ချွေ့ယွီနန်းဆောင်၏ခေါင်းဆောင်
Vol. 22 Ch. 212
ယခုအချိန်တွင် အပြင်ရောက်နေကြသော ဝတ်ရုံနက်အဖွဲ့သားများ အားလုံးကို ပြန်လည်ခေါ်ယူလိုက်လေသည်။
အမှန်တကယ်တွင် ဝတ်ရုံနက်အဖွဲ့အစည်းမှ ကျွမ်းကျင်သူများသည် အလွန်အံ့သြနေကြ၏။
အဘယ်ကြောင့်ဆိုသော် ဝတ်ရုံနက်အဖွဲ့အစည်းသည် ခေါင်းဆောင်သစ်တစ်ဦးကို ဤမျှလျင်မြန်စွာ ရွေးချယ်တင်မြှောက်လိုက်နိုင်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြသောကြောင့် ပေတည်း။
ဤသည်မှာ သူတို့၏မျှော်လင့်ထားမှုများကို ကျော်လွန်နေချေသည်။
ပြောရလျှင် သူတို့၏အမြင်၌ ဝတ်ရုံနက်အဖွဲ့အစည်းမှ ကျွမ်းကျင်သူတစ်ဦးကို ရွေးချယ်တင်မြှောက်ရန်မှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
သတ်ဖြတ်မှုများစွာ ရှိလာမည်ကို သူတို့ စိုးရိမ်ခဲ့ကြသလို အခြားအင်အားစုများ၏ ကြားဖြတ်နှောင့်ယှက်ခြင်း၊ တိုက်ရိုက်ဝင်ရောက် သိမ်းပိုက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခံရမည်ကိုပင် ပူပန်ခဲ့ကြလေသည်။
ထို့ကြောင့် အပြင်ရောက်နေကြသော ဝတ်ရုံနက် ကျွမ်းကျင်သူ အများအပြားသည် ဝတ်ရုံနက်အဖွဲ့အစည်းအပေါ် မျှော်လင့်ချက် သိပ်မရှိကြချေ။
ဤတစ်ကြိမ်တွင် ဝတ်ရုံနက်အဖွဲ့အစည်းသည် အန္တရာယ်ကျရောက်နိုင်သည်ဟု သူတို့ ခံစားနေကြ၏။
အပြင်ဘက် အဖွဲ့အစည်းများသို့ ဝင်ရောက်ပူးပေါင်းလိုက်သူများပင် အများအပြား ရှိနေကြလေသည်။
ယခု သူတို့ ပြန်ရောက်လာကြသောအခါ တစ်ဦးစီတွင် ကိုယ်ပိုင် အတွေးအမြင်များ ရှိနေကြသည်။
အချို့က ဝတ်ရုံနက်အဖွဲ့ထံ အမှန်တကယ် ပြန်လာလိုကြသော်လည်း အချို့မှာမူ သူတို့၏ နောက်ကွယ်ရှိ အဖွဲ့အစည်း ကိုယ်စား လာရောက်ကြခြင်းဖြစ်ပြီး ဝတ်ရုံနက်အဖွဲ့၏ခေါင်းဆောင်သစ်မှာ မည်သူမည်ဝါဖြစ်ကြောင်း ကြည့်ရှုလိုကြခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဝတ်ရုံနက်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ဤမျှလျင်မြန်စွာ ဖြစ်လာနိုင်ပြီး ဝတ်ရုံနက်အဖွဲ့ကို သူ့ထံ အညံ့ခံအောင် ပြုလုပ်နိုင်ခြင်းမှာ ရိုးရှင်းသော ဖြစ်တည်မှုမျိုး မဟုတ်သောကြောင့် ပေတည်း။
ထိုခဏ၌ ကျန်းကျင်း၏မျက်လုံးများ အနည်းငယ် အရောင်လက်သွား၏။
ဝတ်ရုံနက်အဖွဲ့အစည်း၏ ခေါင်းဆောင်သစ်က ဘယ်သူလဲ...။
သူသည် ချွေ့ယွီနန်းဆောင်သို့ တိတ်တဆိတ် ဝင်ရောက်ပူးပေါင်းထားသူ ဖြစ်လေသည်။
ဤခရီးစဉ်၏တာဝန်မှာ ဝတ်ရုံနက်အဖွဲ့အစည်း၏ ခေါင်းဆောင်သစ်သည် မည်သူဖြစ်ကြောင်း ချွေ့ယွီနန်းဆောင်ကို သတင်းပို့ရန် ဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် ဤကဲ့သို့သော တာဝန်မျိုးသည် အတိတ်ကာလကဆိုလျှင် အလွန်အန္တရာယ်များလှပေသည်။
အဖွဲ့အစည်းတစ်ခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်းသည် အလွန်အမင်း အန္တရာယ်များလှသည် မဟုတ်ပါလော။
သို့သော် လက်ရှိအခြေအနေအရ ကြည့်ရသည်မှာ သူတို့ ကြောက်ရွံ့ခြင်း မရှိကြချေ။
ဝတ်ရုံနက်ကဲ့သို့သော အဖွဲ့အစည်းမျိုးကို စီမံခန့်ခွဲရန်မှာ သေချာပေါက် လွယ်ကူမည် မဟုတ်ပေ။
ထို့ကြောင့် ဝတ်ရုံနက်အဖွဲ့အစည်းကို လွှဲပြောင်းရယူလိုက်သူသည် ရှုပ်ထွေးပွေလီသော အခြေအနေနှင့် ရင်ဆိုင်နေရမည်ဖြစ်ပြီး ဤလူများကို ဂရုစိုက်ရန် အချိန်ပင် ရှိမည်မဟုတ်ပေ။
ကျန်းကျင်းသည် အေးစက်စက် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
'ဒီအဖွဲ့အစည်း ဘာဖြစ်သွားပြီလဲဆိုတာ ကြည့်ကြသေးတာပေါ့'
ထိုအချိန်တွင် လူတစ်စုသည် အရပ်မျက်နှာအသီးသီးမှနေ၍ ဝတ်ရုံနက်အဖွဲ့ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ကြီးမားသော တောင်တန်းကြီးသည် အနီးနားတွင် ခိုအောင်းနေသော ဧရာမနဂါးကြီးတစ်ကောင်ကို ဓားဖြင့် ကော်ထုတ်လိုက်သကဲ့သို့ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ဒါ... ဒါ ဘာဖြစ်တာလဲဟ"
"ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါပဲ... ဒီမှာ ဘယ်လိုတိုက်ပွဲမျိုး ဖြစ်ပျက်သွားတာလဲ။ ဘာလို့ ငါ့ကို ဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးနေရတာလဲ"
ချက်ချင်းပင် လူတိုင်း၏ဆံပင်များ ထောင်ထသွားကြလေသည်။
ဓားအလင်းတန်းဖြင့် ထိုးဖောက်ခံထားရသော မရေမတွက်နိုင်သည့် အလောင်းများကို သူတို့ မြင်လိုက်ကြရ၏။
အလင်းရောင်သည် အလောင်းများပေါ်တွင် ဝဲပျံနေဆဲပင်။ ၎င်းမှာ ဓား၏ ပဲ့တင်သံ ဖြစ်လေသည်။
အလောင်းများကို ကြည့်ခြင်းအားဖြင့် သေဆုံးနေသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း ဓားအလင်းတန်းမှာမူ ပျောက်ကွယ်သွားခြင်းမရှိဘဲ ကျန်ရှိနေဆဲ ဖြစ်ချေသည်။
'ဒါက...'
ဝတ်ရုံနက်အဖွဲ့အတွင်း ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ။
ဤအချိန်တွင် သူတို့၏မျက်နှာအမူအရာများ အနည်းငယ် မပြောင်းလဲဘဲ မနေနိုင်ကြတော့ပေ။
လေပြင်းတစ်ချက် တိုက်ခတ်သွားရာ သူတို့၏ နှလုံးသားထဲအထိ စိမ့်ဝင်သွားသော အေးစက်မှုကို ခံစားလိုက်ကြရ၏။
ဝတ်ရုံနက်အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ပြီးနောက်...
သို့သော် သူတို့ မှင်သက်သွားကြလေသည်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်နေ၏။
အဘယ်ကြောင့်ဆိုသော် ဝတ်ရုံနက်အဖွဲ့အစည်းအတွင်း အရာအားလုံးသည် စနစ်တကျ ရှိနေသောကြောင့် ပေတည်း။
အချို့က ကျင့်ကြံအားထုတ်နေကြပြီး အချို့မှာ တာဝန်များ ခွဲဝေပေးနေကြသည်။
အပြင်ဘက်ရှိ အလောင်းများကို ရှင်းလင်းရန် သွားရောက်နေသကဲ့သို့ အဆက်မပြတ် ထွက်ခွာသွားနေကြသော လူတစ်စုလည်း ရှိနေလေသည်။
သူတို့အားလုံး ကြောင်အသွားကြသည်။
ဘာလို့ ဒီလို ခံစားနေရတာလဲ...
ဝတ်ရုံနက်အဖွဲ့အစည်းက ဘာလို့ ဘာမှမဖြစ်ခဲ့သလို ပြုမူနေကြတာလဲ။
"မင်းတို့တတွေ ပြန်ရောက်လာကြပြီလား"
ထိုအချိန်တွင် ကျန်းလျူယွီသည် မျက်လုံးထဲ၌ သတိထားမှုအရိပ်အယောင်များဖြင့် ဖြည်းညှင်းစွာ လျှောက်လာလေသည်။
ရိုးသားစွာ ပြောရလျှင် သူသည် ဤနေရာမှ အရှိန်အဝါများကို အာရုံခံမိသည်မှာ ကြာပြီဖြစ်သော်လည်း ဤလူများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ပြောရမည်ဆိုလျှင် ဤလူများထဲတွင် မည်သူမျှ လူကောင်းမပါဝင်ချေ။
ဝတ်ရုံနက်အဖွဲ့ ဒုက္ခရောက်နေချိန်တွင် ဤလူများသည် သူတို့၌ တာဝန်ရှိသည်ဟု ဆိုကာ အကြောင်းပြချက်အမျိုးမျိုးပြ၍ ဝတ်ရုံနက်အဖွဲ့မှ ထွက်ခွာသွားခဲ့ကြသူများ ဖြစ်ပေသည်။
ဤလူအုပ်စု ဘယ်အဖွဲ့အစည်းတွေဆီ ဝင်ရောက်ပူးပေါင်းလိုက်ကြမှန်း မည်သူသိနိုင်မည်နည်း။
"ဝတ်ရုံနက်အဖွဲ့ ဒုက္ခရောက်နေတယ်လို့ ကြားတာနဲ့ ကျုပ်တို့လည်း အမြန်ပြန်လာခဲ့ကြတာပါ။ ဒါနဲ့... ဒီမှာ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ"
ထိုအချိန်တွင် ကျန်းကျင်းက အလျင်အမြန် လမ်းလျှောက်ထွက်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်လေသည်။
'ဟန်ဆောင်ကောင်းတဲ့ ကောင်တွေ...'
ကျန်းလျူယွီက နှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်လုံးထဲရှိ အေးစက်မှုမှာ အလွန် သိသာထင်ရှားနေ၏။
ဤလူအုပ်စု တစ်ခုခု ကြံစည်နေသည်မှာ သေချာသည်။
သူတို့က အခြေအနေကို စုံစမ်းရန် လာရောက်ကြခြင်း ဖြစ်လောက်သည်။
ဝတ်ရုံနက်အဖွဲ့အစည်း၏အကြောင်းအရာနှင့် သူတို့တွင် မည်သို့သော အင်အားမျိုး ကျန်ရှိသေးသည်ကို သိမြင်လိုကြသည်။
တစ်ချိန်တည်းမှာပင် ဝတ်ရုံနက်အဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင်မှာ မည်သူဖြစ်ပြီး မည်မျှအစွမ်းထက်သည်ကိုလည်း သိချင်နေကြပေသည်။
ထိုသို့ တွေးမိလိုက်သောအခါ...
ကျန်းလျူယွီသည် ရုတ်တရက် ရှင်းပြ၍မရသော စိတ်ဝင်စားမှုတစ်ခုကို ခံစားလိုက်ရသည်။
အကယ်၍ သူတို့သာ အခြေအနေကို နားမလည်ဘဲ ခေါင်းဆောင်ကို တကယ် ဒေါသထွက်အောင် လုပ်ရဲကြလျှင်...
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် အကျိုးဆက်များသည် အလွန် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ခန့်မှန်းရပေသည်။
အပြင်ဘက်ရှိ တောင်တန်းများကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သော ဓားအလင်းတန်း၏ကြောက်မက်ဖွယ် အသွင်အပြင်ကို တွေးမိလိုက်သည်နှင့် သူ၏ နှလုံးသားထဲတွင် အေးစက်သွားမိလေသည်။
သို့သော် ကျန်းကျင်းကို စိုက်ကြည့်လိုက်စဉ် သူ၏ အကြည့်များ တဖြည်းဖြည်း မှောင်မိုက်သွား၏။
"ကျန်းကျင်း... မင်းရဲ့အနက်ရောင်ချီကျင့်စဉ် ဘယ်ရောက်သွားလဲ"
ရုတ်တရက်...
သူ၏အရှိန်အဝါများ လှုပ်ခတ်သွားပြီး မျက်နှာထားမှာ အလွန်အမင်းမဲမှောင်သွားသည်။
ကျန်းကျင်း၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီကျင့်စဥ်ကို အလျင်အမြန် လှုံ့ဆော်လိုက်ရသည်။
အနက်ရောင်ချီကျင့်စဉ်ကိုလည်း ဖြည်းဖြည်းချင်း လည်ပတ်စေလိုက်ရ၏။
'သွားပြီ...'
အခြားသူများ သတိမထားမိနိုင်သောကြောင့် သူ စောစောက မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤကျန်းလျူယွီသည် ယင်နယ်ပယ်၏ အထွတ်အထိပ် အဆင့်တွင် ရှိသူဖြစ်သည်။
သူတော့ သွားပြီ။
"ဒါဆို မင်းက ဝတ်ရုံနက်အဖွဲ့ကို သစ္စာဖောက်ပြီးပြီပေါ့လေ အခု ငါ့ရဲ့ ဝတ်ရုံနက်အဖွဲ့ကို လာပြီးတော့ ဘာသဘောနဲ့ လုပ်တာလဲ"
ရေခဲမျှ အေးစက်သော အရှိန်အဝါတစ်ခုသည် ရုတ်တရက် ကျန်းကျင်းကို လွှမ်းခြုံသွားရာ သူ၏ မျက်နှာမှာ သွေးဆုတ်ပြီး ဖြူလျော့သွားတော့သည်။
ကျန်းကျင်းသည်လည်း ယင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း ကျန်းလျူယွီနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေပါသေးသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဖိနှိပ်ခံလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ မလှုပ်ရှားရဲတော့ချေ။
"ဟိုဘက်ဒီဘက် ယိမ်းယိုင်နေတဲ့ကောင်တွေ... ကျောရိုးမဲ့ သတ္တိကြောင်တဲ့ကောင်တွေ... မင်းတို့ကများ ငါ့ဝတ်ရုံနက်အဖွဲ့ကို ပြန်လာရဲတဲ့ မျက်နှာ ရှိသေးတယ်ပေါ့"
ကျန်းလျူယွီ၏အသံသည် အလွန်အေးစက်နေသည်။
ဤစကားလုံးများသည် လူတိုင်းကို ရည်ရွယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဤလူများသည် အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ထွက်ပြေးခဲ့ကြသူများ ဖြစ်ပေသည်။
သူ့အမြင်တွင်မူ သူတို့အများစုသည် အခြားဂိုဏ်းများ၏ချီကျင့်စဉ်များကို ကျင့်ကြံနေကြပြီ ဖြစ်သည်။
သူတို့ အခြားအင်အားစုများနှင့် ပူးပေါင်းပြီးပြီ ဆိုသည်မှာ ထင်ရှားနေ၏။
မကျင့်ကြံရသေးသူများမှာမူ အခြားအဖွဲ့များက လက်မခံလို့သာ ဖြစ်ပေလိမ့်မည်။
သို့မဟုတ်ပါက သူတို့လည်း ထွက်ပြေးသွားကြပြီးလောက်ပြီ။
ထိုအရာကို တွေးမိလိုက်သည်နှင့် သူ၏ မျက်နှာထားသည် ပို၍ ပို၍ အေးစက်လာတော့သည်။
သတ်ဖြတ်လိုသော အငွေ့အသက်များပင် ပါဝင်လာလေသည်။
"ဝတ်ရုံနက်အဖွဲ့ရဲ့ ကျဆုံးခန်းက တားဆီးလို့မရတော့ဘူးကွ။ ခေါင်းဆောင်သစ် ရှိနေတော့ရော ဘာထူးမှာလဲ။ နောက်ဆုံးကျရင် ရှုပ်ထွေးပွေလီပြီး ပျက်စီးသွားမှာပဲ"
သို့သော် ယခုအခါတွင်တော့ ကျန်းကျင်းသည် ဟန်ဆောင်မနေတော့ပေ။
သူ့မျက်နှာထား မှောင်မဲသွားပြီး မထီမဲ့မြင် ပြုံးကာ
ပြောလိုက်သည်။
"ငါထင်တာတော့ မင်း သေလမ်းရှာနေတာပဲ"
ကျန်းလျူယွီ ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။
သူ့ကျောပေါ်ရှိ ရှည်လျားသော ဓားမှ တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး လေထုကို ခွင်းလျက် ပြေးဝင်သွား၏။
"ဟတ် ဟတ်... ဒေါသကြီးလိုက်တာ... ကျုပ်လူကိုတောင် သတ်ချင်နေပါလား"
လှောင်ပြောင်လိုသည့် အရိပ်အယောင်ပါသော အေးစက်စက် အသံတစ်သံသည် ရုတ်တရက် အနောက်ဘက်မှ ထွက်ပေါ်လာလေသည်။
ချက်ချင်းပင် ကျန်းလျူယွီ၏မျက်ခုံးများ တွန့်ချိုးသွား၏။
သူ့မျက်လုံးများသည်လည်း ချက်ချင်း အေးစက်သွားလေသည်။
သူ၏ဓားအလင်းတန်းသည် လေထဲတွင်ပင် ကြေမွပျက်စီးသွားတော့သည်။
အဝေးတစ်နေရာတွင် အေးစက်သော အရှိန်အဝါနှင့်အတူ လူရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာလေသည်။
ထိုအရှိန်အဝါသည် အလွန်အားကောင်းပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ချွေ့ယွီနန်းဆောင်၏ခေါင်းဆောင်ပင် ဖြစ်ချေသည်။