← Chapters

အရှင်မင်းကြီးက ပြောလိုက်တယ်... ရိုးသားဖြောင့်မတ်စွာနဲ့

Vol. 14 Ch. 213

အရှင်မင်းကြီးက ပြောလိုက်တယ်... ရိုးသားဖြောင့်မတ်စွာနဲ့

Vol. 14 Ch. 213

လိုကျစ်ကွေ့သည် တိတ်တဆိတ် ရှေ့တိုးသွားပြီး နဉ်ရှောင်ယောင်းကို သူ့အနောက်သို့ ပို့ကာ ကာကွယ်ပေးလိုက်သည်။

"ရန်မဖြစ်ကြနဲ့လေ။"

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏အနောက်မှ ခေါင်းပြူထွက်လာပြီး အော်ပြောလိုက်သည်။

အားလုံး တိတ်ဆိတ်နေကြသည်။ ဒီနှစ်ယောက်က တကယ် ရန်ဖြစ်ကြမှာလား။ လိုကျစ်ကွေ့က လက်ညှိုးတစ်ချောင်း လှုပ်လိုက်ရုံနဲ့ အကြီးအကဲလီကို သတ်ပစ်နိုင်တယ်လေ။

"မင်းမှာ ဘာပြောစရာ ရှိသေးလဲ။"

အကြီးအကဲလီ လိုကျစ်ကွေ့ကို မေးလိုက်သည်။

"အရှင်မင်းကြီး။"

ထိုအချိန်တွင် ယင်းဖုန်းသည် စင်မြင့်အောက်မှနေ၍ အော်ပြောလိုက်သည်။

"ကျီးတုန်းဒေသက အရေးပေါ်သတင်း ရောက်လာပါပြီ။"

စင်မြင့်ပေါ်ရှိ လူအားလုံး နဉ်ရှောင်ယောင်းမှလွဲ၍ မျက်နှာပျက်သွားကြသည်။

ကျီးတုန်းဒေသက ဘယ်နေရာမှန်းတောင် မသိသော နဉ်ရှောင်ယောင်းသည် သက်ပြင်းချလိုက်သည်။ ဖန်းထန်အကြောင်း ဆက်မပြောရတော့ဘူးဆိုတော့ တော်သေးတာပေါ့။ ဒါပေမဲ့ လူတွေအားလုံးရဲ့ မျက်နှာထားတွေက ဘာလို့ ဒီလောက်လေးနက်နေကြတာလဲ။

ယင်းဖုန်းသည် စင်မြင့်ပေါ်သို့ သုံးလှမ်းတစ်လှမ်း ပြေးတက်လာပြီး နဉ်ရှောင်ယောင်းရှေ့ ရောက်သည်နှင့် ဒူးထောက်ကာ လက်ထဲမှ အရေးပေါ်သတင်းပို့စာလွှာကို ခေါင်းပေါ်မြှောက်ပြီး ဆက်သလိုက်သည်။

"ထတော့။"

နဉ်ရှောင်ယောင်း ယင်းဖုန်းကို ထခိုင်းလိုက်ပြီး စာလွှာကို ဖွင့်ဖတ်လိုက်သည်။

စာလွှာထဲတွင် စာလုံးများ သေသပ်စွာ ရေးသားထားပြီး စာမျက်နှာ ၅ မျက်နှာတိတိ ရှိသည်။ နဉ်ရှောင်ယောင်းသည် တရုတ်စာလုံးအများစုကို ဖတ်တတ်နေပြီဖြစ်သော်လည်း တစ်ပြိုင်နက်တည်း အများကြီး ဖတ်ရသည့်အခါ မျက်စိမူးသွားသည်။

"အရှင်မင်းကြီး။"

အကြီးအကဲလီသည် နဉ်ရှောင်ယောင်း စာဖတ်နေသည်ကို စောင့်ကြည့်နေပြီး ၅ မျက်နှာလုံး ဖတ်ပြီးသွားမှ မေးလိုက်သည်။

"ကျီးတုန်းဒေသမှာ ဘာဖြစ်ခဲ့လို့လဲ။"

နဉ်ရှောင်ယောင်း သတင်းပို့စာလွှာကို လိုကျစ်ကွေ့လက်ထဲ ထည့်ပေးလိုက်ပြီး အကြီးအကဲလီကို ပြောလိုက်သည်။

"ကျွန်တော်က ဉာဏ်ကောင်းပါတယ်၊ သူတို့က အသုံးမကျပါဘူး၊ သေဒဏ်နဲ့ထိုက်တန်ပါတယ်လို့ ရေးထားတာတွေတော့ သေချာမဖတ်လိုက်ဘူး။ အဓိကအချက်က သူပုန်ခေါင်းဆောင် ရှန်နွန်က သူ့တပ်တွေနဲ့ ကျီးတုန်းဒေသက မြို့ ၁၉ မြို့ကို သိမ်းပိုက်လိုက်ပြီတဲ့။ အခု ဖုန်းလင်မြို့ဘက်ကို ချီတက်လာနေပြီတဲ့။ နေပါဦး... ဖုန်းလင်မြို့ဆိုတာ ကျွန်တော် ကြားဖူးသလိုပဲ။"

သတင်းပို့စာလွှာကို ဖတ်နေသော လိုကျစ်ကွေ့က ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ဖုန်းလင်မြို့ဆိုတာ မင်းသားဖူရဲ့ ပိုင်နက်နယ်မြေပါ။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်ပြီး အကြီးအကဲလီကို လက်ဖြန့်ပြလိုက်သည်။

"အဲဒါပါပဲ။"

အကြီးအကဲလီ ယိုင်နဲ့သွားသည်။

နဉ်ရှောင်ယောင်း အကြီးအကဲလီကို အမြန်လှမ်းတွဲလိုက်သည်။ အဘိုးကြီး၏လက်မောင်းကို ကိုင်လိုက်သည်နှင့် နဉ်ရှောင်ယောင်း လန့်သွားသည်။ နှလုံးခုန်နှုန်း ၂၂၀ လောက် ရှိနေပြီ!

"အဘိုးကြီး၊ စိတ်လျော့ပါ။"

နဉ်ရှောင်ယောင်း အကြီးအကဲလီကို နှစ်သိမ့်လိုက်သည်။

"တိုင်းပြည် ပျက်စီးသွားတာမှ မဟုတ်တာ။"

နဉ်ရှောင်ယောင်း၏စကားကြောင့် အကြီးအကဲလီ၏နှလုံးခုန်နှုန်း ပိုမြန်လာသည်။

နဉ်ရှောင်ယောင်း အကြီးအကဲလီ၏ရင်ဘတ်ကို ဖွဖွလေး ပုတ်ပေးလိုက်သည်။ ဘာမှဆက်မပြောတော့ဘူး။ အဘိုးကြီးရဲ့နှလုံးကို အရင်ကယ်ရမယ်။

လိုကျစ်ကွေ့သည် ၅ မျက်နှာရှိသော သတင်းပို့စာလွှာကို လျင်မြန်စွာ ဖတ်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ကျီးတုန်းဒေသကို စေလွှတ်နိုင်မယ့်စစ်တပ် ဘယ်မှာရှိလဲဆိုတာ သူ စဉ်းစားနေသည်။

အကြီးအကဲလီ အသက်ရှူမှန်လာသော်လည်း စိတ်လှုပ်ရှားနေဆဲပင်။ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"အရှင်မင်းကြီး၊ သတင်းပို့စာလွှာကို ကျွန်တော်မျိုး ဖတ်ကြည့်လို့ ရမလား။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ထဲမှ သတင်းပို့စာလွှာကိုယူပြီး အကြီးအကဲလီလက်ထဲ ထည့်ပေးလိုက်သည်။

"ရတာပေါ့။ အဘိုးကြီး ကြိုက်သလောက် ဖတ်။"

"မြို့ ၁၉ မြို့တောင် ကျဆုံးသွားပြီလား။"

ဟုကော်ကုန်းက နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"အင်း..."

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

ဟုကော်ကုန်း နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ အရှင်မင်းကြီးက လုံးဝ စိတ်မပူတဲ့ပုံပဲ။

"အရှင်မင်းကြီး၊ အရှင်မင်းကြီးမှာ ဖြေရှင်းမယ့် နည်းလမ်း ရှိပါသလား။"

"ဟင်... မရှိပါဘူး။"

ဖုတ်ကောင်တွေ ခုတ်တုန်းကတောင် သူငယ်ချင်းတွေနောက်လိုက်ခဲ့တာ။ ဦးနှောက် သိပ်မသုံးခဲ့ရဘူး။ စစ်တိုက်တာကျတော့ သူမ ပိုတောင် နားမလည်သေးတယ်။

ဟုကော်ကုန်း စကားမပြောနိုင်တော့ပေ။ မရှိဘူးတဲ့လား။ ဒါတောင် စိတ်မပူဘူးလား။

လိုကျစ်ကွေ့က "စစ်ကူလွှတ်မှ ဖြစ်မယ်။ ကျီးတုန်းဒေသ ကျသွားရင် သူပုန်တွေက ဟန်ကျယ်ဂိတ်ကနေတဆင့် မြို့တော်အနီးတစ်ဝိုက်အထိ ဝင်ရောက်လာနိုင်တယ်။"

နဉ်ရှောင်ယောင်း လက်ဖဝါးကို ကုတ်လိုက်သည်။ အခြေအနေက အရေးကြီးပုံရတယ်။ ဒါပေမဲ့ ဒီနေရာနာမည်တွေကို သူမ ဒီနေ့မှ ပထမဆုံးကြားဖူးတာ။ ဘယ်လိုလုပ်ရမလဲ။

အကြီးအကဲလီက လိုကျစ်ကွေ့ကို မေးလိုက်သည်။

"စေလွှတ်စရာ စစ်တပ် ရှိလား။"

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။

"ရှိတယ်။"

"အရှင်မင်းကြီး၊ စစ်ကူ အမြန်ဆုံး စေလွှတ်ပေးဖို့ တောင်းဆိုပါတယ်။"

အကြီးအကဲလီ နဉ်ရှောင်ယောင်းရှေ့တွင် ဒူးထောက်လိုက်သည်။

အကြီးအကဲလီ ဒူးထောက်လိုက်သည်နှင့် ကျန်အမတ်မင်းများလည်း လိုက်ဒူးထောက်ကြပြီး စစ်ကူလွှတ်ပေးရန် တညီတညွတ်တည်း တောင်းဆိုကြသည်။

နဉ်ရှောင်ယောင်း အကြီးအကဲလီကို ဆွဲထူလိုက်ပြီး ကျန်အမတ်မင်းများကိုလည်း ထခိုင်းလိုက်သည်။ လိုကျစ်ကွေ့ကို မေးလိုက်သည်။

"ဒါဆို စစ်ကူလွှတ်လိုက်မလား။"

လိုကျစ်ကွေ့က "စစ်တပ်တော့ ရှိတယ်။ ဒါပေမဲ့ ဘယ်သူ့ကို ဦးဆောင်ခိုင်းမလဲ။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။ ဒါ ပြဿနာပဲ။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို အနောက်သို့ ဆွဲပို့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော် အခု မြို့တော်ကနေ ထွက်သွားလို့ မရဘူး။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို မော့ကြည့်လိုက်သည်။

"မင်းကို မြို့တော်မှာ တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူး။"

လိုကျစ်ကွေ့ ဆက်ပြောလိုက်သည်။

မိဖုရားခေါင်ကြီးရဲ့အစီအစဉ် စတင်နေပြီ။ ဒီအချိန်မှာ သူ ကျီးတုန်းဒေသကို သွားလိုက်ရင် ဒီကစားပွဲကို ဘယ်သူ ဆက်ကစားပေးမလဲ။ နဉ်ရှောင်ယောင်းလား။ ဒါဆိုရင် သူ နဉ်ရှောင်ယောင်းကိုခေါ်ပြီး ကျီးတုန်းဒေသကို အတူသွားလိုက်တာက ပိုကောင်းဦးမယ်။

နဉ်ရှောင်ယောင်း စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"ဒါဆို ကျီးတုန်းဒေသက စစ်သူကြီးတွေထဲမှာ တာဝန်ယူနိုင်မယ့်သူ ရှိလား။"

အကြီးအကဲလီ ခေါင်းခါလိုက်သည်။

"အဲဒါတွေက စစ်ရှုံးထားတဲ့သူတွေလေ။ အရှင်မင်းကြီး သူတို့ကို သုံးလို့မရပါဘူး။"

"ဒါဆို အဘိုးကြီးမှာ အကြံရှိလား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

အကြီးအကဲလီ ခေါင်းခါလိုက်ပြန်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးက စာပေပညာရှင်ပါ။"

"ဪ..."

နဉ်ရှောင်ယောင်း ဆက်ပြောလိုက်သည်။

"ဒါကြောင့် စစ်တိုက်တဲ့အကြောင်း အဘိုးကြီး နားမလည်ဘူးပေါ့။"

ဒီစကားက နားထောင်ရတာ မကောင်းပေမယ့် အကြီးအကဲလီ ပြန်မငြင်းနိုင်ပေ။ ဒါကြောင့် စိတ်မကောင်း ဖြစ်မိသည်။

လိုကျစ်ကွေ့ စဉ်းစားလိုက်ပြီးနောက် "အရှင်မင်းကြီး၊ ကျွန်တော်မျိုးနဲ့အတူ မြို့တော်ကို လိုက်လာတဲ့ စစ်သူကြီးတွေထဲမှာ..."

"ဟေး... မင်းက စစ်သူကြီးမလား။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့စကားမဆုံးခင် ဖြတ်ပြောလိုက်ပြီး ထောင်ယွီကို ကြည့်ကာ မေးလိုက်သည်။

"စစ်သူကြီးထောင်၊ မင်း စစ်တိုက်တတ်လား။"

နဉ်ရှောင်ယောင်း၏ ရုတ်တရက် မေးခွန်းကြောင့် ထောင်ယွီ ကြောင်အသွားသည်။

"ပြောလေ။"

နဉ်ရှောင်ယောင်း ထောင်ယွီအနားသို့ တိုးသွားလိုက်သည်။

"အရှင်... အရှင်မင်းကြီးက ကျွန်တော်မျိုးကို စစ်တပ်ဦးဆောင်ခိုင်းမလို့လား။"

ထောင်ယွီ စကားထစ်သွားသည်။

"အင်း... မင်းမှာ ယုံကြည်မှုရှိရင် မင်းကိုပဲ ပေးလိုက်မယ်။"

ဒါက လိုကျစ်ကွေ့ သဘောကျပြီး အသုံးပြုချင်တဲ့လူပဲ။ ထောင်ယွီသာ အသုံးမကျတဲ့လူဆိုရင် လိုကျစ်ကွေ့က သဘောကျမှာ မဟုတ်ဘူးလို့ နဉ်ရှောင်ယောင်း ယုံကြည်သည်။

ထောင်ယွီ၏မျက်နှာထားသည် ကြောင်အရာမှ စိတ်လှုပ်ရှားလာပြီး၊ ထို့နောက် စဉ်းစားခန်းဝင်သွားကာ၊ နောက်ဆုံးတွင် တည်ငြိမ်သွားသည်။ နဉ်ရှောင်ယောင်းရှေ့တွင် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့ယုံကြည်မှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးမှာ ယုံကြည်မှု ရှိပါတယ်။"

"ကောင်းပြီ။"

နဉ်ရှောင်ယောင်း ပြောလိုက်သည်။

"ဒါဆို စစ်သူကြီးထောင်ပဲ သွားလိုက်တော့။"

"အမိန့်တော် နာခံပါ့မယ်။"

ထောင်ယွီ ဒူးထောက်ပြီး အမိန့်ခံယူလိုက်သည်။

နဉ်ရှောင်ယောင်း ထောင်ယွီကို ဆွဲထူရန်ပြင်လိုက်စဉ် လိုကျစ်ကွေ့က ဦးအောင် လှမ်းထူပေးလိုက်သည်။

ထောင်ယွီ ထရပ်လိုက်သည်။ လူအများ၏အကြည့်များကို ဂရုမစိုက်ဘဲ နဉ်ရှောင်ယောင်းရှေ့တွင် ခေါင်းငုံ့ပြီး ရပ်နေသည်။ မနေ့ညက နဉ်ရှောင်ယောင်း သူ့ကို ပြောခဲ့တဲ့ စကားတွေကို အခုမှ သူ ယုံကြည်တော့သည်။ ကမ္ဘာကြီးက ကျယ်ဝန်းတယ်။ အရှင်မင်းကြီးက သူ့အရည်အချင်းတွေကို ထုတ်ပြနိုင်မယ့် နေရာပေးမယ်တဲ့။ ထောင်ယွီ တွေးလိုက်မိသည်။ သူ ဒီတစ်သက် အရှင်မင်းကြီးအပေါ် သစ္စာမဖောက်ဘူး။ သစ္စာဖောက်ရင် သူက ခွေးလောက်တောင် အသုံးမကျတဲ့ကောင်ဖြစ်သွားပြီ။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို လူအုပ်နှင့်ဝေးရာသို့ခေါ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"ထောင်ယွီရှိနေရင် မြို့တော်စစ်တပ်ရဲ့အာဏာကို ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်သေးတယ်။ ရှောင်ယောင်း၊ မင်း တကယ်ပဲ ထောင်ယွီကို ကျီးတုန်းဒေသ ပို့လိုက်တော့မလို့လား။"

"ကျွန်မ ပြောပြီးသွားပြီလေ။ ပြန်ပြင်လို့ ရပါ့မလား။"

နဉ်ရှောင်ယောင်း ပြန်မေးလိုက်သည်။

"မင်း နန်းတက်ပြီးမှ ပထမဆုံးကြုံရတဲ့ စစ်ပွဲပဲ။ သေချာမစဉ်းစားမိတာ ဖြစ်နိုင်ပါတယ်။"

လိုကျစ်ကွေ့က ပြောလိုက်သည်။

"အမိန့်ပြန်ပြင်လိုက်လည်း ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ပါဘူး။"

နဉ်ရှောင်ယောင်း ခေါင်းစောင်းပြီး လိုကျစ်ကွေ့၏ပခုံးကျော်ကာ ထောင်ယွီကို လှမ်းကြည့်လိုက်သည်။

လိုကျစ်ကွေ့က "ကျွန်တော် ပြောချင်တာက ကျွန်တော်နဲ့အတူပါလာတဲ့ စစ်သူကြီးတွေကို မင်း သုံးလို့ရတယ်လို့ ပြောမလို့။"

နဉ်ရှောင်ယောင်း လက်ဖဝါးကို ကုတ်လိုက်ပြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။

"စစ်သေနာပတိချုပ်က စစ်သူကြီးထောင်ကို မယုံလို့လား။"

"ထောင်ယွီမှာ အရည်အချင်း ရှိပါတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး သူ နေရာမရတာက ထောင်ချန် ဖိနှိပ်ထားလို့ပါ။"

"ကျွန်မတော့ ထောင်ယွီကိုပဲ သွားစေချင်တယ်။"

နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်ပြီး စဉ်းစားကာ ပြောလိုက်သည်။

"ကျွန်မ သူ့ကို ကတိပေးထားတယ်။ သူ့အရည်အချင်းတွေ ထုတ်ပြနိုင်မယ့် အခွင့်အရေး ပေးမယ်လို့လေ။"

"မြို့တော်စစ်တပ်မှာလည်း..."

နဉ်ရှောင်ယောင်း ခြေဖျားထောက်ပြီး လိုကျစ်ကွေ့၏ပါးစပ်ကို လှမ်းပိတ်လိုက်သည်။

"အဲဒါ မတူဘူး။ မြို့တော်စစ်တပ်ထဲမှာ ချန်လုဆိုတဲ့လူနဲ့ အားပြိုင်နေရတာက ကျွန်မနဲ့ အမတ်ချုပ်ကြီးရဲ့ အားပြိုင်မှုပဲ။ အာဏာလုနေကြတာ။ လူယုတ်မာအချင်းချင်း တိုက်ခိုက်နေကြတာ။ ယောက်ျားကောင်းဆိုရင် စစ်မြေပြင်ကို သွားသင့်တယ်။ နိုင်ငံတော်အတွက် ရိုးသားဖြောင့်မတ်စွာနဲ့ အမှုထမ်းသင့်တယ်။ ဒါက ပိုကောင်းတယ် မဟုတ်ဘူးလား။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏စကားကြောင့် ကြောင်အသွားသည်။

"သင့်တော်တဲ့ အခွင့်အရေးရရင် စစ်သေနာပတိချုပ်လည်း အန်းယွမ်ကို ပြန်သွားသင့်တယ်။"

နဉ်ရှောင်ယောင်း လက်ကို ဖယ်လိုက်ပြီး လိုကျစ်ကွေ့ကို ကြည့်ကာ ပြောလိုက်သည်။

"အဲဒီနေရာကမှ စစ်သေနာပတိချုပ်ရဲ့ စစ်မြေပြင်အစစ်။"

ခဏတာ တိတ်ဆိတ်နေပြီးနောက် လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏မျက်နှာကို ပွတ်သပ်ပေးလိုက်ပြီး မေးလိုက်သည်။

"ဒါဆို မင်းတစ်ယောက်တည်း ရှဲ့ဝမ်ယွမ်ကို ရင်ဆိုင်မလို့လား။"

"သူ ကျွန်မကို မသတ်နိုင်ဘူးဆိုတာ သက်သေပြပြီးပြီပဲ။"

နဉ်ရှောင်ယောင်း ဂုဏ်ယူစွာ ပြောလိုက်သည်။

"ဘာကြောက်စရာ ရှိလဲ။"

"ကောင်းပြီ။"

လိုကျစ်ကွေ့ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဒါဆို ထောင်ယွီကိုပဲ လွှတ်လိုက်တော့။"

"အင်း..."

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ခဏနေရင် ကျွန်မကို သူပုန်တွေအကြောင်း ရှင်းပြပါဦး။ အခုထိ ကျွန်မ နားမလည်သေးဘူး။"

စောစောကမှ ပြုံးနေသော လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်ပြန်သည်။

"ဒါတွေအားလုံး အမတ်ချုပ်ကြီးကြောင့်ပဲ။"

နဉ်ရှောင်ယောင်း အမတ်ချုပ်ကြီးရှဲ့ကို အပြစ်တင်လိုက်သည်။ ဒီလူကြီးသာ သူမနဲ့ အသေအကြေ မတိုက်ခိုက်ရင် သူမက နိုင်ငံရေးကို ဒီလောက်ထိ စိတ်မဝင်စားဘဲ နေပါ့မလား။

လိုကျစ်ကွေ့ နားလည်လိုက်သည်မှာ အမတ်ချုပ်ကြီးက နဉ်ရှောင်ယောင်းကို ဘာမှမသိနားမလည်အောင် တမင်လုပ်ထားတာဖြစ်မယ်။ မသိနားမလည်တဲ့ ရှင်ဘုရင်မှ ထိန်းချုပ်ရလွယ်မှာကိုး။

နဉ်ရှောင်ယောင်း ထောင်ယွီရှိရာသို့ ပြေးသွားပြီး ပြောလိုက်သည်။

"စစ်သူကြီးထောင်၊ မင်း သွားရတော့မယ်။ မင်း စစ်တိုက်ရတော့မယ်။"

လူအများ "... "

ဒါက ပျော်စရာကိစ္စလား။

"အဘိုးကြီး။"

နဉ်ရှောင်ယောင်း ထောင်ယွီဘေးတွင် ရပ်လိုက်ပြီး အကြီးအကဲလီကို ပြောလိုက်သည်။

"ကျွန်တော်တို့ လူစုခွဲကြရအောင်။ အိမ်ပြန် ထမင်းစားကြမယ်။"

အကြီးအကဲလီက မေးလိုက်သည်။

"အရှင်မင်းကြီးက ထမင်းစားချင်စိတ် ရှိသေးလို့လား။"

"ဟင်... ကျွန်တော် အခု ထမင်းစားလို့ မရတော့ဘူးလား။"

နဉ်ရှောင်ယောင်း နားမလည်နိုင် ဖြစ်သွားသည်။

"မြို့တွေ ကျဆုံးသွားတာ ကျွန်တော့်ကြောင့်မှ မဟုတ်တာ။"

လူများ "..."

အရှင်မင်းကြီးပြောတာ ဟုတ်နေသလိုပဲ။ ပြန်ပြောစရာ ရှာမတွေ့တော့ဘူး။

"တာ့တာ။"

နဉ်ရှောင်ယောင်း အကြီးအကဲလီတို့ကို လက်ပြနှုတ်ဆက်လိုက်သည်။ သူမ သွားရတော့မယ်။ ဖန်းထန်က သူမ ကုပေးတာကို စောင့်နေဦးမှာ။

လျင်မြန်စွာ ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော နဉ်ရှောင်ယောင်းကို ကြည့်ရင်း အကြီးအကဲလီ လိုကျစ်ကွေ့ကို လှည့်ကြည့်လိုက်ပြန်သည်။

လိုကျစ်ကွေ့ အကြီးအကဲလီကို လက်အုပ်ချီနှုတ်ဆက်လိုက်ပြီး ဖေ့ညီအစ်ကိုနှင့် ထောင်ယွီတို့ကိုခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။

"အမတ်မင်း။"

အကြီးအကဲလီ၏တပည့်တစ်ဦးက တိုးတိုးလေး မေးလိုက်သည်။

"ထောင်ယွီကို တကယ်ပဲ ကျီးတုန်းဒေသ ပို့လိုက်တော့မှာလား။"

အကြီးအကဲလီ အဝေးသို့ မျှော်ကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး တပည့်ကို မေးလိုက်သည်။

"ဘာလဲ၊ မင်းက စစ်တိုက်တတ်လို့လား။"

ထိုအမတ် ပါးစပ်ပိတ်သွားသည်။

....

"စစ်သူကြီးထောင်၊ ဂုဏ်ယူပါတယ်။"

ထိုက်ဟွာနန်းဆောင်သို့ သွားရာလမ်းတွင် ဟုကော်ကုန်းက ထောင်ယွီကို ဂုဏ်ပြုစကားပြောလိုက်သည်။

ထောင်ယွီက ဟုကော်ကုန်းကို လေးစားသော်လည်း သူ့ပင်ကိုစရိုက်အရ တင်းမာစွာပြန်ပြောလိုက်သည်။

"နိုင်ငံတော်အတွက် အမှုထမ်းတာက ကျွန်တော့်ရဲ့ တာဝန်ပါ။ သူပုန်တွေ သောင်းကျန်းနေတာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။"

ဟုကော်ကုန်း၏အပြုံး တောင့်ခဲသွားသည်။ ဟုတ်သားပဲ၊ ကျီးတုန်းဒေသမှာ မြို့ ၁၉ မြို့တောင် ကျဆုံးသွားတာ၊ သူက ဘာသွားဂုဏ်ပြုနေတာလဲ။

"ဒီကိစ္စက စစ်တပ်လွှတ်ရုံနဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူး ထင်တယ်။"

တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သော ဖေ့ယင်က လိုကျစ်ကွေ့ကိုကြည့်ပြီး မေးလိုက်သည်။

"စစ်သေနာပတိချုပ်၊ ကျွန်တော် ပြောတာ မှန်လား။"

***

All Chapters