← Chapters

အရှင်မင်းကြီးက မေးတယ်။ ငါ့ကို အနိုင်ကျင့်လို့ လွယ်တယ် ထင်နေလား

Vol. 14 Ch. 210

အရှင်မင်းကြီးက မေးတယ်။ ငါ့ကို အနိုင်ကျင့်လို့ လွယ်တယ် ထင်နေလား

Vol. 14 Ch. 210

ထောင်ယွီသည် ရွှေခေါင်းလောင်းခန်းမထဲသို့ ဝင်ရောက်လာပြီး နဉ်ရှောင်ယောင်းကို ဒူးထောက်ဂါရဝပြုလိုက်သည်။

နဉ်ရှောင်ယောင်းသည် တော်ဝင်စစ်ဆေးရေးမှူး ထောင်စစ်တုန်းကို တစ်ချက်ခိုးကြည့်လိုက်သည်။ ထောင်စစ်တုန်း၏ မျက်နှာသည် အစိမ်းရောင်သန်းနေပြီး ထောင်ယွီကို ကိုက်သတ်ချင်နေသည့်ပုံ ပေါက်နေသည်။ နဉ်ရှောင်ယောင်း အလျင်အမြန် အကြည့်လွှဲလိုက်သည်။

"အမတ်မင်းထောင်။"

ထောင်ယွီ ဂါရဝပြုပြီးနောက် နဉ်ရှောင်ယောင်းက ထခိုင်းလိုက်သည်နှင့် အကြီးအကဲလီက ထောင်စစ်တုန်းကို ချက်ချင်း စကားပြောလိုက်သည်။

"ထောင်ယွီကိစ္စကို ခင်ဗျား ရှင်းပြသင့်တယ်။"

"အကြီးအကဲလီ၊ ဒါက ကျွန်တော်မျိုးရဲ့ အိမ်တွင်းရေးပါ။"

ထောင်စစ်တုန်းက တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"အိမ်တွင်းရေးဟုတ်လား"

အကြီးအကဲလီ ထောင်စစ်တုန်းကို စိုက်ကြည့်လိုက်သည်။

"ထောင်ယွီက နန်းတွင်းအရာရှိတစ်ယောက်လေ။ သူက အိမ်ကနှင်ထုတ်ခံရလောက်အောင် ဘာအပြစ်ကျူးလွန်ခဲ့လို့လဲ။ ဒါဆိုရင် နန်းတော်က သူ့ကို ဘယ်လို ဆက်ထားထားရမှာလဲ။"

နဉ်ရှောင်ယောင်း "..."

ဒီအဘိုးကြီးက ဘယ်ဖက်ကလဲ။ ဘာလို့ ရမ်းသမ်းတိုက်ခိုက်နေရတာလဲ။

ထောင်စစ်တုန်းသည် တန်းစီရပ်နေသော အမတ်များကြားတွင် ရပ်နေသော မယားငယ်သား ထောင်ယွီကို ကြည့်ပြီး ပါးများပင် တုန်ယင်နေသည်။

"ထောင်ယွီက မယားငယ်သားဆိုပေမယ့် ခင်ဗျား သူ့ကို မကြိုက်ရင် အိမ်ခွဲပေးလိုက်ပေါ့။ အိမ်က နှင်ထုတ်တယ်ဆိုတာ လွန်လွန်းတယ်။"

အကြီးအကဲလီက ဆက်ပြောလိုက်သည်။

"ကျွန်တော် မေးပါရစေ၊ သားအဖဝတ္တရားဆိုတာ ဘာလဲ။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။ အကြီးအကဲလီက ထောင်ယွီအတွက် ရပ်တည်ပေးနေတာပဲ။ ဒါပေမဲ့ ထောင်စစ်တုန်းနဲ့ အကျိုးအကြောင်း ဆွေးနွေးနေလို့ အသုံးဝင်ပါ့မလား။

ထောင်စစ်တုန်း အေးစက်စွာ ရယ်မောလိုက်သည်။

"အကြီးအကဲလီက ဒီကောင်စုတ် အပြစ်မရှိဘူးလို့ ဘယ်လိုသိလဲ။ ကျွန်တော်မျိုးတို့ ထောင်မိသားစုက အမှားအမှန် မခွဲခြားတတ်ဘဲ မယားငယ်သားသမီးတွေကို နှိပ်စက်တဲ့အလုပ်မျိုး ဘယ်တုန်းက လုပ်ဖူးလို့လဲ။"

ဒီခေတ်က လူတွေက မိသားစုဂုဏ်သိက္ခာကို အလေးထားကြတယ်။ သစ္စာမဲ့တာ၊ မိဘမရိုသေတာမျိုး အပြစ်ကြီးကြီးမားမား မကျူးလွန်ရင် အိမ်ကနှင်ထုတ်လေ့ မရှိဘူး။ အကြီးအကဲလီ အမြင်မှာတော့ ထောင်မိသားစုက ဒီလိုလုပ်တာ အမတ်ချုပ်ကြီးရှဲ့ရဲ့ အမိန့်ကြောင့်ပဲ။ မိသားစုဝင်တစ်ယောက်က အရှင်မင်းကြီးကို သစ္စာရှိတာနဲ့ အိမ်ကနှင်ထုတ်ခံရတယ်ဆိုတာ အကြီးအကဲလီ သည်းမခံနိုင်ဘူး။ ဒီနေ့ ထောင်စစ်တုန်းဆီက အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရမှ ဖြစ်မယ်။

"အကြီးအကဲလီ။"

လိုကျစ်ကွေ့ ဝင်ပြောလိုက်သည်။

"ဒါက ထောင်မိသားစုရဲ့ အိမ်တွင်းရေးပါ။ ရွှေခေါင်းလောင်းခန်းမမှာ နိုင်ငံရေးအကြောင်းပဲ ဆွေးနွေးလေ့ရှိပါတယ်။ အိမ်တွင်းရေးကိစ္စကို သီးသန့် ဆွေးနွေးတာ ပိုကောင်းမယ်။"

အမတ်ချုပ်ကြီးရှဲ့က ထောင်ယွီကို ဘာအပြစ်တပ်မလဲဆိုတာ လိုကျစ်ကွေ့ ကောင်းကောင်းသိသည်။ ထောင်စစ်တုန်းက ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူက အမတ်ချုပ်ကြီးရှဲ့နောက်လိုက်ဖို့ ရွေးချယ်လိုက်ပြီဆိုတော့ အမတ်ချုပ်ကြီးရှဲ့ပေးတဲ့ အစ်ကိုကိုသတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို သုံးမှာ သေချာတယ်။ ထောင်စစ်တုန်းကို လူအများရှေ့မှာ ထောင်ယွီက ထောင်ချန်ကို သတ်တယ်လို့ ပြောခိုင်းတာက ပြဿနာရှာတာနဲ့ အတူတူပဲ။

အကြီးအကဲလီ လိုကျစ်ကွေ့ကို အေးစက်စွာ ကြည့်လိုက်သည်။

"ဒါဆို အမတ်မင်းထောင် ရှင်းပြပါဦး။"

အမတ်ချုပ်ကြီးရှဲ့ ဝင်ပြောလိုက်သည်။

"ကျုပ်လည်း သိချင်ပါတယ်။ စစ်သူကြီးထောင်က ဘာအပြစ်ကြီး ကျူးလွန်ခဲ့လို့လဲ။"

အကြီးအကဲလီက ထောင်ယွီကို ဖျက်ဆီးချင်နေမှတော့ သူတို့က ဘာလို့ ဆန္ဒမဖြည့်ပေးရမှာလဲ။

ထောင်စစ်တုန်းက အမတ်ချုပ်ကြီးရှဲ့ စကားကိုကြားသည်နှင့် ချက်ချင်း ပြောလိုက်သည်။

"ဒီကောင်စုတ်က..."

"ဟိုလေ..."

နဉ်ရှောင်ယောင်း ဖြတ်ပြောလိုက်သည်။

"ဒါက ကျန်းအပြစ်ပါ။ ကျန်းကြောင့် ဖြစ်ရတာပါ။"

"အရှင်မင်းကြီးနဲ့ ဘာဆိုင်လို့လဲ။"

အကြီးအကဲလီ မျက်မှောင်ကြုတ်လိုက်သည်။ အရှင်မင်းကြီးက ဒီကိစ္စထဲ ဘာဝင်ပါစရာ လိုလို့လဲ။

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ဒီအဘိုးကြီးက နှစ်ပေါင်းများစွာ တိုက်ခိုက်လာတာတောင် အမတ်ချုပ်ကြီးရှဲ့ကို တစ်ခါမှ မနိုင်ဖူးတာ မဆန်းပါဘူး။ အဘိုးကြီးက ရိုးသားလွန်းတယ်။ အမတ်ချုပ်ကြီးရှဲ့က ထောင်ယွီကို ဖျက်ဆီးချင်နေတာ။ ဘယ်လိုစွပ်စွဲချက်မျိုးမဆို လုပ်ကြံဖန်တီးနိုင်တယ်။ တကယ်လို့ ထောင်ယွီက သူ့အဖေရဲ့ မယားငယ်နဲ့ ဖောက်ပြန်ပါတယ်လို့ စွပ်စွဲရင် နဉ်ရှောင်ယောင်းက ထောင်စစ်တုန်းရဲ့ မယားငယ်ကို လုယူပြီး ထောင်ယွီကို ပေးရမှာလား။ (နဉ်ရှောင်ယောင်း၊ နင်က တွေးတာလွန်နေပြန်ပြီ...)

"ဒီကောင်စုတ်က..."

ထောင်စစ်တုန်းက ထောင်ယွီ၏အပြစ်ကို ဖော်ထုတ်ရန် ကြိုးစားနေဆဲပင်။

"ဒီလိုပါ။ ကျန်းက ထောင်မိသားစုရဲ့အိမ်ကို သဘောကျသွားလို့လေ။"

နဉ်ရှောင်ယောင်း နှာခေါင်းပွတ်လိုက်ပြီး ထောင်စစ်တုန်းထက် ဦးအောင်ပြောလိုက်သည်။

"ဒါကြောင့် ကျန်းက စစ်သူကြီးထောင်ကို အိမ်ပြန်ပြီး အိမ်တောင်းခိုင်းလိုက်တာ။ အဲဒီတော့ အမတ်မင်းထောင်က ဒေါသထွက်ပြီး စစ်သူကြီးထောင်ကို ရိုက်လိုက်တာ။ ညကျတော့ အိပ်ရာဝင်ခါနီး စဉ်းစားရင်း ဒေါသထွက်လာပြီး ချက်ချင်း မိသားစုအစည်းအဝေးခေါ်ကာ စစ်သူကြီးထောင်ကို အိမ်က နှင်ထုတ်လိုက်တာ။ အင်း... ဖြစ်ပျက်ခဲ့တာက ဒီလိုပါပဲ။ ဟားဟား... ကျန်းအပြစ်ပါ။"

ရွှေခေါင်းလောင်းခန်းမထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အကြောင်းစုံမသိသော အမတ်မင်းများ ကြောင်အသွားကြသည်။ အကြောင်းစုံသိသော အမတ်မင်းများ နဉ်ရှောင်ယောင်း၏အရှက်မဲ့မှုကို အံ့သြသွားကြသည်။ လိုကျစ်ကွေ့ကတော့ စဉ်းစားနေသည်။ နဉ်ရှောင်ယောင်းစကားကို သူ ဘယ်လိုဆက်ပြောရမလဲ။

"ဘာ... ဘာပြောလိုက်တာ။"

အကြီးအကဲလီ စကားထစ်သွားသည်။

"ဪ၊ ကျန်းက ထောင်မိသားစုရဲ့ အိမ်ကို သဘောကျသွားလို့ပါ။"

နဉ်ရှောင်ယောင်းက စကားပြန်ပြောရင်း အကြီးအကဲလီကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

အကြီးအကဲလီ "... "

ဒီကိစ္စက တော်တော်ရှုပ်ထွေးတဲ့ပုံပဲ။

"အရှင်မင်းကြီးက သဘောကျ..."

"စစ်သူကြီးထောင်။"

နဉ်ရှောင်ယောင်းက ထောင်စစ်တုန်းကို စကားပြောခွင့် မပေးဘဲ ဖြတ်ပြောလိုက်ပြန်သည်။ ထောင်ယွီကို ကြည့်ပြီး ပြောလိုက်သည်။

"ဒီနေ့ကစပြီး မင်းက ရာထူးရှိတဲ့လူ ဖြစ်သွားပြီ။ ဒုတိယအဆင့် စစ်သူကြီးရာထူးလေ။ စစ်သူကြီးထောင် ကျေနပ်ရဲ့လား။"

ထောင်ယွီ မကျေနပ်စရာ ဘာရှိမှာလဲ။

"အရှင်မင်းကြီး"

စာပေပညာရှင်ပုံစံပေါက်ပြီး ယဉ်ကျေးသိမ်မွေ့သော ထောင်စစ်တုန်းသည် မိန်းမတစ်ယောက်လို စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ခန်းမထဲရှိ လူအများ "..."

ဒါ ငါတို့သိတဲ့ ထောင်စစ်တုန်း ဟုတ်ရဲ့လား။

နဉ်ရှောင်ယောင်း ထောင်စစ်တုန်းကို ကြည့်လိုက်သည်။ ထောင်စစ်တုန်း၏မျက်နှာသည် မည်းမှောင်နေပြီး အသက်ရှူသံ ပြင်းနေသည်။ နဉ်ရှောင်ယောင်း ထောင်စစ်တုန်းကို ပြုံးပြလိုက်ပြီး စကားနှစ်လုံး ပြောလိုက်သည်။

"ညီလာခံ သိမ်းပြီ။"

"အရှင်မင်းကြီး"

ထောင်စစ်တုန်း ထပ်မံအော်ဟစ်လိုက်သည်။ ဒီလောက် အရှက်မရှိတဲ့လူကို ဒီအတိုင်း ထွက်ပြေးခွင့်ပေးလို့ မဖြစ်ဘူးလေ။

"ထောင်ချန်ရဲ့ရာထူးကို ထောင်ယွီက ဘယ်လိုလုပ် ဆက်ခံလို့ရမှာလဲ။"

အမတ်ချုပ်ကြီးရှဲ့ ဝင်ပြောလိုက်သည်။

ထောင်စစ်တုန်းက နဉ်ရှောင်ယောင်းနဲ့ တစ်ခါမှ ထိပ်တိုက်မတွေ့ဖူးပေမယ့် အမတ်ချုပ်ကြီးရှဲ့ကတော့ အတွေ့အကြုံရှိပြီးသား။ ဒီအချိန်မှာ အော်ဟစ်နေလို့ အလကားပဲ၊ စကားပြောမှရမယ်ဆိုတာ သူသိတယ်။

"ထောင်ယွီက အိမ်က အနှင်ထုတ်ခံလိုက်ရပြီ။ အစ်ကို့ရာထူးကို ဘယ်လိုဆက်ခံလို့ရမှာလဲ။"

အမတ်ချုပ်ကြီးဘက်တော်သား တစ်ယောက်က ဝင်ထောက်ခံလိုက်သည်။

"ပြီးတော့ ထောင်ယွီက ထောင်မိသားစုဝင် ဖြစ်နေရင်တောင် သူက မယားငယ်သားလေ။ တရားဝင်သားတွေ ရှိနေရက်နဲ့ မယားငယ်သားက ဘယ်လိုလုပ် ရာထူးဆက်ခံခွင့် ရှိမှာလဲ။"

ထောင်စစ်တုန်း ဒူးထောက်ချလိုက်ပြီး နဉ်ရှောင်ယောင်းကို လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး မနေ့က မိသားစုနဲ့ တိုင်ပင်ပြီးပြီ။ ထောင်ချန်အတွက် မိသားစုထဲက ကောင်လေးတစ်ယောက်ကို မွေးစားပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။"

နဉ်ရှောင်ယောင်း ထောင်စစ်တုန်းကို ကြည့်ပြီး အံ့သြတကြီး မေးလိုက်သည်။

"ဘာ... မင်းတို့က ကလေးတစ်ယောက်ကို တစ်ညတည်းနဲ့ မိဘမဲ့ဖြစ်အောင် လုပ်လိုက်တာလား။ အဲဒီကလေးနဲ့ ဘာရန်ငြိုးရှိလို့လဲ။"

ထောင်စစ်တုန်း "..."

ခန်းမထဲရှိ လူအများ "..."

မွေးစားတယ်ဆိုတဲ့ကိစ္စက အရှင်မင်းကြီးပါးစပ်ထဲက ထွက်လာတော့ ဘာလို့ ရာဇဝတ်မှုလို ဖြစ်သွားရတာလဲဆိုတာ ဘယ်သူရှင်းပြပေးနိုင်မလဲ။

ထောင်စစ်တုန်း နှုတ်ခမ်းများ တုန်ယင်နေပြီး နာကျင်စွာ မေးလိုက်သည်။

"အရှင်မင်းကြီးက ထောင်ချန်ကို မျိုးဆက်ပြတ်စေချင်တာလား။"

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ထောင်ချန်က မျိုးဆက်မပြတ်သေးသလို ပြောနေတာပဲ။"

"ဒါကြောင့် ထောင်မိသားစုက ဆုံးဖြတ်လိုက်တာလေ။ ထောင်ချန်အတွက် ကလေးတစ်ယောက် မွေးစားပေးမယ်လို့။"

ထောင်စစ်တုန်း စိတ်မထိန်းနိုင်ခင် အမတ်ချုပ်ကြီးရှဲ့ ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ဒီကိစ္စကို နောက်ပြောင်လို့ မရပါဘူး။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ခေါင်းခါပြလိုက်သည်။ ရာထူးကိစ္စပြောနေရင်း ဘာလို့ ကလေးမွေးစားတဲ့ကိစ္စ ရောက်သွားတာလဲ။

"ဪ..."

လိုကျစ်ကွေ့ ခေါင်းခါပြသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်း လည်ချောင်းရှင်းလိုက်ပြီး ဝမ်းနည်းပူဆွေးဟန်ဖြင့် ထောင်စစ်တုန်းကို ပြောလိုက်သည်။

"အမတ်မင်းထောင်၊ စိတ်မကောင်းပါဘူး။ သေသွားတဲ့သူက ပြန်မရှင်နိုင်ပါဘူး။ ၁၈ နှစ်ကြာရင် ထောင်ချန်က လူကောင်းတစ်ယောက်အဖြစ် ပြန်ဝင်စားမှာပါ။ ခင်ဗျားကို အဖေလို့ မခေါ်နိုင်တော့တာကလွဲရင်ပေါ့။ ရင်နာစရာ ကောင်းလိုက်တာ။"

ခန်းမထဲရှိ အမတ်မင်းများသည် နဉ်ရှောင်ယောင်း၏စကားကို နားမလည်နိုင် ဖြစ်နေကြသည်။ အရှင်မင်းကြီးက နှစ်သိမ့်ပေးနေသလိုလိုနဲ့ လူစကားနဲ့ မတူဘူး။

ထောင်စစ်တုန်း နဉ်ရှောင်ယောင်းကို နာကျင်စွာ ကြည့်နေသည်။

"ဒါပေမဲ့..."

ဘယ်သူမှ စကားမပြောကြသဖြင့် နဉ်ရှောင်ယောင်း ဆက်ပြောလိုက်သည်။

"အမတ်မင်းထောင်၊ ခင်ဗျားရဲ့ ထောင်ချန်က ယောက်ျားလေးအဖြစ် ဝင်မစားဘဲ မိန်းကလေးအဖြစ် ဝင်စားရင်..."

"အရှင်မင်းကြီး"

သည်းမခံနိုင်တော့သော ထောင်စစ်တုန်း ဖြတ်ပြောလိုက်သည်။

"ရိုင်းစိုင်းလိုက်တာ!"

အကြီးအကဲလီ မကျေမနပ် ဖြစ်သွားပြီး ထောင်စစ်တုန်းကို ဆူငေါက်လိုက်သည်။

"မင်းက အရှင်မင်းကြီး စကားပြောနေတာကို ဖြတ်ပြောရဲတယ်ပေါ့။"

"နေပါစေ။"

နဉ်ရှောင်ယောင်းက လူကောင်းလုပ်ပြီး ပြောလိုက်သည်။

"သူ့သားသေသွားတာလေ။ အဘိုးကြီး နားလည်ပေးလိုက်ပါ၊ ခွင့်လွှတ်ပေးလိုက်ပါ။"

ထောင်စစ်တုန်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ စိတ်ထိန်းမှ ဖြစ်မယ်။ မဟုတ်ရင် ရှင်ဘုရင်ကို လုပ်ကြံမိလိမ့်မယ်။

"ထောင်ချန်မှာ သားရှိတယ်။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

"ဒါကြောင့် ဒုတိယအဆင့် စစ်သူကြီးရာထူးကို သူ့သားက ဆက်ခံသင့်ပါတယ်။"

"ကိစ္စမရှိပါဘူး။"

နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။

"ဒီရာထူးက ဆက်ခံတာ မဟုတ်ဘူး။ ကျန်းက ထောင်ယွီကို အသစ်ပေးလိုက်တာ။ အဲဒါဆို ရပြီမလား။"

အမတ်မင်းများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဒီလိုလည်း လုပ်လို့ရတာပဲ။ အရှင်မင်းကြီးက ရာထူးအသစ်ပေးလိုက်ရင် ထောင်ချန်နဲ့ မဆိုင်တော့ဘူးလေ။

အမတ်ချုပ်ကြီးရှဲ့ အေးစက်စွာ မေးလိုက်သည်။

"အရှင်မင်းကြီးကို မေးပါရစေ။ ထောင်ယွီက တိုင်းပြည်အတွက် ဘာကောင်းမှုပြုခဲ့လို့လဲ။"

"ရှိတာပေါ့။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"စစ်သူကြီးထောင်က တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတာလေ။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ခန်းမထဲက အမတ်မင်းတွေအားလုံးက တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေကြတာပါပဲ။"

"ဟားဟား..."

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"အမတ်ချုပ်ကြီး၊ တစ်ခါတလေကျရင် မျက်နှာလေး ဘာလေး နာတတ်ပါဦး။"

ခန်းမထဲက လူတွေအကုန်လုံး တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေကြတာဆိုရင် ယုံနင်တိုင်းပြည်က အခုလို ဒုက္ခရောက်နေပါ့မလား။

အမတ်ချုပ်ကြီးရှဲ့ "..."

"အရှင်မင်းကြီး ဘာကို ဆိုလိုတာလဲ။"

အမတ်ချုပ်ကြီးဘက်တော်သား တစ်ဦးက နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

နဉ်ရှောင်ယောင်းက လေးလေးနက်နက် ပြောလိုက်သည်။

"ကျန်းက မင်းကို ဆဲနေတာ။"

ထိုအမတ် တောင့်ခဲသွားသည်။

အမတ်ချုပ်ကြီးရှဲ့က "အရှင်မင်းကြီးက ရှင်ဘုရင်ပါ။ အကြောင်းမဲ့သက်သက် အမတ်တွေကို ဆဲဆိုတာ မင်းကောင်းမင်းမြတ်တွေ လုပ်တဲ့အလုပ် မဟုတ်ပါဘူး။"

"ကျန်းက ဆဲလိုက်ပြီ။ အမတ်ချုပ်ကြီး ဘာလုပ်ချင်လဲ။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ကျန်းကို ကိုက်သတ်မလို့လား။"

အမတ်ချုပ်ကြီးရှဲ့ ဒီကောင်မလေးနဲ့ စကားမပြောချင်တော့ပေ။

လိုကျစ်ကွေ့က ထောင်ယွီကို ကြည့်ပြီး ပြောလိုက်သည်။

"စစ်သူကြီးထောင်၊ ကျေးဇူးတင်စကား မဆိုသေးဘူးလား။"

ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောနေစဉ် ထောင်ယွီ၏နှုတ်ခမ်းများ တွန့်သွားသည်။ သူ ဒီလိုနဲ့ပဲ ဒုတိယအဆင့် စစ်သူကြီး ဖြစ်သွားပြီလား။

"ထောင်ချန်ရဲ့ ရာထူးကိုတော့..."

နဉ်ရှောင်ယောင်းက ထောင်ယွီကို ထခိုင်းပြီးနောက် ထောင်စစ်တုန်းကို ကြည့်ကာ ပြောလိုက်သည်။

"ပြန်သိမ်းလိုက်မယ်။"

"ပြန်... ပြန်သိမ်းမယ် ဟုတ်လား။"

ထောင်စစ်တုန်း ခေါင်းကို ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

"အင်း... ဘာလို့လဲဆိုတော့ ကျန်း သူ့ကို မကြည်လို့။ ဒါကြောင့် သူ့ရာထူးကို ပြန်သိမ်းလိုက်တာ။"

"အရှင်မင်းကြီး။"

ထောင်စစ်တုန်း ဒီတစ်ခါတော့ တကယ် မျက်ရည်ကျလာသည်။

"ထောင်ချန်ရဲ့ အရိုးတောင် မဆွေးသေးပါဘူး။"

နဉ်ရှောင်ယောင်းက "မင်းပြောပုံကလည်း... မင်းရဲ့သား အရိုးမဆွေးသေးတာ ကျန်းနဲ့ ဘာဆိုင်လို့လဲ။"

"အရှင်မင်းကြီး!"

အမတ်ချုပ်ကြီးရှဲ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။

နဉ်ရှောင်ယောင်း ထိုင်ရာမှထပြီး ထောင်စစ်တုန်းရှေ့သို့ လျှောက်သွားသည်။ ထောင်စစ်တုန်း ဒူးထောက်နေဆဲဖြစ်သည်။ နဉ်ရှောင်ယောင်းက အပေါ်စီးမှကြည့်ပြီး ပြောလိုက်သည်။

"မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းအသိဆုံးပါ။ ဒါကြောင့် ကျန်းရှေ့မှာ သနားစရာကောင်းအောင် လာမလုပ်ပြနဲ့။"

ထောင်စစ်တုန်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။

"ကျန်းက ထောင်ယွီကို သုံးချင်တာ။ မင်းက ထောင်ယွီကို အိမ်ကနှင်ထုတ်လိုက်တယ်။"

နဉ်ရှောင်ယောင်းက ဆက်ပြောလိုက်သည်။

"မင်းက ကျန်းမျက်နှာကို ရိုက်ခွင့်ရှိပြီး၊ ကျန်းက ပြန်မရိုက်ရဘူးလား။ ဘာလဲ... ကျန်းကို အနိုင်ကျင့်လို့ လွယ်တယ် ထင်နေလား။"

ထောင်စစ်တုန်း ဘာမှပြန်မပြောနိုင်တော့ပေ။ သူက အမတ်ချုပ်ကြီးကို သစ္စာခံဖို့ ရွေးချယ်ခဲ့တာဆိုတော့ အရှင်မင်းကြီးက သူ့ကို ဘယ်လိုဆက်ဆံဆက်ဆံ မလွန်ပါဘူး။

"စောင့်ကြည့်နေလိုက်။"

နဉ်ရှောင်ယောင်းသည် ထောင်စစ်တုန်းဘေးမှ ဖြတ်လျှောက်သွားပြီး အမတ်ချုပ်ကြီးရှဲ့အနား ရောက်သောအခါ ထိုစကားတစ်ခွန်း ပြောခဲ့လေသည်။

All Chapters