← Chapters

ပထမဆုံးသူတော်စင်နတ်ဘုရား

Vol. 22 Ch. 220

ပထမဆုံးသူတော်စင်နတ်ဘုရား

Vol. 22 Ch. 220

မိုးနှင့်မြေတို့ တုန်ဟီးသွားပြီး ဟင်းလင်းပြင်ကြီး တုန်ခါသွားလေသည်။

သူတော်စင်နတ်ဘုရားကျောင်းတော်မှ နတ်ဘုရားနှစ်ပါးသည် အတူတကွ ရောက်ရှိလာကြပြီ ဖြစ်သည်။

သူတို့သည် ရှေးခေတ်မှနိုးထလာသော နတ်ဘုရားများကဲ့သို့ပင် သမုဒ္ဒရာကြီးအလား ကျယ်ပြောလှသော အရှိန်အဝါများကို ထုတ်လွှတ်လျက် ကမ္ဘာလောကကို မှောက်လှန်ပစ်မတတ် ဖြစ်နေ၏။

သူတို့၏ကြီးမားသော စွမ်းအားများသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ မဟာပျက်စီးခြင်းနယ်မြေ၏အစွန်အဖျားဒေသ တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

သူတို့သည် ဟင်းလင်းပြင်ထဲတွင် လမ်းလျှောက်လာကြပြီး သူတို့ ခြေလှမ်းလှမ်းလိုက်တိုင်း မိုးနှင့် မြေသည် ခြေဖဝါးအောက်တွင် ကြောက်ရွံ့စွာ တုန်လှုပ်နေသကဲ့သို့ ရူးသွပ်စွာ တုန်ခါနေသည်။

တောင်များနှင့် မြစ်များသည် အရောင်အဆင်း မှေးမှိန်သွားကြပြီး ကြယ်တာရာများသည် ပျက်စီးကာ ပြန်လည်မွေးဖွားလာကြပြန်သည်။

ထိုမြင်ကွင်းသည် အစွန်းကုန် ထိတ်လန့်ဖွယ်ကောင်းပြီး အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ဤသည်မှာ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အစွမ်းသတ္တိပင် ဖြစ်သည်။

ဖန်ဆင်းခြင်းနယ်ပယ်ဆိုသည်မှာ သက်ရှိအားလုံး၏အထက်တွင် ရှိနေသော အဆင့်ဖြစ်သည်။

သူတို့သည် အထွတ်အထိပ်တွင် ရပ်တည်နေကြပြီး တာအိုနိယာမ၏အနှစ်သာရကို ထိတွေ့လုနီးပါး ဖြစ်နေသော သက်ရှိများ ဖြစ်ကြသည်။

နောက်ထပ် ခုန်ပျံကျော်လွှားမှု တစ်ကြိမ်သာ ပြုလုပ်လိုက်ပါက သူတို့သည် အင်မော်တယ် အဖြစ်သို့ တက်လှမ်းနိုင်ပြီး အင်မော်တယ်တာအို နယ်ပယ်ထဲသို့ ခြေချနိုင်ကြမည် ဖြစ်သည်။

ထိုအချိန်တွင် မဟာပျက်စီးခြင်းနယ်မြေ အစွန်အဖျားရှိ သန်းပေါင်းများစွာသော သတ္တဝါတို့သည် မြေကြီးပေါ်တွင် ဝပ်စင်းနေကြပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရှိခိုးပူဇော်နေကြရသည်။

လောကကြီးကို လွှမ်းခြုံထားသော ကြီးမားလှသည့် ဖိအားအောက်တွင် မည်သူမျှ ခုခံလိုစိတ် မဖြစ်ပေါ်နိုင်ကြချေ။

စောစောက ထွက်ပြေးရန် ကြံရွယ်ခဲ့ကြသူများသည်လည်း ယခုအခါ ဒူးထောက်၍ ဦးညွှတ်နေကြရသည်။

သူတို့ အကြီးအကျယ် ထိတ်လန့်နေကြသည်။

ထိုဖိအားသည် ကောင်းကင်နှင့် ဟင်းလင်းပြင်ကို ဖုံးလွှမ်းထား၏။

သူတို့သည် ကမ္ဘာကြီး၏ ဖိနှိပ်မှုကို ခံထားရသကဲ့သို့ မလှုပ်မယှက် ဖြစ်နေကြသည်။

သူတို့၏ နှလုံးသားထဲတွင် ဆုတောင်းရုံမှတစ်ပါး အခြားမတတ်နိုင်ကြတော့ချေ။

သူတော်စင်နတ်ဘုရားကျောင်းတော်မှ လူများက အပြစ်မဲ့သူများကိုပါ ရောယောင်၍ အပြစ်မပေးပါစေနှင့်ဟုသာ မျှော်လင့်နေကြရသည်။

"ဘုန်း"

မိုးနှင့်မြေသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်ယံထက်တွင် ကြယ်တာရာများ နေရာရွေ့လျားသွားသကဲ့သို့ ဖြစ်ပေါ်လာသည်။

သူတော်စင်နတ်ဘုရားကျောင်းတော်မှ လူနှစ်ဦးသည် ကြယ်တာရာ ကောင်းကင်ယံကို ဖြတ်ကျော်ကာ လှမ်းလာကြပြီး သူတို့၏ပုံရိပ်များမှာ တဖြည်းဖြည်း ပိုမိုထင်ရှားလာသည်။

သူတို့သည် ဤကမ္ဘာလောကနှင့် နီးကပ်လာပြီဖြစ်ပြီး ခဏအတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။

ကြီးမားသော ဖိအားအောက်တွင် အဆုံးမဲ့သော မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ဖြစ်ပေါ်နေ၏။

ဝတ်ရုံနက်အဖွဲ့ဝင်များ အပါအဝင် မဟာပျက်စီးခြင်းနယ်မြေ အစွန်အဖျားရှိ သက်ရှိအားလုံးမှာ မျက်နှာများ ဖြူလျော့နေကြပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။

၎င်းမှာ မိမိ၏ကံကြမ္မာကို သိနေပြီး စီရင်ချက်ချခံရမည့်အချိန်ကို စောင့်ဆိုင်းနေသော ရာဇဝတ်သားတစ်ဦးကဲ့သို့ပင်။

ဝတ်ရုံနက်အဖွဲ့အစည်း အတွင်း၌ ရှန်းချန်ကောသည် လက်ကို နောက်ပစ်လျက် ရပ်နေသည်။

သူ၏အဝတ်အစားများသည် လေထဲတွင် လွင့်ပျံနေပြီး မျက်လုံးများမှာ လျှပ်စီးကဲ့သို့ စူးရှနေ၏။

သူ၏လက်ထဲရှိ အစစ်အမှန်ဧကရာဇ်ဓား သည် တုန်ခါနေပြီး အဆုံးမရှိသော ဓားချီများ စီးဆင်းကာ လှုပ်ရှားနေသည်။

သူ၏ဆံပင်ရှည်များ လေထဲတွင် လွင့်နေပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့ထွက်ပေါ်လာသည်။

အကယ်၍ ဤလူနှစ်ယောက်သာ ဆင်းသက်လာခဲ့လျှင် သူ တိုက်ခိုက်ရန် ကြောက်ရွံ့နေမည် မဟုတ်ပေ။

"ရွှီး"

ထိုအချိန်တွင် မိုးမြေရှိ လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားသည်။

ထူးဆန်းသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။

ကောင်းကင်ယံရှိ အလင်းရောင်သည် တောက်ပစွာ လင်းလက်လာပြီး အဆုံးမရှိသော အလင်းတန်းများ ကျဆင်းလာကာ မိုးမြေကို ပြည့်နှက်သွားစေသည်။

၎င်းမှာ ကောင်းကင်ဘုံတံခါး ပွင့်သွားသကဲ့သို့ဖြစ်ပြီး ရွှေရောင်တံခါးပေါက်ကြီးတစ်ခု ပေါ်ထွက်လာသည်။

ရွှေရောင် နတ်ဘုရားအလင်းတန်းများ လှည့်ပတ်နေပြီး နက်ရှိုင်းကျယ်ပြန့်သော အရှိန်အဝါများနှင့်အတူ ခန့်ညားထည်ဝါ၍ ရှေးဆန်သော အငွေ့အသက်များ ပါရှိနေသည်။

"နောက်ဆုတ်လိုက်စမ်း"

"ပါးစပ်ပိတ်ထား"

ရွှေရောင်တံခါးကြီး အတွင်းမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံသည် အမျိုးသမီးတစ်ဦး၏အသံကဲ့သို့ နားဝင်ချိုပြီး သာယာသော်လည်း အဆုံးမရှိသော စွမ်းအားများနှင့် ကျယ်ပြောလှသော မိုးနှင့် မြေ၏ အရှိန်အဝါများ ပြည့်နှက်နေသည်။

တစ်ခဏအတွင်း သွယ်လျသော လူရိပ်တစ်ခုသည် ရွှေရောင်အလင်းတန်းများအောက်ရှိ ရွှေရောင်တံခါးကြီးမှ ထွက်ပေါ်လာသည်။

သူမ၏တစ်ကိုယ်လုံးသည် နတ်ဘုရားအလင်းတန်းများဖြင့် သန့်စင်ထားသကဲ့သို့ ရွှေရောင်အလင်းများ လွှမ်းခြုံထားသည်။

သူမ၏မျက်နှာကို သေချာမမြင်ရသော်လည်း လူများကို တုန်လှုပ်စေသော ခံစားမှုကို ပေးစွမ်းနေဆဲ ဖြစ်သည်။

သူမသည် နတ်သမီးတစ်ပါးကဲ့သို့ သန့်ရှင်းစင်ကြယ်ပြီး ထူးခြားခန့်ညားနေသည်။

ယခုအချိန်တွင် သူမသည် မိုးနှင့်မြေကို ငုံ့ကြည့်နေသော ဧကရီတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေပြီး သူမ၏ကြီးကျယ်ခမ်းနားသော အသံသည် လောကတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။

"ဒီနေ့ကစပြီး... ရှန်းချန်ကောကို သူတော်စင်နတ်ဘုရားကျောင်းတော်ရဲ့ ဒသမမြောက် သူတော်စင်နတ်ဘုရား အဖြစ် သတ်မှတ်လိုက်ပြီ"

သူမ၏ကျယ်လောင်သော အသံသည် နတ်ဘုရားအမိန့်တော်ကဲ့သို့ တိမ်တိုက်များကြား ပဲ့တင်ထပ်သွားပြီး မဟာပျက်စီးခြင်းနယ်မြေ အစွန်အဖျား တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

အစွန်အဖျားရှိ သန်းပေါင်းများစွာသော သက်ရှိများ၏နားထဲတွင် ပဲ့တင်ထပ်သွားကာ သူတို့၏ သွေးနှင့် ချီစွမ်းအင်များကို တုန်ခါသွားစေပြီး နှလုံးသားများကို တုန်လှုပ်သွားစေသည်။

အဝေးတစ်နေရာ ကောင်းကင်ယံတွင် သူတော်စင်နတ်ဘုရားကျောင်းတော်မှ အဖွဲ့ဝင်နှစ်ဦးသည် ထိုစကားကို ကြားသောအခါ ရပ်တန့်သွားကြသည်။

ကမ္ဘာကြီးသည် ချက်ချင်း ငြိမ်သက်သွား၏။သူတို့သည် သူတို့၏အရှိန်အဝါများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

"အမိန့်တော်အတိုင်းပါ"

ထို့နောက် သူတို့နှစ်ဦးသည် ရိုသေစွာဖြင့် ထွက်ခွာသွားကြသည်။

သူတို့၏ပုံရိပ်များသည် တဖြည်းဖြည်း ဝေဝါးသွားပြီး ကမ္ဘာလောကထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

သူတို့ လုံးဝ မရှိခဲ့ဖူးသကဲ့သို့ပင်။

"သူပါလား"

ဝတ်ရုံနက်အဖွဲ့အစည်း အတွင်းမှနေ၍ ရှန်းချန်ကောသည် ရွှေရောင်တံခါးရှေ့မှ လူရိပ်ကို လှမ်းကြည့်လိုက်သည်။

ထိုလူ၏အသံသည် သူ့ကို အလွန်ရင်းနှီးသော ခံစားချက်ကို ပေးနေသည်။

သူ အမြဲထမ်းပိုးခဲ့ဖူးသော အနက်ရောင်ခေါင်းတလားထဲမှ လူ၏အသံနှင့် တူနေသည်။

'ဒါဆို... သူမက တကယ်ပဲ မိန်းမတစ်ယောက် ဖြစ်နေတာပေါ့။'

ရှန်းချန်ကောသည် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

သူသည် တစ်နေ့လုံး မိန်းမတစ်ယောက်ကို ကျောပိုးထားခဲ့ရသည်ဟု ထင်မထားခဲ့မိချေ။

ထိုအချိန်တွင်...

"ရွှီး"

ရွှေရောင်တံခါးအတွင်းမှ ရွှေရောင် နတ်ဘုရားအလင်းတန်း တစ်ခုသည် ဝတ်ရုံနက်အဖွဲ့အစည်းဆီသို့ ပျံသန်းလာသည်။

အလင်းတန်း ကျရောက်လာသည်နှင့် ရှန်းချန်ကော၏ပုံရိပ်သည် ရစ်ပတ်ခံလိုက်ရပြီး ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ကောင်းကင်ယံရှိ ရွှေရောင်အလင်းတန်းများ ကွယ်ပျောက်သွားပြီး ရွှေရောင်တံခါးကြီးလည်း ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ဘုံ၏ ယစွမ်းအားကဲ့သို့ ကြီးမားကျယ်ပြန့်သော ဖိအားကြီးသည်လည်း တဖြည်းဖြည်း လျော့ပါးသွားပြီး ပျောက်ကွယ်သွားတော့သည်။

တစ်ခဏအတွင်း ကမ္ဘာကြီးသည် ပြန်လည် ငြိမ်သက်သွားသည်။အေးမြသော လေပြေလေညင်း တိုက်ခတ်လာရာ လူတိုင်း အေးမြမှုကို ခံစားလိုက်ရသည်။

စောစောကမူ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသကဲ့သို့ပင်။

သို့သော် အဖြစ်အပျက်မှာ အလွန်ပင် ပြဇာတ်ဆန်လှသည်။ အခြေအနေများ ပြောင်းပြန်လှန်သွား၏။

ကောင်းကင်ပြိုကျပြီး မြေကြီးအက်ကွဲကာ လူအများ သေဆုံးပြီး သွေးချောင်းစီးမည့် မြင်ကွင်းမျိုး ဖြစ်မလာခဲ့ပေ။

ဘာမှ မဖြစ်ခဲ့သကဲ့သို့ပင် ပြီးဆုံးသွားခဲ့သည်။

"ဟူး..."

ဝတ်ရုံနက်အဖွဲ့အတွင်း၌ ကျန်းလျိုယွီနှင့် အခြားအဖွဲ့ဝင်များသည် သက်ပြင်းချလိုက်နိုင်ကြသည်။

သူတို့မျက်လုံးထဲမှ မျှော်လင့်ချက်မဲ့မှုများ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ အစားထိုး ဝင်ရောက်လာသည်။

"မသွားကြသေးဘူးလား၊ ကျုပ် ထမင်းကျွေးမှာကို စောင့်နေကြတာလား"

ကျန်းလျိုယွီ၏မျက်နှာထားမှာ ဂရုမစိုက်သလို ဖြစ်နေသည်။

သူသည် သူတော်စင်နတ်ဘုရားကျောင်းတော်မှ ကျန်ရစ်သော လူများကို လှောင်ပြောင်လိုသော အပြုံးဖြင့် ကြည့်လိုက်သည်။

တစ်ဖက်လူများတွင် ယန်နယ်ပယကျွမ်းကျင်သူ နှစ်ဦးနှင့် ယင်းနယ်ပယ် ကျွမ်းကျင်သူ ငါးဦး ရှိနေသော်လည်း သူ လုံးဝ မကြောက်တော့ပေ။

ယခုအချိန်တွင် သူသည် စိတ်ဓာတ်တက်ကြွနေပြီး သူရဲကောင်းဆန်သော အမူအရာ ရှိနေလေသည်။

စောစောက မျှော်လင့်ချက်မဲ့ပြီး သနားစရာကောင်းနေသော သူ့ပုံစံကို သူ လုံးဝ မေ့သွားပြီ ဖြစ်သည်။

"ဟွန့် သွားကြစို့"

သူတော်စင်နတ်ဘုရားကျောင်းတော်မှ ဦးဆောင်လာသူ ယန်နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားကြသည်။

ယင်နယ်ငယ် ကျွမ်းကျင်သူ ငါးဦးလည်း သူတို့နောက်မှ လိုက်ပါသွားကြသည်။

ကျန်းလျိုယွီသည် ယခုအခါ စိတ်အခြေအနေ ကောင်းမွန်နေသည်။

သူ၏နှလုံးသားထဲမှ သူရဲကောင်းဆန်သော ခံစားချက်များကို ထုတ်ဖော်ရန် ကောင်းကင်သို့ မော့ကြည့်ပြီး အော်ဟစ်လိုက်ချင်စိတ် ပေါက်နေသည်။

နောက်ဆုံးတော့ သူ ထိန်းထားလိုက်၏။

ထိုအရာက အလွန်ကြွားဝါလွန်းရာ ရောက်ပြီး သူ့စရိုက်နဲ့ မကိုက်ညီဘူးဟု သူ ခံစားလိုက်ရသည်။

ချက်ချင်းပင် သူသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး ရယ်မောလိုက်လေသည်။

"ခေါင်းဆောင်က သူတော်စင်နတ်ဘုရားကျောင်းတော်ရဲ့ဒသမမြောက် သူတော်စင်နတ်ဘုရား ဖြစ်သွားပြီ။ ဒီနေ့ကစပြီး ငါတို့ ဝတ်ရုံနက်အဖွဲ့က ဒသမမြောက် သူတော်စင်နတ်ဘုရားရဲ့ လက်ရင်းအင်အားစု ဖြစ်သွားပြီ။ တခြားရန်သူတွေကို ကြောက်စရာ မလိုတော့ဘူး။ အားလုံးပဲ စိတ်အေးလက်အေး ကိုယ့်ကျင့်ကြံမှုကိုယ် ပြန်လုပ်ကြပါတော့"

"ဟုတ်ကဲ့"

ဝတ်ရုံနက်အဖွဲ့ဝင်များသည် ပြုံးရွှင်နေကြပြီး အလွန်စိတ်လှုပ်ရှားနေပုံ ရသည်။

ထို့နောက် ကျင့်ကြံအားထုတ်ရန် လူစုခွဲသွားကြသည်။

ဟုတ်ပေသည်။

ဝတ်ရုံနက်အဖွဲ့အစည်းသည် သမိုင်းတစ်လျှောက် ဂုဏ်အရှိဆုံး အခိုက်အတန့်ကို ကြိုဆိုလိုက်နိုင်ပြီဖြစ်ကြောင်း သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ကြရသည် မဟုတ်ပါလော။

ယခုမှစ၍ဝတ်ရုံနက်အဖွဲ့သည် သူတော်စင်နတ်ဘုရားကျောင်းတော်၏ ကျောထောက်နောက်ခံကို ရရှိတော့မည်ဖြစ်သည်။

သူတို့သည် မဟာပျက်စီးခြင်းနယ်မြေ၏ အစွန်အဖျားဒေသ တစ်ခုလုံးကို ဖြတ်ကျော်ကာ အဆုံးမဲ့ နယ်မြေများကို အုပ်ချုပ်နိုင်တော့မည် ဖြစ်ပြီး ဘုရင်တစ်ဆူ ဖြစ်လာပေတော့မည်။

ဝတ်ရုံနက်အဖွဲ့အတွင်း အငွေ့အသက်များသည် အောင်ပွဲခံသံများဖြင့် ပြည့်နှက်နေတော့သည်။

သို့သော် သူတို့နှင့် မတူသည်မှာ...

မဟာပျက်စီးခြင်းနယ်မြေ အစွန်အဖျားရှိ မရေမတွက်နိုင်သော လူများသည် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေကြသည်။

အထူးသဖြင့် ဝတ်ရုံနက်အဖွဲ့နှင့် နီးစပ်သော သူများဖြစ်သည်။

သူတို့သည် ကြီးမားသော ဘေးအန္တရာယ်မှ ရှောင်လွှဲနိုင်ခဲ့သော်လည်း စိတ်လေးလံနေဆဲ ဖြစ်သည်။

ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်းအတွက် စိတ်လှုပ်ရှားမှု နေရာတွင် လေးလံသော ခံစားချက်များ အစားထိုး ဝင်ရောက်လာသည်။

ဝတ်ရုံနက်အဖွဲ့၏ခေါင်းဆောင်က သူတော်စင်နတ်ဘုရားကျောင်းတော်၏ ဒသမမြောက် သူတော်စင်နတ်ဘုရား ဖြစ်သွားပြီလော။

ယခုမှစ၍ ဝတ်ရုံနက်အဖွဲ့နှင့် နီးစပ်သော အင်အားစုများသည် ကြောက်ရွံ့ခြင်း အငွေ့အသက်များအောက်တွင် အချိန်အတော်ကြာ နေထိုင်ရဖွယ် ရှိပေသည်။

သူတို့ထဲမှ အချို့သည် လက်ဆောင်ပဏ္ဍာများ အကြီးအကျယ် ပြင်ဆင်ပြီး ဝတ်ရုံနက်အဖွဲ့ထံ သွားရောက်ကာ အရိုအသေပြုရန်ပင် စဉ်းစားနေကြပြီ ဖြစ်သည်။

သူတော်စင်နတ်ဘုရားကျောင်းတော်၏ဒသမမြောက် သူတော်စင်နတ်ဘုရားကို သွားရောက် တွေ့ဆုံရမည်။

ဝတ်ရုံနက်အဖွဲ့နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားရမည်။

သို့မှသာ အနာဂတ်တွင် သူတော်စင်နတ်ဘုရားကျောင်းတော်၏အရှိန်အဝါအောက်သို့ ခိုဝင်နိုင်မည် မဟုတ်ပါလော။

ထိုအချိန်တွင် မဟာပျက်စီးခြင်းနယ်မြေ အစွန်အဖျား၌ရှန်းချန်ကောအပေါ် မကောင်းသော ကြံစည်စိတ်ကူး ရှိခဲ့သူများအားလုံး ထိုအတွေးများကို ဖျောက်ဖျက်လိုက်ကြလေသည်။

ဖန်ဆင်းခြင်းနယ်ပယ် အဆင့်ရှိသော ဖြစ်တည်မှုများပင် တိတ်ဆိတ်သွားကြသည်။

အကယ်၍ ရှန်းချန်ကော၏ကိုယ်ပိုင်အင်အားကသာ သူတို့ကို ကြောက်ရွံ့စေခဲ့ခြင်း ဖြစ်လျှင်၊ ယခု ဒသမမြောက် သူတော်စင်နတ်ဘုရား ဖြစ်လာသော ရှန်းချန်ကောသည် သူတို့ကို လေးစားမှုဖြစ်စေရန် လုံလောက်ပေသည်။

ကြောက်ရွံ့မှု အပါအဝင်ပင်။

စာစဉ်၂၂ပြီး#

All Chapters