← Chapters

သူပုန်များနှင့်ပတ်သက်၍ အရှင်မင်းကြီး၏ လေ့လာတွေ့ရှိချက်

Vol. 14 Ch. 215

သူပုန်များနှင့်ပတ်သက်၍ အရှင်မင်းကြီး၏ လေ့လာတွေ့ရှိချက်

Vol. 14 Ch. 215

"ကဲ...အရင်ဆုံး ဒီ လယ်သမားသူပုန်တပ်အကြောင်း ရှင်းပြပါဦး။"

နဉ်ရှောင်ယောင်းသည် ရယ်မောနေသည်ကို ရပ်လိုက်ပြီး လေးနက်သောအမူအရာဖြင့် လိုကျစ်ကွေ့ကို မေးလိုက်သည်။

"သူပုန်တပ်?"

လိုကျစ်ကွေ့ ပြန်မေးလိုက်သည်။

"ဪ... ခြေသလုံးအိမ်တိုင် သူပုန်တွေကို ပြောတာ။ စစ်သေနာပတိချုပ် နားလည်ပါတယ်နော်။"

လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။ သူက ဘာလို့ နားလည်ရမှာလဲ။

"ရှင်လည်း မသိဘူးလား။"

လိုကျစ်ကွေ့ စကားမပြောသဖြင့် နဉ်ရှောင်ယောင်း ထပ်မေးလိုက်သည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းအနားသို့ တိုးထိုင်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် အရင်က ဒုက္ခသည်တွေအကြောင်း ပြောပြဖူးတယ်လေ။"

စစ်သေနာပတိချုပ်လိုသည် နဉ်ရှောင်ယောင်းကို 'ခြေသလုံးအိမ်တိုင် သူပုန်' ဆိုတာ ဘာလဲဆိုသည့်အကြောင်း စာသင်ပေးလေတော့သည်။

အခန်းအပြင်ဘက်တွင် ဖန်းထန်နှင့် သမားတော်ကောတို့ မျက်လုံးချင်းဆုံပြီး ကြည့်နေကြသည်။

"မင်း... မင်း ပြန်ကောင်းသွားပြီလား။"

သမားတော်ကော မျက်လုံးကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ကောင်းသွားပြီ။ အရှင်မင်းကြီးရဲ့ ဆရာဘိုးဘေး အမွေအနှစ် လျှို့ဝှက်နည်းလမ်းလေ။ အရှင်မင်းကြီးသာ ဆေးကုစားမယ်ဆိုရင် ခင်ဗျားတို့ သမားတော်တွေအကုန်လုံး လယ်ပြန်စိုက်ရတော့မှာ။"

ဖန်းထန်က ပြောလိုက်သည်။

သမားတော်ကော "... "

ဒီလူက ဒါကို မယုံနိုင်စရာလို့ မခံစားရဘူးလား။

ဖန်းထန်သည် သမားတော်ကော၏ရှေ့တွင် ညာဘက်ခြေထောက်ကို ဆောင့်နင်းပြလိုက်သည်။

သမားတော်ကော ဒူးထောက်ထိုင်ချလိုက်ပြီး "မင်းရဲ့ ဒဏ်ရာကို ကြည့်ပါရစေဦး" ဟု ပြောလိုက်သည်။

"ကြည့်လေ။"

ဖန်းထန် သဘောထားကြီးစွာ ခွင့်ပြုလိုက်သည်။

သမားတော်ကောသည် ဖန်းထန်၏ဒဏ်ရာနှစ်ခုကို အပြန်ပြန်အလှန်လှန် ကြည့်ရှုစစ်ဆေးနေသည်။ နာရီဝက်လောက် ကြာသွားတော့ ဖန်းထန် စိတ်မရှည်တော့ပေ။ နောက်ဆုံးမှ သမားတော်ကော ရေရွတ်လိုက်သည်။

"ဒါ မဖြစ်နိုင်ဘူး။"

ဖန်းထန် "... "

ဒီလောက် အကြာကြီးကြည့်ပြီးမှ ပြောထွက်လာတာက ဒီတစ်ခွန်းတည်းလား။ ဒီသမားတော်က အရှင်မင်းကြီးနဲ့ ယှဉ်လို့မရပါလား။

အခန်းထဲတွင် နဉ်ရှောင်ယောင်း မေးစေ့ကိုပွတ်သပ်ရင်း လိုကျစ်ကွေ့ကိုပြောလိုက်သည်။

"အင်း... ကျွန်မ နားလည်ပြီ။"

"ဘာကို နားလည်တာလဲ။"

နဉ်ရှောင်ယောင်း ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လိုကျစ်ကွေ့ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။

"ခြေသလုံးအိမ်တိုင် သူပုန်တွေဆိုတာ လက်နက်ကိုင်ထားပြီး အဖွဲ့အစည်းရှိတဲ့ ဒုက္ခသည်တွေပေါ့။ တကယ်တော့ သူတို့က ပုန်ကန်နေကြတာပဲ။"

လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။

"သူပုန်ဆိုတာ ပုန်ကန်တဲ့သူတွေဆိုတာ မင်း မသိဘူးလား။"

"ရှင် အရင်တုန်းက ကျွန်မကို မပြောပြဘူးလေ။"

နဉ်ရှောင်ယောင်းက မျက်နှာပြောင်တိုက်ပြီး ပြောလိုက်သည်။

"ပြီးတော့ သူပုန်ခေါင်းဆောင် ရှန်နွန်က ကျွန်မကိုသတ်ဖို့ တာဝန်ယူထားတယ်ဆိုတာလည်း ရှင် မပြောပြဘူး။"

ဒီလိုကိစ္စမျိုးကို ပြောပြနေဖို့ လိုသေးလို့လား။ လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောစရာစကား မရှိတော့ပြန်ပေ။

"မပူပါနဲ့။"

နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။

"ကျွန်မမှာ ခေါင်းဆောင်ရှန်ကို ကိုင်တွယ်မယ့် နည်းလမ်းရှိတယ်။"

"ခေါင်းဆောင်ရှန်က ဘယ်သူလဲ... ထားလိုက်ပါတော့။"

လိုကျစ်ကွေ့ သက်ပြင်းချလိုက်သည်။

"မင်းမှာ ဘာနည်းလမ်းရှိလဲဆိုတာအရင်ပြောကြည့်။"

နဉ်ရှောင်ယောင်း ကိုယ်ကိုကိုင်းလိုက်ပြီး လိုကျစ်ကွေ့ နားနားကပ်ကာ ပြောလိုက်သည်။

"သူက ကျွန်မရဲ့အစစ်အမှန်လိင်က 'မိန်းကလေး' ဆိုတာ မသိဘူးလေ။"

လိုကျစ်ကွေ့ နားမလည်ပေ။

"ဒါဆို ဘာဖြစ်လဲ။"

"ဒါကြောင့် သူ တကယ်ပဲ စစ်တပ်နဲ့ မြို့တော်ကို လာတိုက်ရင် ကျွန်မက နဂါးဝတ်ရုံကို ချွတ်ပြီး ပန်းပွင့်ရိုက် ဂါဝန်ဝတ်လိုက်ရင် ခေါင်းဆောင်ရှန်က ကျွန်မကို အရှင်မင်းကြီးမှန်း မှတ်မိပါဦးမလား။"

နဉ်ရှောင်ယောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

လိုကျစ်ကွေ့ ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ဒီလိုအကြံမျိုး သာမန်လူ စဉ်းစားလို့မရဘူး။

"မင်း..."

လိုကျစ်ကွေ့ ကိုယ်ကိုပြန်မတ်လိုက်ပြီး မေးလိုက်သည်။

"မင်းက တိုင်းပြည်ကို လက်လွှတ်ပေးလိုက်ဖို့ ပြင်ဆင်နေတာလား။"

"လက်လွှတ်တာ မဟုတ်ဘူး၊ မနိုင်လို့လေ။"

နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ပြင်ပေးလိုက်သည်။

"နိုင်မယ်ဆိုရင် ခေါင်းဆောင်ရှန်က မြို့တော်အထိ ရောက်လာပါ့မလား။"

ဒီစကားက အဓိပ္ပာယ်ရှိသလိုလိုပဲ။ လိုကျစ်ကွေ့ ထပ်မံ အ,သွားပြန်သည်။

"သူပုန်တွေက ဒုက္ခသည်တွေနဲ့ ဖွဲ့စည်းထားတာ။"

နဉ်ရှောင်ယောင်း အခန်းထဲတွင် လမ်းလျှောက်နေသည်။

လိုကျစ်ကွေ့က ပြောလိုက်သည်။

"ထောင်ယွီ ဘယ်လောက်တော်တော် ဒေသခံစစ်သူကြီးတွေ ကူညီမှရမယ်။ ပြီးတော့ ထောင်ယွီက စစ်တပ်ခေါ်သွားရမယ်။ ဒီစစ်တပ်ကို ဘယ်ကရမလဲ..."

"စစ်သေနာပတိချုပ်ရေ..."

နဉ်ရှောင်ယောင်း ရပ်တန့်လိုက်ပြီး လိုကျစ်ကွေ့စကားကို ဖြတ်ပြောလိုက်သည်။

"အဲဒါတွေ ရှင်ပဲ ကြည့်စီစဉ်လိုက်တော့။ ကျွန်မက ဦးရီးတော် မင်းသားဖူနဲ့ ဘဝအကြောင်း သွားဆွေးနွေးလိုက်ဦးမယ်။"

လိုကျစ်ကွေ့ ခေါင်းကိုက်လာသည်။

"မင်းက မင်းသားဖူကို..."

ဝုန်း...

နဉ်ရှောင်ယောင်း တံခါးကိုတိုက်ပြီး ထွက်သွားလေပြီ။

ခဏအကြာတွင် ဖန်းထန် ခေါင်းပြူကြည့်လိုက်သည်။

"စစ်သေနာပတိချုပ်၊ အရှင်မင်းကြီး ဘာသွားလုပ်တာလဲ။"

"ပါးစပ်ပိတ်ထား!"

လိုကျစ်ကွေ့ ဖန်းထန်ကို အော်ဟစ်လိုက်သည်။

ဖန်းထန် ခေါင်းပြန်သွင်းလိုက်သည်။ မျက်လုံးများ ဗလာဖြစ်နေသော သမားတော်ကောကို လှုပ်ခါပြီး မေးလိုက်သည်။

"ငါ့စစ်သေနာပတိချုပ် ဘာဖြစ်သွားတာလဲ။"

သမားတော်ကောကတော့ မျက်လုံးများ ဗလာဖြစ်နေဆဲ၊ ကိုယ့်ကမ္ဘာထဲမှာကိုယ်ဖြစ်နေပြီး ဖန်းထန်ကို တစ်ချက်မှလှည့်မကြည့်ပေ။

ဘေးနားကလူတွေ ပုံမှန်မဟုတ်တော့သဖြင့် ဖန်းထန် ဘာလုပ်ရမှန်း မသိတော့ပေ။ အနောက်ဘက်က တံခါးဖွင့်သံ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ လိုကျစ်ကွေ့ အခန်းပြင်ထွက်သွားသည်ကို တွေ့လိုက်ရသည်။

"အခန်းထဲမှာပဲ နေ၊ အပြင်မထွက်နဲ့။"

လိုကျစ်ကွေ့ အသံပြန်ကြည်သွားပြီး ဖန်းထန်ကို မှာကြားလိုက်သည်။

"မင်းသားကျီနဲ့ ငါ သဘောတူညီမှုရတာနဲ့ မင်း မြို့တော်ကနေ ထွက်သွားရမယ်။"

ဖန်းထန် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို စစ်သေနာပတိချုပ်က ဘာသွားလုပ်မလို့လဲ။"

"ငါ ကိစ္စရှိတယ်။"

လိုကျစ်ကွေ့သည် ဖန်းထန်၏ပခုံးကို ပုတ်လိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ ထွက်ခွာသွားသည်။ သူက ဖေ့ညီအစ်ကိုနဲ့ ထောင်ယွီကို ခေါ်လာတာလေ၊ သူတို့ကို ဒီအတိုင်း ပစ်ထားလို့မရဘူး။ စစ်တပ်ရွှေ့ပြောင်းရေးကိစ္စတွေလည်း ရှိသေးတယ်။ စစ်သေနာပတိချုပ်လိုအတွက် အလုပ်တွေက ဘယ်တော့မှ မပြီးနိုင်တော့သလိုပဲ။

.....

နဉ်ရှောင်ယောင်း အပြစ်ပေးဌာနသို့ ရောက်သောအခါ မင်းသားဖူသည် လက်နောက်ပစ်ပြီး ခြံဝင်းထဲတွင် လမ်းလျှောက်နေသည်။ နဉ်ရှောင်ယောင်းသည် အရိုးအဆစ်များကို မကြည့်မိလျှင် မင်းသားဖူမှန်း မှတ်မိမည် မဟုတ်ပေ။ ဒီလူချောကြီးက ဘယ်သူလဲ။

မင်းသားဖူသည် နဉ်ရှောင်ယောင်းကို မြင်သောအခါ သာယာနေသောမျက်နှာထားမှာ ချက်ချင်း မည်းမှောင်သွားသည်။

"ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂရုဝပြုပါတယ်။"

ခြံဝင်းထဲမှ မိန်းမစိုးများ ဒူးထောက်လိုက်ကြသည်။

မင်းသားဖူ မကျေနပ်သော်လည်း ဒူးထောက်ဂါရဝပြုလိုက်ရသည်။

"မလိုပါဘူး။"

နဉ်ရှောင်ယောင်း ပျော်ရွှင်စွာ လက်ကာပြလိုက်သည်။

"အားလုံး ထကြ။"

မင်းသားဖူ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

"အားလုံး အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ကြဦး။"

နဉ်ရှောင်ယောင်းက မိန်းမစိုးများကို ပြောလိုက်သည်။

"ငါ ဦးရီးတော်နဲ့ စကားပြောမလို့။"

မိန်းမစိုးများ အလျင်အမြန် ထွက်ခွာသွားကြသည်။

"ဦးရီးတော်..."

နဉ်ရှောင်ယောင်း မင်းသားဖူကို ခေါ်လိုက်သည်။

မင်းသားဖူ နဉ်ရှောင်ယောင်းကို မျက်စောင်းထိုးကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို လွှတ်ပေးတော့မလို့လား။"

မြေတိုက်ခန်းထဲမှာ အမြဲနေစရာမလိုတော့ပေမယ့် နေ့တိုင်း အပြစ်ပေးဌာနရဲ့ နံရံလေးဘက်ကို ကြည့်နေရတာ စိတ်ဆင်းရဲစရာ ကောင်းလှသည်။

နဉ်ရှောင်ယောင်း ကျောက်ခုံပေါ် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။

"လာပါ၊ ဦးရီးတော် ထိုင်ပါဦး။"

မင်းသားဖူ မထိုင်ဘဲ မတ်တတ်ရပ်လျက် အေးစက်စွာ မေးလိုက်သည်။

"အရှင်မင်းကြီး ဘာကိစ္စရှိလို့ လာတာလဲ။ ကျွန်တော်မျိုးမှာ အရှင်မင်းကြီးကို ပေးစရာ ဘာပစ္စည်းမှ မရှိတော့ဘူး။ ဒါနဲ့... အရှင်မင်းကြီးကို မေးပါရစေ၊ ကျွန်တော်မျိုးရဲ့လစာကို ဘယ်တော့ပေးမှာလဲ။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။

"လစာအကြောင်း မပြောရင် ကျွန်တော်တို့က တူဝရီးကောင်းတွေပဲ။"

မင်းသားဖူ ရှေ့ကကောင်လေးကို ရိုက်သတ်ချင်စိတ် ပေါက်သွားသည်။ ဘယ်သူက မင်းနဲ့ တူဝရီးကောင်းလဲ။

"ထားလိုက်ပါတော့၊ မထိုင်ချင်လည်း နေပေါ့။"

နဉ်ရှောင်ယောင်း မင်းသားဖူကိုကြည့်ပြီး ပြောလိုက်သည်။

"ကျွန်တော်လာတာက ဦးရီးတော်ကို သတင်းဆိုးတစ်ခု ပြောပြမလို့။"

မင်းသားဖူ ရန်သူကို ရင်ဆိုင်ရသလို နဉ်ရှောင်ယောင်းကို ကြည့်ပြီး မေးလိုက်သည်။

"အရှင်မင်းကြီး ဘာလုပ်လိုက်ပြန်ပြီလဲ။"

နဉ်ရှောင်ယောင်း အိတ်ကပ်ထဲမှ အရေးပေါ်သတင်းပို့စာလွှာကို ထုတ်ပြီး မင်းသားဖူလက်ထဲ ထည့်ပေးလိုက်သည်။

"ဦးရီးတော် ဖတ်ကြည့်လိုက်။"

မင်းသားဖူ သံသယဖြင့် သတင်းပို့စာလွှာကို ဖွင့်ဖတ်လိုက်သည်။

နဉ်ရှောင်ယောင်း သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ လောင်တသည် ဘယ်နေရာက ထွက်လာမှန်းမသိဘဲ နဉ်ရှောင်ယောင်း၏ပေါင်ပေါ်သို့ ခုန်တက်လာပြီး ဝပ်နေလိုက်သည်။ နဉ်ရှောင်ယောင်းသည် လောင်တ၏ခေါင်းကို ပွတ်ပေးရင်း အခြားအိတ်ကပ်ထဲမှ ငါးခြောက်လေးတစ်ကောင် ထုတ်ပြီး လောင်တပါးစပ်ထဲ ထည့်ပေးလိုက်သည်။

မင်းသားဖူ၏လက်များ တုန်ယင်လာသည်။ လက်ထဲမှစာရွက်များ တဖျပ်ဖျပ် မြည်နေသည်။

"သူပုန်တွေ ဖုန်းလင်မြို့ကို ချီတက်လာပြီ" ဆိုတဲ့ နေရာကို ဖတ်မိသွားပြီမှန်း နဉ်ရှောင်ယောင်း သိလိုက်သည်။

"ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ဖြစ်ရတာလဲ!"

မင်းသားဖူ သတင်းပို့စာလွှာဖတ်ပြီးနောက် နဉ်ရှောင်ယောင်းကို အော်ဟစ်လိုက်သည်။

"ကျွန်တော် မသိဘူးလေ။"

နဉ်ရှောင်ယောင်း အပြစ်ကင်းစင်စွာ ဖြေလိုက်သည်။

"စစ်ကူ လွှတ်ပြီးပြီလား။"

မင်းသားဖူ အော်ဟစ်မေးမြန်းနေဆဲပင်။

နဉ်ရှောင်ယောင်း လောင်တကို ဖက်ထားရင်း ပြောလိုက်သည်။

"လွှတ်လိုက်ပါပြီ။ ထောင်ယွီ ဦးဆောင်ပြီး မကြာခင် စစ်တိုက်ထွက်တော့မှာ။"

မင်းသားဖူ နဉ်ရှောင်ယောင်းရှေ့တွင် ဝင်ထိုင်လိုက်သည်။

"ထောင်ယွီ? ထောင်ချန်ရဲ့ မယားငယ်သားညီလား။ သူ လုပ်နိုင်ပါ့မလား။"

"ကျွန်တော် ထင်တာတော့..."

နဉ်ရှောင်ယောင်း မင်းသားဖူအနားသို့ ကိုယ်ကိုကိုင်းပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒီကိစ္စက စစ်တပ်တစ်ခုတည်းနဲ့ မရဘူး။"

မင်းသားဖူ အစပိုင်းတွင် စိတ်ပူနေသော်လည်း ယခု နားမလည်နိုင်ဖြစ်သွားသည်။

"ဒါဆို အရှင်မင်းကြီးက ဘာလုပ်ချင်လို့လဲ။"

"အဘိုးကြီးလီက ဦးရီးတော်ရဲ့လယ်တွေကို ခွဲဝေပေးနေတယ်လေ။"

"ဒါက သူပုန်ထတာနဲ့ ဘာဆိုင်လို့လဲ!"

မင်းသားဖူ ဒေါသထွက်သွားပြန်သည်။ ဒီကောင်လေးက သူ့အသည်းနှလုံးကို နေ့တိုင်း လာထိုးနှက်နေတာလား။

"စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော်ပြောတာ နားထောင်ပါဦး။"

နဉ်ရှောင်ယောင်း မင်းသားဖူကို နှစ်သိမ့်လိုက်သည်။

"အခု သူပုန်တပ်က ဖုန်းလင်မြို့ကို မရောက်သေးဘူးလေ။"

မင်းသားဖူ အသက်ပြင်းပြင်း ရှူလိုက်သည်။

"ကောင်းပြီ၊ မလှုပ်ရှားတော့ဘူး။ ပြော။"

"ကျွန်တော့်သဘောကတော့ လယ်တွေကို အဘိုးကြီးလီ စိတ်ပူစရာမလိုအောင် အနီးအနားမှာပဲ ခွဲဝေပေးလိုက်တာ ကောင်းမယ်။"

မင်းသားဖူ ဝုန်းခနဲ ထရပ်လိုက်သည်။

"လယ်ကိစ္စကို ဘာလို့ ထပ်ပြောနေရတာလဲ။"

သူ့မိန်းမနဲ့ ကလေးတွေက ဖုန်းလင်မြို့မှာလေ။ မြို့ကျသွားရင် ဘယ်လိုလုပ်မလဲဆိုတာ မင်းသားဖူ မတွေးရဲပေ။

နဉ်ရှောင်ယောင်း လက်လှမ်းပြီး မင်းသားဖူကို ကျောက်ခုံပေါ် ပြန်ဆွဲချလိုက်သည်။

"ကျွန်တော် လေ့လာကြည့်ပြီးပြီ။ သူပုန်တွေထဲမှာ အများစုက ဒုက္ခသည်တွေပဲ။"

မင်းသားဖူက မေးလိုက်သည်။

"ဒါဆို ကျန်တဲ့လူတွေက ဘယ်သူတွေလဲ။"

"ဪ၊ စစ်သေနာပတိချုပ် ပြောတာတော့..."

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ကျန်တဲ့လူတွေက အရည်အချင်းမရှိလို့ ဒုက္ခသည်တွေကြားမှာ ရောနှောပြီး ထမင်းစားနေတဲ့ လူယုတ်မာတွေတဲ့။" (စစ်သေနာပတိချုပ်လိုက တကယ်ပဲ အဲဒီလို ပြောလိုက်တာလား...)

"တကယ့်ကို လူယုတ်မာတွေပဲ။"

မင်းသားဖူ မုန်းတီးစွာ ပြောလိုက်သည်။

"အဲဒီ လူယုတ်မာတွေအကြောင်း နောက်မှ ပြောကြမယ်။ ဒုက္ခသည်တွေအကြောင်း အရင်ပြောရအောင်။ ဒုက္ခသည်တွေ ပုန်ကန်တာက နေစရာစားစရာ မရှိလို့လေ။ သူတို့မှာ လယ်ရှိမယ်၊ အိမ်ရှိမယ်၊ အသက်ရှင်နိုင်မယ်ဆိုရင် ခေါင်းနဲ့ရင်းပြီး ပုန်ကန်ကြပါ့မလား ဦးရီးတော်ရယ်။"

ဒီတစ်ခါတော့ မင်းသားဖူ နဉ်ရှောင်ယောင်းပြောတာကို နားဝင်သွားသည်။

"ဒါဆို အရှင်မင်းကြီးရဲ့ သဘောထားက..."

"ငွေပေးပြီး ဘေးကိုရှောင်။"

နဉ်ရှောင်ယောင်း ကျောက်စားပွဲကို ရိုက်ပြီး စကားလုံး ၆ လုံး ပြောလိုက်သည်။ (မူရင်းတွင် ၄ လုံး)

"ဘယ်သူ့ငွေကို ပေးမှာလဲ။"

မင်းသားဖူ ကြောင်သွားသည်။

"ဦးရီးတော်ရဲ့ လယ်တွေ၊ ဦးရီးတော်ရဲ့ ငွေတွေလေ။"နဉ်ရှောင်ယောင်းက မင်းသားဖူကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။

"ဦးရီးတော်လည်း သိသားပဲ။ ကျွန်တော်က ခင်ဗျားတို့ရဲ့ လစာကိုတောင် ကြွေးတင်နေတာ။ ကျွန်တော်က ဆင်းရဲတယ်လေ။"

မင်းသားဖူ "..."

ဒါက ငါ့ကို အသေသတ်နေတာပဲ။

"ဒါပေမဲ့ ဒီနည်းလမ်းက သူပုန်ခေါင်းဆောင်တွေအတွက်တော့ အသုံးမဝင်ဘူး။"

နဉ်ရှောင်ယောင်းက ဆက်ပြောလိုက်သည်။

"သူတို့က စားဝတ်နေရေး မပူရတော့ဘူး။ သူတို့ လိုချင်တာက ယုံနင်တိုင်းပြည်ရဲ့ ထီးနန်းအာဏာပဲ။ စစ်သေနာပတိချုပ် ကျွန်တော့်ကို ပြောပြတယ်။ ကျီးတုန်းဒေသက မြို့ ၁၉ မြို့ ကျဆုံးရတဲ့ အဓိကအကြောင်းရင်းတစ်ခုက မြို့အနီးနားက ဒုက္ခသည်တွေက ခေါင်းဆောင်ရှန် (သူပုန်ခေါင်းဆောင်) ရဲ့ တိုက်တွန်းမှုကို နာခံပြီး လက်နက်ကိုင် ပုန်ကန်ကြလို့တဲ့။"

"ဒါကြောင့် ပုန်ကန်နိုင်ချေရှိတဲ့ ဒုက္ခသည်တွေကို အရင်ဆုံး ငြိမ်အောင် ထိန်းထားမယ်ပေါ့။"

မင်းသားဖူ နဉ်ရှောင်ယောင်းကို ကြည့်တဲ့အကြည့် ပြောင်းလဲသွားသည်။ ဒီကောင်လေးက အရှက်မရှိ၊ ကိုယ်ကျင့်တရား မကောင်းပေမယ့် အရည်အချင်းတော့ ရှိသားပဲ။

***

All Chapters