အင်ပါယာတွင် အမှုထမ်းခြင်း
Vol. 1 Ch. 413
ကျန်းရီသည် မင်းသမီးလင်းယွဲ့အပေါ် အထင်အမြင်ကောင်း မရှိပေ။ သူမသာမဟုတ်၊ သူသည် လင်းဂိုဏ်းမှ အခြားမင်းသား၊ မင်းသမီးများအားလုံးကို မနှစ်မြို့ပေ။
နတ်ဆိုးဧကရီမှ နတ်ဆိုးသားရဲ စစ်တပ်ကို ဦးဆောင်၍ ကြယ်ကောင်းကင်မြို့သို့ ချီတက်ခဲ့စဉ်က ထိုမင်းသား၊ မင်းသမီးများအားလုံးသည် ထွက်ပြေးသွားကြပြီး လင်းရွှယ်တစ်ယောက်တည်းကို ကြယ်ကောင်းကင်မြို့နှင့်အတူ မြှုပ်နှံခံရစေရန် ထားရစ်ခဲ့သည်။
ကျန်းရီသည် မတူညီသော လမ်းကြောင်းနှင့် အယူအဆတို့ကြောင့် လင်းရွှယ်နှင့် ရန်သူများ ဖြစ်လာခဲ့သော်လည်း လင်းရွှယ်အား သူလေးစားလေသည်။ သူမသည် အားနွဲ့သည့် မိန်းမသားဖြစ်သော်လည်း မိုးပြာနဂါးအင်ပါယာကို သူမတစ်ဦးတည်း ထောက်ပံ့၍ ယခင်ထက်ပိုကောင်းလာအောင် ဆောင်ရွက်ပေးခဲ့သည်။ မင်းသမီးလင်းရွှယ်သည် ဧကရာဇ်ကိုယ်တိုင် အမျိုးသား ဖြစ်စေချင်ခဲ့သည့် ပါရမီရှင် အခေါ်ခံရရန် အမှန်တကယ် ထိုက်တန်လှသည်။
ယခင်က လင်းရွှယ်သည် လက်ထပ်ခြင်းကို အသုံးပြု၍ သူ့အား စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခု လင်းယွဲ့သည် ထိုနည်းတူ ကြိုးစားနေပြန်သည်။ ကျန်းရီသည် အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်ချေ။ ထို့ကြောင့် သူသည် ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောနေခြင်းဖြစ်သည်။ သူသည် အင်အားကြီးသည်။ မင်းသမီးလင်းယွဲ့ကို သူအတင်းအကြပ်ရယူ၍ သတ်ဖြတ်ပြီး ပင်လယ်ထဲပစ်ချခဲ့လျှင် လင်းဂိုဏ်းမှ သူမ၏အလောင်းကိုတောင် ရှာတွေ့မည် မဟုတ်ပေ။
လင်းယွဲ့၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး သူမ၏ကိုယ်သည် ဆတ်ခနဲ တုန်သွားခဲ့သည်။ သူမ၏မျက်လုံးများထဲတွင် ထိတ်လန့်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။ သို့သော်လည်း သူမသည် ချက်ချင်းတည်ငြိမ်သွားခဲ့ပြီး ရှေ့သို့ခြေလှမ်းအနည်းငယ် လျှောက်သွားကာ နောက်ပြန်လှည့်၍ ပြုံးပြလာခဲ့သောကြောင့် ကျန်းရီအံ့အားသင့်သွားခဲ့လေသည်။
"လင်းယွဲ့က ငယ်ငယ်လေးထဲက လူကဲခတ်တဲ့ နေရာမှာ တော်တယ်။ တာ့ရယ်က အဲ့လိုလူမျိုး မဟုတ်တာ သေချာတယ်"
လင်းယွဲ့ အသာလမ်းလျှောက်နေသည်ကို မြင်လျှင် ကျန်းရီသည် ပုခုံးအသာတွန့်လိုက်သည်။ သူ့တွင် လုပ်စရာလည်း မရှိရာ ထိုမင်းသမီး ဘာကြံနေသည်ကို သူသိချင်လာသည်။
သူတို့နှစ်ယောက်သည် တစ်ဦးက အရှေ့မှနေ၍ နောက်တစ်ဦးက အနောက်မှလိုက်ပါကာ ပင်လယ်ပြင်ထံ လမ်းလျှောက်သွားနေကြသည်။ လင်းယွဲ့သည် ကျန်းရီအား အာရုံမထားဘဲ အရှေ့သို့သာ ဆက်လျှောက်နေသည်။ သူမ၏ အနက်ရောင်ဆံနွယ်ပျော့ပျော့တို့မှာ ပင်လယ်လေညှင်းနှင့်အတူ မျောလွင့်နေပြီး မွှေးရနံ့ဖျော့ဖျော့ကို ထုတ်လွှတ်နေလေသည်။ သူမ၏ သွယ်လျသောခြေတံတို့မှာ လမ်းလျှောက်လိုက်တိုင်း သူမ၏ကောက်ကြောင်းကို ထင်ရှားလာစေသည်။ သူမ၏ မြင့်မြတ်တော်ဝင်သော အရှိန်အဝါသည် အမျိုးသားများကို စွဲဆောင်နိုင်စွမ်းရှိလေသည်။
ကျန်းရီသည်လည်း သူမ၏ စွဲဆောင်ခြင်း ခံနေရသည်။ သူ့မျက်လုံးများသည် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည့် သူမ၏တင်များကို အားမနာတမ်း ကြည့်နေခဲ့သည်။ ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးကို ဝတ်ဆင်ထားချိန်တွင် သူသည် အခြားလူတစ်ယောက်အလား လုံးဝပြောင်းလဲသွားခဲ့သည်။ သူ၏ အတွင်းစိတ်နတ်ဆိုးများသည် အလုပ်လုပ်နေသည့်အလား သူ့ကိုယ်မှ နတ်ဆိုးအငွေ့အသက်များ ဖြာထွက်နေခဲ့သည်။
လူသားတစ်ယောက်သည် နတ်ကောင်းတစ်ဝက်၊ နတ်ဆိုးတစ်ဝက်ဖြစ်သည်ဟူသော ရှေးစကားမှာ အလွန်မှန်လေသည်။ ရက်စက်ကြမ်းတမ်းသော လူသားများတွင်လည်း ကြင်နာတတ်သည့် တစ်ဖက်ခြမ်း ရှိလေသည်။ ဥပမာအားဖြင့် မြို့တစ်ခုလုံးကို သတ်ဖြတ်ပစ်သူသည် ကလေးတစ်ဦးကို ညှာတာပေးတတ်သည်။ ကြင်နာတတ်သည့် လူများတွင်လည်း နှလုံးသားထဲတွင် ဖုံးကွယ်ထားသည့် မကောင်းသည့် စိတ်ရိုင်းများ ရှိတတ်ကြသည်။ ထိုစိတ်ရိုင်းများ လွတ်ထွက်သွားသည်နှင့် သူတို့သည် နတ်ဆိုးများ ဖြစ်လာကြပြီး သူတို့စိတ်ပင် မကူးခဲ့ဖူးသည့် မကောင်းသောအရာမှန်သမျှကို လုပ်လာကြလိမ့်မည်။
လက်ရှိအချိန်တွင် ကျန်းရီသည် ပြောင်းလဲသွားသည့် လူတစ်ယောက်ပမာပင်။ သို့သော် ဤနေရာမှ လူအများစုသည် သူ့ရန်သူများ ဖြစ်ကြရာ သူစိတ်ထင်ရာ လုပ်လျှင်တောင် စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုး ရှိလာလိမ့်မည်မဟုတ်။ တစ်ခါတစ်ရံတွင် နတ်ဆိုးဖြစ်ရသည်မှာလည်း ကောင်းလေသည်။ ထိုသို့ဆိုလျှင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သည့် သူ၏အတွင်းစိတ်ရိုင်းဟူသမျှကို စိတ်ရှိလက်ရှိ ဖွင့်ထုတ်ပစ်လိုက်နိုင်သည်။
မင်းသမီးလင်းယွဲ့သည် လမ်းဆက်လျှောက်နေသော်လည်း သက်သောင့်သက်သာ မရှိတော့ပေ။ သူမတွင် ဖုံးကွယ်ထားသည့် အကြံအစည်တို့ ရှိနေသော်လည်း သူမသည် မိန်းမပျိုလေးတစ်ယောက်သာဖြစ်သည်။ ယောက်ျားတစ်ယောက်၏ စူးစူးရဲရဲ စိုက်ကြည့်ခံရခြင်းသည် သူမအား မသက်မသာ ဖြစ်စေသည်မှာ သဘာဝပင်။
မီတာအတော်များများ လမ်းလျှောက်ပြီးနောက်တွင် လင်းယွဲ့သည် ရုတ်တရက် နောက်လှည့်၍ ကျန်းရီအားကြည့်ကာ မေးလာခဲ့သည်။
"ချမ်တာ့ရယ်...ဒီမင်းသမီးက ကြည့်ကောင်းလား"
ကျန်းရီသည် တစ်ခဏ မှင်တက်သွားပြီးနောက် နှာခေါင်းပွတ်၍ ပြုံးလိုက်ကာ ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကောင်းပါတယ်"
မင်းသမီးလင်းယွဲ့သည် နှာခေါင်းပွတ်၍ ပြုံးလိုက်ဟန်မှာ အလွန်ရင်းနှီးနေသည့်အတွက် မျက်ဝန်းများ တောက်ပလာခဲ့သည်။ ၎င်းတို့မှာ ကျန်းရီ၏ အမူအကျင့်များ ဖြစ်သည်။ သူမသည် ကျန်းရီအား မိုးပြာနဂါးအင်ပါယာတွင် အကြိမ်တော်တော်များများ မြင်ဖူးခဲ့သည်။ သူမသည် သူ့ကိုယ်ခန္ဓာတည်ဆောက်ပုံအား ရင်းနှီးနေပြီးသားဖြစ်ရာ သံသယတို့ ပိုမိုမြင့်တက်လာခဲ့သည်။
သူမသည် ကျန်းရီအား သေချာကြည့်၍ အနီးသို့ တိုးကပ်သွားလိုက်သည်။ သူမသည် မြေခွေးတစ်ကောင်အလား ပြုံးလိုက်ပြီး အသာအယာ မေးလိုက်သည်။
"ချမ်တာ့ရယ်...ဒီမင်းသမီးရဲ့ ဘယ်နေရာက ကြည့်ကောင်းတာလဲ။ အစ်မတော်လင်းရွှယ်နဲ့ ဒီမင်းသမီးနဲ့ယှဉ်ရင် ဘယ်သူက ပိုကြည့်ကောင်းလဲ"
မကောင်းတော့ဘူး...
ကျန်းရီသည် သူ၏ အမှတ်တမဲ့ အပြုအမူတို့သည် လင်းယွဲ့၏ သံသယများကို မြှင့်တင်ပေးလိုက်ကြောင်း ချက်ချင်းသတိပြုမိလိုက်သည်။ သူမ လင်းရွှယ်ကို ထည့်ပြောလိုက်ခြင်းမှာ သူ့မျက်နှာအမူအရာကိုကြည့်၍ သဲလွန်စ ရှာဖွေရန်ဖြစ်သည်။
သူသည် လင်းယွဲ့အား ထိုအခွင့်အရေး မပေးလိုက်နိုင်ချေ။ သူသည် မျက်လုံးများမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ ရာဂစိတ်မွှန်နေသည့် အကြည့်ဖြင့် သူမအား ကြည့်လိုက်သည်။
"မင်းသမီးလင်းရွှယ်ဟုတ်လား...ကျွန်တော်မျိုး သူမကို မမြင်ဖူးဘူး။ ဒါပေမယ့် မင်းသမီးလင်းယွဲ့က ပိုပြီးကြည့်ကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ မင်းသမီးလင်းယွဲ့ရဲ့ တင်ပါးက ကျွန်တော်မြင်ဖူးသမျှထဲမှာ ကြည့်အကောင်းဆုံးပဲ"
လင်းယွဲ့၏ မျက်နှာအမူအရာမှာ ကျန်းရီ၏ ရိုင်းစိုင်းလှသည့် အပြုအမူကြောင့် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ထိုအကောင်သည် ရဲတင်းရိုင်းစိုင်းလွန်းလှသည်။ သူမလို မြင့်မြတ်တော်ဝင်သော အဆင့်အတန်းရှိသူသည် ထိုသို့စော်ကားမှုမျိုးကို မည်သို့သည်းခံနိုင်ပါမည်နည်း။ အင်အားကြီးဂိုဏ်းများမှ သခင်လေးများထဲတွင် ရှောင်ထျန်းဟူတောင် သူမကို ဤသို့ မစော်ကားရဲပေ။ ချမ်ဂိုဏ်းမှ ဤအစေခံသည် ကျားသစ်သည်းခြေကို စားထားသည်လော။
သို့သော်လည်း သူမသည် တစ်ခဏ တွေးတောလိုက်သည်။ လင်းရွှယ်သည် ကျန်းရီအား လက်ထပ်ခြင်းကို အသုံးပြု၍ စည်းရုံးရန် လုပ်ခဲ့သေးကြောင်း သူမသိထားသည်။ သူမသည် အရာရာတွင် ကျန်းရီ လုံးဝ စိတ်မဝင်စားခဲ့သော လင်းရွှယ်၏ ပြိုင်ဘက်ပင် မဟုတ်ကြောင်း ဝန်ခံရပေမည်။ ထိုအချက်သည် ကျန်းရီမှာ တဏှာရူးသူ မဟုတ်ကြောင်း ဖော်ပြနေသည်။ သူမရှေ့မှလူသည် အပြောအဆို၊ အပြုအမူနှင့် အရိုးများထဲကပါ ရာဂအငွေ့အသက်များ ဖြာထွက်နေသည်။ သူသည် မည်သည့်နည်းနှင့်မျှ ကျန်းရီမဖြစ်နိုင်ပေ။
"ရဲတင်းလိုက်တာ"
သူမ၏ စွဲဆောင်မှုရှိသော မျက်နှာသည် ချက်ချင်းအေးစက်သွားကာ လေသံမာမာနှင့် ပြောလိုက်သည်။
"ချမ်တာ့ရယ်...ရှင်က တော်တော်ရဲတင်းတာပဲ။ ဒီမင်းသမီးက ရှင်ကျွန်မကို ကိုယ်ထိလက်ရောက်ကျူးလွန်နေပါတယ်လို့ အော်လိုက်ရင် ရှင်ချက်ချင်း အသတ်ခံရနိုင်တယ်ဆိုတာ ရှင်သိလား"
"မင်းသမီး...ကျွန်တော့်ကို ခွင့်လွှတ်ပါ"
ကျန်းရီသည် ပုခုံးတွန့်၍ စိတ်မပါသည့် အမူအရာနှင့် ပြောလိုက်သည်။
"ကျွန်တော်က မိဘမဲ့ဆိုတော့ ကျင့်ဝတ်ထုံးတမ်းတွေကို နားမလည်ပါဘူး။ ချမ်ဂိုဏ်းက ကျွန်တော်ကို ခေါ်သွားတဲ့အချိန်ကစပြီး ကျွန်တော်တံခါးပိတ် ကျင့်ကြံနေခဲ့တာ...ခေါင်းဆောင်ငယ်နောက် ဒီတစ်ကြိမ်လိုက်လာခဲ့ပေမယ့် ကျွန်တော်မသိသေးတာတွေ အများကြီး ရှိပါသေးတယ်။ မင်းသမီးကို မရိုမသေလုပ်သလို ဖြစ်သွားခဲ့ရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ပြီးတော့...တာ့ရယ်က မင်းသမီးကို တကယ်ချီးကျူးနေတာပါ။ မင်းသမီးက တကယ်လှရက်လွန်းပါတယ်"
လင်းယွဲ့၏ ပါးများ သွေးရောင်လွှမ်းသွားခဲ့သည်။ သူမသာ အော်ချင်ပါလျှင် အော်ပြီးသည်မှာ ကြာလှပြီဖြစ်သည်။ သူမသည် အစောပိုင်းက အရှက်ခွဲခံရသလို ခံစားမိလိုက်၍ဖြစ်သည်။ ကျန်းရီသည် သူမကို ဤသို့တလေးတစား ပြောလာသောအခါတွင် သူမသည် ထိုကိစ္စကို အလွတ်ပေးလိုက်တော့သည်။ ထို့ပြင် ယနေ့ သူမ၌ ရည်ရွယ်ချက်တစ်ခု ရှိနေသည်။ မဟုတ်ပါက သူမသည် မည်သူမှမရှိသော ဤနေရာတွင် အမျိုးသားတစ်ဦးနှင့် လမ်းလျှောက်နေမည်မဟုတ်ပေ။
မိုးပြာနဂါးအင်ပါယာတွင် စွမ်းအားမြင့်သူများ မပြတ်လပ်ပေ။ သူတို့တွင် စွမ်းအားမြင့်ကျင့်ကြံသူများ မပြတ်မွေးထုတ်ပေးနိုင်သည့် ကောင်းကင်သတ္ထုကြောကြီး ရှိနေသည်။ လင်းဂိုဏ်းတွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်များ အမြောက်အမြား ရှိသော်လည်း ဗာဂျရာအဆင့်များ ပြတ်လပ်နေသည်။ လင်းဂိုဏ်း ဘိုးဘေးကြီး၏ သက်တမ်းမှာ ကုန်ဆုံးတော့မည်ဖြစ်ပြီး နတ်ဆိုးဧကရီနှင့် ရဆိုင်ပြီးနောက်တွင် သူ့ကိုယ်မှာ ပို၍အားနည်းလာခဲ့သည်။ သူမည်သည့်အချိန်ထိ အသက်ရှင်နိုင်မည်မှန်း မည်သူမှ အတတ်မပြောနိုင်ကြအေ။
ချမ်တာ့ရယ်သည် အသက်သုံးဆယ် ဝန်းကျင်ခန့်သာ ရှိသေးသော်လည်း သူ့အင်အားသည် မိုးကြိုးတာအိုကို နားလည်ထားသည့် ရှောင်မင်ထက်ပင် သာလွန်နေပြီဖြစ်သည်။ သူ့တွင် တောက်ပသည့် အနာဂတ်ရှိပြီး ဗာဂျရာအဆင့်သို့ တက်လှမ်းနိုင်လောက်သည်။ ထို့ကြောင့် လင်းယွဲ့သည် သူမ၏ အဆင့်အတန်းကိုပင် အရေးမထားဘဲ သူ့အား ကိုယ်တိုင် စည်းရုံးနေခြင်းဖြစ်သည်။
သူမသည် တစ်ခဏစဉ်းစားလိုက်ပြီးနောက် ကျန်းရီအား ရှက်ရွံ့စွာကြည့်၌ မေးလိုက်သည်။
"ချမ်တာ့ရယ်...ရှင်ဒီမင်းသမီးကို ကြိုက်လား"
လာပြန်တာပဲ...
ကျန်းရီသည် စိတ်ထဲတွင် သက်ပြင်းအသာချလိုက်သည်။ သူသည် နတ်ဆိုးဆန်ဆန်အကြည့်ဖြင့် လေးလေးနက်နက် ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။
"မင်းသမီးက နတ်သမီးတစ်ပါးလိုလှတယ်။ ဘယ်ယောက်ျားမဆို မင်းသမီးကို ကြိုက်ကြမှာပဲ။ မင်းသမီးက တာ့ရယ်မြင်ဖူးသမျှထဲမှာ အလှဆုံး မိန်းကလေးပဲ။ တာ့ရယ် မင်းသမီးကို ကြိုက်တာပေါ့"
"ခစ်ခစ်"
လင်းယွဲ့သည် အသာပြုံးလိုက်ပြီး သူမ၏ မြင့်မြတ်တော်ဝင်သည့် အရှိန်အဝါကို ထုတ်ဖော်၍ ဝံ့ကြွားစွာ ပြောလာခဲ့သည်။
"ချမ်တာ့ရယ်...ရှင်က အစေခံတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူရဲကောင်းတစ်ယောက်ရဲ့ မူလဇာတ်မြစ်က ဘာဆိုတာ ဘယ်သူမှ ဂရုမစိုက်ဘူး။ ဒီမင်းသမီးက ရှင့်ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ရှင် မိုးပြာနဂါးအင်ပါယာကို လာခဲ့သရွေ့ ဒီမင်းသမီးက သူမကို ပိုးပန်းခွင့် ရှင့်ကိုပေးမယ်။ ရှင်အင်ပါယာအတွက် စိတ်နှစ်ပြီး အမှုထမ်းပေးမယ်ဆိုရင် ဒီမင်းသမီးက ရှင့်ကိုလက်ထပ်ဖို့ လေးလေးနက်နက် စဉ်းစားပေးမယ်"
ကျန်းရီသည် ဆွံ့အသွားခဲ့ရသည်။ သူသည် 'လက်ထပ်ခြင်း'ဟူသော စကားလုံးကိုပင် မုန်းနေပြီဖြစ်သည်။ မင်းသမီးများ၊ သခင်မလေးများ အားလုံးသည် သူတို့ကိုယ်သူတို့ အခြားသူများထက် မြင့်မြတ်သည်ဟု ထင်ကြသည်။ သူတို့သည် အခြားသူများကို လက်ထပ်ခြင်းနှင့် စည်းရုံးချိန်တွင်တောင် အထက်စီးဆန်သည့် လေသံနှင့် ပြောကြသည်။
စုလောရွှယ်သည်လည်း မင်းသမီးတစ်ပါး ဖြစ်ခဲ့သည်။ သူမသည် စုဂိုဏ်းတွင် အလှဆုံး၊ အရည်အချင်းအရှိဆုံး မင်းသမီးဖြစ်သော်လည်း သူမ၏အဆင့်အတန်းကို မည်သည့်အခါမှ အသုံးမချခဲ့ဖူးပေ။ ကျန်းရီသည် ထိုအချိန်က ဘာမှမဟုတ်ခဲ့သေးပေ။ သို့သော်လည်း သူတို့ နှစ်ဦးသဘောတူ ချစ်သွားခဲ့ကြသည် မဟုတ်ပါလော။
ကျန်းရီသည် ဤမင်းသမီးနှင့် ဆက်မကစားချင်တော့ပေ။ သူသည် လင်းယွဲ့၏ ရင်ဘတ်အား ဝေ့ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"မင်းသမီးက ကျွန်တော့်ကို အင်ပါယာမှာ အမှုထမ်းစေချင်တာလား"
ကျန်းရီ၏ ရဲတင်းသော အကြည့်သည် လင်းယွဲ့အား ရွံရှာသွားစေသည်။ သို့သော်လည်း သူမသည် စိတ်ထိန်း၍ ခေါင်းငြိမ့်လိုက်သည်။
"တာ့ရယ်...ရှင့်လိုလူတစ်ယောက်ရဲ့ စွမ်းရည်တွေက အလဟဿဖြစ်နေတယ်။ အင်ပါယာက ရှင့်ကို ပိုပြီးတော့ ထောက်ပံ့ပေးနိုင်တယ်။ ရှင်က အဲ့ဒါထက်ပိုပြီးတော့တောင် ရနိုင်သေးတယ်။ ဥပမာပြောရရင် ကျွန်မပဲ ဆိုပါတော့"
"ကောင်းပါပြီ"
ကျန်းရီသည် ရယ်မောလိုက်ပြီး အလေးအနက် ခေါင်းငြိမ့်လိုက်သည်။ သို့သော်လည်း သူသည် မင်းသမီးလင်းယွဲ့၏ နားရွက်နားသို့ ရဲတင်းစွာ တိုးကပ်သွားလိုက်ပြီး တီးတိုးပြောလိုက်သည်။
"မင်းသမီးက ဒီနေရာမှာ အဲ့ဒါကို ကျွန်တော်နဲ့ တစ်ကြိမ်လုပ်ရင် ကျွန်တော် အင်ပါယာနဲ့ လက်တွဲမယ်။ ဘယ်လိုသဘောရလဲ"
*****