← Chapters

အင်မော်တယ်လမ်းမှ လျှောက်လှမ်းထွက်ခွာလာသူ

Vol. 22 Ch. 218

အင်မော်တယ်လမ်းမှ လျှောက်လှမ်းထွက်ခွာလာသူ

Vol. 22 Ch. 218

မဟာပျက်စီးခြင်းနယ်မြေ၏အပြင်နယ်မြေအစွန်းဒေသတွင် မရေမတွက်နိုင်သော လူများသည် ကောင်းကင်သို့ မော့ကြည့်နေကြပြီး ဝတ်ရုံနက်အဖွဲ့အစည်း ရှိရာ အရပ်သို့ စူးစိုက်ကြည့်နေကြချေ၏။

ဘုန်း

ဘုန်း

ဘုန်း

ကောင်းကင်ယံတွင် ပုံရိပ်နှစ်ခုသည် တောက်ပသော အလင်းရောင်များဖြင့် ရေချိုးနေကြပြီး အထွတ်အထိပ် သတ္တဝါများ တိုက်ခိုက်နေကြသည့်အလား ဖြစ်နေပေသည်။

သူတို့၏လက်သီးများနှင့် လက်ဝါးများ ထိပ်တိုက်တွေ့သည့်အခါ တောက်လောင်နေသော အလင်းတန်းများ ထွက်ပေါ်လာလေသည်။

ထိုအလင်းရောင်သည် မျက်စိကျိန်းမတတ် စူးရှပြီး ကမ္ဘာလောကကြီး တစ်ခုလုံးကို ထွန်းလင်းစေလေသည်။

ထိုအချိန်တွင် မိုးမြေနှင့် ဟင်းလင်းပြင်ကြီးကို ဖြတ်သန်းသွားသော အလွန် တောက်ပသည့် ဓားအလင်းတန်း တစ်ခုသည် တစ်ချက်တစ်ချက် လက်ခနဲ ပေါ်လာတတ်ချေ၏။

အပြင်ဘက် ဟင်းလင်းပြင်ရှိ ကြယ်တရာများသည် အရူးအမူး ပေါက်ကွဲကာ ကြွေမွသွားပြီး ဓားချီ ကြောင့် ပြတ်တောက်ကုန်သည်ဟု ထင်မှတ်ရပေသည်။

"အဲဒါ အင်မော်တယ်လမ်း ပေါ်ကို တက်လှမ်းပြီး ပြန်လျှောက်ထွက်လာတဲ့သူပဲ"

တစ်စုံတစ်ယောက်က အံ့သြတကြီး အော်ပြောလိုက်လေသည်။

သူသည် ရှန်းချန်ကောကို မှတ်မိလိုက်သဖြင့် သူ၏ တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်တော့ချေ။

"ဟုတ်တယ်... အဲဒီနေ့တုန်းက သူ အင်မော်တယ်လမ်းကနေ ထွက်လာတော့ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်က တားဆီးခဲ့သေးတယ်။ သူက အဲဒီလူကို လွှမ်းမိုးထားတဲ့ ပုံစံနဲ့ သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတာ..."

"ငါတို့ သူ့ကို ခြေရာခံနေတာ ကြာပြီ။ မဟာပျက်စီးခြင်း နယ်မြေ အပြင်ဘက်ကို သွားပြီး ဝတ်ရုံနက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး..."

တစ်စုံတစ်ယောက်က အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။

သူသည်လည်း ရှန်းချန်ကောကို သတ်ဖြတ်ရန် လာရောက်သည့် မဟာမိတ်အဖွဲ့ထဲမှ တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

ခမ်းနားထည်ဝါသော တောင်ထိပ်တစ်ခုပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များ ပေါ်လာကြချေ၏။

သူတို့အားလုံးတွင် စွမ်းအားကြီးမားသော အရှိန်အဝါများနှင့် ထူးချွန်ပြောင်မြောက်သော စိတ်နေသဘောထားများ ရှိကြလေသည်။

အချို့လူများက ခေါင်းဆောင်ဖြစ်သူကို လှည့်ကြည့်လိုက်ကြလေသည်။

သူသည် အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးဖြစ်ပေသည်။

သူ၏အင်္ကျီလက်စများ လှုပ်ခါသွားသည်နှင့်အမျှ နက်ရှိုင်းပြီး ကြီးမားသော ဖိအားတစ်ခု ထွက်ပေါ်လာလေသည်။

ဤပုဂ္ဂိုလ်သည် အစွမ်းကုန်ကြိုးစား၍ မဟာမိတ်ဖွဲ့ခဲ့သော ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ သုံးဦးအနက်မှ တစ်ဦး ဖြစ်ချေသည်။

"စီနီယာ... အခု ဒီလူရဲ့ ခြေရာခံမိပြီ။ သူက ဝတ်ရုံနက်အဖွဲ့ထဲမှာ ပုန်းနေတာဆိုတော့ ကျွန်တော်တို့ အဲဒီကို သွားပြီး သတ်လိုက်ကြမလား..."

ထိုသူက အသံနက်ကြီးဖြင့် မေးလိုက်လေသည်။ သူ၏မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားချေ၏။

သူသည် ယန်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်ပေသည်။ အကယ်၍ သူသာ အင်မော်တယ်သစ်သီး၏ လျှို့ဝှက်ချက်ကို ဝေမျှရရှိခဲ့ပါက ဖန်ဆင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် အခွင့်အရေး ရကောင်း ရနိုင်ပေလိမ့်မည်။

စကားဆုံးသည်နှင့် တောင်ထိပ်ရှိ လူတိုင်း၏ မျက်လုံးများသည် အစိမ်းရောင်ဝတ် အဘိုးအိုထံသို့ ရောက်ရှိသွားကြကုန်၏။

သူ ဆုံးဖြတ်ချက်ချမည့်အချိန်ကို စောင့်မျှော်နေကြလေသည်။

လူတိုင်း၏မျက်လုံးများသည် တောက်လောင်နေပြီး စိတ်ခံစားမှုများ ပြင်းထန်စွာ လှုပ်ရှားနေကြချေ၏။

သူတို့သည် ရှန်းချန်ကောကို ရှာဖွေခြင်းအား လက်မလျှော့ခဲ့ကြသော်လည်း သူတော်စင်နတ်ဘုရားကျောင်းတော် ပေါ်ပေါက်လာမှုနှင့် ၎င်းတို့၏ ကြီးမားသော အင်အားကြောင့် ရှာဖွေမှုကို နှေးကွေးခဲ့ကြရပေသည်။

ယခု ဤလူ၏တည်နေရာကို သိရှိသွားပြီ ဖြစ်ရာ သူတို့ လိုက်လံဖမ်းဆီးရမည့်အချိန် ရောက်ပြီ ဖြစ်ချေသည်။

"စီနီယာ... သူ့ကို ဖမ်းဖို့ ကျန်တဲ့ စီနီယာ နှစ်ယောက်ဆီ သတင်းပို့ပြီး ဝတ်ရုံနက်အဖွဲ့ဆီ သွားခိုင်းဖို့ လိုမလား..."

တစ်စုံတစ်ယောက်က ပြောလိုက်လေသည်။ အကယ်၍ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ သုံးဦးစလုံး အတူတကွ ရောက်ရှိလာပြီး လွှမ်းမိုးထားသော ပုံစံဖြင့် ဆင်းသက်လာပါက ရှန်းချန်ကော သေချာပေါက် သေဆုံးရမည် ဖြစ်ပြီး အင်မော်တယ်မျိုးစေ့သည်လည်း သူတို့လက်ထဲ ရောက်ရှိလာမည် ဖြစ်ပေသည်။

"အရူးတွေ" အစိမ်းရောင်ဝတ် အဘိုးအို ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့နောက်မှ လူများကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"မင်းတို့ထဲမှာ ယင်နယ်ပယ် နဲ့ ယန်နယ်ပယ် ကျွမ်းကျင်သူတွေ အများကြီး ရှိရဲ့သားနဲ့ လောဘကြောင့် မျက်စိကန်းနေကြတာလား။သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မမြင်ကြဘူးလား..."

သူ၏စကားသည် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏ နားထဲတွင် ပေါက်ကွဲသွားလေသည်။

၎င်းသည် သူတို့၏သွေးများကို ဆူပွက်စေပြီး သတိပြန်ဝင်လာစေခဲ့ချေသည်။

"ဟုတ်သားပဲ... အခု သူက (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား နဲ့ ယှဉ်ပြိုင်နိုင်ပြီး အသာစီးတောင် ရနေသေးတယ်။ သူ့နယ်ပယ်က ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီလူမှာ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ..."

"ခေတ်ကာလတွေ ပြောင်းလဲသွားပြီ။ သူက ငါတို့ကို ဓားချက်တစ်ချက်တည်းနဲ့ သတ်နိုင်လောက်တယ်..."

အချို့လူများ၏ မျက်နှာထားများ တည်ကြည်လေးနက်သွားပြီး ကောင်းကင်ယံရှိ နတ်ဘုရားတမျှ ပုံရိပ်ကို မော့ကြည့်ရင်း သူတို့၏ နှလုံးသား နက်ရှိုင်းသော နေရာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

"ဘယ်လောက်မှ မကြာသေးဘူး... သူက ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ကို ယှဉ်တိုက်နိုင်တဲ့ အင်အား ရှိနေပြီ။ ဒီလူက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ မွန်းစတားတစ်ကောင်ပဲ..."

ထိုအချိန်တွင် ယန်နယ်ပယ် အောက်ရှိ လူအများစုသည် သူတို့၏စိတ်ထဲမှ အကြံအစည်များကို စွန့်လွှတ်လိုက်ကြလေသည်။

စုဝေးနေခဲ့သော အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများက နေရာယူသွားချေပြီ။

ဖန်ဆင်းခြင်းနယ်ပယ် အောက်ရှိ သူများအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်ပေသည်။

ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို သူတို့ မည်သို့ ယှဉ်ပြိုင်ရဲကြပါမည်နည်း။

သူတို့တင် မကချေ။မဟာပျက်စီးခြင်းနယ်မြေ၏ အပြင်ဘက် ဒေသများရှိ သက်ရှိသတ္တဝါ အားလုံးသည် ဖန်ဆင်းခြင်းနယ်ပယ်ကျွမ်းကျင်သူများ၏ မကြုံစဖူး တိုက်ပွဲကြောင့် တုန်လှုပ်သွားကြလေသည်။

ထိုအဆင့်ရှိ တိုက်ပွဲတစ်ခုသည် လူတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်သွားပြီ ဖြစ်ပေသည်။

လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် မိုးနှင့်မြေ ပြိုကျကာ တောင်တန်းများနှင့် မြစ်ချောင်းများ အရောင်အဆင်း ကင်းမဲ့သွားစေနိုင်သည်။

ရှန်းချန်ကော၏အင်အားသည် လူတိုင်းကို တုန်လှုပ်စေခဲ့လေသည်။

သူတို့သည် ကြည်ညိုလေးစားမှုနှင့်အတူ အချိန်အတော်ကြာ မခံစားခဲ့ရသော ကြောက်ရွံ့မှုမျိုးကိုပါ ခံစားလိုက်ရချေ၏။

လက်ရှိ ရှန်းချန်ကောသည် အခြားသော ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကဲ့သို့ပင်။

သူသည် ဖန်ဆင်းခြင်းနယ်ပယ်သို့ မရောက်သေးသော်လည်း ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်သော အင်အားနှင့် အခြေခံအုတ်မြစ် ရှိနေပေသည်။

ယခုအချိန်တွင် မဟာပျက်စီးခြင်း နယ်မြေ၏ အပြင်နယ်မြေရှိ လူတိုင်းသည် ကောင်းကင်သို့ မော့ကြည့်ပြီး ရှန်းချန်ကောနှင့် (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရားတို့၏ ထိပ်တိုက်တွေ့မှုကို အာရုံစိုက်နေကြလေသည်။

ထိုကဲ့သို့သော စွမ်းအားအောက်တွင် မရေမတွက်နိုင်သော လူများ သတိပြန်ဝင်လာကြလေသည်။

အင်မော်တယ်မျိုးစေ့ မည်မျှပင် မက်မောဖွယ် ကောင်းပါစေ၊ သူတို့၏ အသက်နှင့် ရင်းပြီး မကစားရဲကြချေ။

ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်သာ အေးစက်စွာ ကျန်ရစ်ခဲ့ကြလေသည်။

သူတို့၏မျက်လုံးများသည် တိုက်ပွဲမြေပြင်ကို အာရုံစိုက်ထားရုံသာမက သူတို့၏အရှိန်အဝါများလည်း မထင်မရှား ထွက်ပေါ်နေပေသည်။

သို့သော် သူတို့ လှုပ်ရှားခြင်း မပြုခဲ့ကြပေ။

သူတို့အတွက် ရှန်းချန်ကောကို ကြောက်ရွံ့သော်လည်း လေးစားမှု ပေးရန် မလုံလောက်သေးချေ။

သူတို့ ဘာမှမလုပ်ဘဲ နေရခြင်း၏အကြောင်းရင်း အစစ်အမှန်မှာ ရှန်းချန်ကောကြောင့် မဟုတ်ပေ။

ရှန်းချန်ကောနှင့် တိုက်ခိုက်နေသူ၊ သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရားကြောင့်သာ ဖြစ်ပေသည်။

သူတော်စင်နတ်ဘုရားသည် ဘာမှမရှိသော နေရာမှ ပေါ်ထွက်လာပြီး မဟာပျက်စီးခြင်း နယ်မြေကို ဖိနှိပ်ထားလေသည်။

သူတို့သည် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သော်လည်း သတိထားပြီး လေးစားမှု ပြကြရသည်၊ မဆင်မခြင် ပြစ်မှားခြင်း မပြုရဲကြချေ။

သူတို့သည် တိုက်ပွဲအဆုံးသတ်မည့်အချိန်ကို စောင့်မျှော်နေကြလေသည်။

..

ဘုန်း.....

ဝတ်ရုံနက်အဖွဲ့၏အထက် ကောင်းကင်ယံတွင် တောက်ပသော အလင်းရောင်များ လင်းလက်နေပြီး နားကွဲမတတ် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေလေသည်။

တောက်လောင်နေသော ဓားအလင်းတန်းသည် ရေတံခွန်ကဲ့သို့ စီးဆင်းကျလာလေသည်။

တောင်တန်းများ ပြားကပ်သွားပြီး မြေကြီး ပေါက်ထွက်သွားကာ နက်ရှိုင်းသော အနက်ရောင် တွင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ကောင်းကင်ယံတွင် ရှန်းချန်ကော၏ဝတ်ရုံဖြူသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေချေ၏။

သူ၏မျက်လုံးများသည် စူးရှပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သူသည် လက်ကို မြှောက်လိုက်ပြီး လက်ချောင်းများဖြင့် ဓားပုံစံ ပြုလုပ်လိုက်လေသည်။

ဓားချီများ ဒလဟော ထွက်ပေါ်လာပြီး အဆုံးမဲ့ ဓားအလင်းတန်းသည် ကောင်းကင်ကြီးကို ခွဲဖြတ်တော့မည့်အလား ဖြစ်နေလေသည်။

သူ တိုက်ခိုက်လေလေ ပို၍ ရဲရင့်လာလေလေ ဖြစ်ပြီး သူ၏အရှိန်အဝါသည် ပို၍ ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်ပေသည်။

အင်မော်တယ်ဝိညာဉ်တစ်ခု နိုးထလာပြီး မိုးမြေကို ငုံ့ကြည့်နေသကဲ့သို့ပင်။

ကောင်းကင်ယံရှိ သတ်ဖြတ်လိုစိတ်သည် တုန်လှုပ်ဖွယ် ကောင်းလှပြီး သူ၏ဘုန်းတန်ခိုးအာဏာသည် ကောင်းကင်ဘုံကိုးခု ကို တုန်လှုပ်စေလေသည်။

"ကောင်းတယ်"

"ခေါင်းဆောင်က ကောင်းကင်ဘုံ ပါရမီရှင်ပဲ။ ဒီနေ့ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူနဲ့ ယှဉ်ပြိုင်ပြီး ဝတ်ရုံနက်အဖွဲ့ရဲ့ နာမည်ကို ပျံ့နှံ့စေခဲ့ပြီ"

အောက်ဘက်ရှိ ဝတ်ရုံနက်အဖွဲ့ အတွင်းတွင် ဝတ်ရုံနက် အဖွဲ့သားများ အားလုံး အလွန် စိတ်လှုပ်ရှားနေကြချေ၏။

သူတို့၏စိတ်လှုပ်ရှားမှုကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်တော့ချေ။

သူတို့၏ခေါင်းဆောင်သည် တိုက်ပွဲကြာလာသည်နှင့်အမျှ ပိုမို ရဲရင့်လာသည်ကို မြင်သောအခါ သူတို့၏ စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ရန် ကောင်းကင်သို့ မော့ကြည့်ပြီး ရှည်လျားစွာ အော်ဟစ်လိုက်ကြလေသည်။

သို့သော် သူတို့၏လုပ်ရပ်သည် အချို့လူများကို မျက်မှောင်ကြုတ်စေခဲ့လေသည်။

ထိုသူများသည် သူတော်စင်နတ်ဘုရားကျောင်းတော်မှ လူများ ဖြစ်ကြပေသည်။

(၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား လျိုစန်းလန် အပြင် သူတော်စင်နတ်ဘုရားကျောင်းတော်မှ အခြားသော ကျွမ်းကျင်သူ ခုနစ်ဦးလည်း ရှိနေသေးချေ၏။

ယန်နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးနှင့် ယင်နယ်ပယ် ကျွမ်းကျင်သူ ငါးဦး ဖြစ်ပေသည်။

ထိုအချိန်တွင် ဝတ်ရုံနက် အဖွဲ့သား၏ရှည်လျားသော အော်ဟစ်သံသည် သူတို့၏အာရုံကို ဖမ်းစားလိုက်လေသည်။

သူတို့အားလုံး ထိုများလူကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

မူလက သူတော်စင်နတ်ဘုရား အနေဖြင့် ဝတ်ရုံနက် ခေါင်းဆောင် ဆိုသူကို ဖိနှိပ်ရန်မှာ ထမင်းစားရေသောက်ကဲ့သို့ လွယ်ကူလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြပေသည်။

သို့သော် လက်ရှိ အခြေအနေသည် သူတို့၏ နှလုံးသားကို တုန်လှုပ်စေခဲ့လေပြီ။

"သူတို့ကို အရင် သတ်လိုက်ကြစို့... သိပ်ကို စိတ်ရှုပ်စရာ ကောင်းတယ်..." သူတော်စင်နတ်ဘုရားကျောင်းတော်မှ ယန်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးက ပြောလိုက်လေသည်။

သူ၏အေးစက်သော မျက်လုံးများသည် ဝတ်ရုံနက် အဖွဲ့သားကို ဖြတ်ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။

"ကောင်းပြီ..." ကျန်လူများက ထိုအသံကို ကြားသည်နှင့် လှုပ်ရှားလိုက်ကြလေသည်။

သူတို့အားလုံး ဝတ်ရုံနက် အဖွဲ့သားများ ရှိရာသို့ လှမ်းလာကြလေသည်။

သူတို့ မရောက်မီမှာပင် ကျယ်ပြန့်ပြီး ကြီးမားသော ဖိအားတစ်ခု ပျံ့နှံ့လာလေသည်။

"ဆုတ်"

ကျန်းလျိုယွီ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး နောက်ဆုတ်လိုက်လေသည်။

သူသည် ထိုလူများကို အမြဲမပြတ် သတိထား စောင့်ကြည့်နေခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ လှုပ်ရှားတော့မည် ဖြစ်ပေသည်။

ဝတ်ရုံနက် အဖွဲ့သားများ အားလုံး အတွင်းဘက်သို့ ဆုတ်ခွာသွားကြပြီး အတူတကွ စုဝေးလိုက်ကြလေသည်။

သို့သော်လည်း သူတို့ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်ချေ၏။

စောစောက သူတို့၏ တက်ကြွနေသော စိတ်ဓာတ်များသည် အချိန်ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။

ကျန်ရှိနေသည်မှာ ကြောက်ရွံ့မှုသာ ဖြစ်လေတော့သည်။

"ရွှမ်း"

ထိုအခိုက်အတန့်တွင် ပြတ်သားသော ဓားမြည်သံတစ်ခု ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားလေသည်။

အဆုံးမဲ့သော ဓားချီများ ဒလဟော ထွက်ပေါ်လာပြီး လောကကြီးနှင့် ပင်လယ်ကြီးလေးစင်း၊ ကန္တာရကြီးရှစ်ခု ကို လွှမ်းခြုံသွားလေတော့သတည်း။

All Chapters