လူကြီးလူကောင်းပီသတဲ့ သက်တော်စောင့်
Vol. 1 Ch. 412
ကျန်းရီသည် သင်္ဘောကြီးထဲတွင် အေးအေးလူလူ နေထိုင်ပြီး နေ့စဉ် ကောင်းကောင်းမွန်မွန် စားသောက်နေခဲ့သည်။ သူ့တွင် လုပ်စရာ ဘာမှမရှိသောအခါတွင် မှော်ကျင့်စဉ်များကို လေ့လာပြီး ကျင့်ကြံနေတတ်သည်။ ခရီးသည် အတော်လေး စိတ်ကျေနပ်စရာ ကောင်းနေလေသည်။
သူ့အား မသက်မသာ ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ ကျန့်လင်းအာဖြစ်လေသည်။ အချိန်အတော်ကြာ မတွေ့ဖြစ်ခဲ့သည့် နောက်ပိုင်းတွင် ကျန့်ဝူရွှမ်း၏ အနှီညီမလေးသည် အံ့သြစရာကောင်းအောင် လှပဖွံ့ဖြိုးလာခဲ့သည်။ သူမသည် ကျန်းရီအား တမ်းတသည့် မျက်လုံးများဖြင့် ကြည့်လေ့ရှိသည်။ သို့သော်လည်း ကျန်းရီ၏ နှလုံးသားမှာ အခြားသူတစ်ယောက် ပိုင်ဆိုင်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် သူမ၏အကြည့်များကို မမြင်ချင်ယောင်သာ ဆောင်ထားလိုက်သည်။
ချမ်ဝမ်ကွမ်သည် ဂိုဏ်းထံသို့ အကြောင်းကြား၍ 'ချမ်တာ့ရယ်'ဟူသည့် အမှန်တကယ် မရှိသည့် လူအား ချမ်ဂိုဏ်းသားအဖြစ် စာရင်းသွင်းလိုက်သည်။ ထို့နောက် သူသည် ချမ်ဂိုဏ်း၏ လျှို့ဝှက်ပျိုးထောင်ထားသည့် ကျင့်ကြံသူသုံးယောက်ထဲမှ ချမ်တာ့ရယ်သည် အနက်ရောင်နကျယ်ကောင်များ အရှာထွက်သည့် ခရီးစဉ်တွင် ရှောင်ဂိုဏ်း၏ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့သည့်အကြောင်း သတင်းလွှင့်လိုက်သည်။ ထိုသတင်းတွင် ချမ်တာ့ရယ်၏ ချမ်ဂိုဏ်းအတွက် အကျိုးဆောင်မှုများလည်း ပါလေသည်။
လူအများစုသည် ချမ်တာ့ရယ်နှင့် ပတ်သတ်သည့် အမှန်တစ်ဝက် အမှားတစ်ဝက် သတင်းကို အလျင်အမြန် လက်ခံသွားကြသည်။ သံသယဝင်နေကြသေးသူ အချို့သည် လူများလွှတ်၍ စုံစမ်းခိုင်းလိုက်သေးကြသည်။ အဆုံးတွင် သူတို့ရှာတွေ့ကြသည်မှာ ချမ်ဝမ်ကွမ် အတုလုပ်ခိုင်းထားသည့် အချက်ကိုသာ ဖြစ်သည်။ သူတို့သည် ချမ်တာ့ရယ်သည် ချမ်ဂိုဏ်းသား အမှန်တကယ် ဖြစ်ကြောင်း အတည်ပြုကြပြီးနောက် ယုံကြည်လက်ခံသွားကြသည်။
စားသောက်ပွဲတွင် တက်ခဲ့သည့် ပြဿနာကြောင့် သခင်လေး၊ သခင်မလေးများသည် ပျော်ပါးချင်စိတ် မရှိကြတော့ချေ။ ဧည့်ခံပွဲများ၊ စားသောက်ပွဲများအားလုံး ရပ်နားသွားကြပြီးနောက် အနက်ရောင် နကျယ်ကောင်များ ရှာဖွေကြသည့် ခရီးစဉ်မှာ ပိုမိုမြန်ဆန်လာခဲ့သည်။
သင်္ဘောများသည် ပင်လယ်လေပြင်းနှင့် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များ၏ အတွင်းအားများကို မှီခို၍ လျင်မြန်စွာ ရွက်လွင့်နေကြသည်။ သူတို့ ခရီးတွင်လာသည်နှင့် လမ်းတွင်တွေ့ရသော ပင်လယ်နတ်ဆိုးသားရဲများမှာလည်း တစ်စတစ်စ ပိုမိုများပြားလာခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် ပင်လယ်ထဲသို့ အလှည့်ကျဆင်း၍ ချည်းကပ်လာကြသော ပင်လယ်နတ်ဆိုးသားရဲများကို သုတ်သင်ပစ်နေကြသည်။ ခရီးမှာ အန္တရာယ်များ စတင်ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်များ အမြောက်အများ ပါလာရာ တတိယအဆင့် အမြင့်ဆုံး ပင်လယ်နတ်ဆိုးသားရဲများ ချည်းကပ်လာလျှင်တောင် ၎င်းတို့သာ အသတ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ခရီးစဉ်သည် အန္တရာယ်များသော်လည်း မည်သည့်အမှားအယွင်းမှ မရှိခဲ့သေးပေ။ ငါးရက်မြောက်နေ့တွင် သူတို့သည် ကျွန်းပေါင်းများစွာကို ရှာဖွေကြပြီး ရှားပါးဆေးပင်အချို့ ရခဲ့သော်လည်း အနက်ရောင်နကျယ်ကောင်များ၏ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရသေးပေ။
ခြောက်ရက်မြောက်နေ့ နေ့လယ်ဘက်တွင် ပင်လယ်ထဲတွင် အနက်ရောင်နကျယ်ကောင်နှစ်ကောင်ကို ရှာတွေ့ခဲ့ကြသည်။ သူတို့သည် ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွသွားကြကာ အနီးအနားရှိ ကျွန်းများတွင် အနက်ရောင်နကျယ်ကောင်များ၏ အသိုက်ကို လိုက်လံရှာဖွေကြတော့သည်။
သူတို့သည် အမြန်ဆုံးနှုန်းနှင့် ရွက်လွှင့်ခဲ့ကြပြီးနောက် အနီးမှ ကျွန်းကြီးတစ်ကျွန်းကို အလျင်အမြန် ရှာတွေ့သွားကြသည်။ ထိုကျွန်းသည် ကြယ်တံခွန်ကျွန်း၏ တစ်ဝက်ခန့် အရွယ်အစားရှိပြီး ကျွန်းပေါ်တွင် နတ်ဆိုးသားရဲများ ရှိမည်မှာလည်း သေချာသလောက်ပင်။ ပင်လယ်နတ်ဆိုးသားရဲများလည်း ကျွန်းပေါ်တက်၍ သွားလာနိုင်လေရာ အနက်ရောင်နကျယ်ကောင်များ ဤကျွန်းပေါ်တွင် ရှိနိုင်ချေ အတော်များလေသည်။
"အားလုံး ကျွန်းပေါ်တက်ပြီး ရှာကြတော့"
သင်္ဘောများသည် ကမ်းခြေသို့ ကပ်လိုက်ကြပြီး ကျောက်ချလိုက်ကြသည်။ အစောင့်အနည်းငယ်ကို ချန်ထားခဲ့သည်မှလွဲ၍ သခင်လေး၊ သခင်မလေးများအားလုံးသည် သူတို့လူများကို ဦးဆောင်ကာ ကျွန်းပေါ်သို့ တက်သွားကြသည်။ အနက်ရောင် နကျယ်ကောင်များကို ဤကျွန်းပေါ်တွင် တွေ့ပါက ပျားရည်လုသည့်စစ်ပွဲ ချက်ချင်းဖြစ်ပွားလာနိုင်ရာ သူတို့သည် သင်္ဘောပေါ်တွင် စိတ်ရှည်လက်ရှည် စောင့်မနေချင်ကြပေ။ သူတို့လိုက်မသွားမိဘဲ ပဋိပက္ခဖြစ်ပွားပါလျှင် သူတို့၏ နောက်လိုက်များသည် စစ်ကြေငြာရဲကြမည်မဟုတ်ပေ။ ပျားရည် အလုခံလိုက်ရလျှင် သူတို့လာခဲ့သည့် ခရီးမှာ အချည်းအနှီး ဖြစ်သွားပေလိမ့်မည်။ သူတို့ အနီးအနားတွင် ရှိနေပါလျှင် ဝေစုအနည်းငယ်တော့ ရနိုင်သေးသည် မဟုတ်ပါလား။
စွမ်းအားမြင့် ကျင့်ကြံသူများသည် ကျွန်းပေါ်ပြေးတက်သွားကြပြီး စတင်ရှာဖွေကြသည်။ ကျွန်းပေါ်မှ နတ်ဆိုးသားရဲများမှာ အလွယ်တကူ အသတ်ခံလိုက်ကြရသည်။ ဤကျွန်းပေါ်တွင်လည်း ဆေးပင်အချို့မှတစ်ပါး အနက်ရောင်နကျယ်ကောင်များ မရှိပေ။
လူတိုင်းသည် ဟိုဟိုသည်သည် လျှောက်သွားကြပြီးနောက် ညနေစောင်းတွင် ကမ်းခြေရှိရာသို့ ပြန်လာကြသည်။ နီရဲနေသော နေမင်းသည် အနောက်ဘက်ကောင်းကင်ပြင်တွင် မေးတင်နေပြီး ပင်လယ်ပြင်အား ရောင်စဉ်များ ပက်ဖျန်းနေသည်။ နေမင်း၏ ရောင်ပြန်ဟပ်မှုကြောင့် ကျွန်းပေါ်ရှိ မြင်ကွင်းများမှာ အလွန်လှပနေလေသည်။ သင်္ဘောများကို ငြီးငွေ့နေပြီဖြစ်သော မမလေးများသည် မပြန်ကြသေးရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ဝိုင်းဝန်းဆွေးနွေးကြပြီးနောက် မီးပုံပွဲတစ်ခု ကျင်းပရန် ပြင်ဆင်ကြတော့သည်။
ဤတစ်ကြိမ် မီးပုံပွဲအား ဦးဆောင်ကျင်းပပေးမည့်သူမှာ ရှန်ဝူနိုင်ငံမှ မင်းသမီးရှားဖေးယွီ ဖြစ်သည်။ အားလုံးသည် နေ့နေ့ညည သင်္ဘောပေါ်တွင် နေရခြင်းအား ပျင်းရိငြီးငွေ့နေကြသည်။ ယခု မီးပုံပွဲသည် အနားယူရန် အကောင်းဆုံး အခွင့်အရေးဖြစ်ရာ အားလုံးသည် ဖိတ်ကြားမှုကို ဝမ်းသာအားရ လက်ခံလိုက်ကြသည်။
ချမ်ဝမ်ကွမ်တို့ လူစုသည်လည်း ဖိတ်ကြားခံရလေသည်။ သို့သော် ဤတစ်ကြိမ်တွင် မည်သူမှ ပြဿနာ လာမရှာကြတော့ပေ။ ရှောင်ထျန်းဟူသည် အလွန်ပါးနပ်လေသည်။ သူသည် ပွဲအတွင်းတွင် စကားများများ မပြောသည်မှလွဲ၍ မျက်နှာထက်တွင် မည်သည့်အရိပ်အယောင်မှ ရှိမနေပေ။ ချမ်ဝမ်ကွမ်နှင့်အတူ မီးပုံပွဲတွင် ရှိနေသည့် ကျန်းရီသည် ခေါင်းသာ အသာရမ်းမိသည်။
ချမ်ဝမ်ကွမ်သည် လူအများစု၏ အာရုံစိုက်ခြင်း ခံနေရသည်။ သူ၏ အလျှော့မပေးတတ်သည့် စိတ်နေစိတ်ထားသည် လူများ၏ သူ့အပေါ်ထားသော သဘောထားကို ပြောင်းလဲသွားစေသည်။ သူတို့သည် ချမ်ဝမ်ကွမ်ကို လှောင်ပြောင်နှိမ့်ချခြင်း မပြုကြတော့ဘဲ ပို၍ယဉ်ကျေးသော လေသံများဖြင့် စကားပြောလာကြသည်။
"ဆက်ပြီးတော့ စားသောက်ကြပါ။ ဒီကျွန်က ကိုယ့်ဟာကိုယ် အနားသွားယူပါတော့မယ်"
ကျန်းရီသည် ဤသို့သော စားသောက်ပွဲများကို မနှစ်မြို့ပေ။ သူသည် ကြာပစ်နေသည့် သခင်မလေးများနှင့် မြှောက်ပင့်နေသော သခင်လေးများကို မြင်နေရသည်အား မသက်မသာခံစားနေရသည်။ လက်ရှိအခြေအနေအရဆိုလျှင် စားသောက်ပွဲမှာ နောက်နှစ်နာရီခန့် ကြာမြင့်ဦးမည့်သဘော ရှိလေသည်။ ကျန်းရီသည် ငြိမ်မနေတော့ဘဲ လစ်ထွက်သွားရန် ပြင်လိုက်သည်။
ချမ်ဝမ်ကွမ်သည် ကျန်းရီကို လက်ဝှေ့ယမ်း၍သာ ပြလိုက်သည်။ ကျန်းရီသည် ကမ်းခြေမှ ထွက်ခွာခဲ့၍ သင်္ဘောပေါ်တွင် အနားပြန်ယူရန် ပြင်လိုက်သည်။ တစ်ခုခုဖြစ်လာပါက သူအချိန်မှီ ပြန်သွားနိုင်လေသည်။
သူသည် သင်္ဘောကြီးနှင့် မနီးမဝေးအကွာအဝေးသို့ ရောက်သောအခါ ကုန်းပတ်ပေါ်တွင် တစ်ဦးတည်း လေညှင်းခံနေသည့် ကျန့်လင်းအာကို မြင်လိုက်ရသောကြောင့် ခေါင်းကိုက်လာခဲ့သည်။ သူမသည် သူ့ကိုစောင့်နေခြင်း ဖြစ်သည်မှာ သိသာသည်။ သူသည် ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်ပြီး ညအလင်းရောင်မှိန်မှိန်ကို အားကိုး၍ ဘေးဘက်သို့ ရှောင်ထွက်သွားလိုက်သည်။ သူသည် နောက်ဆုံးတွင် သန္တာကျောက်တန်းတစ်ခု ရှာတွေ့သွားခဲ့ပြီး ထိုနေရာတွင် အနားယူရန် ဆုံးဖြတ်လိုက်သည်။
သူသည် ကျောက်တန်းပေါ်တွင် ထိုင်ချလိုက်သည်။ ခပ်လှမ်းလှမ်းမှ မီးပုံပွဲရှိ သခင်လေး၊ သခင်မလေးများ၏ အပူအပင်ကင်းကင်း ရယ်မောသံများကို သူကြားနေရလေသည်။ သူသည် ကျောက်ဆောင်များသို့ လာရောက်ရိုက်ခတ်သည့် လှိုင်းများ၊ ပင်လယ်ပြင်နှင့် တစ်တန်းတည်းမှ တဖြည်းဖြည်း မြင့်တက်လာနေသည့် လတို့ကို ငေးကြည့်နေခဲ့သည်။ ကျန်းရီသည် မူလက ကျင့်ကြံရန် ကြံစည်ထားခဲ့သော်လည်း အေးချမ်းလွန်းသော ညမြင်ကွင်းတို့ကို မြင်လိုက်ရသောအခါ ကျောက်တန်းပေါ်တွင် ဇိမ်ခံနေရန်သာ ဆုံးဖြတ်လိုက်သည်။
ကျောက်တန်းကြီးရဲ့ တခြားတစ်ဖက်မှာ ဘာများရှိမလဲ။ အရှေ့တော်ဝင်နယ်မြေကရော ဘယ်မှာလဲ။ အမေရော...ဘယ်ကိုရောက်နေတာလဲ...
သူ့အတွေးများသည် ပင်လယ်ပြင်၏ တစ်ဖက်ခြမ်းမှ နယ်မြေထံ ရောက်ရှိသွားခဲ့သည်။ ထို့နောက်တွင် ရီဖျောင်ဖျောင်၏ ပြုံးနေသော မျက်နှာသည် သူ့အတွေးထဲ ရောက်လာခဲ့ပြန်သည်။
"ဟူး..."
အချိန်အတော်ကြာသောအခါ သူသက်ပြင်းချမိပြန်သည်။ သူသည် ရီဖျောင်ဖျောင်အား သွားရှာရမည်ဖြစ်သော်လည်း စုလောရွှယ်သည် သူမ၏ ပြည်သူများကို စွန့်ပစ်ခဲ့မည် မဟုတ်ချေ။ စုလောရွှယ်အား ထားခဲ့ရမည်ကို သူစိတ်မဖြောင့်နိုင်လျှင် အရှေ့တော်ဝင်နယ်မြေကို သူမည်သို့သွားနိုင်မည်နည်း။ သူသည် ထိုကိစ္စနှစ်ရပ်အကြားတွင် စိတ်ဒုက္ခရောက်နေခဲ့သည်။
"သခင်လေးက ဘာလို့ ဒီနေရာမှာ တစ်ယောက်တည်းထိုင်ပြီး သက်ပြင်းတွေချည်း ချနေတာလဲ"
ထိုတစ်ခဏတွင် ကျောက်ဆောင်များ၏ အနောက်ဘက်မှ ငြင်သာလှသော လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့မျက်လုံးများတွင် အေးစက်စက် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ လူတစ်ယောက် သူ့အားချည်းကပ်လာသည်ကို သတိမထားမိရလောက်အောင် သူစိတ်လွတ်နေခဲ့သည်။
သူသည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေးတစ်ယောက်သည် သူရှိရာသို့ ငြင်သာစွာ လျှောက်လာနေခဲ့သည်။ လရောင်ဖျော့ဖျော့သည် သူမမျက်နှာပေါ် ဖြာကျနေပြီး သူမသည် နတ်သမီးတစ်ပါးအလား လှချင်တိုင်းလှနေလေသည်။
လှပသော မြင်ကွင်းကို ညလေညှင်းတို့က ဖြည့်စွက်ထားသည်။ မိန်းမလှလေး၏ ပေါ်ထွက်လာမှုသည် ကျန်းရီအား တစ်ခဏတာ ညှို့ငင်သွားခဲ့သည်။
သူသည် အလျင်အမြန် သတိပြန်ဝင်လာခဲ့ပြီး ထမရပ်ပါဘဲ ပြုံးရုံသာပြုံးလိုက်သည်။
"တာ့ရယ်က မင်းသမီးလင်းယွဲ့ကို အရိုအသေပေးပါတယ်။ တာ့ရယ်က အစေခံတစ်ယောက်မို့ သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူး"
"ခစ်...ခစ်"
မင်းသမီးလင်းယွဲ့သည် မင်းသမီးလင်းရွှယ်နှင့် မျက်နှာသွင်ပြင် ဆင်တူသော်လည်း သူမသည် ပို၍နူးညံ့ပျော့ပျောင်းပုံ ပေါ်လေသည်။ သူမ၏မျက်နှာသည် ငန်းဥပုံသဏ္ဍာန်ဖြစ်ပြီး သူမ၏ခြေတံများမှာ အလွန်ရှည်လျားလေသည်။ ကော့ညွတ်နေသော မျက်တောင်ရှည်များမှာ သူမအားပို၍ စွဲဆောင်မှုရှိစေသည်။
သူမသည် စိတ်အနှောင့်အယှက်ဖြစ်သံတစ်ဝက် ရယ်သံတစ်ဝက်ဖြင့် ပြောလာခဲ့သည်။
"ရှင့်ပုံစံက အစေခံတစ်ယောက်နဲ့ တူလို့လား။ ရှင်က ဒီမင်းသမီးကို မြင်တာတောင် ဦးညွှတ်ဖို့ ထမရပ်ဘူး။ ရှင်တို့ ချမ်ဂိုဏ်းက စည်းမျဉ်းတွေ၊ ကျင့်ဝတ်ထုံးတမ်းတွေကို သင်မပေးဘူးလား"
"ဟီးဟီး"
ကျန်းရီသည် ပြုံးလိုက်ပြီး ဆက်ထိုင်နေခဲ့သည်။ သူသည် ဒူးထောင်၍ ထိုင်လိုက်ပြီး ပျင်းရိပုံနှင့် ပြောလိုက်သည်။
"တာ့ရယ်က မိဘမဲ့ဖြစ်ပြီးတော့ ချမ်ဂိုဏ်းကို အသက်ဆယ်နှစ်အရွယ်မှာ ရောက်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်နေစိတ်ထားက ပုံမှန်မဟုတ်တာကြောင့် မင်းသမီးက ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"
မင်းသမီးလင်းယွဲ့သည် အစောင့်မပါဘဲနှင့် သူ့ထံသို့ တစ်ဦးတည်း ရောက်လာခဲ့သည်။ သူ့တင်ပါးကိုသုံး၍ စဉ်းစားကြည့်လျှင်တောင် သူမအကြံကို သူနားလည်သည်။ အနှီမင်းသမီးလင်းယွဲ့သည် မိုးပြာနဂါးအင်ပါယာ၏ကိုယ်စား သူ့အားလာရောက် စည်းရုံးခြင်းဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူယဉ်ကျေးပြနေရမည်နည်း။
သူမသည် ကျန်းရီအား မကျေနပ်သည့်ပုံနှင့် စိုက်ကြည့်လာခဲ့သည်။ သို့သော်လည်း သူမသည် စိတ်ဆိုးဟန်မရဘဲ ရွှင်မြူးသည့်လေသံနှင့် ပြောလာခဲ့သည်။
"ချမ်တာ့ရယ်...ဒီမင်းသမီးက ဟိုနားမှာ လမ်းလျှောက်ချင်တယ်။ ရှင်က သန်မာတယ်ဆိုတော့ လူကြီးလူကောင်းပီသတဲ့ သက်တော်စောင့် လုပ်ပေးဖို့ ရှင့်ကို အခွင့်အရေး ပေးလိုက်မယ်"
"လူကြီးလူကောင်းပီသတဲ့ သက်တော်စောင့်"
ကျန်းရီ၏ မျက်ခုံးများ မြင့်တက်သွားခဲ့ပြီး သူအသာပြုံးလိုက်သည်။ သူ့ကိုယ်သည် တစ်လက်မလေးတောင် မရွေ့လျားပါဘဲ သူလှောင်ပြောင်လိုက်သည်။
"ညမှောင်မှောင်မှာ ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် နှစ်ယောက်တည်းအတူ ရှိနေတယ်။ အဲ့ဒီလူကြီးလူကောင်းပီသတဲ့ သက်တော်စောင့်က အသွင်ပြောင်းပြီး ရုတ်တရက်ကြီး တဏှာရူးတဲ့ နတ်ဆိုးဖြစ်သွားမှာ မင်းသမီးက မကြောက်ဘူးလား"