ချွေ့ယွီခန်းမခေါင်းဆောင်၏သေဆုံးခြင်း
Vol. 22 Ch. 213
ထိုအချိန်တွင် ချွေ့ယွီခန်းမခေါင်းဆောင်၏ မျက်ဝန်းများထဲ၌ အေးစက်စက် အရိပ်အယောင်တစ်ခု ပြည့်နှက်နေလေသည်။
အမှန်တကယ်တွင် သူသည် ဝတ်ရုံနက်အဖွဲ့အစည်းကို အစကတည်းက မက်မောလိုချင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် အချိန်အတော်ကြာသည့်တိုင်အောင် ယန်နယ်ပယ်အဘိုးအို ရှိနေခြင်းကြောင့် သူ့တွင် မည်သည့်အခွင့်အရေးမျှ မရှိခဲ့ချေ။
ယခုအခါတွင်မူ ကြီးမားသော အခွင့်အရေးကြီးတစ်ခုသည် သူ့မျက်စိရှေ့မှောက်သို့ ရောက်ရှိလာပြီဖြစ်ရာ သူ အမိအရ ဆုပ်ကိုင်ထားရမည်မှာ သဘာဝပင် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော်...
ယန်နယ်ပယ်အဘိုးအို သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ပေတည်း။
သူသည် အမှတ် (၇) စွန့်ပစ်နယ်မြေ၌ နတ်ဘုရားလက်နက်ကို လုယူရင်း သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ ဝတ်ရုံနက်အဖွဲ့တွင် ခေါင်းဆောင်မဲ့နေပြီ ဖြစ်သည်။
သို့သော် မကြာသေးမီက ဝတ်ရုံနက်အဖွဲ့တွင် ခေါင်းဆောင်သစ်တစ်ဦး ပေါ်ထွက်လာသည်ဟု တစ်စုံတစ်ယောက်က ပြောဆိုနေကြသည်ကို ကြားသိရသည်။
ဤအချက်က သူ့ကို စိတ်မကျေမနပ် ဖြစ်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် ဝတ်ရုံနက်အဖွဲ့၏ ခေါင်းဆောင်ဟု ဆိုသူကို စမ်းသပ်စစ်ဆေးကြည့်လိုစိတ် ဖြစ်ပေါ်လာစေသည်။
ထို့ကြောင့် သူသည် ကျန်းကျင်းကို ဤနေရာသို့ စေလွှတ်လိုက်ပြီး သူကိုယ်တိုင်လည်း အမှောင်ထဲတွင် ပုန်းအောင်းကာ ကျန်းကျင်း၏နောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်ပေသည်။
"ယန်နယ်မြေ ကျွမ်းကျင်သူတစ်ယောက်လား"
ချွေ့ယွီနန်းဆောင်၏ ခေါင်းဆောင်လား...။
ကျန်းလျူယွီ၏နှလုံးသားမှာ မခုန်ဘဲ မနေနိုင်တော့ပေ။ ပြောမပြတတ်အောင် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
ချွေ့ယွီခန်းမ၏ခေါင်းဆောင် ကိုယ်တိုင် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။
ကြည့်ရတာ ဝတ်ရုံနက်အဖွဲ့အသည်းက လူအများကြား ထင်ပေါ်လွန်းနေပုံရသည်...။
ဝတ်ရုံနက်အဖွဲ့ကို လွှဲပြောင်းရယူချင်နေကြသူတွေ အများကြီး ရှိနေပါလား။
"ချွေ့ယွီနန်းဆောင်ခေါင်းဆောင်... ခင်ဗျား စည်းမကျော်မိဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျုပ်တို့ရဲ့ ဝတ်ရုံနက် ခေါင်းဆောင်သစ်ကို ဒေါသထွက်အောင် ဆွမိသလိုဖြစ်ပြီး ခင်ဗျားရော၊ ခင်ဗျားရဲ့ ချွေ့ယွီခန်းမပါ ဝတ်ရုံနက်သခင်ရဲ့ ဒေါသကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးနော်"
"ဟဲဟဲ..."
ထိုစကားကို ကြားသောအခါ ချွေ့ယွီနန်းဆောင်ခေါင်းဆောင်က အထင်သေးသည့်အကြည့်ဖြင့် မဲ့ပြုံးပြုံးလိုက်ပြီး "ငါနဲ့ ချွေ့ယွီခန်းမတောင် မခံနိုင်ဘူး ဟုတ်လား" ဟု ဆိုလေသည်။
ရိုးရိုးသားသား ပြောရလျှင် သူသည် ဝတ်ရုံနက်အဖွဲ့ကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သော်လည်း တကယ်တမ်း တိုက်ခိုက်ရလျှင် ဝတ်ရုံနက်အဖွဲ့သည် ချွေ့ယွီခန်းမနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
သို့သော် ယခု...
ဤကောင်က ယခုလိုစကားမျိုး ပြောရဲသည်လော။
"ဝတ်ရုံနက်အဖွဲ့ရဲ့အင်အားလောက်နဲ့ ဘယ်တုန်းက ဒီလောက် မောက်မောက်မာမာ ပြောရဲသွားတာလဲ။ ဒါမှမဟုတ် မင်းက ဟန်ထုတ်နေတာလား"
ထိုအချိန်တွင် ချွေ့ယွီခန်းမခေါင်းဆောင်သည် အထင်သေးသော မျက်ဝန်းများဖြင့် လှောင်ပြောင်လိုက်လေသည်။
သူ့ပုံစံမှာ 'အဲဒီလိုဆိုရင် မင်းတို့ရဲ့ ခေါင်းဆောင်ဆိုသူကို ငါ့ရှေ့ထွက်လာပြီး စကားပြောခိုင်းလိုက်စမ်းပါ၊ ငါ့ကို ခြိမ်းခြောက်နိုင်လောက်တဲ့ အင်အားကို ထုတ်ပြခိုင်းလိုက်စမ်းပါ'ဟု ပြောနေသကဲ့သို့ ရှိသည်။
သူက မဲ့ပြုံးပြုံးလိုက်ပြီး ယန်နယ်ပယ်၏ အရှိန်အဝါသည် ရုတ်တရက် ဝတ်ရုံနက်အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ချက်ချင်းဆိုသလိုပင် ဝတ်ရုံနက်အဖွဲ့မှ ကျွမ်းကျင်သူများသည် ထိတ်လန့်တကြား မော့ကြည့်လိုက်မိကြသည်။
သူတို့၏မျက်လုံးများထဲ၌ ဒေါသနှင့် ဇဝေဇဝါဖြစ်မှုတို့ ပြည့်နှက်နေ၏။
ချွေ့ယွီခန်းမ ခေါင်းဆောင် ရောက်လာပြီတဲ့လား။
ဂုဏ်သိက္ခာကြီးမားလှသည့် ယန်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ဤကဲ့သို့ အချိန်မျိုးတွင် 'လဲနေသူကို ထပ်နင်း' သည့် အလုပ်မျိုး လာလုပ်နေသည်လော။
လူတိုင်း ဒေါသထွက်သွားကြသည်။
ချွေ့ယွီခန်းမခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်၏။
သူသည် သူ၏ နတ်ဘုရားအာရုံ ကို အသုံးပြု၍ ဝတ်ရုံနက်အဖွဲ့၏ခေါင်းဆောင်သစ်ဆိုသူကို လိုက်လံရှာဖွေလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် သူ အနည်းငယ် ကြောက်ရွံ့နေမိသေးသည်။ မည်သို့ပင်ဖြစ်စေ ဤခေါင်းဆောင်သစ်ဆိုသူမှာ သူ တစ်ခါမှ မမြင်ဖူးသော မသိနားမလည်သည့် ဖြစ်တည်မှုတစ်ခု မဟုတ်ပါလော။
သို့သော် အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင်အောင် ထိုလူနှင့်ပတ်သက်သည့် သဲလွန်စ တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ပေ။
'ဟေ...'
အတုများလား။
ဝတ်ရုံနက်အဖွဲ့က သူတို့အဖွဲ့အစည်းကို သူများတွေ ကြောက်ရွံ့စေချင်လို့ လျှောက်ပြောထားတာများလား။
သို့သော် ထိုအချိန်တွင် သူ၏နတ်ဘုရားအာရုံသည် အလွန်လျှို့ဝှက်သော အခန်းငယ်တစ်ခုကို ရုတ်တရက် တွေ့ရှိသွားလေသည်။
ထိုအခန်းသည် အနည်းငယ် ထူးဆန်းနေသည်။
သူ၏နတ်ဘုရားအာရုံအောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်ပြီး လျှို့ဝှက်ဆန်းကြယ်နေပုံ ပေါက်နေသည်။
သူ့စိတ် အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ နတ်ဘုရားအာရုံအားလုံးကို စုစည်းကာ ထိုအခန်းငယ်ဆီသို့ အရှိန်ဖြင့် ဝင်ရောက်ကြည့်ရှုလိုက်သည်။
သို့သော် ထိုအချိန်တွင်...
'ဘုန်း'
ထိုအသံတစ်သံ ထွက်ပေါ်လာ၏။ သူ၏ဝိညာဉ်အသိစိတ်သည် သံပြားကြီးတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားရလေသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
ထိုခဏ၌ သူ၏နှလုံးသား အနည်းငယ် တုန်လှုပ်သွားသည်။ သူ၏ဝိညာဉ်အသိစိတ်မှာ အလွန်အားကောင်းလှသည် မဟုတ်ပါလော။
သူသည် အစွမ်းထက်သော ယန်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။
သို့သော် သူ၏ဝိညာဉ်အသိစိတ်သည် အခန်းငယ်လေးတစ်ခုကိုပင် ထိုးဖောက်မဝင်ရောက်နိုင် ဖြစ်နေသည်လား။
သို့သော် ထိုအချိန်တွင်...
သူ မမြင်နိုင်သော နေရာတစ်ခု၊ အခန်းငယ်လေးတစ်ခု အတွင်း၌ လူရိပ်တစ်ခုသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ဝိညာဉ်ယဇ်ပလ္လင် မှာ တောက်ပစွာ လင်းလက်လာတော့သည်။
နတ်ဘုရားအာရုံအောက်တွင် ထိုအခန်းငယ်လေးသည် ဖြိုဖျက်၍ မရနိုင်လောက်အောင် ခိုင်ခံ့နေပြီး ဝင်ရောက်ရန် လမ်းမရှိပေ။
သို့သော် နောက်တစ်ခဏ၌ ထိုအခန်းငယ်လေးထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု နိုးထလာသကဲ့သို့ ဖြစ်သွားသည်။
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး တောင်များနှင့် ပင်လယ်များ ပေါက်ကွဲသကဲ့သို့၊ လေထဲတွင် ဝှေ့ယမ်းနေသော ဓားရှည်တစ်ချောင်းကဲ့သို့ တုန်ခါသွားစေသည်။
သူ၏ထက်ရှမှုကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချက်ချင်းဆိုသလိုပင် သူ၏ ဝိညာဉ်အသိစိတ်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်လောက်သည့် ပိုမိုနက်ရှိုင်းသော ဝိညာဉ်အသိစိတ် အဆင့်တစ်ခုကို သူ ခံစားလိုက်ရသည်။
ထို့ပြင် ၎င်းသည် ဝိညာဉ်အသိစိတ်ထက်ပင် ကျော်လွန်နေပုံ ရသည်။
ဒါက သိပ်ကို လွန်ကဲလွန်းနေပြီ
'ဘုန်း'
ချွေ့ယွီခန်းမခေါင်းဆောင်၏မျက်နှာထား ပြောင်းလဲသွားပြီး ရုတ်တရက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
သူ့မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွား၏။
ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။
ဝတ်ရုံနက်အဖွဲ့ထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု ရှိနေသည်လော။
ယခုအခါ ထိုဖြစ်တည်မှုသည် နိုးထလာခဲ့ပြီဖြစ်ပြီး... သူတို့ထံ လျှောက်လှမ်းလာနေချေပြီ။
ထိုခဏ၌ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
သူ တုန်လှုပ်သွားတော့မလို ခံစားလိုက်ရ၏။ ထိုအရှိန်အဝါက အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သူ ရောက်လာပြီ။
သူက ပို၍ ပို၍ နီးကပ်လာပြီ။
နောက်ဆုံးတွင် အလွန်ငယ်ရွယ်သော လူရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်။
ထိုလူသည် အစွန်းအထင်းမရှိ ဖြူစင်နေသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး မျက်ခုံးနှစ်ခုကြားတွင် ဖျော့တော့သော အေးစက်သည့် အမူအရာ ရှိနေသည်။
သူ့ပုံစံမှာ အလွန်ရင်းနှီးနေပုံရပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားလေသည်။ သူ၏မျက်ဝန်းများထဲတွင် အေးစက်မှုများ ပြည့်နှက်နေ၏။
"မင်း... မင်းက..."
ချက်ချင်းပင် သူ့မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
ဒီလူက ဘယ်သူလဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ယန်နယ်ပယ်ကို ရောက်နေပြီတဲ့လား။
ယန်နယ်မြေတင် မကသေးပေ။ ဤလူ၏ အရှိန်အဝါမှာ အလွန်ကြောက်စရာ ကောင်းလှသည်။
သူ၏တိုက်ခိုက်ခြင်းစွမ်းရည်သည် အပေါ်ယံမြင်ရသည်ထက် ပို၍ ကြောက်စရာကောင်းလောက်ပေသည်။
"ချွေ့ယွီခန်းမရဲ့ ခေါင်းဆောင်က တော်တော်ကြီးကျယ်တာပဲ"
ရှန်းချန်ကောက လေသံပြတ်ပြတ်ဖြင့် ပြောလိုက်လေသည်။
သူ၏မျက်ဝန်းများမှာ တည်ငြိမ်နေပြီး ချွေ့ယွီခန်းမခေါင်းဆောင်ကို စိုက်ကြည့်နေ၏။
တစ်ခဏအတွင်း သူသည် တစ်ဖက်လူကို ဖျက်ဆီးပစ်လိုသည့်အလား ကြီးမားသော ဖိအားများကို ပေးစွမ်းလိုက်လေသည်။
"ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"
"ဝတ်ရုံနက်သခင်ကို ဂါရဝပြုပါတယ်"
ဘေးပတ်ဝန်းကျင်ရှိ ဝတ်ရုံနက် ကျွမ်းကျင်သူများအားလုံး သက်ပြင်းချနိုင်သွားကြပြီးနောက် ဤလူငယ်လေးကို ရူးသွပ်လုနီးပါး ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ဤဝတ်ရုံနက် ကျွမ်းကျင်သူများ၏မျက်လုံးထဲ၌ ဤလူငယ်လေး၏အဆင့်အတန်းမှာ မည်မျှမြင့်မားနေပြီဟု တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
ရှန်းချန်ကောသည် ထိုနေရာတွင် ရပ်နေလိုက်သည်။
"မင်း..."
ချွေ့ယွီခန်းမခေါင်းဆောင်သည် နောက်ဆုတ်ချင်သွားသော်လည်း ရှန်းချန်ကော၏အေးစက်သော မျက်နှာထားကို မြင်လိုက်ရသောအခါ သူ့စိတ်နှလုံး လေးလံသွားတော့သည်။
သူတော့ သွားပြီ။
ဤလူက ဝတ်ရုံနက်အဖွဲ့၏အရှိန်အဝါကို တည်ဆောက်ရန်အတွက် သူ့ကို 'မျောက်ကိုခြောက်ပြဖို့ ကြက်သတ်ခြင်း' သလို ကိရိယာတစ်ခုအနေနဲ့ အသုံးပြုတော့မှာ သေချာနေပြီ။
အမှန်ပင် ဝတ်ရုံနက်အဖွဲ့၏လက်ရှိအခြေအနေအရ ချွေ့ယွီခန်းမခေါင်းဆောင်ကဲ့သို့သော အဖွဲ့ကို အထင်သေးပြီး သိမ်းပိုက်လိုကြသူများစွာ ရှိနေမည်မှာ အမှန်ပင်။
ထို့ကြောင့် ယခု သူဒီရောက်နေခြင်းက သေနတ်ပြောင်းဝကို တည့်တည့်တိုးမိသလို ဖြစ်နေချေပြီ။
ဤအစွမ်းထက်သောလူက သူ့ကို သေချာပေါက် တိုက်ခိုက်တော့မည်။
ချက်ချင်းဆိုသလိုပင်။
သူ့ခမျာ တွေးချိန်ပင် မရလိုက်ချေ။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုသည် 'ဘုန်း' ကနဲ အသံနှင့်အတူ ရောက်ရှိလာတော့သည်။
ကောင်းကင်ဘုံ ကပ်ဘေးကြီးတစ်ခုက ကောင်းကင်ယံကို စုတ်ဖြဲလိုက်သကဲ့သို့ပင်။
ဓားအလင်းတန်းသည် တောက်ပနေပြီး လေးလံသော စွမ်းအားတစ်ခုကို သယ်ဆောင်လျက် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ကြောက်စရာကောင်းလိုက်တဲ့ ဓားပါလား။
ဖူး..
ယန်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က ရှန်းချန်ကော၏တိုက်ကွက် တစ်ကွက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။
တိုက်ကွက်တစ်ကွက်တည်းဖြင့် မိုးနှင့်မြေ ကြေမွသွားသကဲ့သို့ပင်။
ချွေ့ယွီခန်းမ၏ခေါင်းဆောင် သေဆုံးသွားခဲ့လေပြီ။
ထိုအချိန်တွင်...
ဘုန်း
ကျန်းကျင်းသည် မျက်နှာဖြူလျော့လျက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။
"ခေါင်းဆောင်... ခေါင်းဆောင်... ကျွန်... ကျွန်တော် တစ်ခဏတာ စိတ်တွေ ရှုပ်ထွေးသွားလို့ပါ..."
သို့သော် ကျန်းလျူယွီသည် အေးစက်စက် အပြုံးဖြင့် လျှောက်လာခဲ့သည်။
"ကောင်လေး... မင်း သေရမဲ့ချိန်ရောက်ပြီ"