သရဲခြောက်ခံရခြင်း။
Vol. 18 Ch. 192
နောက်တစ်နေ့မှာတော့ လူတိုင်း လုပ်စရာရှိတာတွေကို ကိုယ်စီ သွားလုပ်ကြသည်။
ဝမ်အာနှင့် စုန့်ကျယ်ကတော့ စာလေ့လာဖို့အတွက် တည်းခိုခန်းမှာပဲ ကျန်ရစ်ခဲ့ကြသည်။
ဒီနေ့ တရားသူကြီးစုန့်ကလည်း သူ ပိုင်ချွမ်းခရိုင်မှာပဲ ဆက်နေရမလား ၊ နေပြည်တော်ကို ရာထူးတိုးပြောင်းရမလား ဆိုတာကို လျို့ယွင်နှင့် တခြား တရားသူကြီးတွေနှင့်အတူ ဆွေးနွေးဖို့ ယိကျိုးစီရင်စုကို သွားဖို့ လိုတာမို့ တရားသူကြီးကတော်ကလည်း အတူလိုက်သွား၏။
လီယောင်ကတော့ တခြားသူတွေကို ခေါ်ပြီး အိမ်ဝယ်ဖို့ ထွက်လာခဲ့သည်။ သူမက ယိကျိုးစီရင်စုရဲ့ နေထိုင်မှုပုံစံနှင့် မရင့်နှီးတာကြောင့်ရော ၊ လျို့ယွင်ကို မနှောင့်ယှက်ချင်တာကြောင့်ရော အိမ်ခြံမြေပွဲစားတစ်ယောက်ကို ရှာထားသည်။
သူမ အဆောင်သုံးဆောင်ပါတဲ့ အိမ်ကို ဝယ်ချင်တယ် ဆိုတဲ့ စကားကို ကြားသည်နှင့် အိမ်ခြံမြေပွဲစားရဲ့ စာရေးက ကောင်းကင်ထက်က နေမင်းလိုမျိုး တက်ကြွသွားကာ ဆိုင်ရှင်သည် စာရေးနှစ်ယောက်ကို ခေါ်ပြီး ဆိုက်ကားနှစ်စီးနှင့်အတူ လီယောင်တို့မိသားစုကို ရောင်းချမည့် အိမ်ဆီသို့ ခေါ်သွားခဲ့သည်။
“ သခင်မရဲ့ မျိုးရိုးနာမည်ကို မေးလို့ ရမလား။ ”
“ လီပါ။ ”
“ ဒါဆို သခင်မလီပေါ့။ ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က ကျန်းပါ။ ” ဟု ဆိုင်ရှင်ကျန်းက ပြန်ပြောသည်။ “ ဒီအိမ်က လက်ရှိ ကျွန်တော့်မှာ ရှိသမျှ အိမ်တွေထဲမှာ အကောင်းဆုံးပဲ။ သခင်မလီ ကြည့်ရအောင်လို့ ခေါ်သွားပေးပါ့မယ်။ ”
လေးလံသော အရှေ့တံခါးကို ဖွင့်လိုက်တော့ တောင်တန်းပုံကန့်လန့်ကာကို မြင်ရသည်။ ထိုကန့်လန့်ကာကို ဖြတ်ကျော်လာတော့မှ ကျယ်ဝန်းသော အရှေ့ဘက် ခြံဝင်းနှင့် အုတ်ပြာကြမ်းပြင်ကို မြင်ရသည်။ ဘယ်ညာ တစ်ဖက်တစ်ချက်ဆီက အခန်းတွေက အစေခံတွေအတွက် ဖြစ်သော်လည်း ကျယ်ဝန်းတဲ့ အခန်းတွေပဲ ဖြစ်ပါသည်။
ထိုအခန်းတွေမှာ ပြတင်းပေါက်တွေကို တပ်ဆင်ထားပြီး အခန်းထဲမှာလည်း ခုတင် ၊ စားပွဲ ၊ ထိုင်ခုံ စသည်ဖြင့် အတော်လေး ပြည့်ပြည့်စုံစုံရှိသည်။
ဒုတိယတံခါးကို ဖြတ်ကျော်လာခဲ့သောအခါ အစေခံအခန်းတွေ မရှိဘဲ ပိုမိုကျယ်ဝန်းသော ခြံဝင်းနှင့် ပင်မအိမ်တော်ကို မြင်လိုက်ရလေသည်။ အလယ်မှာ ကြီးမားသော ဧည့်ခန်းဆောင်ကြီး ရှိပြီး ဘေးတစ်ဖက်ဆီမှာတော့ စာကြည့်ခန်းအဖြစ် အသုံးပြုလို့ ရတဲ့ အိပ်ခန်း နှစ်ခန်း ရှိသည်။
နောက်ဆုံးအဆောင်ကတော့ ပိုလို့တောင် ကြီးကျယ်ခမ်းနားသည်။ ခြံဝင်းထဲမှာ ပန်းဥယျာဉ်တစ်ခု ရှိပြီး ပင်မအိမ်တော်မှာ အဆောင်အခွဲ ငါးခု ရှိသည်။ ခြံထောင့်မှာလည်း အပင်ကြီးနှစ်ပင် ရှိကာ တစ်ပင်က ထန်းပင် ၊ တစ်ပင်က တရုတ်ဆီးသီးပင် ဖြစ်သည်။
ပင်မအိမ်တော်ထဲက ပရိဘောဂတွေက ထိပ်တန်းအရည်အသွေး ဖြစ်ပြီး အခုချက်ချင်း အဆင်သင့် တက်နေလို့တောင် ရသည်။
ဒီအိမ်ကို ပိုပြီး ဆွဲဆောင်မှုရှိသွားစေတာက အရှေ့က ခြံဝင်းသုံးခုကို ပေါင်းစပ်ထားသလောက်နီးပါး အလွန် ကျယ်ဝန်းတဲ့ နောက်ဖေးခြံဝင်းတစ်ခုလည်း ရှိနေတာပဲ ဖြစ်သည်။ နောက်ဖေးခြံထဲမှာ မီးဖိုချောင် ၊ အိမ်သာနှင့် ငါးဖမ်းလို့ ရတဲ့ ရေကန်လေး တစ်ကန် ရှိသည်။
“ စိတ်တိုင်းကျပါရဲ့လား သခင်မလီ။ ”
စိတ်တိုင်းကျမှုနှင့် ပတ်သက်လျှင်တော့ လီယောင် အမှန်တကယ် စိတ်တိုင်းမကျပါ။ ဒီအိမ်ကို သစ်သားတွေနှင့်သာ ဆောက်လုပ်ထားပြီး ပြတင်းပေါက်လေးတွေက သေးလွန်းတာကြောင့် လေဝင်လေထွက်မကောင်းသလို အလင်းရောင်လည်း ကောင်းကောင်း မရပေ။
သို့သော် တခြားအိမ်တွေကလည်း ဒီပုံစံအတိုင်း ဖြစ်နေနိုင်တာကို တွေးမိတော့ သူမ ကြေး(ဂျီး)များမနေတော့ပါ။
ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ သူမရဲ့ ကိုယ်ပိုင်စိတ်ကူးတွေအတိုင်း ဒီအိမ်ကို အသစ်ပြင်ဆင်လို့ ရသလို ဖြိုချပြီး အသစ်ပြန်ဆောက်လို့တောင် ရသည်။ ဒီခေတ်မှာ အိမ်ဆောက်ဖို့အတွက် ဘယ်သူ့ကိုမှ ခွင့်ပြုချက်တောင်းနေစရာ မလိုပါ။ ဝယ်ပြီးသွားတာနှင့် စိတ်တိုင်းကျ လုပ်လို့ ရသည်။
“ ဈေးက ဘယ်လောက်လဲ။ ”
“ ဟဲဟဲ ၊ ဈေးကတော့ နည်းနည်း မြောက်တယ်။ ” ဟု ဆိုင်ရှင်ကျန်းက ပြောပြီး လက်သုံးချောင်း ထောင်ပြသည်။ “ သခင်မလီ ဒီအိမ်ကို ဝယ်ချင်ရင် မူရင်းဈေး ငွေချောင်း ( ၃၀၀၀၀ ) ကို ( ၁၀ ) ရာခိုင်နှုန်းလျှော့ပြီး ငွေချောင်း ( ၂၇၀၀၀ ) နဲ့ ရောင်းပေးမယ်။ ”
လက်ရှိအချိန်မှာ လီယောင့်မှာ ပိုက်ဆံရှိနေပြီ ဆိုပေမဲ့ ထိုပိုက်ဆံကို လက်လွတ်စပယ် အသုံးပြုလောက်တဲ့ထိတော့ သူမ မရူးနှမ်းပါ။
“ ငွေချောင်း ( ၁၀၀၀၀ ) ပဲ ပေးမယ်။ ရှင် သဘောတူရင် ကျွန်မ အခုချက်ချင်း ဝယ်မယ်။ ”
“ အဲ့ဈေးကတော့ အရမ်း နည်းလွန်းတယ် သခင်မလီ။ အရမ်း နည်းလွန်းတယ် … ”
“ ဒါဆို ကျွန်မတို့ တခြားနေရာ ရှာရမှာပေါ့။ ”
လီယောင်က တုံ့ဆိုင်းမနေဘဲ ချက်ချင်း ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်၏။ ဆိုင်ရှင်ကျန်းက သူမ ထွက်သွားဖို့ စိတ်ဆုံးဖြတ်လိုက်တာကို မြင်သောအခါ ဈေးဆစ်ဖို့ ကြံနေသော သူ့အစီအစဉ်တွေ ကျရှုံးသွားခဲ့ရသည်။
“ ဟုတ်ပြီ။ ငွေချောင်း ( ၁၀၀၀၀ ) ပဲ ပေး။ ကျွန်တော် ဒီတစ်ခေါက် လျှော့ပေးလိုက်မယ်။ ”
လီယောင် : ???
တစ်ခုခုတော့ မှားနေပြီ။ သူမက အနည်းဆုံး ငွေချောင်း ( ၂၀၀၀၀ ) ကနေ စပြီး ညှိနှိုင်းဖို့ ရည်ရွယ်ထားတာပါ။ ငွေချောင်း ( ၁၀၀၀၀ ) လို့ ပြောလိုက်တာက သူ့စိတ်ကို စမ်းသပ်ချင်လို့သာ ဖြစ်ပြီး သူ ထိုဈေးနည်းနည်းလေးနှင့် ရောင်းပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့။
ဒီလို အောက်ဈေးနှင့် ပေါပေါလောလော ရောင်းလိုက်ခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်တချို့ ရှိနေလိမ့်မည်ဟု ခံစားရသော်လည်း မြေကွက်တစ်ခုတည်းကပင် ငွေချောင်း ( ၁၀၀၀၀ ) လောက် တန်နေသောကြောင့် ရှည်ရှည်ဝေးဝေး မတွေးဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့သည်။
ဆိုင်ရှင်ကျန်းက သူ့စာရေးတွေကို ပိုင်ဆိုင်မှုစာချုပ် ယူလာခိုင်းလိုက်ပြီး ယိကျိုးစီရင်စု တရားသူကြီးဟောင်းရဲ့ ရုံးတော်ကို သွားကာ ပိုင်ဆိုင်မှုလွှဲပြောင်းကြောင်း မှတ်ပုံတင်ရသည်။ ခပ်သုတ်သုတ် လုပ်ကိုင်ပြီးတဲ့နောက် အဆောင်သုံးဆောင် ပါဝင်သော အိမ်ကြီးဟာ လီယောင့်အပိုင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ငွေချောင်း ( ၁၀၀၀၀ ) ကို နှမြောတွန့်တိုမှုမရှိ သုံးလိုက်တဲ့ လီယောင့်ကို ကြည့်ပြီး သူမ မနေ့တုန်းက ဝယ်လာတဲ့ ကလေးသုံးယောက်က ဆွံ့အနေကြသည်။ သူတို့ ကျိကျိတက် ချမ်းသာတဲ့ လူတွေနှင့် တွေ့ဆုံသွားတာ သေချာသည်။
ကလေးသုံးယောက်လုံးက သူတို့ ဘာဆက်လုပ်ရမလဲ ဆိုတာ အလိုက်သိသည်။ အန်နာက တံမြက်စည်းတစ်ချောင်းကို ယူပြီး သန့်ရှင်းရေးစလုပ်သည် ၊ အဲလ်ဆာက ရေတွင်းထဲက ရေသန့်တွေကို ခပ်ယူပြီး ပရိဘောဂတွေကို ပွတ်တိုက်ဆေးကြောသည် ၊ ဝူထုံကတော့ ဥယျာဉ်ထဲမှာ ဆောင့်ကြောင့်ထိုင်ပြီး ပေါင်းပင်တွေကို ရှင်းလင်းနေခဲ့သည်။
လီယောင်က ဝမ်ရှောင်စစ်ကို ခေါ်ပြီး သူတို့မှာ လိုအပ်နေသေးတဲ့ အိုးခွက်ပန်းကန် ၊ အိပ်ရာခင်း ၊ ဆီ ၊ ဆား ၊ အချဉ်ရည် ၊ ဟင်းခတ်အမွှေးအကြိုင် ၊ ဆန် ၊ ဂျုံမှုန့်နှင့် အသားတို့လို ပစ္စည်းတွေကို ဝယ်ဖို့ ထွက်သွားကာ သူတို့ ပြန်ရောက်လာတော့ နွားလှည်းနှစ်စီးစာ ပစ္စည်းတွေ ပါလာသည်။
ညနေဘက်ရောက်တော့လလီယောင် ဝမ်ရှောင်စစ်အား ဝမ်အာနှင့် စုန့်ကျယ်ကိုလည်း သွားခေါ်ဖို့ ပြောလိုက်သည်။ တစ်မိသားစုလုံးအတွက် အရသာရှိတဲ့ ညစာကို သူမကိုယ်တိုင် ချက်ပြုတ်ထားသည်လေ။
“ အခုက စပြီး ကျွန်တော်တို့မှာ ယိကျိုးစီရင်စုမှာလည်း အိမ်ရှိသွားပြီ။ ” ဟု ဝမ်ရှောင်စစ်က ထမင်းစားရင်း ပျော်ရွှင်စွာ ထပြောသည်။ “ အမေ … ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဟဲဝမ်ရွာသူ ၊ ရွာသားတွေလို့ သတ်မှတ်ရမလား ၊ ယိကျိုးစီရင်စုမှာ နေထိုင်သူတွေလို့ သတ်မှတ်ရမလားဟင်။ ”
“ မင်းစိတ်တိုင်းကျသာ သတ်မှတ်။ ”
“ ဒီလိုဆို … ” ဝမ်အာက ခဏလောက် စဉ်းစားနေပြီးမှ “ ကျွန်တော် ဟဲဝမ်ရွာသားပဲ ဖြစ်ချင်တယ်။ ” ဟု ပြောလိုက်တော့ စုန့်ကျယ်က “ ဘာလို့လဲ။ ယိကျိုးစီရင်စုမှာ နေထိုင်သူ ဖြစ်ရတု ဘာချို့ယွင်းချက်ရှိလို့လဲ။ ” ဟု ဝင်မေးသည်။
“ ဒီနေရာက ကောင်းပါတယ်။ ဒါပေမဲ့ အရမ်း တိတ်ဆိတ်လွန်းတယ်။ ”
ထိုစကားတစ်ခွန်းတည်းနှင့် လီယောင်ရဲ့ ခေါင်းထဲမှာ သတိပေးခေါင်းလောင်းသံမြည်ကာ ဆတ်ခနဲ တုန်ခါသွားသည်။ ဝမ်ရှောင်စစ် ပြောတာ မှန်ပါသည်။ ဒီနေရာက တိတ်ဆိတ်လွန်းသည်။
လက်တွေ့ကျကျ ပြောရရင် ဒီနေရာရ လက်ရှိ ယိကျိုးတော်ဝင်နန်းတော်နှင့် ဆယ်မိနစ်စာ လမ်းလျှောက်ရုံလောက်ပဲ သေးတဲ့ မြို့လယ်ခေါင် နေရာကောင်းမှာ ရှိတာပါ။ တကယ်ဆို လူသံသူသံတွေနှင့် ပွက်လောရိုက်နေသင့်တဲ့ နေရာ ဖြစ်ပေမဲ့ သူမ ဒီနေ့တစ်နေကုန် အိမ်နီးချင်းတစ်ယောက်ကိုတောင် မမြင်ခဲ့ရပေ။
“ ကြည့်ရတာ ဘေးအိမ်တွေကလည်း အိမ်အလွတ်တွေ ထင်တယ် အမေ။ ” ဟု ဟဲရှောင်ယာက ပြောသည်။ “ ဒီနေရာမှာ ဖုန်းရွှေမကောင်းလို့ ဘယ်သူမှ ဒီပတ်ဝန်းကျင်မှာ မနေချင်တာများလား အမေ။ အဲ့ဒါကြောင့် ဈေးက အရမ်း နည်းနေတာလား မသိဘူး။ ”
“ ဒါဆို … ဒီအိမ်က သရဲခြောက်တာလား။ ” ဆိုတဲ့ စကားက ဝမ်ရှောင်စစ်ရဲ့ ပါးစပ်ကနေ လွှတ်ခနဲ ထွက်လာသည်။
လီယောင်ကတော့ “ ဘာဖုန်းရွှေ ၊ ဘာသရဲလဲ။ ငါတို့ ဒီအိမ်ကို ဝယ်ပြီးသွားပြီ ဆိုမှတော့ ဒီနေရာပဲ အေးအေးဆေးဆေး နေသင့်တယ်။ တိတ်ဆိတ်တော့ ပိုတောင် ကောင်းသေးတယ်။ ဝမ်အာ အနှောင့်အယှက်မရှိဘဲ စာလေ့လာလို့ ရတာပေါ့။ ” ဟူ၍သာ ပြန်ပြောလိုက်သည်။
လီယောင်က ထိုသို့ ပြောသော်လည်း ဝမ်ရှောင်စစ်ရဲ့ စကားက လူတိုင်းကို အနည်းအကျဉ်းတော့ စိတ်မသက်မသာဖြစ်သွားစေခဲ့လေသည်။
“ အူဝဲ … ”
ထိုအချိန်မှာပဲ ဟဲရှောင်ယာရဲ့ ရင်ခွင်ထဲက ယန်ရန်လေးက ငိုသံကျယ်ကျယ်နှင့် ရုတ်တရက် ထငိုသောကြောင့် ဟဲရှောင်ယာသည် ကလေးကို အလျင်အမြန် ချော့မော့လိုက်ရ၏။
ဒီအဖြစ်အပျက်က လူတိုင်းကို ပိုလို့တောင် ကျောချမ်းသွားစေပြီး လီယောင်တစ်ယောက်တည်းကပဲ ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ညစာဆက်စားနေခဲ့သည်။
ညစာစားပြီးသွားတော့ လီယောင်က ရေကို အပူပေးပြီး အခန်းထဲမှာ ရေချိုးလိုက်သည်။ ရေချိုးခန်းမရှိတာ တကယ် အဆင်မပြေပါ။ မနက်ဖြန်ကျရင် ရေဆိုးနှုတ်ပယ်ရေးပစ္စည်းတွေကို သေချာ တပ်ဆင်ပြီး မီးဖိုချောင်ဆောက်ရမည်။
လီယောင်တစ်ယောက် ထိုအတွေးကို တွေးရင်း တဖြည်းဖြည်း အိပ်မောကျသွားခဲ့သည်။ အဲ့ဒီနောက် အချိန် ဘယ်လောက် ကြာသွားလဲ မပြောတတ်ဘဲ သူမရဲ့ အခန်းထဲက ခေါင်မိုးအုတ်ကြွပ်မိုးတွေပေါ်မှာ တစ်ယောက်ယောက် ဖြတ်လျှောက်သွားသလို ဂလောက်ဂလောက်မြည်သံတွေကြောင့် ပြန်နိုးလာခဲ့သည်။
ဒီအိမ်ကို ရောက်,ရောက်ချင်းညမှာကတည်းက သူခိုးကပ်တာလား … ။
လီယောင်သည် ချက်ချင်း ထမသွားသေးဘဲ ခေါင်မိုးပေါ်က အသံရှင်ဟာ အရေးမပါတဲ့ ဖောက်ထွင်းသူခိုးလား ၊ ဒါမှမဟုတ် လေလွင့်ကြောင်တစ်ကောင်လား ဆိုတာ သေချာအောင် နားထောင်နေခဲ့သည်။
ခဏအကြာမှာပဲ ခေါင်မိုးပေါ်ကနေ ကြောက်မက်ဖွယ်ကောင်းစွာ ပျံ့လွင့်လာတဲ့ မျောလွင့်နေသော အသံကို ကြားလိုက်ရသည်။
“ ငါ မတရား သေခဲ့ရတာ … တကယ့်ကို ဆိုးဝါးတဲ့ အသေဆိုးနဲ့ သေခဲ့ရတာ … ”
အတိတ်နိမိတ်မကောင်းသော ထိုအသံထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေကာ ထိုအသံကို ကြားရုံနှင့် မတရားခံရပြီး သေဆုံးသွားခဲ့ရသည့် အငြိုးကြီးသော သရဲတစ်ကောင်အား အတွေးထဲ ဝင်လာစေသည်။
တာ့ကျွမ်းနှင့် ဟဲရှောင်ယာတို့အခန်းထဲကနေ ယန်ရန်လေးရဲ့ ငိုသံကျယ်ကျယ် ရုတ်တရက် ထွက်ပေါ်လာသည်။ သိပ်မကြာလိုက်ပါ။ အခန်းအသီးသီးရဲ့ နေထိုင်သူတွေ လန့်နိုးလာကြပြီး ခြံဝင်းထဲမှာ ခြေသံတွေ ပွက်ပွက်ညံသွားသည်။
“ အမေ … ပြဿနာတက်ပြီ။ ” ဝမ်ရှောင်စစ်က လီယောင့်ရဲ့ အခန်းတံခါးကို စိုးရိမ်တကြီး လာခေါက်သည်။ “ ကျွန်တော်တို့အိမ်က တကယ် သရဲခြောက်နေတယ်။ ”
…