လည်း ကွက်တိကျပေသည်။
အမှန်တော့ သားရဲထိန်းမျိုးနွယ်စု၏ ထူးဆန်းသော ဓလေ့တုံးတမ်းအချို့သာ မရှိခဲ့လျှင် အပြင်လူများအနေဖြင့် သူတို့ကို ပိုပြီးနားလည်လွယ်ကြပေမည်။
ခုန်မင်မှာလည်း လင်းယုန်သခင်နှင့် သိကျွမ်းသည်မှာ မကြာသေးသည့်တိုင် မိတ်ဟောင်းဆွေဟောင်းသဖွယ် ခင်မင်သွားခဲ့သည်။
(၁)ရက်ခန့် အချိန်ဖြုန်းပြီးနောက်မှာတော့ ခုန်မင်တိုအုပ်စုက သားရဲထိန်းမျိုးနွယ်စုဝင်များကို နှုတ်ဆက်လိုက်ကြသည်။
သူတို့အားလုံး လျှပ်စီးလင်းယုန်များကိုစီးနှင်ကာ ပြာလွင်သောကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားပြီး တောရိုင်းဒေသ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်လိုက်ကြလေသည်။
လျှပ်စီးလင်းယုန်များကို စီးတော်ယာဉ်အဖြစ် အသုံးပြုကာ ကောင်းကင်ယံ၌ ပျံသန်းရသည့် ခံစားချက်က အမှန်တကယ်ပင် ထူးခြားလွန်းသည်။
ကောင်းကင်ထက်မှနေ၍ အောက်ဘက်ရှိ မြေပြင်ကြီးကို ငုံ့ကြည့်ရသည့်အခါ မိမိတို့၏ စိတ်နှလုံးမှာလည်း အလိုလိုနေရင်း ပိုမိုကျယ်ပြန့် လန်းဆန်းလာရသည်။
ထိုခဏတွင် ခုန်မင်တို့အားလုံး စိတ်ဓာတ်များတက်ကြွလာသလိုပင် ခံစားရသည်။
ရှန်ရှင်းယွင်ကတော့ အဖွဲ့၏နောက်ဆုံးမှနေပြီး လျှပ်စီးလင်းယုန်ကို စီးနင်းလိုက်ပါလာသည်။
လွန်ခဲ့သောရက်ပိုင်းအတွင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များက ဤတစ်ကိုယ်တော်ကြေးစားကို အမှန်တကယ် အံ့သြမှင်တက်စေသည်ပင်။
ခုန်မင်က တောရိုင်းဒေသမျိုးနွယ်စုများနှင့်ဆက်ဆံရာတွင် အဘယ့်ကြောင့် ဤမျှလွယ်ကူချောမွေ့နေခဲ့ပါသနည်း။
ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စု နှစ်ခုလုံးက သူ့ကို အထူးဧည့်သည်တော်အဖြစ် ဆက်ဆံရုံသာမက မျိုးနွယ်စု၏ အသက်သွေးကြောသဖွယ် အလေးထားရသော မှော်ဝင်သားရဲ 'လျှပ်စီးလင်းယုန်' များကိုပင် ရက်ရက်ရောရော ပေးအပ်ခဲ့ကြသည်။
ဤသို့ ဖြစ်လာစေရန်အတွက် လူတစ်ယောက်တွင် မည်မျှသြဇာတိက္ကမ ကြီးမားနေရန် လိုအပ်ပါသနည်း။
ရှန်ရှင်းယွင် ခုန်မင်အပေါ် ပို၍နားမလည်နိုင် ဖြစ်လာမိသည်။
ဤပါရမီရှင်လူငယ်လေးထံတွင် ထူးဆန်းသည့် အရှိန်အဝါတစ်ခုရှိနေပြီး ထိုအရှိန်အဝါကပင် တစ်ဖက်လူကို မသိမသာ လေးစားအားကိုးလိုစိတ် ၊ အညံ့ခံလိုစိတ်များ ဖြစ်ပေါ်လာအောင်ဖန်တီးနေသည်ဟု ခံစားနေရသည်။
အစပိုင်းတွင် ရှန်ရှင်းယွင်က ခုန်မင်ကို လက်မခံဘဲ ငြင်းဆန်လိုသည့်စိတ်များ ရှိနေသည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ မသိမသာပင် ထိုအတွေးများ လွင့်ပါးသွားခဲ့သည်။
ယခုဆိုလျှင် သူကိုယ်တိုင်ပင် ခုန်မင်၏အစီအစဉ်တိုင်း လိုက်ပါဆောင်ရွက်ရသည်ကို အသားကျနေပေပြီ။
ခုန်မင်က အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်ပြီး မည်သည့်အရာကမှ သူ့ကို တုန်လှုပ်အေင် မလုပ်နိုင်သည့်ပမာ ထင်မှတ်ရသည်။
ထိုသို့သော တည်ငြိမ်မှုက ဘေးပတ်ဝန်းကျင်ရှိလူများကိုပါ မသိမသာကူးစက်ပြီး မည်သည့်အခက်အခဲမဆို ကျော်လွှားနိုင်သည်ဟူသော ယုံကြည်ချက်ကို ပေးစွမ်းနိုင်သည်။
ဤသို့သောကိုယ်ရည်ကိုယ်သွေးက တစ်ကိုယ်တော်လှုပ်ရှားတတ်သည့် ရှန်ရှင်းယွင်ကိုပါ မသိမသာ သိမ်းသွင်းသွားနိုင်ခဲ့သည်ပင်။
***
ခုန်မင်တို့တစ်အုပ်စုလုံး လျှပ်စီးလင်းယုန်များကို စီးနင်းလျက် မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ခရီးဆက်ခဲ့ကြသည်။
နာရီဝက်ခန့်အချိန်အတွင်းမှာပင် တောရိုင်းဒေသ အစွန်အဖျားကိုကျော်လွန်ကာ အနက်ရှိုင်းဆုံးနေရာများသို့ ရောက်ရှိလာသည်။
သာမန်လူများ “တောရိုင်းဒေသ” ဟုဆိုရာတွင် အပြင်ဘက်ဒေသ အစွန်အဖျားများကိုသာ ရည်ညွှန်းခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် တောရိုင်းဒေသ၏ အနက်ရှိုင်းဆုံးနေရာများ—အထူးသဖြင့် ဗဟိုအချက်အချာကျသော နေရာများမှာ သာမန်လူတို့ မည်သည့်နည်းနှင့်မှ ခြေချနိုင်သည့်နေရာမျိုး မဟုတ်သောကြောင့်ပင်။
တောရိုင်းဒေသ ဗဟိုချက်နှင့် နီးကပ်လာလေ အန္တရာယ်ပိုမိုကြီးမားလာလေ ဖြစ်သည်။
ဤသည်က လူတိုင်းသိရှိသည့် အမှန်တရားပင်။
ထိုအချိန် ရှန်ရှင်းယွင်၏ လျှပ်စီးလင်းယုန်က ခုန်မင်အနားသို့ ပျံသန်းလာလေသည်။
“သူဌေးလေး... ရှေ့ဆက်သွားမယ်ဆိုရင် မြေပြင်အနေအထားရော တောရိုင်းဒေသမျိုးနွယ်စုတွေရော ကျုပ်တို့ထိန်းချုပ်နိုင်တဲ့အခြေအနေမျိုး မဟုတ်တော့ဘူးဗျ”
မော့ဖေး၏ လျှပ်စီးလင်းယုန်ကလည်း ခုန်မင့်အနားသို့ ရောက်လာပြီး...
“ဟုတ်တယ် သခင်လေး... ကျုပ်တို့ တောနက်ထဲကိုရောက်လာနေပြီ ၊ အစစအရာရာ သတိထားဖို့လိုနေပြီ”
ဟုတ်ပေ၏။
မော့ဖေးရော ရှန်ရှင်းယွင်ပါ တောရိုင်းဒေသအစွန်အဖျားတွင်သာ လှုပ်ရှားဖူးသူများဖြစ်ပြီး တောနက်အတွင်းပိုင်းသို့ တစ်ခါမှ စွန့်စားဝင်ရောက်ဖူးခြင်း မရှိကြပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က နတ်သားရဲမျိုးနွယ်စု အနေဖြင့် တောရိုင်းဒေသ ဗဟိုချက်တွင် ကျယ်ပြန့်သောနယ်မြေများကို သိမ်းပိုက်ထားခဲ့ဖူးသော်လည်း ၊ နောက်ပိုင်းမှာတော့ အဆင့်နိမ့်မျိုးနွယ်စုတစ်ခုအဖြစ် အင်အားနည်းသွားသည်ဖြစ်ရာ လက်ရှိ တောရိုင်းဒေသ ဗဟိုချက်ဖွဲ့စည်းပုံကို အပြည့်အဝ နားလည်နိုင်ခြင်း မရှိတော့ပေ။
သို့သော် ရှေ့ခရီးလမ်းက မည်မျှပင် အန္တရာယ်များနေပါစေ သူတို့အနေဖြင့် ရှေ့ဆက်တိုးရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။
တောရိုင်းမျိုနွယ်စုတစ်ရာတွင် ထိပ်တန်းအင်အားကြီးမျိုးနွယ်စု(၃)ခုတွင် တစ်ခုအပါအဝင်ဖြစ်သော ဖီးနစ်နားခိုရာမျိုးနွယ်စု ထိန်းချုပ်ထားသည့်နယ်မြေက တောရိုင်းဒေသဗဟိုချက်နှင့် အလွန်နီးကပ်သော နေရာတွင် ရှိနေသည် မဟုတ်ပါလား။
ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲသို့ ပါဝင်လိုပါက တောရိုင်းဒေသ၏ အနက်ရှိုင်းဆုံးနေရာများသို့ စွန့်စားဝင်ရောက်ရမည်သာ ဖြစ်လေသည်။
ယခုအခါ လူတိုင်း၏မျက်စိရှေ့တွင် ဖြန့်ကျက်ထားသော တောအုပ်ကြီးမှာ "မိုးကောင်းကင်နှင့် နေရောင်ခြည်ကို ဖုံးလွှမ်းထားသည်" ဆိုရုံမျှဖြင့် မလုံလောက်တော့ချေ။
တောရိုင်းဒေသ အနက်ရှိုင်းဆုံးနေရာများတွင် အမြင့်မီတာတစ်ရာကျော်ရှိသော သစ်ပင်များမှာ ပျိုးပင်ပေါက်ကလေးများမျှသာ ရှိသေးသည်။
ဤတောနက်ထဲတွင် ကောင်းကင်ယံဆီသို့ မီတာပေါင်း ရာနှင့်ချီပြီး ထိုးတက်နေသည့် ရှေးဟောင်းသစ်ပင်ကြီးများကသာ မင်းမူအုပ်စိုးထားကြသည်။
ထို့ပြင် တောနက်ဒေသများအတွင်း ဝင်ရောက်လာသည်နှင့် မြေမျက်နှာသွင်ပြင်မှာလည်း ပိုပြီးထူးခြားဆန်းပြားလာသည်။
တောအုပ်ထဲတွင် မတ်ဆောက်သော တောင်တန်းကြီးများကိုလည်း မကြာခဏဆိုသလို တွေ့မြင်ရသည်။
မြေပြန့်တွင်ဆိုလျှင် ထိုတောင်တန်းကြီးများက အလွန်တရာ မြင့်မားထည်ဝါနေမည်ဖြစ်သော်လည်း တောရိုင်းဒေသတွင်တော့ ဧရာမသစ်ပင်ကြီးများ၏ သစ်ကိုင်းသစ်ခက်များအောက်တွင် လုံးဝ ဖုံးကွယ်ခြင်း ခံထားရသည်။
ကောင်းကင်ယံမှနေ၍ ဤသို့သော ထူးခြားသည့်ရှုမျှော်ခင်းများကို မြင်တွေ့ရမှသာ တောရိုင်းဒေသရှိ နေရာများကို အဘယ်ကြောင့် "တောင်ကုန်း"၊ "တောင်ကြား" နှင့် "ချိုင့်ဝှမ်း" ဟု အမည်များမှည့်ခေါ်ရသည်ကို နားလည်မိကြတော့၏။
ခုန်မင်တို့အုပ်စု စီးနှင်လာသော လျှပ်စီးလင်းယုန်များက အစွမ်းထက်ပြီး အလွန်လျှင်မြန်သော်လည်း ဤမျှကြာအောင် ပျံသန်းလာခဲ့ပြီးနောက် သူတို့အနေဖြင့် အနားယူရန် လိုအပ်လာသည်။
ခုန်မင်တို့အုပ်စုက မြင့်မားလှသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ထက်တွင် ခဏမျှအနားယူရန်အတွက် လျှပ်စီးလင်းယုန်များကို အရှိန်လျှော့ရန် အချက်ပေးလိုက်ကြသည်။
သို့သော် ထိုခဏမှာပင် အဝေးတစ်နေရာ ကောင်းကင်ယံဆီမှ ထူးဆန်းသောပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
ထိုအသံကြီးက မိုးကြိုးပစ်ချသည့်ပမာ အလွန်တရာ ကျယ်လောင်လေသည်။
ထိုထူးဆန်းသောအသံကိုကြားသည်နှင့် ခုန်မင်တို့အုပ်စု စီးနင်းထားသည့် လျှပ်စီးလင်းယုန်များမှာ ကြောက်မက်ဖွယ်ရာ သဘာဝရန်သူနှင့် ရင်ဆိုင်ရသည့်ပမာ ထိတ်လန့်တုန်လှုပ်သည့်လက္ခဏာများ စတင်ပြသလာကြတော့သည်။
ခုန်မင် မပေါ့ဆရဲပေ။
သူ အသံလာရာသို့ လှမ်းကြည့်လိုက်တော့ အဝေးတစ်နေရာ ကောင်းကင်ယံထက်တွင် လွင့်မျောနေသည့် ထူးဆန်းသော မှော်ဝင်သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။
ထိုမှော်ဝင်သားရဲ၏ခန္ဓာကိုယ်က လုံးဝပြားချပ်နေပြီး အမွှေးအမျှင်နှင့် အတောင်ပံများလည်း မရှိချေ။
ထိုသားရဲက လေထဲတွင်လွင့်မျောနေသည့် ရေခူတစ်ကောင်နှင့်တူပြီး ဘေးပတ်လည်တွင် မရပ်မနားတွန့်လိမ်လှုပ်ရှားနေသည့် အာရုံခံလက်တံများဖြင့် ဖုံးလွှမ်းနေရာ မြင်ရသူအဖို့ ပျို့အန်ချင်စရာ ကောင်းလှသည်။
ထိုသတ္တဝါက ခုန်မင်တို့ရှိသည့်နေရာနှင့် အတော်လေး အလှမ်းဝေးနေသေးသော်လည်း သားရဲခန္ဓာကိုယ် အချင်းက အနည်းဆုံး မီတာ(၂၀)ခန့်ရှိသည်ဖြစ်ရာ အတော်လေးကြီးမားသော ဧရာမသတ္တဝါတစ်ကောင်ဟု ဆိုနိုင်သည်။
ပို၍ဆိုးဝါးသည်မှာ ထိုသားရဲမှ အလွန်အမင်းကြမ်းတမ်းခက်ထန်သည့် စွမ်းအားရောင်ဝါများ ဖြာထွက်နေခြင်း ဖြစ်၏။
သူ့ထံမှထွက်ပေါ်နေသည့် ဒြပ်စင်စွမ်းအားလှိုင်းလုံးများက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် နှိုင်းယှဉ်လောက်သည်။
ခုန်မင့်စိတ်ထဲ ချက်ချင်းပင် လေးလံသွားရသည်။
ထိုမှော်ဝင်သားရဲက အနည်းဆုံး အဆင့်(၅) သို့မဟုတ် အဆင့်(၆) ဖြစ်နိုင်လေရာ သူတို့အဖွဲ့အနေဖြင့် လုံးဝ ရင်ဆိုင်နိုင်စွမ်းမရှိသော အဆင့်မျိုး ဖြစ်လေ၏။
ခုန်မင်က သူ့ဘေးတွင်ရှိသည့် မော့ဖေးနှင့် ရှန်ရှင်းယွင်ကို လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံး၏မျက်နှာထက်တွင်လည်း အလွန်တရာစိုးရိမ်ထိတ်လန့်နေသော အရိပ်အယောင်များ မြင်တွေ့လိုက်ရသည်။
သူတို့လည်း ထိုမှော်ဝင်သားရဲက ဘာကောင်မှန်းသိကြပုံမပေါ်ပေ။
သို့ပေသိ ထိုသတ္တဝါထံမှထွက်ပေါ်နေသည့် ကြမ်းတမ်းခက်ထန်သော အရှိန်အဝါကိုကြည့်ရုံဖြင့် စိတ်ကောင်းရှိမည့်အကောင်မဟုတ်မှန်း သိရှိနိုင်သည်။
အထူးလေ့ကျင့်ပေးထားသည့် လျှပ်စီးလင်းယုန်များ ထိတ်လန့်တုန်လှုပ်နေသည်ကိုကြည့်လျှင် ဤသတ္တဝါက လျှပ်စီးလင်းယုန်များ၏ ရန်သူတော် ဖြစ်နိုင်၏။
သို့ပေသိ လျှပ်စီးလင်းယုန်များက အလွန်လျှင်မြန်သည်ဖြစ်ရာ လေထဲတွင် လွင့်မျောနေရုံသာတတ်နိုင်သည့် ထိုရေခူသတ္တဝါကြီးကို အဘယ့်ကြောင့် ကြောက်ရွံ့ရပါသနည်း။
မကြာမီပင် အဖြေထွက်လာတော့သည်။
ပြားချပ်နေသည့် ရာဘာဘောလုံးတစ်လုံးပမာဖြစ်သည့် ထိုသားရဲကြီး၏ခန္ဓာကိုယ်မှာ ရုတ်တရက်ပင် လေမှုတ်သွင်းလိုက်သည့်ပမာ ဖောင်းကားလာပြီး ဧရာမဘဲဥပုံ မီးပုံးပျံကြီးအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် သားရဲကြိးက ပြင်းထန်သောလေဖိအားဖြင့် ပြန်လည်မှုတ်ထုတ်လိုက်ရာ မိုးကြိုးပစ်သံပမာ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လေဖိအား၏ တွန်းကန်လိုက်သော အရှိန်အဟုန်ကြောင့် ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်ထက်တွင် မီတာရာနှင့်ချီပြီး ရှေ့သို့တဟုန်ထိုးပစ်ထွက်လာလေရာ ခုန်မင်တို့အုပ်စုနှင့် မီးတာတစ်ရာအဝေးသို့ပင် ရောက်ရှိလာသည်။
ဤမှော်ဝင်သားရဲက ဤသို့သောနည်းစနစ် အသုံးပြုနိုင်သည်လား။
အစောပိုင်းက ကောင်းကင်ယံထက်မှ ထွက်ပေါ်လာသည့်ပေါက်ကွဲသံကြီးမှာ ဤသားရဲက ဤနည်းလမ်းဖြင့် ပျံသန်းနေခြင်း ဖြစ်၏။
သူ၏ တွန်းကန်ပျံသန်းမှုအရှိန်အဟုန်က အသံ၏အရှိန်အဟုန်နီးပါး လျှင်မြန်ပေသည်။
ထိုသတ္တဝါက လေရှူသွင်းခြင်းနှင့် လေမှုတ်ထုတ်ခြင်းတို့ကြား ခေတ္တရပ်နားသည့်အချိန် မလိုအပ်ခဲ့လျှင် လျှပ်စီးလင်းယုန်များသည်ပင် သူ၏အရှိန်အဟုန်ကို လိုက်မီနိုင်မည် မဟုတ်ပေ။