ငါသခင်မျက်လုံးက ဘယ်တော့မှ အရှုံးမပေးဘူး
Vol. 22 Ch. 215
ဝတ်ရုံနက်အဖွဲ့အစည်းသည် ကျယ်ပြန့်သော အပျက်အစီးနယ်မြေကြီးတစ်ခုတွင် တည်ရှိနေပေသည်။
ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် ပြိုကျပျက်စီးနေသဖြင့် ပို၍ပင် ခြောက်သွေ့အထီးကျန်ဆန်နေစေ၏။
ဝတ်ရုံနက်အဖွဲ့အစည်းကို ထိုကဲ့သို့သော နေရာမျိုးတွင် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ပြီး နေရာတိုင်းတွင် ဖော်ပြ၍မရသော အတိတ်က ခမ်းနားကြီးကျယ်မှုများ ပြည့်နှက်နေလေသည်။
သူတို့ တောင်တန်းများကြားသို့ ခြေချလိုက်သည်နှင့် လေးလံသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။
"ဒီဝတ်ရုံနက်အဖွဲ့အစည်းက တကယ် ကြောက်စရာကောင်းတာပဲ... အနည်းဆုံးတော့ အနီးနားက တောင်တန်းတွေက ဓားချက်တစ်ချက်တည်းနဲ့ မှောက်လှန်ခံထားရသလိုပဲ... အခုထိ တောင်တန်းတွေအောက်မှာ ပုန်းကွယ်နေတဲ့ စူးရှအေးစက်တဲ့ ဓားအလင်းတန်းကို ခံစားနေရတုန်းပဲ... ဒါက ဓားရည်ရွယ်ချက်ရဲ့ အကြွင်းအကျန်တွေပဲ"
မျက်နှာဖုံးစွပ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်စုသည် တောင်တန်းများကြားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်လာကြသည်။
တောင်တန်းများကြားတွင်...
ဖော်ပြ၍မရနိုင်အောင် လေးလံသော ဖိအားများ ပြည့်နှက်နေပြီး သူတို့ကို အလွန်တရာ ထိတ်လန့်သွားစေခဲ့သည်။
"အထက်လူကြီးတွေက ဒီဝတ်ရုံနက်အဖွဲ့အစည်းကို တော်တော်လေး အလေးထားပုံရတယ်... ဘာလို့ ဒီလောက် အလေးထားပြီး ငါတို့ကို လွှတ်လိုက်လဲတော့ မသိဘူး"
အဆုံးတွင် ဝတ်ရုံနက်အဖွဲ့အစည်းသည် အဆင့်သတ်မှတ်ချက်မဝင်သော အဖွဲ့အစည်းငယ်လေးတစ်ခုသာ ဖြစ်ချေသည်။
အထက်လူကြီးများက သူတို့ကို ဤနေရာသို့ စေလွှတ်လိုက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
သေချာတွက်ချက်ကြည့်လျှင် သူတို့အများစုမှာ ယင်နယ်ပယ် ကျွမ်းကျင်သူများဖြစ်ပြီး၊ ယန်နယ်ပယ် ကျွမ်းကျင်သူအချို့ပင် ပါဝင်နေလေသည်။
ခေါင်းဆောင်ဖြစ်သူ၏စွမ်းအားမှာ ပို၍ နက်ရှိုင်းပြီး ခန့်မှန်းရခက်ခဲလှကာ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေပြီး မှိုင်းညို့သော ဖိအားများကို ထုတ်လွှတ်နေခဲ့သည်။
"ဒီဝတ်ရုံနက်အဖွဲ့က ထင်ထားသလောက် မရိုးရှင်းလောက်ဘူး။ ရထားတဲ့ သတင်းအချက်အလက်တွေအရ ဝတ်ရုံနက်ရဲ့ခေါင်းဆောင်သစ်က အရမ်း လျှို့ဝှက်ဆန်းကြယ်တယ်လို့ ဆိုတယ်။ အနည်းဆုံးတော့ တောင်တွေကို လှန်ပစ်ပြီး ကောင်းကင်ကို ဖြတ်တောက်နိုင်တဲ့ ဒီလိုဓားချက်မျိုးကို ငါတို့ မထုတ်နိုင်ဘူး"
တစ်ခဏချင်းတွင် ရှိနေသူအားလုံး ခေါင်းညိတ်လိုက်ကြသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
ဝတ်ရုံနက်အဖွဲ့အစည်းတည်ရှိရာသို့ ရောက်သောအခါ ထိုလူစုကို မေးခွန်းထုတ်သံများ ထွက်ပေါ်လာသည်။
ဝတ်ရုံနက်အဖွဲ့အစည်းမှလူများ၏ မျက်လုံးများတွင် သတိထားစောင့်ကြည့်မှုများ ပြည့်နှက်နေ၏။
မကြာသေးမီကာလအတွင်း...
ဝတ်ရုံနက်အဖွဲ့ဆီ လာသူတိုင်း ရည်ရွယ်ချက်ကောင်း မရှိကြသလို မည်သူမျှ စိတ်ရင်းမမှန်ကြပေ။
အခြေအနေလာစုံစမ်းသူ သို့မဟုတ် ဝတ်ရုံနက်အဖွဲ့တစ်ခုလုံးကို ဖျက်ဆီးချင်သူများသာ ဖြစ်သည်။
ယခုရောက်လာသူများသည်လည်း ထူးခြားသော အရှိန်အဝါများ ရှိနေကြသဖြင့် ဝတ်ရုံနက်ကျွမ်းကျင်သူများသည် သတိထားနေကြခြင်း ဖြစ်သည်။
"စိတ်မလှုပ်ရှားပါနဲ့။ ကျုပ်တို့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ ကျုပ်တို့က သူတော်စင် နတ်ဘုရားကျောင်းတော် ကပါ"
သူတော်စင်နတ်ဘုရားကျောင်းတော်
ထိုအမည်ကို ကြားလိုက်ရသောအခါ ဝတ်ရုံနက်ဝတ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤအဖွဲ့အစည်းသည် မကြာသေးမီက ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သော အဖွဲ့အစည်းဟု ဆိုနိုင်သည်။
သူတို့သည် အလွန်ကျော်ကြားပြီး စွမ်းအားကြီးမားကြသည်။
သူတော်စင်နတ်ဘုရား (၁၀) ပါး စလုံးသည် ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်သည်ဟု ဆိုကြသည်။
"ဒါဆိုရင် သတင်းပို့ခွင့်ပြုပါ" ဝတ်ရုံနက်ကျွမ်းကျင်သူ၏လေသံမှာ ပျော့ပျောင်းသွားခဲ့သည်။
သူတော်စင်နတ်ဘုရားကျောင်းတော်သည် သူတို့ကို စတင်မတိုက်ခိုက်သရွေ့ မည်သူ့ကိုမျှ ဒုက္ခမပေးဟု ဆိုကြသည်။
ထိုအချိန်တွင် ကျန်းလျိုယွီ အလျင်အမြန် ထွက်လာခဲ့သည်။
"ကြိုဆိုဖို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်... သူတော်စင် နတ်ဘုရားကျောင်းတော်က စီနီယာတို့၊ အထဲကို ကြွပါ"
ဝတ်ရုံနက်အဖွဲ့သည် အဆင့်သတ်မှတ်ချက်မဝင်သော အဖွဲ့အစည်းများကြားတွင် အတော်အတန် ကောင်းမွန်သော်လည်း၊ ပထမတန်းစား အဖွဲ့အစည်းကြီးဖြစ်သော သူတော်စင် နတ်ဘုရားကျောင်းတော်နှင့် ယှဉ်လျှင် အဆပေါင်းများစွာ ကွာခြားလှပေသည်။
"ဝတ်ရုံနက်အဖွဲ့အစည်းမှာ ခေါင်းဆောင်သစ် တစ်ယောက် တက်လာတယ်လို့ ကြားတယ်။ ကျုပ်တို့က ဂုဏ်ပြုဖို့ လာခဲ့တာပါ။ ခေါင်းဆောင်သစ်က အခု ဘယ်မှာလဲ သိလို့ရမလား"
ထိုအခါ ကျန်းလျိုယွီသည် အားနာစွာဖြင့် ခေါင်းငုံ့လိုက်မိလေသည်။
"ခေါင်းဆောင်က မကြိုဆိုချင်လို့ မဟုတ်ပါဘူးဗျာ။ ခေါင်းဆောင်က နည်းနည်း ထူးခြားလို့ပါ။ နေ့တိုင်း ဒီအချိန်ရောက်ရင် ဘယ်သူမှ သူ့ကို နှောင့်ယှက်လို့ မရဘူး၊ ကျုပ်တောင် မရဘူး။ ခေါင်းဆောင်က နေ့တိုင်း ဒီလိုပါပဲ... သူက သဘောကောင်းတဲ့သူပါ"
'နေ့တိုင်း ဒီအချိန်ဆို နှောင့်ယှက်လို့ မရဘူး'
ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သူ အဖိုးအိုသည် မျက်ခွံကို အနည်းငယ် ပင့်တင်လိုက်သည်။
သူ၏ဖြူဆွတ်နေသော မျက်လုံးတစ်ဖက်သည် ထူးဆန်းစွာ လည်ပတ်သွားပြီး ကြီးမားသော နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို တိတ်တဆိတ် လွှမ်းခြုံလိုက်လေသည်။
ထိုအခိုက်အတန့်တွင်...
သူ့ရင်တစ်ခုလုံး တုန်လှုပ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဝတ်ရုံနက်အဖွဲ့အစည်းအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော ပုံရိပ်တစ်ခုကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။
ဟင်
သူ ဘာလုပ်နေတာလဲ
သူ့လုပ်ရပ်တွေက အလွန်ထူးဆန်းပြီး ပုံမှန်မဟုတ်ဘူးဟု ပြောရပေမည်။
သူ ဘာလုပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
သို့သော် ရုတ်တရက် ထိုပုံရိပ်၏အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့ချေ၏။
ဘာတွေဖြစ်ကုန်တာလဲ
ထိုလူ၏တစ်ကိုယ်လုံးမှ ဖော်ပြ၍မရသော တုန်ခါမှုများ လှိုင်းထွက်ပေါ်လာသည်။
၎င်းသည် အလွန်ထူးဆန်းသော ခံစားမှုမျိုး ဖြစ်ပြီး၊ကျင့်ကြံခြင်းစွမ်းအားများ လေထဲမှ အကြောင်းမဲ့ ပေါ်ထွက်လာသကဲ့သို့ ရှိကာ ရှုပ်ထွေးသောနိယာမများ ပါဝင်နေသည်။
တောင်ပေါ်တွင် အချိန်မရှိသော်လည်း မွေးဖွားလာသည်မှာ နှစ်ထောင်ချီ ရှိပြီဖြစ်သော ခံစားမှုမျိုး ဖြစ်သည်။
ထိုရှေးဟောင်းဆန်သော ခံစားမှုကြောင့် ထိုပုံရိပ်၏ အရှိန်အဝါသည် အဆင့်သစ်တစ်ခုသို့ ချက်ချင်း တက်လှမ်းသွားခဲ့သည်။
သူသည် ယန်နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။
ဒီလူ ဘာဖြစ်နေတာလဲ
ထူးဆန်းလိုက်တာ
ထို့အပြင် သူသည် ဤလူကို အာရုံစိုက်နေခဲ့ရာ။
ဤလူသည် နေရာတစ်ခုသို့ ရောက်တိုင်း သူ၏ ခွန်အားမှာ ချက်ချင်း တိုးတက်လာလေ့ရှိသည်။
ထိုတိုးတက်မှုများသည် ကျင့်စဉ်များ၊ လက်နက်များနှင့် သူ မသိနိုင်သော ခန္ဓာကိုယ်တွင်းရှိ အရာများအပါအဝင် ကဏ္ဍပေါင်းစုံမှ လာခြင်းဖြစ်သည်။
ဒါက ဘယ်လို ထူးဆန်းတဲ့ ကျင့်ကြံနည်းလဲ
တစ်ခုခုတော့ မှားနေပြီ။
ဒီလူဆီမှာ...
ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိရမယ်။
ရုတ်တရက် သူ့မျက်လုံးထဲတွင် မတူညီသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ရှန်းချန်ကော သည် စစ်ဆေးခြင်း ချက်အင် ဝင်ပြီးခါစပင်ဖြစ်သည်။
"ခုနက တစ်ယောက်ယောက်က နတ်ဘုရားစိတ်အာရုံကိုသုံးပြီး ငါ့ကို တိတ်တဆိတ် စစ်ဆေးသွားသလိုပဲ။ဒါပေမဲ့ အဲဒီအချိန်က ငါ ချက်အင် ဝင်နေတော့ သတိထားမိဖို့ နည်းနည်း ကြာသွားတယ်..."
ရှန်းချန်ကော မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူတော်စင်နတ်ဘုရားကျောင်းတော်က လူတွေ ရောက်နေတာလား။
"အပြင်မှာ လူရှစ်ယောက်ရှိတယ်။ နှစ်ယောက်က ယန်နယ်ပယ်၊ ငါးယောက်က ယင်နယ်ပယ်၊ ခေါင်းဆောင်လုပ်တဲ့သူကတော့ ဖန်ဆင်းခြင်းအဆင့် ဖြစ်လောက်တယ်"
ထိုအချိန်တွင် ရှေးဟောင်းနန်းတော်ထဲမှ မျက်လုံးကြီးက မလိုလားစွာဖြင့် ပြောလိုက်လေသည်။
မျက်လုံးကြီးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
သူသည် ရှန်းချန်ကော၏လှည့်စားခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသဖြင့် စကားသိပ်မပြောချင်တော့ပေ။
သို့သော် ယခုလေးတင် ရှန်းချန်ကော ထပ်မံခက်ေအင်ဝင်ပြီးနောက် သူ့အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ (၆၀%) အထိ မြင့်တက်လာခဲ့သည်။
ထိုမျှမြင့်မားသော ထိန်းချုပ်မှုအဆင့်ကြောင့် မျက်လုံးကြီးမှာ ရှန်းချန်ကောနှင့် မလိုလားဘဲ ဆက်သွယ်လာရခြင်း ဖြစ်သည်။
"အင်း... မင်း လုပ်တာ ကောင်းတယ်" ရှန်းချန်ကောက ခလေးကိုချုးကျူးနေသော လူကြီးတစ်ယောက်လို လေသံဖြင့် ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။
"ငါ့ရှေ့မှာ ဆရာကြီး လာမလုပ်နဲ့ တစ်နေ့နေ့ကျရင်..."
ကလစ်...
ကလစ်...
သံကြိုးများသည် မျက်လုံးကြီးကို နောက်မှနေ၍ ချုပ်နှောင်လိုက်ပြီး ခမ်းနားသော စွမ်းအားများသည် အေးစက်ကြီးမားလှသည်။
"မင်း ဘာလုပ်တာလဲ" မျက်လုံးကြီး ထိတ်လန့်သွားသည်။
"မင်းကို ပိုပြီး လိမ္မာစေချင်ရုံပါ"
"ဟွန်း... အိပ်မက်မက်နေလိုက်စမ်း"
မျက်လုံးကြီးသည် အထင်သေးစွာ ရယ်မောလိုက်ပြီး သူ့နေရာသို့ ပြန်သွားလေသည်။
သူသည် ရှေးဟောင်းနန်းတော်ထဲတွင် ငြိမ်သက်စွာ ထိုင်နေသော်လည်း မျက်လုံးများထဲတွင် အရှုံးမပေးလိုသော အလင်းရောင်များ တောက်လောင်နေသည်။
သူ့ခန္ဓာကိုယ်က ရိုးသားနေသော်လည်း စိတ်ကတော့ အရှုံးပေးမည် မဟုတ်ပေ။
ရှန်းချန်ကော ခေါင်းယမ်းလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
"အားလုံးနှုတ်ဆက်ပါတယ်... ကျုပ်က ဝတ်ရုံနက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ရှန်းချန်ကောပါ"
ဒါ ဝတ်ရုံနက်ခေါင်းဆောင်လား
သူက တကယ်ပဲ ဒီလောက် ငယ်တာလား
ခေါင်းဆောင်၏မျက်လုံးများသည် စူးရှတောက်ပလာပြီး ရှန်းချန်ကောကို ကြည့်လိုက်သည်။
ရှန်းချန်ကောသည်လည်း ထိုအကြည့်ကို အာရုံခံမိပြီး ပြန်ကြည့်လိုက်၏။
သူ့မျက်လုံးများတွင် အလင်းရောင်များ လက်ခနဲဖြစ်သွားပြီး လျှပ်စီးများ ထွက်ပေါ်လာသည်။
ရှန်းချန်ကော မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပါသည်။
ဒီလူက ငါ့ကို နည်းနည်း ရန်လိုနေသလိုပဲ။
ထိုသို့ တွေးလိုက်ပြီးနောက် သူ၏မျက်လုံးများတွင် လျှပ်စီးများ လက်သွားကာ အနည်းငယ်မျှပင် နောက်မဆုတ်ပေ။
အခြေအနေသည် အလွန်အမင်း တင်းမာသွားခဲ့ချေပြီ။