သွေးထွက်သံယိုဖြစ်သွားသော ရန်ပွဲ
Vol. 14 Ch. 212
"အိမ်ပြန်ရောက်ရင် လူတွေကို သေချာ ပြန်ဆုံးမလိုက်ပါဦး။"
နဉ်ရှောင်ယောင်းက ရှဲ့အန်းကျီကို ပြောလိုက်သည်။
"အရင်က ဆုံးမတာ မအောင်မြင်ခဲ့ဘူးဆိုပေမယ့် နောက်ကျရင် မအောင်မြင်ဘူးလို့ မဆိုလိုပါဘူး။ ငါပြောတာ ဟုတ်တယ်မလား။"
နဉ်ရှောင်ယောင်းက ဒီစကားကို ရင်ထဲကလာပြီး ပြောလိုက်ခြင်းဖြစ်သည်။ ယခုအချိန်အထိ သီလရှင်ဝတ်သွားသော ရှဲ့သော်ယင်းကိုတွေးမိတိုင်း သူမ နှမြောနေမိသည်။ ဒီကောင်မလေးသာ သူမရဲ့သာ့ဖုန်းနဲ့ ဖူးစာဆုံလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခု ရှဲ့မိသားစု သခင်မလေးတွေကို ပြန်လည်ပြုပြင်ဖို့ အချိန်မီပါဦးမလား။ ရှဲ့မိသားစုဆိုတာ တွင်းနက်ကြီးပဲ။ တကယ့် တွင်းနက်ကြီး။
ရောက်ရှိနေသော အမတ်ချုပ်ကြီးဘက်တော်သားများကတော့ ဘာမှမကြားရသလို ဟန်ဆောင်နေကြသည်။ အမတ်ချုပ်ကြီးဘက်တော်သား မဟုတ်သူများကတော့ ရယ်ချင်နေကြသော်လည်း မရယ်ရဲကြပေ။ အမတ်ချုပ်ကြီးရှဲ့က အရှင်မင်းကြီးကို ဘာမှမလုပ်နိုင်ပေမယ့် သူတို့ကိုတော့ အလွယ်တကူ ဒုက္ခပေးနိုင်တယ်လေ။ အကြီးအကဲလီကဲ့သို့သော ရိုးသားဖြောင့်မတ်သည့် အရာရှိများကတော့ အရှင်မင်းကြီးက အိမ်တွင်းရေးကိစ္စကို ခုတုံးလုပ်ပြီး ပြောဆိုနေတာကို သဘောမကျကြပေ။ နိုင်ငံအရှင်သခင်တစ်ပါးအနေနဲ့ ဒီလိုလုပ်တာ သိက္ခာကျတယ်ဟု ထင်နေကြသည်။
"ငါပြောတာ မှန်တယ်မလား။"
နဉ်ရှောင်ယောင်းက ရှဲ့အန်းကျီကို ထပ်မေးလိုက်သည်။
ရှဲ့အန်းကျီ ခေါင်းငုံ့ထားပြီး ဘာမှပြန်မပြောပေ။
"ဟားဟားဟား..."
ဖန်းထန်က အားရပါးရ ရယ်မောလိုက်သည်။
"မင်း မရယ်နဲ့လေ။"
နဉ်ရှောင်ယောင်းက ဖန်းထန်ကို ချက်ချင်း လှမ်းပြောလိုက်သည်။
"ဒါက လေးနက်တဲ့ကိစ္စ။"
"ဖန်းထန်။"
ရှဲ့အန်းကျီ မော့ကြည့်လိုက်သည်။
ဖန်းထန် မျက်နှာပေါ်မှ အပြုံး မပျောက်သေးခင်မှာပင် ရှဲ့အန်းကျီက လက်သီးဖြင့် ဖန်းထန်ကို ထိုးလိုက်သည်။
နဉ်ရှောင်ယောင်း "..."
ဘာလို့ ရုတ်တရက်ကြီး ထချတာလဲ။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းအနောက်သို့ ရောက်လာပြီး စကားတစ်ခွန်းမှမပြောဘဲ နဉ်ရှောင်ယောင်းကိုဆွဲကာ နောက်သို့ဆုတ်လိုက်သည်။
ဖန်းထန်သည် ရှဲ့အန်းကျီ၏လက်သီးကို ကာကွယ်လိုက်သည်။ ရင်ထဲတွင်တော့ အတော်လေး ဒေါသထွက်နေသည်။ စောစောက သူအဲဒီလောက် ဆဲနေတာတောင် ရှဲ့အန်းကျီက ပြန်မပြောဘဲ သည်းခံနေပြီး အခု သူ နှစ်ချက်လောက် ရယ်လိုက်တာနဲ့ ရှဲ့အန်းကျီက ရူးသွပ်သွားပြီး ထထိုးတယ်တဲ့လား။ ဒါ ဘာသဘောလဲ။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ သွားဆွဲကြလေ။"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို အတင်းဆွဲထားရင်း ဘေးနားရှိ ယင်းယွီနှင့် တခြားသူများကို အမိန့်ပေးလိုက်သည်။
ယင်းယွီနှင့် နဂါးအစောင့်တပ်သားများသည် လူအုပ်လိုက် ဝင်ရောက်သွားကြသည်။ ရန်ပွဲကို ဖြန်ဖြေပေးတယ်ဆိုပေမယ့် တကယ်တမ်းတော့ ဖန်းထန်ဘက်ကကူပြီး ရှဲ့အန်းကျီကို ဝိုင်းထိုးနေကြခြင်းဖြစ်သည်။
"အမတ်ချုပ်ကြီး..."
ရှဲ့အန်းကျီ အုပ်စုလိုက် ဝိုင်းထိုးခံနေရသည်ကို မြင်သောအခါ အမတ်ချုပ်ကြီးရှဲ့ဘေးမှ အမတ်များ စိုးရိမ်တကြီး ခေါ်လိုက်ကြသည်။
အမတ်ချုပ်ကြီးရှဲ့ စကားမပြောပေ။ မျက်လုံးအေးစက်စက်ဖြင့် ရှဲ့အန်းကျီ အရိုက်ခံနေရသည်ကို ကြည့်နေသည်။ နဉ်ယွီက သူ့သားကို နန်းတော်ထဲမှာ ရိုက်သတ်ရဲတဲ့ သတ္တိရှိမယ်လို့ သူ မထင်ပေ။
"လူသေတော့မှာလား။"
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို စိုးရိမ်တကြီး မေးလိုက်သည်။ ရှဲ့အန်းကျီကိုသာ ဒီနေရာမှာ ရိုက်သတ်လိုက်ရင် သူမက အမတ်ချုပ်ကြီးရှဲ့ကိုပါ ဆက်ပြီး သတ်ပစ်လို့ ရသွားပြီ။
"ရှင် ဘာလုပ်ချင်နေတာလဲ ပြောလေ။"
လိုကျစ်ကွေ့ စကားမပြောသဖြင့် နဉ်ရှောင်ယောင်းက အင်္ကျီလက်စကို ဆွဲပြီး မေးလိုက်သည်။
"စကားပြောလေ။"
"ကိစ္စမရှိပါဘူး။"
လိုကျစ်ကွေ့ တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ရန်ဖြစ်တာက ကိစ္စမရှိဘူးဆိုပေမယ့် ကျွန်မကြည့်ရတာ ရှဲ့အန်းကျီ သေတော့မယ့်ပုံပဲ။"
နဉ်ရှောင်ယောင်း စိတ်ပူနေသည်။
ချလွင်...
ဓားဆွဲထုတ်လိုက်သံ ကြားလိုက်ရသည်။
နဉ်ရှောင်ယောင်း လှေကားထစ်များဆီသို့ လှမ်းကြည့်လိုက်သည်။ ရှဲ့အန်းကျီကို တကယ် သတ်တော့မလို့လား။
ရှဲ့အန်းကျီသည် နဂါးအစောင့်တပ်သားတစ်ဦး၏ခါးမှ ဓားကိုဆွဲထုတ်လိုက်ပြီး နဂါးအစောင့်တပ်သားများ ကြောင်အသွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဖန်းထန်၏ဝမ်းဗိုက်ကို ဓားဖြင့် ထိုးစိုက်လိုက်သည်။
ဖန်းထန်သည် သူ့ဆီ ဓားဝင်လာတာကို မြင်သော်လည်း ရှောင်လို့ရရက်နဲ့ မရှောင်ဘဲ နေလိုက်သည်။ (သူ့ဆရာသမား မှာထားတယ်လေ။)
နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
တောက်ပနေသော ဓားသွားသည် ဖန်းထန်၏ဘယ်ဘက်နံရိုးအောက်သို့ စိုက်ဝင်သွားသည်။ သံထည်ပစ္စည်း လူခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသံ ထွက်ပေါ်လာသည်။
ရှဲ့အန်းကျီ လက်ကိုပြန်ရုတ်ပြီး ဓားကိုဆွဲထုတ်ရန် ပြင်လိုက်သည်။
ယင်းယွီက ခြေထောက်ဖြင့် ရှဲ့အန်းကျီ၏လက်ကို ကန်ထုတ်လိုက်ရာ ရှဲ့အန်းကျီ၏လက် ဓားရိုးမှ လွတ်ထွက်သွားသည်။
ဖန်းထန်သည် ဒဏ်ရာကို လက်ဖြင့်အုပ်ထားရင်း ခြေမခိုင်တော့ဘဲ လှေကားထစ်များပေါ် လဲကျသွားပြီး အမြင့်မှ တစ်လိမ့်ခေါက်ကွေး ပြုတ်ကျသွားလေသည်။ ကျောက်သားလှေကားထစ်များပေါ်တွင် သွေးကွက်များ ကျန်ရစ်ခဲ့သည်။
လူတိုင်း ကြောင်အသွားကြသည်။ ဒီရန်ပွဲမှာ ဖန်းထန်က အထိနာသွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပေ။
"အား..."
နဉ်ရှောင်ယောင်း အော်ဟစ်လိုက်ပြီး ဖန်းထန်ရှိရာသို့ ပြေးသွားရန်ပြင်လိုက်သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို အတင်းဆွဲထားပြီး ဘေးလူများကို အေးစက်စွာ အမိန့်ပေးလိုက်သည်။
"အဲဒီကောင်စုတ်ကို သမားတော်ဆီ ထမ်းသွားကြ။"
ကြောင်ငေးနေသော ယင်းယွီသည် နေရာမှာပင် ခုန်လိုက်ပြီး လှေကားထစ်များအောက်သို့ အပြေးဆင်းသွားသည်။
"ကျွန်မ ဖန်းထန်ကို သွားကြည့်လိုက်ဦးမယ်။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့လက်ကို ရုန်းထွက်ပြီး ဖန်းထန်ရှိရာသို့ ပြေးဆင်းသွားသည်။
"အရှင်မင်းကြီး!"
လိုကျစ်ကွေ့နှင့် အကြီးအကဲလီတို့ ပြိုင်တူ လှမ်းခေါ်လိုက်ကြသည်။ အသံများက တင်းမာခက်ထန်နေသည်။
နဉ်ရှောင်ယောင်း လန့်သွားပြီး လှေကားထစ်ပေါ်တွင် ရပ်တန့်သွားသည်။
ရှဲ့အန်းကျီသည် ဖန်းထန်ကို ဓားနဲ့ထိုးလိုက်ပြီးနောက် ကြောင်သွားသည်။ စောစောက ဝိုင်းရိုက်ခံနေရတုန်းက စိတ်လွတ်ပြီး လုပ်မိလိုက်ပေမယ့် အခု သူ့ကိုဝိုင်းရိုက်မယ့်လူ မရှိတော့ဘဲ လေအေးအေးလေး တိုက်ခတ်လာတော့မှ အသိစိတ်ပြန်ဝင်လာသည်။ ငါ ဘာလုပ်လိုက်မိတာလဲ။
"ဖန်းထန်က အရင်ရန်စတာ။"
အကြီးအကဲလီသည် နဉ်ရှောင်ယောင်းအနောက်သို့ ရောက်လာပြီး တင်းမာစွာ မေးလိုက်သည်။
"အရှင်မင်းကြီး သူ့ကို ဘယ်လိုအပြစ်ပေးမလဲ။"
နဉ်ရှောင်ယောင်းသည် ယင်းယွီနှင့် အခြားနဂါးအစောင့်တပ်သား ၃ ဦး ဖန်းထန်ကို ထမ်းပြီး ဆေးကုသဆောင်ဘက်သို့ ပြေးသွားသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ အကြီးအကဲလီကို ပြောလိုက်သည်။
"ဖန်းထန်က ဒီလောက်ဖြစ်နေပြီကို ကျွန်တော်က သူ့ကို အပြစ်ပေးရဦးမှာလား။"
အကြီးအကဲလီ နဉ်ရှောင်ယောင်းကို ကြည့်နေသည်။ မျက်နှာပေါ်မှ အရေးအကြောင်းများ ပိုမိုနက်ရှိုင်းလာသလိုပင်။
နဉ်ရှောင်ယောင်းသည် အကြီးအကဲလီကို ကြောက်တတ်သူဖြစ်၍ အဘိုးကြီးက စိုက်ကြည့်နေသောအခါ မနေနိုင်တော့ဘဲ ရှဲ့အန်းကျီဘက်လှည့်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"မင်းက တော်လှချည်လား။ ငါ့မျက်စိရှေ့မှာတောင် လူကို ဓားနဲ့ထိုးရဲတယ်ပေါ့။"
ရှဲ့အန်းကျီသည် လှေကားထစ်ပေါ်တွင် ရပ်လျက် နဉ်ရှောင်ယောင်းကို မော့ကြည့်ပြီး ကံတရားကို လက်ခံလိုက်သလို ပြောလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီး အပြစ်ပေးတာကို ခံယူပါ့မယ်။"
"အရှင်မင်းကြီး မမြင်ဘူးလား။"
အမတ်ချုပ်ကြီးရှဲ့သည် စင်မြင့်ပေါ်မှ လှမ်းပြောလိုက်သည်။
"ဖန်းထန်က အရင်ရန်စတာပါ။ ဖန်းထန်နဲ့ နဂါးအစောင့်တပ်သားတွေပေါင်းပြီး ကျွန်တော်မျိုးရဲ့ သားကို ဝိုင်းရိုက်ကြတာ။ စောစောက အရှင်မင်းကြီး ဝင်မတားခဲ့ဘဲ အခု ဖန်းထန်က အရည်အချင်းညံ့လို့ ကျွန်တော်မျိုးသားရဲ့လက်ချက်နဲ့ ဒဏ်ရာရသွားမှ အရှင်မင်းကြီးက ဝင်ပြောတော့တာလား။"
"ငါ..."
နဉ်ရှောင်ယောင်း စကားပိတ်သွားသည်။ ပြောရရင် သူတို့ဘက်က မှားနေတာလေ။
"ရှဲ့အန်းကျီ။"
အမတ်ချုပ်ကြီးရှဲ့ သားလတ်ကို ခေါ်လိုက်သည်။
ရှဲ့အန်းကျီ အမတ်ချုပ်ကြီးရှဲ့ရှေ့သို့ လျှောက်သွားလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့ ကိုယ်ကိုမတ်လိုက်ပြီး ရှဲ့အန်းကျီ၏ပါးကို အားကုန် ရိုက်ချလိုက်သည်။
ရှဲ့အန်းကျီ အရိုက်ခံလိုက်ရသော်လည်း မလှုပ်မယှက် ရပ်နေသည်။
"အရှင်မင်းကြီးရှေ့မှာ မင်းက ဓားထုတ်ပြီး လူကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။"
အမတ်ချုပ်ကြီးရှဲ့က ရှဲ့အန်းကျီကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟုတ်တယ်လေ။"
နဉ်ရှောင်ယောင်းက ဒေါသတကြီး ဝင်ပြောလိုက်သည်။
"သူက ဓားနဲ့ထိုးရဲတယ်။ ခွင့်လွှတ်လို့ မရဘူး။"
အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ဒီသားမိုက်က သေဒဏ်နဲ့ထိုက်တန်ပါတယ်။ ဖန်းထန်က အရင်ရန်စတဲ့အတွက် သူလည်း သေဒဏ်နဲ့ထိုက်တန်ပါတယ်။ အရှင်မင်းကြီးက ဖန်းထန်ကို ဘယ်လိုစီရင်ချက်ချမလဲဆိုတာ ကျွန်တော်မျိုး မေးပါရစေ။"
နဉ်ရှောင်ယောင်း "... "
ဒီအဘိုးကြီးက သူ့သားအရင်းကို ဘာလို့ ဒီလောက်ပြင်းပြင်းထန်ထန် ရိုက်ရလဲဆိုတာ ငါ နားလည်သွားပြီ။ ဒီနေရာမှာ ငါ့ကို စောင့်ဖမ်းနေတာကိုး။
"အရှင်မင်းကြီး?"
အမတ်ချုပ်ကြီးရှဲ့ ထပ်မေးလိုက်သည်။
"ဖန်းထန်က ဒဏ်ရာရသွားပြီလေ။"
နဉ်ရှောင်ယောင်း ပြောလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့ ခေါင်းခါလိုက်သည်။
"အဲဒါက ပြစ်ဒဏ် မဟုတ်ပါဘူး။"
"အဘိုးကြီး၊ ကျွန်တော့်ကို သုံးသပ်ပြပါဦး။"
နဉ်ရှောင်ယောင်းသည် လှေကားထစ်နှစ်ဆင့် တက်သွားပြီး အကြီးအကဲလီဘေးတွင် ရပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"အမတ်ချုပ်ကြီးက ကျွန်တော့်ကို ဖန်းထန်ကိုအပြစ်ပေးဖို့ ဖိအားပေးနေတာ။ သူ တစ်ခုခု ကြံစည်နေတာ မဟုတ်ဘူးလား။"
အကြီးအကဲလီက ပြောလိုက်သည်။
"အရှင်မင်းကြီးက ရှဲ့အန်းကျီကို ဘယ်လိုအပြစ်ပေးပေး၊ ဖန်းထန်ကိုတော့ ပိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရပါလိမ့်မယ်။"
"ဒီလူယုတ်မာ။"
နဉ်ရှောင်ယောင်း ဆဲလိုက်သည်။
အကြီးအကဲလီ မျက်မှောင်ကြုတ်လိုက်သည်။
"အရှင်မင်းကြီး၊ ရှဲ့ဝမ်ယွမ်က အရှင်မင်းကြီးရဲ့အဘိုးလေ။"
လူယုတ်မာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မြေးက အဘိုးကို ဒီလိုဆဲတာ မကောင်းပါဘူး။
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"အဘိုးကြီး၊ ဒီလို စိတ်ညစ်စရာကိစ္စကို ကျွန်တော့်ကို ခဏခဏ လာမပြောပါနဲ့တော့။"
အကြီးအကဲလီ "..."
နဉ်ရှောင်ယောင်းသည် ရှဲ့သားအဖရှေ့သို့ လျှောက်သွားပြီး အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။
"အမတ်ချုပ်ကြီးရဲ့သဘောကို ငါ နားလည်ပါပြီ။"
အမတ်ချုပ်ကြီးရှဲ့က အေးစက်စွာ မေးလိုက်သည်။
"ဒါဆို အရှင်မင်းကြီးက ဖန်းထန်ကို ဘယ်လို အပြစ်ပေးဖို့ စီစဉ်ထားပါသလဲ။"
နဉ်ရှောင်ယောင်း လက်လှုပ်ရှားလိုက်ပြီး ရှဲ့အန်းကျီကို ပါးရိုက်ချလိုက်သည်။ ခန္ဓာကိုယ်ထွားကျိုင်းသော ရှဲ့အန်းကျီသည် လွင့်စင်သွားပြီး လှေကားထစ်များပေါ်သို့ ပြုတ်ကျကာ စောစောက ဖန်းထန်ကဲ့သို့ပင် လှေကားအောက်ခြေအထိ လိမ့်ကျသွားလေသည်။
လူအများ တိတ်ဆိတ်သွားကြသည်။ အရှင်မင်းကြီးက ကြည့်ရတာ ပိန်ပိန်ပါးပါးနဲ့ အန္တရာယ်ကင်းမယ့်ပုံ ပေါက်ပေမယ့် ဒီခွန်အားတွေက ဘယ်က ရောက်လာတာလဲ။
"ခဏနေ ငါပြန်ရောက်ရင် ဖန်းထန်ကိုလည်း ဒီလိုပဲ ရိုက်လိုက်မယ်။"
နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။
"အမတ်ချုပ်ကြီး စိတ်ချပါ။ ငါ သုံးမယ့်အားက အခုထက် ပိုပြင်းစေရမယ်။ ဘာပဲဖြစ်ဖြစ် ဖန်းထန်က အရင်မှားတာကိုး။"
လူအများ တိတ်ဆိတ်နေဆဲပင်။ ဘယ်သူကများ 'အရှင်မင်းကြီးက အရှက်မရှိဘူး' လို့ မျက်နှာချင်းဆိုင် ပြောရဲမှာလဲ။
အမတ်ချုပ်ကြီးရှဲ့ ရင်ထဲတွင် မွန်းကျပ်သွားသည်။ နေမကောင်းဖြစ်နေသူပီပီ မျက်လုံးများ ပြာဝေသွားသည်။
ထိုအချိန်တွင် အမတ်ချုပ်ကြီးဘက်တော်သား တစ်ဦးက ပြောလိုက်သည်။
"ဖန်းထန်က အနက်ရောင်နှင်းခဲမြင်းတပ်ကလူပါ။ လိုကျစ်ကွေ့ကို လက်အောက်ငယ်သားတွေကို ကောင်းကောင်း မဆုံးမတဲ့အပြစ်နဲ့ အရေးယူပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။"
"စစ်သေနာပတိချုပ်ကို ငါ အပြစ်လွှတ်ပေးလိုက်တယ်။"
နဉ်ရှောင်ယောင်း လက်နောက်ပစ်ပြီး ထိုအမတ်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းမှာ ဘာပြောစရာ ရှိသေးလဲ။"
ထိုအမတ် စကားဆို့သွားပြီး အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး ဒီလိုလုပ်တာ မတရားပါဘူး။"
"တရားမျှတမှု?"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ဘာကို တရားမျှတမှုလို့ ခေါ်တာလဲ။ ငါက ရှင်ဘုရင်၊ မင်းက အမတ်။ မင်းက ငါ့ဆီကနေ တရားမျှတမှုကို တောင်းဆိုနေတာလား။ ခန်းမထဲက ပလ္လင်ပေါ်မှာ မင်းကို ပေးထိုင်လိုက်ရင်ရော ကောင်းမလား။"
ဒါ ဘယ်လိုဆင်ခြေလဲ။ ထိုအမတ် သွေးအန်ချင်သွားသော်လည်း နဉ်ရှောင်ယောင်းကို ဒူးထောက်ပြီး ပြောလိုက်ရသည်။
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး။"
"ဖန်းထန်ကို ဆေးကုသခွင့်မပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။"
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ဦးညွှတ်ပြီး ပြောလိုက်သည်။
"ဒီကောင်က ရွှေခေါင်းလောင်းခန်းမရှေ့မှာတောင် ပြဿနာရှာရဲတယ်။ ပြင်းပြင်းထန်ထန် အပြစ်ပေးမှ ဖြစ်မယ်။"
"စစ်သေနာပတိချုပ်လို ပြောတာ မှန်ပါတယ်။"
အကြီးအကဲလီ လျှောက်လာပြီး ပြောလိုက်သည်။
"ဖန်းထန်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။"
နဉ်ရှောင်ယောင်း အမတ်ချုပ်ကြီးရှဲ့ကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဒီလိုဆိုရင် ပျော်ပြီမလား။"
အမတ်ချုပ်ကြီးရှဲ့ ထိုင်ခုံလက်တန်းကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါ။"
သူ နဉ်ယွီရဲ့ ရှေ့မှာ နောက်ထပ်လဲကျလို့ မဖြစ်တော့ဘူး။
မိန်းမစိုးနှစ်ဦးသည် နန်းတော်ထဲတွင် အမတ်ချုပ်ကြီးရှဲ့ ထားရှိသော လူများဖြစ်သည်။ သို့သော် သူတို့သည် အမတ်ချုပ်ကြီးရှဲ့ကို တန်းပြီး ထမ်းမသွားရဲကြပေ။
"ထမ်းသွားကြ။"
နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။ သူမ အမတ်ချုပ်ကြီးရှဲ့နဲ့ ဒီနေရာမှာတင် လမ်းခွဲပြီး နောက်ဘယ်တော့မှ ပြန်မဆုံချင်တော့ဘူး။
အမတ်ချုပ်ကြီးရှဲ့သည် လှေကားအောက်တွင် မေ့လဲနေသော ရှဲ့အန်းကျီကို ခေါ်ဆောင်ပြီး ထွက်ခွာသွားသည်။ ထွက်ခွာပုံက ရှုံးနိမ့်ပြီး ထွက်ပြေးရသူနှင့် မတူဘဲ ခမ်းနားထည်ဝါနေဆဲပင်။ ရှဲ့အန်းကျီက ဖန်းထန်ကို လူအများရှေ့မှာ ဓားနဲ့ထိုးပြီး ဒဏ်ရာအပြင်းအထန် ရစေခဲ့တာတောင် အရှင်မင်းကြီးဆီက ပါးရိုက်ခံရုံလေးနဲ့ ပြီးသွားတာ ဘာကိုပြနေသလဲ။ မျက်စိရှင်တဲ့လူတိုင်း မြင်နိုင်ပါတယ်။ ယုံနင်နန်းတော်မှာ ရှင်ဘုရင်က အားနည်းပြီး အမတ်က အားကောင်းနေတုန်းပဲ ဆိုတာကိုပေါ့။
"ကဲ... ကျွန်တော် ထမင်းပြန်စားတော့မယ်။"
နဉ်ရှောင်ယောင်းသည် အကြီးအကဲလီကို တစ်ချက်ကြည့်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
"အရှင်မင်းကြီး။"
အကြီးအကဲလီက ပြောလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ပြောစရာ ရှိပါတယ်။"
"ဒါပေမဲ့ ကျွန်တော် ဗိုက်ဆာနေပြီ။"
နဉ်ရှောင်ယောင်း ဇွတ်ပြောလိုက်သည်။
အကြီးအကဲလီ နဉ်ရှောင်ယောင်းကို လေးနက်စွာ ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း မျက်နှာသေ ဖြစ်သွားသည်။
အကြီးအကဲလီက မေးလိုက်သည်။ "အရှင်မင်းကြီး။ ဖန်းထန်က ဘာလို့ ဒီလိုလုပ်ရတာလဲ။"
"ကျွန်တော်လည်း မသိဘူးလေ။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
"ကျွန်တော်မျိုး မယုံပါဘူး။ အရှင်မင်းကြီး ကျွန်တော်မျိုးကို နောက်မပြောင်ပါနဲ့။"
အကြီးအကဲလီ ခေါင်းခါလိုက်သည်။
နဉ်ရှောင်ယောင်း စိတ်ညစ်သွားသည်။ သူမ တကယ် မသိတာပါဆို။ လူအချင်းချင်း ယုံကြည်မှုလေးတောင် မရှိကြတော့ဘူးလား။
"အရှင်မင်းကြီးက ဖန်းထန်ကို အပြစ်ပေးဖို့ ပြောပြီးပါပြီ။"
လိုကျစ်ကွေ့က ဝင်ပြောလိုက်သည်။
"အမတ်မင်း မကျေနပ်သေးဘူးလား။"
အကြီးအကဲလီ လိုကျစ်ကွေ့ကို စိုက်ကြည့်လိုက်သည်။
"ဒီကိစ္စကို အရှင်မင်းကြီး မသိဘူးဆိုရင် စစ်သေနာပတိချုပ်က ခိုင်းလိုက်တာပေါ့။ မင်း ဘာလုပ်ချင်နေတာလဲ။"
"မလုပ်ပါနဲ့။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို သူမ၏အနောက်သို့ တွန်းပို့လိုက်ပြီး အကြီးအကဲလီကို ပြောလိုက်သည်။
"အဘိုးကြီး၊ အဲဒီလို မလုပ်ပါနဲ့။"
"စကားကို ကောင်းကောင်းပြော!"
အကြီးအကဲလီသည် နဉ်ရှောင်ယောင်း၏ လေယူလေသိမ်းကြောင့် ကြက်သီးထသွားပြီး သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
လူများ "..."
အရှင်မင်းကြီးကို အော်ဟစ်နေတာ... အမတ်မင်း၊ ခင်ဗျား ဒီလိုလုပ်တာ တကယ် ကောင်းရဲ့လား။
***