← Chapters

တကယ့်သရဲ။

Vol. 18 Ch. 194

တကယ့်သရဲ။

Vol. 18 Ch. 194

ပွဲစားကျန်းက ဝမ်ယွမ်ကောကို လီယောင် ဝယ်ထားတဲ့ အိမ်ရဲ့ ဘေးက ကြီးကျယ်ခမ်းနားသည့် စံအိမ်ကြီးသို့ ခေါ်သွားခဲ့သည်။ သူတို့ အဲ့ဒီကို ရောက်တော့ လီယောင်တို့အိမ်တံခါးတွေကို တင်းကြပ်နေအောင် ပိတ်ထားပြီး အထဲမှာလည်း ဘယ်သူမှ မရှိတာကို မြင်တော့မှ ပွဲစားကျန်း စိတ်အေးသွားသည်။

အမျိုးသမီးလီသာ အိမ်ထဲက ထွက်လာပြီး ပြဿနာမရှာရင် ဒီနေ့ အိမ်အရောင်းအဝယ်ကိစ္စက ချောချောမွေ့မွေ့ ပြီးစီးသွားဖို့ များသည်။

ပွဲစားကျန်းက ဝမ်ယွမ်ကောအား အိမ်ထဲကို လိုက်ပြရင်း တောက်လျှောက် မျက်နှာချိုသွေးနေခဲ့သည်။

“ ဆရာ ဒီအိမ်ကို ဘယ်လို သဘောရလဲ။ ”

“ ဆိုးတော့ မဆိုးပါဘူး။ ဈေးပဲ သိချင်တာ။ ”

“ ဆရာ အိမ်လေးလုံး,လုံး ဝယ်မယ် ဆိုရင် စုစုပေါင်း ဒီလောက်ပဲ ပေးပါ။ ” ပွဲစားကျန်းက လက် ( ၈ ) ချောင်း ထောင်ပြလိုက်သည်။ ဒီနေ့တော့ ဒီသိုးဝကြီး လန့်ပြီး ထွက်ပြေးသွားမှာ စိုးလို့ သူ ဈေးကို တမင် အမြင့်ကြီး မတောင်းလိုက်တာပါ။

“ ဈေးကြီးလွန်းတယ် ဈေးကြီးလွန်းတယ်။ ” ဝမ်ယွမ်ကောက သဘာဝကျစွာပင် အနိမ့်ဆုံးအတိုင်းအတာအထိ ဈေးဆစ်ချင်နေ၏။ “ နေပြည်တော်မှာ ဆိုရင် ဒီလို နေရာမျိုးတွေက တစ်အိမ်ကို ငွေချောင်း ( ၁၀၀၀၀ ) တောင် မတန်ဘူး။ ခင်ဗျားက ဒီလို ယိကျိုးစီရင်စုလို နေရာသေးသေးလေးမှာ တစ်အိမ်ကို ငွေချောင်း ( ၂၀၀၀၀ ) တောင်းရဲတယ်ပေါ့။ ကျုပ်ကို အပြင်လူ ဆိုပြီး အမြတ်ထုတ်ဖို့ လုပ်နေတာလား။ ”

“ အိုး … မဟုတ်တာပဲ။ ဧည့်သည်တော်ကြီးက ဘယ်လိုလုပ် ဒီလို စကားမျိုး ပြောထွက်ရတာလဲ။ ဒီဈေးက သင့်တင့်မျှတတဲ့ ဈေးပါ။ ” ဟု ပွဲစားကျန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ဒါပေမဲ့ ဧည့်သည်တော်ကြီးက တစ်ပြိုင်တည်းမှာ အိမ်တွေ အများကြီး ဝယ်မှာ ဆိုတော့ ကျွန်တော် သင့်တော်သလို ဈေးလျှော့ပေးလိုက်ပါ့မယ်။ ဒီလို ဆိုရင် ဘယ်လိုလဲ။ စုစုပေါင်း ငွေချောင်း ( ၆၀၀၀၀ ) ပဲ ပေး ၊ ကျွန်တော် ဒီ့ထက်တော့ မလျှော့နိုင်ဘူး။ ”

“ ငွေချောင်း ( ၆၀၀၀၀ ) .. ဟုတ်လား။ ကျုပ်ကတော့ ငွေချောင်း ( ၃၀၀၀၀ ) ပဲ ပေးမယ်။ အဲ့ဒီထက် နည်းနည်းလေးမှ ပိုမပေးနိုင်ဘူး။ ”

…

နှစ်နာရီတိတိ အကျိတ်အနယ် ဈေးဆစ်ပြီးသည့်တိုင်အောင် ဝမ်ယွမ်ကောက ငွေချောင်း ( ၃၀၀၀၀ ) ဆိုတဲ့ ဈေးကို ခေါင်းမာစွာ ဆုပ်ကိုင်ထားပြီး နည်းနည်းလေးမှ အလျှော့မပေးခဲ့ပေ။

ထိုဈေးက စံအိမ် လေးလုံးကို ဝယ်ယူဖို့ မလုံလောက်မှန်း သူ သိပါသည်။ စံအိမ် နှစ်လုံးကိုတောင် ဝယ်ဖို့ သိပ်မဖြစ်နိုင်။ ဒါပေမဲ့ အစ်မကြီးက သူ ဈေးနှုန်းတစ်ခုတည်းကိုပဲ ခိုင်ခိုင်မာမာ ပြောနေရင် ပွဲစားက သေချာပေါက် ရောင်းလိမ့်မည်ဟု အစ်မကြီးက ပြောလိုက်သည်။

အကြောင်းအရင်းကို ဝမ်ယွမ်ကော မသိသော်လည်း အစ်မကြီးက အဲ့လို မှာလိုက်ပြီ ဆိုမှတော့ သူမ မှာကြားထားတဲ့အတိုင်း လိုက်လုပ်ရုံသာ ရှိသည်။

ပွဲစားကျန်းက ငွေတစ်ပြားတစ်ကျပ်တောင် ထပ်တိုးမပေးချင်တဲ့ ဝမ်ယွမ်ကောကို ကြည့်ပြီး စိတ်ထဲမှာ နည်းနည်းလေး တုံ့ဆိုင်းသွားမိသည်။

ငါ သူ့ကို ရောင်းလိုက်ရင် ဒီပိုက်ဆံတွေကို ပြန်စုဆောင်းလို့ မရရင် ဘယ်လို လုပ်မလဲ။ အဲ့ဒါဆို ငါ ဒီတစ်ခေါက် အများကြီး ရှုံးမှာ … ။ အိမ်တစ်လုံးကို ငွေချောင်း ( ၂၅၀၀ ) ရှုံးရင် အိမ်လေးလုံးဆို စုစုပေါင်း ငွေချောင်း ( ၁၀၀၀၀ ) တောင် အရှုံးပေါ်လိမ့်မယ်။

ဒါပေမဲ့ ငါ သူ့ကို မရောင်းလိုက်ရင်လည်း အချီကြီး ပွပေါက်တိုးမယ့် အခွင့်အရေးကို လက်လွှတ်ခံလိုက်သလို ဖြစ်မှာပဲ။ အိမ်လေးလုံးကို ငွေချောင်း ( ၃၀၀၀၀ ) နဲ့ ရောင်းလိုက်ရင် ( ၃၀ ) ရာခိုင်နှုန်း အမြတ်အစွန်းနဲ့ တွက်ရင်တောင် ငါ ငွေချောင်း ( ၈၀၀၀ ) ရှာလို့ ရသေးတယ်။ ဒါမှမဟုတ် ( ၂၀ ) ရာခိုင်နှုန်း အမြတ်အစွန်းနဲ့ တွက်ရင်တော့ ငွေချောင်း ( ၁၆၀၀၀ ) ပေါ့။ ဒီလို အချီကြီး ပွပေါက်တိုးဖို့ လွယ်တာ မဟုတ်ဘူး။

ဝမ်ယွမ်ကောက “ ခင်ဗျား မရောင်းချင်ဘူးလား။ ဒါဆို ကျုပ် တခြားနေရာ သွားရှာလိုက်တော့မယ်။ ” ဟု ပြောလိုက်သည်။

“ နေပါဦး။ ” နောက်ဆုံးတော့ ပွဲစားကျန်းသည် ငွေချောင်း ( ၁၆၀၀၀ ) ရဲ့ သွေးဆောင်ဖြားယောင်းမှုကို မလွန်ဆန်နိုင်တော့ပေ။ “ ကဲပါ။ ဧည်သည့်တော်ကြီး ပြောတဲ့ ဈေးနဲ့ပဲ ရောင်းပေးလိုက်ပါ့မယ်။ ”

ဝမ်ယွမ်ကောတစ်ယောက် နေ့ခင်းကြောင်တောင်ကြီးမှာပဲ စံအိမ်လေးလုံးကို ငွေချောင်း ( ၃၀၀၀၀ ) တည်းနှင့် ရရှိသွားသည်။ သူ့လက်ထဲကို အိမ်စာချုပ်တွေ ရောက်လာတဲ့ အချိန်ထိ ဒါက တကယ်လား ဆိုတာ မယုံနိုင်သေး။

သူ နားလည်သလောက်တော့ ဒီလို နေရာ ၊ ဒီလို စံအိမ်မျိုးတွေက တစ်အိမ်ကို အနည်းဆုံး ငွေချောင်း ( ၁၀၀၀၀ ) တန်သည်လေ။ အဲ့ဒါနှင့်တောင် ငွေချောင်း ( ၃၀၀၀၀ ) တည်းနှင့် စံအိမ်လေးလုံးကို ရလာခဲ့သည်။

အစ်မကြီးက မှော်ပညာတွေ ဘာတွေ သုံးထားတာများလား … ။

ဝမ်ယွမ်ကောသည် သံသယများစွာဖြင့် အိမ်စာချုပ်တွေကို လီယောင် နေထိုင်နေတဲ့ တည်းခိုခန်းသို့ သွားပေးလိုက်၏။ နောက်တစ်နေ့မှာတော့ လီယောင့်ရဲ့ ညွှန်ကြားမှုအတိုင်း လူတွေ ငှားပြီး စံအိမ်တွေကို သန့်ရှင်းရေးလုပ်ခိုင်းကာ ထိုလူတွေကို စံအိမ်မှာပဲ ညအိပ်ခိုင်းခဲ့သည်။

လီယောင်ကလည်း သဘာဝကျစွာပင် တာ့ကျွမ်းနှင့် ကျန်တဲ့ လူတွေကို တည်းခိုခန်းကနေ သူမ ဝယ်ထားတဲ့ အိမ်ကို ပြန်ခေါ်လာခဲ့သည်။

အခြေအနေကို အနီးအနား ပတ်ဝန်းကျင်ကနေ စောင့်ကြည့်ဖို့ တာဝန်ပေးခံထားရတဲ့ စာရေးတစ်ယောက်က ချက်ချင်းပဲ ပွဲစားကျန်းကို သွားသတင်းပို့ခဲ့သည်။

“ သူဌေး ဒီည သွားမှာလား။ ”

“ သွားမှာပေါ့ ၊ မသွားဘဲ နေစရာလား။ ” ဟု ပွဲစားကျန်းက ပြန်ပြောလိုက်သည်။ “ ဒါပေမဲ့ ဒီတစ်ခေါက်တော့ လူနှစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ ငါတို့ နောက်ထပ် လူတွေ ထပ်ရှာရမယ် ၊ ဉာဏ်ကောင်းတဲ့ လူတွေလည်း လိုတယ်။ နားလည်လား။ ”

“ နားလည်ပါပြီ။ ”

…

လူတိုင်းက ပြန်ပြောင်းလာတာကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ညစာစားပြီးသွားတော့ အကုန်လုံး သရဲကြောက်လို့ သူတို့ရဲ့ အခန်းထဲမှာတောင် သွားမအိပ်နိုင်။

“ နင်တို့ မအိပ်ချင်ရင် မအိပ်ကြနဲ့။ အကုန်လုံး ငါ့အခန်းထဲကို လာနေလို့ ရတယ် ၊ ဒါပေမဲ့ မီးအိမ်မထွန်းရဘူး ၊ စကားလည်း မပြောရဘူး။ ”

သူတို့တွေ ကြောက်နေတာကို လီယောင် သိတာမို့ ဖိအားပေးမနေတော့ပါ။ တကယ်တော့ တခြား စံအိမ် လေးလုံးရဲ့ စာချုပ်တွေကို လက်ဝယ်ပိုင်ဆိုင်ပြီးနောက်မှာ ဒီကိစ္စကို ပြီးပြတ်သွားပြီဟု သတ်မှတ်လို့ ရသည်။ ဒါပေမဲ့ အနာဂတ်မှာ “ သရဲ ” တွေ ထပ်မရှိတော့ရင်တောင် လူတိုင်း ဒီနေရာမှာ နေရဲကြမှာ မဟုတ်တာမို့ အမှန်တရားကို အကုန်လုံး သိအောင် လုပ်တာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ထားသည်။

အတိတ်တုန်းက သူ လှည့်စားခဲ့တဲ့ လူတွေရဲ့ ဒေါသကို ဖြေဖျောက်ပေးသည့်အနေဖြင့် လူတွေကို ကလိမ်ကကျစ်ကျတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် ပွဲစားကျန်းကိုလည်း သူမ မှတ်လောက်သားလောက်အောင် ပညာပေးမည်။

…

ညသန်းခေါင်အချိန်မှာ လူတိုင်းသည် မျက်လုံးတွေကို ပြူးကျယ်နေအောင် ဇွတ်အတင်း ဖွင့်ထားပြီး အသက်တောင် အသံကျယ်ကျယ်နှင့် မရှူရဲဘဲ အခန်းတစ်ခန်းတည်းမှာ တိတ်တိတ်လေး အတူတူ ထိုင်နေခဲ့ကြသည်။ ယန်ရန်လေးတစ်ယောက်သာ သူမရဲ့ ပတ်ဝန်းကျင်မှာ ကြောက်စရာကောင်းတဲ့ အရာ ရှိနေတာကို လုံးဝ သတိမထားမိသလိုမျိုး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။

ဒီည ကောင်းကင်မှာ တိမ်တွေ အုံ့ဆိုင်းနေ၍ လမင်းကို မမြင်ရပါ။ ဖျော့တော့မှေးမှိန်‌သော လရောင်ကသာ တိမ်တွေကြားက ထွက်ပေါ်နေသည်။

အိမ်ခြံမြေပွဲစားရုံးက စာရေးနှစ်ယောက်က အနက်ရောင်ဝတ်ဆင်ထားတဲ့ လူခြောက်ယောက် ၊ ခုနှစ်ယောက်ကို ခေါ်ပြီး လီယောင့်ရဲ့ အိမ်နားသို့ ချဉ်းကပ်လာခဲ့ကြသည်။

“ အားလုံး နားထောင်ကြ။ ” ဟု စာရေးတစ်ယောက်က နောက်ဆုံးအနေဖြင့် ညွှန်ကြားလိုက်သည်။ “ ခဏနေလို့ မင်းတို့ အော်ရင် မချိမဆန့် ဝေဒနာခံစားနေရသလိုမျိုး အော်ကြပါ။ မင်းတို့ အိမ်ထဲက လူတွေကို သွေးပျက်တုန်လှုပ်သွားအောင် ခြောက်လှန့်ပြီးတာနဲ့ အမြန် ပြန်ပြေးလာခဲ့ကြ။ ”

“ အစ်ကိုရှုကလည်း ကျွန်တော်တို့ကို ယုံလိုက်စမ်းပါဗျာ။ ”

“ အေးပါ။ မင်းတို့ ကောင်းကောင်း လုပ်နိုင်ရင် ငါ မင်းတို့ကို သုံးရက်နဲ့ သုံးည အရက်တိုက်မယ်။ သွားကြမယ်။ ”

အမိန့်ကို ကြားသည်နှင့် လူတိုင်းက နံရံပေါ်ကို သွက်သွက်လက်လက် တက်သွားခဲ့ကြသည်။ တချို့ကတော့ လှေကားထောင်ပြီး ခေါင်မိုးပေါ်ကို တန်းတန်းမတ်မတ် တက်သွားခဲ့လေသည်။ အစ်ကိုရှုလို့ ခေါ်တဲ့ လူကတော့ အိမ်ရဲ့ မျက်နှာစာဘက်ကိုပဲ သွားခဲ့သည်။

ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သွေးပျက်တုန်လှုပ်အောင် ခြောက်လှန့်ထားတာကို တစ်ညတည်းနှင့် ဒီကို ပြန်လာရဲတယ် ဆိုတော့ ဒီလူတွေရဲ့ ဦးနှောက်က တစ်ခုခု ချို့ယွင်းနေတာ ဖြစ်လိမ့်မည်။ အဲ့ဒါဆိုလည်း ကိစ္စမရှိ။ တကယ့် မကောင်းဆိုးဝါးဝိညာဉ်က ဘာလဲ ဆိုတာ ဒီတစ်ခေါက်တော့ သူတို့ သိသွားစေရမည်။

အစ်ကိုရှုက အသံမထွက်အောင် ဂရုစိုက်၍ ခေါင်မိုးပေါ်ကို တိတ်တဆိတ် တက်လာခဲ့သည်။ သူ အရင်တစ်ခေါက်တုန်းက ခြောက်လှန့်ခဲ့တဲ့ အခန်းရဲ့ အပေါ်ကို ရောက်သောအခါ ခန္ဓာကိုယ်ကို ဝပ်ချလိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။ ထို့နောက် သမိုင်းတစ်လျှောက် ကြောက်စရာအကောင်းဆုံး သရဲငိုသံကို ပြုလုပ်ဖို့ ဟန်ပြင်နေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူ့ပခုံးကို လာပုတ်တာကို ရုတ်တရက် ခံစားလိုက်ရလေသည်။

အစ်ကိုရှု မျက်မှောင်ကြုတ်လိုက်သည်။ ဒီအိမ်အတွက်က သူတစ်ယောက်တည်းဆို လုံလောက်ပြီလို့ ပြောထားတယ် မဟုတ်ဘူးလား … ။ ဘာလို့ သူ့နောက်ကို လိုက်လာတာလဲ။

အစ်ကိုရှုက “ ဘယ်သူက မင်းကို လိုက်လာခိုင်းလို့လဲ။ တခြားတစ်ဖက်ကို မြန်မြန် ပြန်သွားစမ်း။ ” ဟု တီးတိုး ပြောလိုက်သည်။

သို့သော် သူ့နောက်က လူကတော့ ထွက်မသွားဘဲ သူ့ပခုံးကိုတောင် နောက်တစ်ခေါက် ထပ်ပုတ်ပြန်သည်။ ‌သူ ဒေါသထွက်ထွက်နှင့် နောက်ကို လှည့်ကြည့်လိုက်လျှင် အူကလီစာတွေ ‌ဗြောင်းဆန်သွားအောင်ပင် ထိတ်လန့်သွားရလေသည်။

ဆံပင်စုတ်ဖွား ၊ သွေးတွေ စိုရွဲနေသော မျက်နှာ ၊ ကြောက်စရာကောင်းသော မျက်လုံးတို့ဖြင့် သူ့ကို စိုက်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ကို သူ မြင်လိုက်ရသည်။ “ ငါက တကယ့်ကို ဆိုးဝါးတဲ့ အသေဆိုးနဲ့ သေခဲ့ရတာ …. ”

“ အား …… ”

အစ်ကိုရှုသည် အသံအကျယ်ကြီးနှင့် သွေးပျက်တုန်လှုပ်စွာ အော်လိုက်မိသည်။ ကြောက်ရွံ့မှုကြောင့် သူ ရောက်နေတဲ့ နေရာကိုတောင် သတိမရနိုင်တော့ဘဲ ထွက်ပြေးဖို့ ဟန်ပြင်လိုက်သည်။

သို့သော် ဒီနေရာက ခေါင်မိုး ဖြစ်၍ လျော့ရဲရဲ အုတ်ကြွပ်ပြားတွေက သူ့ကို ခြေချော်သွားစေကာ လျှပ်တစ်ပြက်အတွင်းမှာပဲ ခေါင်းမိုးပေါ်ကနေ ခြံထဲကို ခြေကားရားလက်ကားရားနှင့် ပြုတ်ကျသွားခဲ့ရသည်။

အိမ်ထဲက လူတွေက နောက်ထပ် သရဲအော်သံကြောင့် ထိတ်လန့်တကြား ရင်တုန်ပန်းတုန်ဖြစ်နေတုန်းမှာပဲ တစ်ခုခု ပြုတ်ကျတဲ့ အသံကို ရုတ်တရက် ကြားလိုက်ရသောအခါ ပိုလို့တောင် ထိတ်လန့်သွားပြီး အသက်တောင် မရှူရဲတော့ပေ။

“ အစ် … အစ်ကိုကြီး … ဒီအိမ်မှာ သရဲ တကယ် ရှိတယ်။ ”

“ ပေါက်ကရတွေ လျှောက်မပြောနဲ့။ ” အမေ ဒီမှာ မရှိတဲ့အခါ တာ့ကျွမ်းက အလိုလို အိမ်ထောင်ဦးစီးဖြစ်သွားပြီမို့ အကြောက်တရားကို ထုတ်ပြလို့ မရပါ။ “ အမေက ကမ္ဘာပေါ်မှာ သရဲ ဆိုတာ မရှိဘူးလို့ ပြောထားတယ်။ ”

ထိုအချိန်မှာပဲ တံခါးက တွန်းပွင့်သွားကာ ဝင်ပေါက်မှာ ဖရိုဖရဲပုံစံဖြစ်နေတဲ့ အသွင်သဏ္ဍာန်တစ်ခု ပေါ်လာခဲ့သည်။

“ အား ….. ”

ဝမ်ရှောင်စစ်က ကျယ်လောင်စွာ အော်ပြီး တာ့ကျွမ်းရဲ့ ရင်ခွင်ထဲကို တစ်ကိုယ်လုံး နစ်မြုပ်မတတ် ပြေးဝင်သွားသည်။

“ နင်တို့ ဘာလို့ အော်နေကြတာလဲ။ ” လူတိုင်း ထိတ်လန့်နေတုန်းမှာပဲ လီယောင့်အသံကို ကြားလိုက်ရကာ သူတို့အားလုံး ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။

“ အမေ ….. ”

“ အမေလားဟင်။ အဲ့ဒါ အမေလား။ ”

“ ငါ မဟုတ်လို့ ဘယ်သူ ဖြစ်မှာလဲ။ ” လီယောင်က အခန်းထဲကို လျှောက်ဝင်လာပြီး “ အခု မီးအိမ်တွေကို ထွန်းလိုက်။ ” ဟု ပြောလိုက်သည်။

တာ့ကျွမ်းသည် ဆီမီးအိမ်ကို အမြန် ထွန်းညှိလိုက်ပြီး လီယောင့်ရဲ့ ဖရိုဖရဲဖြစ်နေသော ပုံစံကို မြင်လျှင် သူ့ပါးစပ်က “ အမေ ဘာတွေ လုပ်နေတာလဲ။ ” ဟု မမေးမိဘဲ မနေနိုင်တော့ပါ။

“ သရဲဖမ်းနေတာ။ ”

“ သရဲဖမ်းနေတာ … ဟုတ်လား။ ”

“ ဟုတ်တယ်။ ငါ သရဲတစ်ကောင် ဖမ်းမိထားတယ်။ အခု အဲ့သရဲက ခြံထဲမှာ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ မီးအိမ်တွေကို ယူလာခဲ့။ ငါ နင်တို့အားလုံးကို လိုက်ပြမယ်။ ”

တာ့ကျွမ်းက ဆီမီးအိမ်ကို ယူလိုက်ပြီး စိတ်မသက်မသာဖြစ်နေတဲ့ လူစုကြီးကို ခေါ်ကာ လီယောင်နှင့်အတူ ခြံထဲကို လိုက်ဆင်းလာခဲ့သည်။ သို့သော်လည်း အပြင်မှာ ဘာသရဲမှ မရှိဘဲ မြေပြင်ပေါ်မှ လဲလျောင်းနေတဲ့ လူတစ်ယောက်သာ ရှိပါသည်။

“ ဒီလူက အိမ်ခြံမြေပွဲစားရုံးက စာရေး မဟုတ်လား။ ” ဝမ်အာက ထိုလူ့ကို အလျင်အမြန် မှတ်မိသွားသည်။ “ သူက ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ။ သရဲခြောက်တယ် ဆိုတာက သူတို့တွေ လူတွေကို သရဲယောင်ဆောင်ပြီး ခြောက်လှန့်နေတာလား။ ”

“ အခုတော့ နင်တို့ နားလည်သွားပြီမလား။ ” ဟု လီယောင်က ပြန်ပြောလိုက်သည်။ “ ကမ္ဘာပေါ်မှာ သရဲ ဆိုတာ မရှိဘူး။ တကယ့်သရဲ ဆိုတာ လူတွေရဲ့ နှလုံးသားထဲမှာပဲ ရှိတာ။ ”

“ တံခါးဖွင့်ပေးပါဦး မရီး။ ”

အချိန်ကိုက်ပဲ ခြံပြင်ကနေ ဝမ်ယွမ်ကောရဲ့ အသံ ထွက်ပေါ်လာသည်။ တာ့ကျွမ်း တံခါးမကြီးကို သွားဖွင့်ပေးလိုက်တော့ အနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ လူတွေကို အတင်း ဆွဲခေါ်လာတဲ့ လူတွေနှင့်အတူ ဝမ်ယွမ်ကော ရောက်လာသည်။

ထိုလူ‌တွေ လီယောင့်ရဲ့ သရဲအတုတွေနှင့် မတွေ့တာ ကံကောင်းသည်။ ဒါ့ကြောင့်သာ အစ်ကိုရှုလို ခေါင်မိုးပေါ်က ပြုတ်ကျပြီး ခြေကျိုးမည့်အစား ၊ အကြီးအကျယ် သွေးပျက်တုန်လှုပ်မည့်အစား ရိုက်နှက်တာလောက်ပဲ ခံခဲ့ရတာ ဖြစ်သည်။

အခုတော့ ကိစ္စတွေ ရှင်းလင်းလာတဲ့အခါ လူတိုင်း နားလည်သွားကြသည်။ လတ်စသတ်တော့ ဒီနေရာမှာ အစကတည်းက သရဲ ဆိုတာ မရှိဘဲ အိမ်ခြံမြေပွဲစားရုံးက လူတွေက သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်အောင် လုပ်ကြံဖန်တီးနေတာပင်။

“ ကျုပ်တို့ ဒီလူတွေကို ဘာလုပ်လိုက်ရင် ကောင်းမလဲ မရီး။ ”

“ မနက်ဖြန်ကျရင် သူတို့ကို တာဝန်ရှိပုဂ္ဂိုလ်တွေဆီ‌ ခေါ်သွားလိုက်ပါ။ ” လီယောင်က ခဏ စဉ်းစားလိုက်သည်။ “ မနက်မိုးလင်းတာနဲ့ ဒီကိစ္စကို အုပ်ချုပ်ရေးမှူးလျို့ယွင်ကို အရင်ဆုံး သွားပြောလိုက် ဝမ်အာ။ ဒီကိစ္စကို သမာသမတ်ကျကျ ကိုင်တွင်ရမယ်။ ”

အိမ်ခြံမြေပွဲစားရုံးလေးတစ်ခုက လူတွေကို ဒီလိုမျိုး အတင့်ရဲစွာ လိမ်ညာလှည့်စားရဲတယ် ဆိုတော့ သူတို့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာ သေချာသည်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူတို့ရဲ့ ယုတ်မာကောက်ကျစ်တဲ့ အတွေးတွေအကုန်လုံး အထမမြောက်ဖို့သာ များလေသည်။

…

All Chapters