အိမ်ဝယ်ခြင်း။
Vol. 18 Ch. 193
ပထမဆုံးညမှာကတည်းက ဒီလို အဖြစ်အပျက်မျိုး ကြုံရတာ အတော်လေး စိတ်ဝင်စားစရာတော့ကောင်းသည်။ လီယောင်က မော်ဒန်ခေတ်က လာတဲ့လူပီပီ သရဲတွေက ဘယ်လို ပုံစံမျိုး ဖြစ်မလဲ ဆိုတာ အလွန် သိချင်သည်။
သို့သော် သူမရှေ့မှာ ထိတ်လန့်နေတဲ့ မိသားစုရှိတာမို့ ဒီအချိန်မှာ ခေါင်မိုးပေါ်ကို တက်သွားဖို့ အဆင်မပြေပါ။ သူမ တက်သွားရင်တောင် ခေါင်မိုးပေါ်က သူတစ်ပါးအကျိုးစီးပွားကို ပျက်စီးအောင် လုပ်တဲ့လူက ထွက်ပြေးသွားလောက်ပြီ။
“ ဘာမှ ကြောက်လန့်နေစရာမရှိဘူး။ အားလုံးပဲ တိတ်တိတ်နေပေးကြပါ။ ”
လီယောင့်ရဲ့ စကားကြောင့် အားလုံး ပါးစပ်ပိတ်သွားသော်လည်း သူတို့ရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်ကြောက်ရွံ့မှုတွေကို ထင်ထင်ရှားရှား ရေးသားထား၏။
အထူးသဖြင့် တာ့ကျွမ်းနှင့် ဟဲရှောင်ယာသည် ယန်ရန်လေးကို သရဲတွေ လာလုယူသွားမှာ စိုးရိမ်သည့်အလား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့သည်။
ဝမ်ရှောင်စစ်ဆို ကြောက်လွန်းလို့ ငိုတောင် ငိုနေသည်။ “ အမေ … ဘာတွေ ဖြစ်နေတာလဲဟင်။ ကျွန်တော်တို့ ဒီအိမ်ကို ဒီတိုင်း ထားခဲ့ပြီး အိမ်က်ု ပြန်သွားရင် ကောင်းမလား။ ”
“ မင်းက ယောက်ျားလေးပဲ။ မကြောက်စမ်းပါနဲ့။ ”
ဝမ်ရှောင်စစ်သည် ‘ ကျွန်တော်က ယောက်ျားလေး ဆိုပေမဲ့ ကလေးပဲ ရှိသေးတာ ’ ဟု စိတ်ထဲက တွေးလိုက်မိသည်။ ကလေးတွေက သရဲကြောက်တာ ဘာထူးဆန်းလို့လဲ … ။
ဝမ်အာက “ ဒီကိစ္စက နည်းနည်းလေးတော့ ထူးဆန်းတယ်နော် အမေ။ ” ဟု ပြောလိုက်သည်။
“ မင်း ဘယ်လို ထင်လို့လဲ။ ”
“ အခုလောလောဆယ် ကျိန်းသေပေါက်တော့ မပြောတတ်ပေမဲ့ ကျွန်တော်တို့ မနက်ဖြန် အနီးအနားပတ်ဝန်းကျင်ကို မေးမြန်းကြည့်ပြီးမှ ကောက်ချက်ချလို့ ရလိမ့်မယ်။ ”
“ မင်းက မနက်ဖြန် စာလေ့လာဖို့ ရှိသေးတယ်။ ဘယ်မှ မသွားနဲ့။ ” လီယောင်က ကြောက်ဒူးတုန်နေတဲ့ အန်နာနှင့် အဲလ်ဆာကို ကြည့်လိုက်သည်။ “ နင်တို့နှစ်ယောက် သွားလိုက်။ ”
“ ဟုတ် … ဟုတ်ကဲ့ … ”
“ ဒါဆို ဒီညကိုရော ဘယ်လို လုပ်မှာလဲ အမေ။ ” ဟု တာ့ကျွမ်းက စိုးရိမ်ပူပန်စွာ မေးသည်။ “ ကျွန်တော်တို့ တည်းခိုခန်းမှာပဲ ပြန်နေရမလား။ ”
“ မလိုဘူး။ ကိုယ့်အခန်းကိုယ်ပြန်ပြီး စိတ်ဖြောင့်လက်ဖြောင့် အိပ်ကြတော့။ ” ကြောက်စိတ်ကြောင့် တုန်ရီနေကြဆဲဖြစ်တဲ့ လူတွေကို ကြည့်ပြီး လီယောင်က ထပ်ပြောလိုက်သည်။ “ နင်တို့ ကြောက်တယ် ဆိုရင် အခန်းတစ်ခန်းတည်းမှာ အကုန်လုံး စုပေါင်းပြီး အိပ်ရင် အိပ်လို့ ရတယ်။ ဟဲရှောင်ယာနဲ့ ယန်ရန်လေးကတော့ ငါ့အခန်းထဲ လာအိပ်လိုက်။ အန်နာနဲ့ အဲလ်ဆာလည်း ငါ့အခန်းထဲမှာ ဖျာခင်းပြီး လာအိပ်လို့ ရတယ်။ ”
“ ဟုတ်ကဲ့ပါ အမေ။ ”
ဟဲရှောင်ယာသည် သူမကိုယ်၌ကတော့ သိပ်မကြောက်သော်လည်း ယန်ရန်လေးကို စိတ်ပူသောကြောင့် လီယောင်ရဲ့ အခန်းထဲမှာ သွားအိပ်လိုက်သည်။
ကောင်မလေးနှစ်ယောက်ကတော့ ချွန်းနျဉ်နှင့် အခန်းတစ်ခန်းတည်းမှာ အတူတူ ကြပ်ညှပ်ပြွတ်သိပ် အိပ်ခဲ့ကြသည်။
သို့သော်လည်း အဲ့လို ဆိုရင်တောင် ဘယ်သူမှ အိပ်မပျော်ဘဲ ခြေကုန်လက်ပန်းကျခြင်းကသာ သူတို့ကို လွှမ်းမိုးသွားပြီး မိုးလင်းခါနီးတော့မှ မှေးခနဲ အိပ်ပျော်သွားကြသည်။
နောက်တစ်နေ့မနက် အိပ်ရာနိုးတော့ လူတိုင်းနီးပါး တက်ကြွမှုတစ်စက်လေးတောင် မရှိဘဲ ပန်ဒါမျက်ကွင်းလေးတွေနှင့် ဖြစ်နေသည်။
ဝမ်အာ စိတ်အေးလက်အေး စာလေ့လာနိုင်စေဖို့အတွက် လီယောင်က သူနှင့် စုန့်ကျယ်ကို နေရာတစ်နေရာ သွားရှာခိုင်းထားပြီး အန်နာနှင့် အဲလ်ဆာကိုတော့ အနီးအနားပတ်ဝန်းကျင်မှာ အခြေအနေ အကျိုးအကြောင်း မေးမြန်းခိုင်းထားသည်။
ဘာမှ မမေးခင်တုန်းကတော့ အကောင်း ဆိုပေမဲ့ မေးခွန်းတွေ မေးလိုက်သည်နှင့် ဒီကိစ္စက ပေါ့သေးသေး မဟုတ်တော့ပေ။ ဒီနေရာက အမှန်တကယ်ပဲ သရဲခြောက်တာ ဖြစ်နေသည်။
အဲလ်ဆာက “ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက လူဆိုးအဖွဲ့က ဒီနေရာမှာ လူတွေ ရာချီပြီးတော့ သတ်ထားတာတဲ့။ အရင်တုန်းက ဒီနားမှာ အိမ်ငါးအိမ် ရှိခဲ့ပေမဲ့ သရဲခြောက်ခံရလို့ လူတွေက ဒီအိမ်ကို ဝယ်ပြီးတာနဲ့ သိပ်မကြာဘူး ၊ အမြန် ပြောင်းပြေးကြရောတဲ့။ ” ဟု တုန်တုန်ယင်ယင်ဖြင့် ပြောသည်။
သူတို့နှစ်ယောက် စုံစမ်းလာတဲ့ အချက်အလက်ကို နားထောင်ပြီး လီယောင်လည်း အတွေးထဲ နစ်မြုပ်သွားရသည်။
“ ကျွန်တော်တို့ အိမ်ခြံမြေပွဲစားကို ဝယ်ယူမှုရုတ်သိမ်းဖို့ သွားပြောရင် ကောင်းမလား အမေ။ ” ဟု တာ့ကျွမ်းက အကြံပေးသည်။
“ အင်း။ အခုပဲ သွားရအောင်။ ”
လီယောင် ဝယ်ယူမှုရုတ်သိမ်းချင်တယ် ဆိုတာကို ကြားတော့ လူတိုင်း စိတ်သက်သာရာရသွားတဲ့ သက်ပြင်းမှုတ်ထုတ်လိုက်ကြသည်။ သရဲခြောက်တဲ့ အိမ်ထဲမှာ ဘယ်သူက နေရဲမှာလဲ … ။
ဒါပေမဲ့ မျှော်လင့်မထားစွာဖြင့် မနေ့တုန်းက တက်ကြွနေခဲ့တဲ့ အိမ်ခြံမြေပွဲစားက ဒီနေ့ တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံပေါ်သည်။
“ စာရွက်ပေါ်မှာလည်း ထင်ထင်ရှားရှား ရေးထားသလို စာချုပ်မှာလည်း လက်မှတ်ထိုးပြီးသွားပြီ အမျိုးသမီးလီ။ ဒီလိုမျိုး ရုတ်သိမ်းလို့ ဘယ်ရမလဲ။ ”
“ ဒါပေမဲ့ အဲ့ဒီအိမ်က သရဲခြောက်တယ် ဆိုတာကို ရှင် ကျွန်မတို့ကိုမှ မပြောပြခဲ့တာ။ ” ဟု တုရှောင်ဟွေ့က ပြောလိုက်သည်။ “ ရှင်သာ ပြောပြခဲ့ရင် ကျွန်မတို့ ဝယ်မှာ မဟုတ်ဘူး။ ”
“ ဘာကို သရဲခြောက်တာလဲ။ အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြောပါနဲ့ သခင်မလေး။ ”
“ ကျွန်မက အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာ မဟုတ်ဘူး။မနေ့ညတုန်းက ကျွန်မတို့ သရဲ ပြောတဲ့ စကားတွေကို နားနဲ့ဆက်ဆက် ကြားခဲ့ရတာ။ အရမ်း ကြောက်စရာကောင်းတယ်။ ”
အိမ်ခြံခြေပွဲစားက ရယ်မောပြီး ခေါင်းခါယမ်းသည်။ “ အဲ့ဒါက မင်းတို့ဘက်က တစ်ဖက်သတ်စကားလေ။ သက်သေရှိလို့လား။ တရားရုံးမှာ တရားစွဲရင်တောင် ဒီအိမ်ဝယ်ယူမှုကို ရုတ်သိမ်းဖို့ မဖြစ်နိုင်ဘူး။ ”
တုရှောင်ဟွေ့ရဲ့ မျက်နှာက နီရဲသွားသော်လည်း သူမ ပြန်လည် မချေပနိုင်ပါ။ ပြီးတော့ ဒီနေရာက ဟဲဝမ်ရွာ မဟုတ်တာမို့ အမေ့ရဲ့ စကားတွေက ဒီနေရာမှာ လူအများကို လွှမ်းမိုးနိုင်စွမ်း မရှိပေ။
“ သမီးတို့ ဘာလုပ်ရင် ကောင်းမလဲ အမေ။ ”
လီယောင်က “ ကျွန်မတို့ တကယ် ရုတ်သိမ်းလို့ မရဘူးလား။ ” ဟု မေးလိုက်သည်။
“ မရဘူး။ ဒါပေမဲ့ မင်း ပြန်ရောင်းချင်ရင်တော့ ငါ ဝယ်သူ ကူရှာပေးလို့ ရတယ်။ ”
“ ဘယ်လောက်နဲ့ ပြန်ရောင်းရမှာလဲ။ ”
“ အင်း။ ” အိမ်ခြံမြေပွဲစားက ပြုံးလိုက်သည်။ “ ငွေချောင်း ( ၈၀၀၀ ) ။ ”
“ ဘယ်လောက် … ”
လူတိုင်း ရှူးရှူးရှားရှား ဖြစ်သွား၏။ ဈေးက ညတွင်းချင်းပဲ ငွေချောင်း ( ၂၀၀၀ ) တောင် လျော့သွားတယ်တဲ့လား။
“ ရှင်က လူတွေကို လိမ်စားနေတာပဲ။ ”
အိမ်ခြံမြေပွဲစားက “ အဲ့လို ပြောလို့ မရဘူးလေ ဧည့်သည်တော်ကြီးတွေရဲ့။ တကယ်တော့ မင်းတို့ နေရာတကာမှာ လျှောက်မမေးထားရင် ၊ ဒီသတင်းကို လျှောက်မဖွထားရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။ အဲ့ဒါဆို ဒီအိမ်ကိုလည်း အလွယ်တကူ ရောင်းချနိုင်မှာ။ ဒါပေမဲ့ အခုတော့ မင်းတို့က နေရာတိုင်းမှာ လိုက်မေးထားတော့ လူတွေက ဒီအိမ်ကို သရဲခြောက်တယ်လို့ ထင်သွားပြီ။ အဲ့တော့ အခုအချိန်မှာ ပြန်ရောင်းဖို့ မလွယ်တော့ဘူး။ ”
လူတိုင်းက လီယောင့်ဘက်ကို လှည့်ကြည့်ပြီး သူမရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေခဲ့ကြသည်။
တကယ်တော့ ဒီလို ဖြစ်မယ် ဆိုတာ လီယောင် ကြိုသိပြီးသားပင်။ သူမ ဒီကို လာပြီး ဝယ်ယူမှုရုတ်သိမ်းဖို့ ပြောရတဲ့ ရည်ရွယ်ချက်က သူမ အရမ်း ကြောက်နေတယ်လို့ အိမ်ခြံမြေပွဲစားကို ထင်သွားစေချင်တာကြောင့်ပဲ ဖြစ်သည်။
ဒီအိမ်ခြံမြေပွဲစားရဲ့ စိတ်ထဲမှာ ကလိမ်ကကျစ်ကျတဲ့ အတွေးတွေ အများကြီး ရှိသည်။ သူ ဒီနည်းလမ်းကို သုံးပြီး လူ ဘယ်နှယောက်ကို လိမ်ထားတယ် ဆိုတာ ပြောနေစရာတောင် မလိုပေ။ မကောင်းတဲ့ လူတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံး နည်းလမ်းက သူတို့ပုံစံအတိုင်း သူတို့ကို တုံ့ပြန်တာပါပဲ။
“ ကျွန်မ နည်းနည်းလောက် ထပ်စဉ်းစားလိုက်ဦးမယ်။ ”
“ စဉ်းစားပါ။ မင်း ဆုံးဖြတ်ပြီးတာနဲ့ ကျုပ်ကို အသိပေးလိုက်နော်။ ”
လီယောင်သည် သူမရဲ့ မိသားစုကို ခေါ်ပြီး အိမ်ခြံမြေပွဲစားရုံးထဲကနေ ပြန်လာခဲ့လိုက်သည်။
“ တာ့ကျွမ်း … အရင်ဆုံး အကုန်လုံးကို ခေါ်ပြီး တည်းခိုခန်းမှာ သွားနေလိုက်။ ”
“ အမေကရော ဘယ်လို လုပ်မှာလဲ။ ”
“ ငါ့ကို စိတ်မပူနဲ့။ နင် လုပ်စရာရှိတာကိုပဲ လုပ်။ အိမ်ကို မပြန်ချင်ရင်လည်း မပြန်နဲ့။ အထဲက ပစ္စည်းတွေကလည်း ဘာမှ တန်ဖိုးမရှိဘူး။ ”
အကုန်လုံးကို တာ့ကျွမ်း ခေါ်ထုတ်သွားသောအခါ လီယောင်က အကြီးဆုံး ဈေးထဲကို တန်းတန်းမတ်မတ် သွားခဲ့သည်။ နည်းနည်းပါးပါး လှည့်ပတ်မေးမြန်းပြီးတဲ့နောက် ဝက်ဆီတွေ ဝယ်ယူနေတဲ့ ဝမ်ယွမ်ကောကို ရှာတွေ့သွားသည်။
“ ကျုပ်လည်း အခုလေးတင်ပဲ မင်းကို လာရှာဖို့ တွေးနေတာ မရီးရေ။ ”
“ ကျွန်မတို့ တိတ်ဆိတ်တဲ့ နေရာကို သွားရှာအောင်။ ရှင့်အကူအညီကို လိုအပ်နေတဲ့ ကိစ္စတစ်ခုရှိတယ်။ ”
ဝမ်ယွမ်ကောက ခေါင်းညိတ်ပြီး လီယောင်ကို အိမ်လေးတစ်လုံးဆီသို့ ခေါ်သွားသည်။ ကုန်ကြမ်းပစ္စည်းတွေကို အဆင်ပြေပြေ ဝယ်ယူနိုင်ဖို့အတွက် သူ ဒီအိမ်ကို ငှားရမ်းထားတာ ဖြစ်ပြီး ဒီမှာ နေထိုင်တဲ့ လူတွေကလည်း သူ့အလုပ်ကို ကူညီပေးသည်။
ဝမ်ယွမ်ကောသည် ထိုလူတွေအား တစ်နေရာကို ရှောင်ခိုင်းလိုက်ပြီးမှ လီယောင့်အား “ ဘာကိစ္စများလဲ မရီး။ ” ဟု မေးလိုက်သည်။
“ ကျွန်မကို အိမ်နည်းနည်းပါးပါး ကူဝယ်ပေးပါ။ ”
…
“ သူဌေး။ ” အိမ်ခြံမြေပွဲစားရုံးရဲ့ လက်ထောက်နှစ်ယောက်က သူတို့ရဲ့ သူဌေးကို ကပ်ဖားရပ်ဖားလုပ်နေခဲ့ကြသည်။ “ အဲ့အမျိုးသမီး ဘယ်က လာတာလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ သူ့မှာ ပိုက်ဆံပဲ ရှိပြီး ဦးနှောက် မရှိဘူး။ ”
“ ဟမ့်။ သူ ဘယ်နေရာကပဲ လာ,လာ ၊ အဲ့ဒါက အရေးမကြီးပါဘူး။ ” ဟု အိမ်ခြံမြေပွဲစားက အေးစက်စွာ ပြောလိုက်သည်။ “ အရေးပါ အရာရောက်တဲ့ လူမဟုတ်တာ သေချာတယ်။ လက်ထဲ ပိုက်ဆံနည်းနည်းပါးပါး ရှိလာလို့ ယိကျိုးစီရင်စုမှာ အိမ်ဝယ်ချင်နေတာ ဖြစ်လိမ့်မယ်။ ဒီယိကျိုးကို သာမန်လူတွေ လာချင်တိုင်း လာလို့ ရတဲ့ နေရာလို့ ထင်နေတာလား မသိဘူး။ ”
“ ဟုတ်ပါ့ သူဌေးရယ်။ သူ့ကျေးဇူးကြောင့် ကျွန်တော်တို့တော့ ထပ်ပြီး ပွပေါကါတိုးဦးမယ်။ ”
“ အလုပ်ကြိုးစားကြ။ ” ဟု အိမ်ခြံမြေပွဲစားက ပြောလိုက်သည်။ “ သူတို့ ဒီနေ့ မရောင်းရင် မနက်ဖြန် ရောင်းအောင်လို့ သူတို့ကို ဒီည ထပ်ကြောက်အောင် ခြောက်လှန့်လိုက်။ အဲ့ဒါမှ ငါတို့ ဝေစုကောင်းကောင်း ရမှာ။ ”
“ ကျေးဇူးတင်ပါတယ် သူဌေး။ ”
ထိုအချိန်မှာပဲ အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ယောက်က တခြား အမျိုးသားနှစ်ယောက်နှင့်အတူ ရုံးခန်းထဲကို လျှောက်ဝင်လာသည်။
ဝမ်ယွမ်ကောက “ ကျုပ် အိမ်ဝယ်ချင်လို့ပါ သူဌေး။ ခင်ဗျားဆီမှာ အိမ်ကောင်းကောင်းလေးတွေ ရှိလား။ ” ဟု တရုတ်လေသံ မပီမသဖြင့် မေးလိုက်သည်။
နိုင်ငံခြားသား လေသံကြောင့် အိမ်ခြံမြေပွဲစားနှင့် သူ့လက်ထောက်တွေလည်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။ ဒီနေ့လည်း ထပ်ကံကောင်းပြန်ပြီ။ ဒီကံကောင်းမှုတွေကို နံရံနဲ့တောင် ရပ်တန့်တားဆီလို့ မရလောက်ဘူး … ။
“ ရှိတာပါ့ ဧည့်သည်တော်ကြီးရယ်။ ဧည့်သည်တော်ကြီးက ဘယ်လို အိမ်မျိုး လိုချင်တာလဲ။ ”
“ အဆောင်သုံးဆောင်ပါတဲ့ အိမ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။ ကျွန်တော့်ရဲ့ အိမ်ထောင်စုက လူများတယ် ၊ အိမ်တစ်လုံးတည်းနဲ့ လူမဆံ့ဘူး။ အနည်းဆုံး အိမ်လေးလုံး ဝယ်ရမှာ။ ”
အိမ်လေးလုံး … ။ အိမ်လေးလုံးကို တစ်ပြိုင်တည်း ဝယ်မယ်တဲ့လား … ။ ဆိုင်ရှင်သည် သူ စီးပွားရေးလုပ်လာတဲ့ နှစ်ပေါင်းများစွာမှာ ထိုစကားမျိုးကို ကြားတောင် မကြားဖူးပါ။ တကယ့်ကို သုံးမကုန်စားမကုန်လောက်အောင် ချမ်းသာကြွယ်ဝတဲ့ လူမျိုးပဲ ဖြစ်ရမည်။
ငွေတွေကို အနှမြောမရှိ ပုံအောသုံးပစ်တဲ့အတွက်ကြောင့် ဒီလူဟာ နောက်ခံတောင့်တင်းမှာလည်း သေချာသည်။ ဒါပေမဲ့ အိမ်ခြံမြေပွဲစားသည် သေချာအောင် မေးမြန်းကြည့်တာ ကောင်းမည်ဟု ခံစားရသည်။ “ ဧည့်သည်တော်ကြီးတွေက ဘယ်နေရာက လာတာလဲ ဆိုတာ ကျွန်တော် မေးလို့ ရမလား။ ”
“ ပေကျင်းက လာခဲ့တာပါ။ ”
“ ပေကျင်းက လာတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေလား။ ” ပွဲစားသည် သာသာထိုးထိုးလေး မြှောက်ပင့်လိုက်သည်။ “ ဒါဆို ဆရာက နေပြည်တော်က လာတဲ့ ရာထူးကြီးကြီး အရာရှိကြီးတစ်ယောက် ဖြစ်မယ် ထင်တယ်။ ”
“ မဟုတ်ဘူး။ ကျုပ်က ဒီတိုင်း စီးပွားရေးသမားတစ်ယောက်ပါပဲ။ ” ဟု ဝမ်ယွမ်ကောက ပြန်ပြောလိုက်သည်။ “ ခင်ဗျား ဘာလို့ ဒီလောက် မေးခွန်းတွေ အများကြီး မေးနေတာလဲ။ ခင်ဗျားမှာ အိမ်ကောင်းကောင်း ရှိလား ၊ မရှိဘူးလား။ ကျုပ်က ဆူညံတာတွေ မကြိုက်ဘူး။ တိတ်ဆိတ်တဲ့ နေရာဖြစ်မှ ကျုပ်အတွက် အဆင်ပြေမှာ။ ”
“ ဟုတ်ကဲ့။ ရှိပါတယ်။ ကံကောင်းချင်တော့ အဆင်သင့်ပဲ။ တိတ်ဆိတ်တဲ့ နေရာမှာ ဆောက်ထားတဲ့ အိမ်ကောင်းကောင်းတွေ လေးလုံးတောင် ရှိတယ်။ ကျွန်တော် လူကြီးမင်းကို လိုက်ပြပေးပါရစေ။ ”
….