အဓိကကျတာက တိုင်းတစ်ပါးရေပန်းစားမှုပဲ။
Vol. 18 Ch. 191
တုရှောင်ဟွေ့သည် ဓားကို ဆွဲထုတ်ကာ အားနည်းသူကို ကူညီပေးသည့် စိတ်ကူးအတွေးမျိုးကို မတွေးဖူးသော်လည်း ပိန်လှီနေတဲ့ ကလေးတွေ သစ်ကိုင်းခြောက်နှင့် အရိုက်ခံနေရတာကိုတော့ အမှန်တကယ်ပင် ရပ်ကြည့်မနေနိုင်ပေ။
နက်မှောင်ပိန်လှီသော လက်မောင်းလေးတွေပေါ်မှာ အနီရောင် အရှိုးရာတွေ သိသိသာသာ ထင်နေပြီး ထိုအရှိုးရာတွေကို ကြည့်ရုံနှင့်ပင် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားစေနိုင်သည်။
“ ရှင်က ဒီကလေးတွေနဲ့ ဘယ်လို ပတ်သက်နေတာလဲ။ ” ဟု တုရှောင်ဟွေ့က ခပ်တင်းတင်း မေးလိုက်သည်။ “ ကျွန်မကတော့ ရှင့်ကို လူကုန်ကူးတဲ့ လူလို့ပဲ ထင်တယ်။ ”
“ ကျုပ်ရဲ့ အရုပ်ဆိုးတဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး အထင်မလွဲပါနဲ့ မိန်းကလေး။ ကျုပ်က ရိုးသားတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ ”
ဝမ်အာက တုရှောင်ဟွေ့ရှေ့မှာ ဝင်ရပ်ပြီး တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။ “ ခင်ဗျားက ဘာစီးပွားရေးလုပ်တာလဲ။ ”
“ လူအရောင်းအဝယ်။ ”
လီယောင် မျက်မှောင်ကြုတ်လိုက်မိသည်။ လူအရောင်းအဝယ်လုပ်တဲ့ လူတွေက လူကုန်ကူးပြီး ပိုက်ဆံရှာတာပဲ မဟုတ်လား … ။ ဒါပေမဲ့ သူတို့ လူကုန်ကူးတဲ့ တစ်ဖက်မိသားစုတွေကို အဖိုးအခပေးပြီး စာချုပ် ချုပ်ထားတာမို့ တရားမဝင်တာတော့ မဟုတ်ပါ။
သူတို့က လူတွေကို ဝယ်ယူပြီးရင် ပုံမှန်အားဖြင့် လူရောင်းတဲ့ ဈေးထဲမှာ သွားရောင်းလေ့ရှိသည်။ ဝယ်သူ မရှိရင် ၊ သို့မဟုတ် မျှော်မှန်းထားတဲ့ ဈေးကို မရရင် ထိုလူတွေကို မရောင်းတော့ဘဲ သူတို့အတွက်ပဲ ခိုင်းစားလေ့ရှိသည်။
မုတ်ဆိတ်မွေးနှင့် ဒီလူကတော့ ဒုတိယအမျိုးအစား ဆိုတာ သိသာသည်။
“ ခင်ဗျားက လူအရောင်းအဝယ်လုပ်တဲ့ စီးပွားရေးသမားမို့လို့ ဒီကလေးတွေကို ခင်ဗျား ဝယ်ထားတာလို့ အခိုင်အမာ ပြောနေရင် ခင်ဗျားမှာ စာချုပ်တွေတော့ ရှိမှာပေါ့။ ”
“ မင်းက ဘယ်သူလဲ။ ” ဟု နှုတ်ခမ်းမွေးနှင့် အမျိုးသားက အေးစက်စက် မေးလိုက်သည်။ “ အရာရှိ မဟုတ်ဘူး ဆိုရင် သူများရဲ့ အလုပ်ကိစ္စကို ဝင်မနှောင့်ယှက်ဖို့ပဲ အကြံပေးမယ်။ ”
ဝမ်အာ မျက်မှောင်ကြုတ်သွားရပါသည်။ တကယ်လည်း သူက အရာရှိ မဟုတ်ပါ။ သို့သော် ဒီလို ကိစ္စမျိုးကို မျက်နှာလွှဲခဲပစ်လုပ်ရင် အနာဂတ်မှာ သူ အရာရှိဖြစ်လာတဲ့အခါ ပြည်သူတွေကို ဘယ်လို စောင့်ရှောက်ပေးနိုင်မှာလဲ။
ထို့ကြောင့် သူ့အတွေးတွေကို စုစည်းကာ ရှေ့တိုးပြီး ပြောလိုက်သည်။ “ ကျွန်တော်က အရာရှိ မဟုတ်ပေမဲ့ ခင်ဗျားကို လူကုန်ကူးနေတဲ့လူလို့ သံသယရှိတယ်။ ကျွန်တော့်မှာ ဒီကိစ္စကို တားဆီးပိုင်ခွင့်ရှိတယ် ၊ ရုံးတော်ကို သတင်းပို့ပိုင်ခွင့် ရှိတယ်။ အခုချက်ချင်း ကျွန်တော် ရုံးတော်ကို လူလွှတ်ပြီး အကြောင်းကြားလိုက်မယ်။ အရာရှိတွေ ဒီကို ရောက်လာပြီး ခင်ဗျား သူတို့ကို တရားဝင် ဝယ်ယူထားတာ ဟုတ် ၊ မဟုတ် စစ်ဆေးပြီးမှ ခင်ဗျား ပြန်လို့ ရမယ်။ ”
မုတ်ဆိတ်မွေးနှင့် လူက ဝမ်အာဟာ ကျိုးကြောင်းဆီလျော်ပြီး အနာဂတ်မှာ အရာရှိဖြစ်လာနိုင်တဲ့ ပညာတတ် ကျောင်းသားတစ်ယောက် ဆိုတာကို သိသွားလို့လား မပြောတတ်ဘဲ အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။
လူအများစုရဲ့ အမြင်မှာ ကျောင်းသားတွေက အာဏာမရှိတဲ့ ပျော့ညံ့သူတွေ ဖြစ်သော်လည်း သူတို့က တစ်နေ့မှာ အရာရှိတွေ ဖြစ်လာနိုင်သည်။ ပြီးတော့ ကျောင်းသားအများစုမှာ အာဏာရှိတဲ့ သူငယ်ချင်းတွေ ၊ မိသားစုတွေ ရှိသည်။
သူ့လို လူအရောင်းအဝယ်လုပ်သူ ပမွှားလေးတစ်ယောက်အဖို့ အဲ့ဒီလို ကျောင်းသားမျိုးကို ရန်မစတာ ပိုကောင်းသည်။
“ ကျုပ်မှာ စောင်နေ့ဖို့ အချိန်မရှိဘူး။ ” မုတ်ဆိတ်မွေးနှင့် လူက ပြောပြောဆိုဆို သူ့အိတ်ကပ်ထဲက စာချုပ်သုံးစောင်ကို ထုတ်လိုက်သည်။ “ ကိုယ်တိုင်ပဲ ကြည့်တော့။ ”
ဝမ်အာ စာချုပ်တွေကို ယူပြီး ကြည့်လိုက်တော့ အမှန်တကယ်ပဲ အိမ်ထောင်စုကြီးကြပ်ရေးအရာရှိရဲ့ တံဆိပ်တုံး ထုထားသည့် လူအရောင်းအဝယ် စာချုပ်တွေ ဖြစ်နေတာကို တွေ့လိုက်ရသည်။ အခု နည်းနည်းလေးတော့ အကြပ်ရိုက်သွားပါပြီ။
တုရှောင်ဟွေ့က ဝမ်အာ့ကို တီးတိုး ပြောလိုက်သည်။ “ အစ်ကိုဝမ် … ဒီလူက သူတို့ကို စာချုပ်နဲ့ တရားဝင် ဝယ်ထားတာ ဆိုတော့ ပြန်ရောင်းဖို့ အစီအစဉ်ရှိမှာ သေချာတယ်။ ”
ဝမ်အာက ထိုစကားကို ကြားသည်နှင့် တုရှောင်ဟွေ့ ပြောချင်တဲ့ အဓိပ္ပာယ်ကို တန်းနားလည်သွားသည်။ သူမလည်း ဒီကလေးသုံးယောက်ကို ဝယ်ချင်နေတာ ဖြစ်သည်။ ကျောင်းတစ်ကျောင်းကို တည်ထောင်တဲ့အခါ အကူအညီပေးမယ့် လက်အပိုတွေ လိုအပ်ပါလိမ့်မည်။ ဒီကလေး သုံးယောက်ကလည်း ကိစ္စအများစုကို ကူညီပေးဖို့ လုံလုံလောက်လောက် အသက်ကြီးနေပြီပင်။
ဒါပေမဲ့ လူတွေကို ဝယ်ယူတာကို သူ့တစ်ယောက်တည်းရဲ့ အမြင်နှင့် ဆုံးဖြတ်လို့ မရသောကြောင့် လီယောင့်ကို “ အမေ ဘယ်လို သဘောရလဲ။ ” ဟု သွားမေးလိုက်သည်။
လီယောင်ကတော့ အခြေအနေတွေကို အေးစက်စက် စောင့်ကြည့်နေခဲ့သည်။ ပုံမှန်မဟုတ်တဲ့ အချက်တွေကို သူမ သတိပြုမိပါသည်။ ဒါက လူအရောင်းအဝယ်လုပ်တဲ့ ဈေးနှင့် အတော်လေး အလှမ်းဝေးတဲ့ ညဈေး ဖြစ်သည်။
ညဘက်ကြီး ဒီလို အချိန်မှာ ဒီလူအရောင်းအဝယ်သမားက ဒီနေရာကို ဘာလို့ ရောက်နေတာလဲ … ။ ခုနတုန်းက ကလေးတွေကို ရိုက်နှက်နေတုန်းကလည်း ထိုလူရဲ့ သစ်ကိုင်းခြောက်ရိုက်ချက်တွေက ကောင်မလေးနှစ်ယောက်ကိုပဲ အများဆုံး ရွယ်ပြီး အားနှင့်မာန်နှင့် ရိုက်နေခဲ့တာပင်။ အဲ့ဒါကလည်း ထူးဆန်းသည်။
မိန်းကလေးငယ်လေးတွေကို ဝယ်ယူမယ့် လူတွေက ဖြူကြည်နူးညံ့တဲ့ အသားအရေကိုပဲ သဘောကျတယ် ဆိုတာ လူတိုင်း သိသည်။ အညိုအမည်း ဒဏ်ရာတွေက ဈေးကျစေသည်။
ဒီလူက ကောင်လေးကိုကျ သိပ်မရိုက်တဲ့အပြင် ရိုက်တော့လည်း အားသိပ်မသုံးပေ။
ဒီလူရဲ့ အပြုအမူတွေနှင့် ပတ်သက်လို့ သူမကို သံသယဖြစ်စေတဲ့ ကျိုးကြောင်းဆီလျော်မှုမရှိသော အချက်တွေ အများကြီး ရှိသည်။ ဖြစ်နိုင်တာကတော့ သူ ဒီကလေးသုံးယောက်ကို အလွယ်တကူ ရောင်းလို့ ရအောင် လူတွေရဲ့ ကရုဏာကို တမင် ချူနေတာပဲ ဖြစ်လိမ့်မည်။
“ အမေ … ”
“ မင်းဘာသာပဲ ဆုံးဖြတ်ပါ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒါပေမဲ့ မင်းကို သတိတော့ ပေးလိုက်မယ်။ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိလည်း လူတိုင်းကို သံသယနဲ့ ကြည့်ပါ။ ကိစ္စတိုင်းကို အပေါ်ယံ မဟုတ်ဘဲ အတွင်းကျကျ စူးစမ်းလေ့လာပါ။ ”
ဝမ်အာက ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ “ ကျွန်တော် နားလည်ပါတယ် အမေ။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ဝယ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ကျောင်းတည်ထောင်တဲ့အခါ ကူညီပေးမယ့် လက်အပိုတွေကို လိုအပ်တယ်။ ”
လီယောင်သည် ဘာမှတ်ချက်မှ ထပ်မပေးဘဲ ခေါင်းညိတ်လိုက်၏။ တချို့ ကိစ္စတွေက ကိုယ်တိုင် ကြုံတွေ့ဖူးမှသာ နားလည်နိုင်တာမျိုးလေ။
ဝမ်အာက လူအရောင်းအဝယ်သမားဘက်ကို လှည့်ပြီး “ ဒီကလေးသုံးယောက်အတွက် ခင်ဗျား ဘယ်လောက် လိုချင်လဲ။ ” ဟု မေးလိုက်သည်။
“ မင်း ဝယ်မလို့လား။ ”
“ ဟုတ်တယ်။ ”
“ မင်း ဘာလို့ အစောကြီးကတည်းက မပြောတာလဲ။ ” ထိုလူက မျက်နှာချိုသွေး၍ ပြုံးပြသည်။ “ မင်း သုံးယောက်လုံးကို ဝယ်မယ် ဆိုရင် လျှော့ဈေးနဲ့ ပေးလိုက်မယ်။ သုံးယောက်လုံးကိုမှ ငွေချောင်း ဆယ်ချောင်း ဆိုရင် ဘယ့်နှယ့်လဲ။ ”
“ ငွေချောင်း ငါးချောင်း။ ” ဝမ်အာက ချက်ချင်းပဲ ဆန့်ကျင်စကားဆိုလိုက်သည်။
“ မရဘူး။ အနည်းဆုံး ငွေချောင်း ကိုးချောင်း။ ”
“ ကျုပ်ကတော့ ငွေချောင်း ငါးချောင်းပဲ။ မရရင် မဝယ်တော့ဘူး။ ”
ထိုလူက သူ့ကံကောင်းမှုတွေ ပျောက်ဆုံးသွားသလိုမျိုး အံကြိတ်သည်။ “ ကောင်းပြီ ကောင်းပြီ။ ငွေချောင်း ငါးချောင်း ဆိုတော့လည်း ငါးချောင်းပေါ့။ သူတို့ ငါ့ဆီမှာ အကြာကြီး ရောင်းမထွက်ဘဲ သောင်တင်နေလို့ ငါ့မှာ ပိုက်ဆံပြတ်နေတာကြောင့်သာ မဟုတ်ရင် သူတို့ကို ဒီဈေးနဲ့ ရောင်းမှာ မဟုတ်ဘူး။ ”
လူတွေကိုတောင် ပိုက်ဆံနှင့် ရောင်းဝယ်ဖောက်ကားလို့ ရနေသည်တဲ့လား။
ထိုလူက ပိုက်ဆံယူပြီးသည်နှင့် ချာခနဲ လှည့်ထွက်သွားသည်။
တုရှောင်ဟွေ့က ကလေးတွေရဲ့ ဒဏ်ရာတွေကို အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။ နီရဲရောင်ကိုင်းနေတဲ့ ဒဏ်ရာတချို့က လွဲလို့ သူတို့ အဆင်ပြေတာကို တွေ့တော့မှ လေသံပျော့လေးဖြင့် နူးညံ့စွာ ပြောလိုက်သည်။ “ မကြောက်နဲ့တော့နော်။ အခုက စပြီး မင်းတို့ အစ်မတို့နဲ့ နေရမယ်။ ”
ကလေးသုံးယောက်က တညီတညွှတ်တည်း ခေါင်းညိတ်ပြသည်။ တုရှောင်ဟွေ့က သူတို့ကို နီးစပ်ရာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဗိုက်ပြည့်သွားအောင် အစားအသောက်တွေ ဝယ်ကျွေးပြီးမှ အထည်ဆိုင်ကို ပြန်သွားကာ တစ်ယောက်ကို အင်္ကျီနှစ်စုံစီ ဝယ်ပေးပြီး တည်းခိုခန်းကို ခေါ်လာခဲ့လေသည်။
ဗိုက်တင်းကားနေအောင် အစားအသောက်တွေ စားခဲ့ရခြင်း ၊ အဝတ်အစားအသစ်တွေ ဝတ်ဆင်ရခြင်းနှင့် အထက်တန်းလွှာ ပတ်ဝန်းကျင်ကို ရောက်လာခြင်းကို ကလေးသုံးယောက်ကို များစွာ စိတ်လက်ပေါ့ပါးစေသည်။ သူတို့ကို ဆူပူရိုက်နှက်မယ့်လူ တစ်ယောက်မှ မရှိပါ။
တုရှောင်ဟွေ့က သူတို့ရဲ့ မိသားစုနောက်ခံအကြောင်း မေးလိုက်လိုက်တော့ သူတို့ဟာ မကြာသေးမီတုန်းက ကျိုင်းကောင်ကပ်ဘေးမှာ အများဆုံး ထိခိုက်ဆုံးရှုံးခဲ့သည့် စီရင်စုတွေက လာတာကို သိလိုက်ရသည်။ မနှစ်တုန်းကလည်း သီးနှံအထွက်နှုန်းမကောင်းသောကြောင့် သူတို့ရဲ့ မိသားစုတွေဟာ သူတို့ကို ထမင်းကျွေးဖို့ ရုန်းကန်နေရသည်ဟု ဆိုသည်။ ဒီနှစ်မှာ ကျိုင်းကောင်တွေကြောင့် သီးနှံတွေ ပျက်စီးသွားသောအခါ သူတို့ကို ရောင်းချဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။
ကောင်လေးရဲ့ နာမည်က ဝူထုံဖြစ်ပြီး အသက်ဆယ်နှစ်ဖြစ်ကာ ဝမ်ရှောင်စစ်ထက် တစ်နှစ်ကျော် ကြီးသည်။ သူက သုံးယောက်ထဲမှာ အစဉ်းစားတတ်ဆုံး ဖြစ်သည်။
“ မင်း အရင်က စာသင်ဖူးလား ဝူထုံ။ ” ဟု တုရှောင်ဟွေ့က မေးလိုကတော့ ဝူထုံက “ တစ်ခါမှ မသင်ဖူးဘူး။ ” ဟု ပြန်ပြောသည်။
“ ကျွန်တော်တို့က တအား ဆင်းရဲတယ်။ ကျွန်တော် လမ်းလျှောက်တတ်စအရွယ်ကတည်းက လယ်ထဲမှာ အလုပ် လုပ်ခဲ့ရတာ။ ငယ်ငယ်လေးကတည်းက အလုပ်ကြမ်းတွေ လုပ်ခဲ့ရတာ။ ”
“ အိုး။ ဘဝက ကြမ်းတမ်းခဲ့တာပဲကွယ်။ ” တုရှောင်ဟွေ့က သူ့လက်လေးတွေကို ကြည့်ပြီး ပြုံးလိုက်သည်။ “ မင်းက အိမ်မှုဝေယျာဝိစ္စတွေကို သေချာပေါက် အကူအညီပေးနိုင်မှာပဲ။ ”
ဝူထုံက ‘ ဟုတ် ’ ဟု ဆိုကာ ခေါင်းညိတ်သည်။ “ အစ်မ ကျွန်တော့်ကို ပိုက်ဆံနဲ့ ဝယ်လိုက်ပြီ ဆိုကတည်းက ကျွန်တော် အစ်မအတွက် အလုပ်ကြိုးစားမှာပါ။ ”
“ လိမ္မာတယ်။ ”
တုရှောင်ဟွေ့က စိတ်ကျေနပ်စွာ ပြုံးပြီး ကောင်မလေးနှစ်ယောက်ကို ဆက်မေးလိုက်သည်။
နှစ်ယောက်လုံးက ရှစ်နှစ်အရွယ်လေးတွေ ဖြစ်ပြီး လူအရောင်းအဝယ်သမား ပေးထားတဲ့ နာမည်တွေအရ တစ်ယောက်က ဟုန်းယန် ၊ နောက်တစ်ယောက်က ရှန်းနန် ဖြစ်သည်။ ရောင်းချလိုက်တဲ့ လူတွေက သူတို့ရဲ့ မူလနာမည် ၊ မိသားစုနာမည်တွေကို ဆက်သုံးခွင့်မရှိပါ။
လီယောင်က ထိုနာမည်တွေကို ကြား,ကြားချင်မှာပဲ “ ဘယ်လောက်တောင် ဆိုးဝါးလိုက်တဲ့ နာမည်တွေလဲ။ နာမည်ပြောင်းဖို့ လိုတယ်။ ” ဟု ပြောလိုက်သည်။
“ ဒါဆို ကျေးဇူးပြုပြီး သူတို့ကို နာမည်အသစ်လေးတွေ မှည့်ပေးပါဦး အမေ။ ”
လီယောင်က ခဏ တွေးနေပြီးမှ ပြောသည်။ “ ဘယ်ဘက်က တစ်ယောက်ကို အန်နာ ၊ ညာဘက်က တစ်ယောက်ကို အဲလ်ဆာလို့ နာမည်ပေးလိုက်။ ”
တုရှောင်ဟွေ့ : ……
လူတိုင်း : ……
ပုံမှန်မဟုတ်တဲ့ ၊ ထူးဆန်းလွန်းတဲ့ နာမည်တွေပဲ။
လီယောင်ကတော့ သူတို့ရဲ့ နားမလည်နိုင်သော အမူအရာတွေကို ကြည့်ပြီး ထွေထွေထူးထူး ရှင်းပြမနေဖို့ ဆုံးဖြတ်လိုက်သည်။ သူမကတော့ သူမရဲ့ တီထွင်နိုင်စွမ်းကို အတော်လေး စိတ်တိုင်းကျသည်။ မိန်းကလေးအစေခံတွေမှာ တိုင်းတစ်ပါးနာမည်တွေ ရှိသင့်သည်။
အန်နာနှင့် အဲလ်ဆာက ဝူထုံနှင့် မတူဘဲ အလွန် တိတ်ဆိတ်ကာ စကားတစ်ခွန်း ၊ နှစ်ခွန်းနှင့် လေသံတိုးညှင်းစွာ ပြန်ဖြေသည်။ မေးခွန်းအများစုကို သူတို့ ရေရေရာရာ မဖြေနိုင်ပါ။
“ ကဲ ၊ အန်နာနဲ့ အဲလ်ဆာ … ဒီည မင်းတို့တွေ အစ်မနဲ့ တစ်ခန်းထဲ အိပ်ရမယ်။ ဝူထုံကတော့ ယောက်ျားလေးတွေရဲ့ အခန်းထဲက ကြမ်းပြင်မှာ အိပ်လိုက်နော်။ အစ်ကိုတာ့ကျွမ်းက သူ့အတွက် ဖျာနဲ့ စောင်တွေ ပေးလိုက်နော်။ "
“ ကျေးဇူးပါ အစ်မ။ ”
…