သရဲအဖြစ် ဟန်ဆောင်ခြင်း။
Vol. 18 Ch. 195
နောက်တစ်နေ့မနက်မှာတော့ ဝမ်ယွမ်ကောသည် မနေ့ညတုန်းက ရည်ရွယ်ချက်ရှိရှိ သရဲယောင်ဆောင်ခဲ့သူတွေကို တရားရုံးတော်သို့ ခေါ်သွားခဲ့သည်။ ဝမ်အာကလည်း လူတစ်ယောက်ဟာ လီယောင့်ကို အတင့်ရဲစွာ လိမ်ညာလှည့်စားရဲတယ်ကို သတင်းပေးဖို့ တော်ဝင်နန်းတော်ကို သွားခဲ့သည်။
ထိုအချိန်မှာ လျို့ယွင်ကတော့ နှလုံးသားထဲမှာ ဒေါသတွေ မြင့်တက်နေခဲ့လေသည်။
မနေ့တုန်းက သူ့ရဲ့ ယိကျိုးမင်းသား ဆိုတဲ့ အခွင့်အာဏာကို သုံး၍ ယိကျိုးစီရင်စုရဲ့ စီရင်စုတရားသူကြီးတွေ ၊ အရာရှိကြီးတွေကို ဆင့်ခေါ်ပြီး အားလုံးကို လက်ရှိအတိုင်း ဆက်နေဖို့ ပြောခဲ့ပေမဲ့ အများစုက ယိကျိုးစီရင်စုကို စွန့်ခွာချင်နေကြသည်။ လူတိုင်းကို ယိကျိုးစီရင်စုမှာပဲ ဆက်နေစေချင်ရင် သူတို့ရဲ့ လစာကို အများအပြား တိုးမြှင့်ပေးရလိမ့်မည်။
‘ စီရင်စုတစ်စုဟာ အုပ်ချုပ်သူမရှိဘဲ တစ်ရက်တာ လည်ပတ်နိုင်ပေမဲ့ အရာရှိတွေ မရှိဘဲ တစ်ရက်တောင် မလည်ပတ်နိုင်ဘူး ’ ဆိုတဲ့ ဆိုရိုးစကား ရှိသည်။ ယိကျိုးစီရင်စုကို စီမံခန့်ခွဲဖို့အတွက် အရာရှိများစွာ လိုအပ်သည်။
အရာရှိတွေရဲ့ ကူညီထောက်ပံ့ပေးမှု မရှိရင် ယိကျိုးစီရင်စုရဲ့ မင်းသားဖြစ်တဲ့ သူက ဘာမှ မလုပ်နိုင်တဲ့ အခွံသက်သက်သာ ဖြစ်သွားလိမ့်မည်။ လစ်ဟာသွားတဲ့ အရာရှိရာထူးတွေမှာ လူတွေ အများကြီး ထပ်ရှာပြီး အစားထိုးဖို့ကလည်း အချိန်တိုအတွင်း ဘယ်လိုမှ မဖြစ်နိုင်ပါ။ လစာတိုးပေးဖို့ကတော့ ပိုလို့တောင် မဖြစ်နိုင်။
ပိုက်ဆံမတတ်နိုင်နာ မဟုတ်ပေမဲ့ သူ ဒါကို အကျင့်လုပ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူ့လက်အောက်က အရာရှိတွေက အနာဂတ်မှာ ကိစ္စတစ်ခုခု ရှိလာတိုင်း သူ့ကို ကန့်လန့်တိုက်သလိုမျိုး အကုန်လုံး ပူးပေါင်းပြီး သူနှင့် အပေးအယူလုပ်လိမ့်မည်။
ထိုပြဿနာကြောင့် သူ တစ်ညလုံး အိပ်လို့တောင် မပျော်ခဲ့ပါ။ မနက် အိပ်ရာနိုးလို့ ဝမ်အာ တင်ပြတဲ့ အကြောင်းအရာကို ကြားလိုက်ရသောအခါ သူ့စိတ်အခြေအနေက ပိုလို့တောင် ဆိုးသွားသည်။
အုပ်ချုပ်ရေးမှူးလီ မရှိတော့တဲ့အတွက် ယိကျိုးစီရင်စုရဲ့ နေ့စဉ်အရေးကိစ္စတွေကို ဒုတိယအုပ်ချုပ်ရေးမှူး သုံးယောက်နှင့် ထပ်ဆောင်းတရားသူကြီးတစ်ယောက်က ယာယီ စီမံခန့်ခွဲပေးနေတာ ဖြစ်သည်။ ဒီလို ကိစ္စမျိုးတွေကို ယေဘုယျအားဖြင့် တရားသူကြီးကသာ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်သည်။
ထို့ကြောင့် သူ ပိုင်စုန့်ကို တရားရုံးတော်သို့ သွားရောက်စုံစမ်းခိုင်းခဲ့ပေမဲ့ ပိုင်စုန့်က ပြန်ရောက်လာပြီး သူ့အား တရားသူကြီးဟဲက ဒီအမှုကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းနှင့် ထိုလူတွေကို ငွေရာဂဏန်းသာ ဒဏ်ကြေးတပ်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း ပြောပြသည်။
ထိုလူတွေဟာ တရားရုံးတော်ရဲ့ အရှေ့တံခါးက ထွက်ရုံရှိသေး ၊ ခြေထောက်ကျိုးထားတဲ့ တစ်ယောက်ကို သူ့လူတွေက တရားရုံးတော်ထဲ ပြန်သယ်သွားကာ လီယောင်တို့မိသားစုကို သူ့ခြေထောက်အား ရိုက်ချိုးသည်ဟု စွပ်စွဲခဲ့သည်။
ကျန်တဲ့ အမည်မသိ လူတွေကလည်း ဝမ်ယွမ်ကောအား သူတို့ကို ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်သည်ဟု စွပ်စွဲခဲ့ကြသည်။
အခု တရားရုံးတော်ရဲ့ အမှုထမ်းတွေက လီယောင်တို့မိသားစုကို ဖမ်းဖို့ လူတွေ လွှတ်ထားသည်ဟု ဆိုသည်။
လျို့ယွင်သည် ထိုစကားကို ကြားလိုက်ရတဲ့ သူ့နားကိုပင် မယုံနိုင်ပေ။ ဒီလူတွေက လက်ဝါးချင်းရိုက်ပူးပေါင်းပြီး ငွေလိမ်ခဲ့တာတောင် တရားသူကြီးက ဒီကိစ္စကို အတွင်းကျကျ စစ်ဆေးရမယ့်အစား ငွေလေး နည်းနည်းပါးပါး ဒဏ်ကြေးတပ်ပြီး အမှုပိတ်သိမ်းလိုက်တယ်တဲ့လား … ။ လုံးဝကို ကလေးအကွက်လေးတွေပဲ။
ပိုလို့တောင် အဓိပ္ပာယ်မရှိတာကတော့ ထိုလူတွေကပဲ တစ်ပြန်ကြီး အဖြူကို အမည်းဖြစ်အောင် ပြောင်းနေတာပဲ ဖြစ်သည်။
“ တရားသူကြီးဟဲကို ငါ့ဆီ ခေါ်လာခဲ့လိုက်။ ”
“ အစ်ကိုလျို့။ ” သူ့ဘေးမှာ ရပ်နေတဲ့ ဝမ်အာက အမြန် ပြောလိုက်သည်။ “ အရင်ဆုံး ဒေါသမထွက်ပါနဲ့ဦး။ ”
“ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။ ဒီလို ကိစ္စကြီးတစ်ခု ဖြစ်သွားတာကို ယိကျိုးစီရင်စုရဲ့ မင်းသားဖြစ်တဲ့ ငါက မင်းတို့အတွက် သေချာပေါက် တရားမျှတမှုရှာပေးရမှာပေါ့။ ”
“ အဲ့ဒါကို အလျင်စလိုလုပ်စရာ မလိုပါဘူး။ ကျွန်တော့်အမေက ဒီလို ဖြစ်မယ်မှန်း ကြိုသိပြီးသားမလို့ အစ်ကို့ကို စကားတချို့ သတင်းပါးခိုင်းလိုက်တယ်။ ”
လျို့ယွင်သည် ဝမ်အာ ပြောတဲ့ စကားတွေကို နားထောင်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ငယ်ရွယ်လွန်းသေးပြီး စိတ်လိုက်မာန်ပါလုပ်တတ်တယ်ဟု ခံစားလိုက်ရ၏။
“ ဟုတ်ပြီ။ ဒါဆို ဒေါ်လေး ပြောထားတဲ့အတိုင်း လုပ်ရအောင်။ တရားရုံးတော်ကို သွားမယ်။ ”
......
ယိကျိုးတရားရုံးတော်က ပိုင်ချွမ်းခရိုင်ရဲ့ တရားရုံးတော်ထက် အဆပေါင်းများစွာ ကြီးကျယ်ခမ်းနားသည်။ အနီရောင်ဂိတ်တံခါးရှေ့မှာ နှစ်မီတာကျော်မြင့်တဲ့ ကျောက်င်္ခြသေ့ရုပ် နှစ်ကောင် ရပ်နေကာ ဘေးက အဆောက်အအုံရဲ့ တံစက်မြိတ်အောက်မှာ စည်ကြီးတစ်လုဲးကို ချိတ်ဆွဲထားသည်။
ဒီတစ်ခေါက်တော့ တရားရုံးတော်ရဲ့ ဂိတ်တံခါးကြီးကို ဖွင့်လှစ်ထားကာ တူညီဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အစေခံတွေက နှစ်တန်း ခွဲရပ်နေပြီး သူတို့ရဲ့ လက်ထဲမှာ ယွန်းထည်ပစ္စည်းလေးတွေကို ကိုင်ထားပြီး ကြည့်ရသည်မှာ ခမ်းနားကြီးကျယ်လှပါသည်။
သမာဓိခုံအဖွဲ့ရဲ့ အထက်မှာ ထိုင်နေသူကတော့ ရှည်လျားသော မုတ်ဆိတ်မွေးကြီးနှင့် အရာရှိ တစ်ဖြစ်လဲ ယိကျိုးတရားရုံးတော်ရဲ့ တရားသူကြီးဟဲပင် ဖြစ်လေသည်။
ထုံးတမ်းအစဉ်အလာအရတော့ တရားသူကြီးက ထိုနေရာမှ ထိုင်ဖို့ အရည်အသွေးမပြည့်မှီသော်လည်း အခုတော့ ရုံးတော်မှာ အုပ်ချုပ်ရေးမှူး မရှိသလို ဒုတိယအုပ်ချုပ်ရေးမှူးသုံးယောက်ကလည်း အလုပ်ရှုပ်မခံချင်သောကြောင့် ထိုလူက အခွင့်အရေးကို မိမိရရ အသုံးချပြီး တရားသူကြီးဟန်ဆောင်ထားတာ ဖြစ်သည်။
ထိုအချိန်မှာ အဓိကခန်းမထဲမှာ အစ်ကိုရှုနှင့် သူ့ရဲ့ တရားလိုအဖွဲ့ စောင့်ဆိုင်းနေပြီး သူတို့ရှေ့မှာတော့ ပွဲစားကျန်းက ရပ်နေသည်။ သူ မနေ့ညတုန်းက လွှတ်လိုက်တဲ့ လူတွေအကုန်လုံး အဖမ်းခံလိုက်ရတယ် ဆိုတဲ့ သတင်းကို ကြားတုန်းက ဆိုင်ရှင်ကျန်းတစ်ယောက် အလွန် ထိတ်လန့်သွားခဲ့ရပါသည်။
ထိုအိမ်တွေနှင့် ပတ်သက်တဲ့ သရဲဇာတ်လမ်းတွေသာ အလိမ်ပေါ်သွားရင် ထိုအိမ်တွေကို ဝယ်ယူထားတဲ့ လူတွေအကုန်လုံး ဝယ်ယူမှု ရုတ်သိမ်းလို့ ရသွားလိမ့်မည်။ ဝယ်ယူမှုရုတ်သိမ်းလိုက်ရင် သူ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှာနိုင်ရုံသာမက ငွေချောင်းတွေ ထောင်ချီပြီး ဆုံးရှုံးရလိမ့်မည်။
ထို့ကြောင့် သူ ညတွင်းချင်းပဲ မြို့ထဲက အပေါင်ဆိုင်ပိုင်ရှင် သူဌေးတွေကို သွားရှာခဲ့သည်။ ထိုအပေါင်ဆိုင်ပိုင်ရှင် သူဌေးတွေထဲက တစ်ယောက်ကတော့ အခု သမာဓိခုံအဖွဲ့အထက်မှာ မြင့်မြင့်မားမား ထိုင်နေသည့် တရားသူကြီးဟဲက လွဲပြီး တခြား မရှိပေ။
တရားသူကြီးဟဲက သူ့အား ရုံးတော်ကို ဒီနေ့ လာပြီး တန်ပြန် တရားစွဲဆိုဖို့ ပြောထားသည်။ အဲ့ဒါက သူ့အား ဝူချူးအိမ်တော်ကို ပြန်ရစေရုံသာမက အကျိုးအမြတ်တွေကိုလည်း လျှော့ချခံရမှာ မဟုတ်ပါ။ တရားသူကြီးဟဲသာ ဒီအမှုကို ကိုင်တွယ်ပေးရင် လုံးဝ ခက်ခဲတော့မှာ မဟုတ်သောကြောင့် ပွဲစားကျန်းရဲ့ နှလုံးသားထဲက အလေးတုံးကြီး ပေါ့သွားသလို ခံစားရသည်။
ထိုအချိန်မှာပဲ ခန်းမထဲကို အစောင့်တစ်ယောက် ရောက်လာပြီး “ ပြစ်မှုကျူးလွန်သူတွေ ရောက်လာပါပြီ တရားသူကြီးဟဲ။ ” ဟု လာပြောသည်။
“ သူတို့ကို ခန်းမထဲကို ခေါ်လာခဲ့လိုက်။ ”
ခဏအကြာမှာတော့ ပင်မခန်းမထဲကို ဝမ်ယွမ်ကော လျှောက်ဝင်လာသည်။ လီယောင် ဝယ်ထားတဲ့ အိမ်တော်က တာ့ကျွမ်းရဲ့ နာမည်နှင့် ဝယ်ထားတာမို့ ဝမ်ယွမ်ကောရဲ့ နောက်မှာတော့ တာ့ကျွမ်းက လိုက်ပါလာသည်။
ဟဲရှောင်ယာနှင့် သူမရဲ့ မိသားစုကတော့ ဂိတ်တံခါးအပြင်ဘက်မှာပဲ ရပ်တန့်ခံလိုက်ရပြီး တရားစီရင်မှုကို လာကြည့်သည့် တခြားသူတွေနှင့်အတူ ခပ်လှမ်းလှမ်းကနေပဲ ကြည့်နိုင်လေသည်။
တရားသူကြီးဟဲက သူ့ကို ဝမ်ယွမ်ကောနှင့် တာ့ကျွမ်းတို့ အရိုအသေပေးတာကို စောင့်နေပြီးမှ “ မောင်မင်း တရားစွဲချင်တဲ့ လူတွေက ဒီနှစ်ယောက်လား ပွဲစားကျန်း။ ” ဟု ဩရှတည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။
“ ဟုတ်ပါတယ် ဟုတ်ပါတယ်။ သူတို့ပါပဲ။ ”
“ လေးစားရပါတဲ့ တရားသူကြမင်းခင်ဗျာ။ ” ပွဲစားကျန်းက မနေ့ညတုန်းက အဖြစ်အပျက်တွေကို ဇာတ်စုံခင်းလိုက်သည်။ “ ဒီလူနှစ်ယောက်က ကျုပ်ရဲ့ တပည့်တွေကို ခွန်အားသုံးပြီး တိုက်ခိုက်ခဲ့တဲ့အပြင် ဝူချူးအိမ်တော်ကိုလည်း သူတို့ကို ဈေးနည်းနည်းလေးနဲ့ အတင်းအကျပ် ရောင်းခိုင်းခဲ့ပါတယ်။ ကျုပ်ကလည်း ကြောက်တတ်တဲ့ လူဆိုတော့ ကျုပ် ထိခိုက်မှာ စိုးတာနဲ့ သူတို့ကို မရောင်းချင်ဘဲ ရောင်းပေးလိုက်ရတယ်။ ဒါပေမဲ့ ကျုပ်တပည့်တွေကတော့ မကျေနပ်ကြဘူး။ အဲ့ဒါနဲ့ မနေ့ညတုန်းက သူတို့နဲ့ ပြေပြေလည်လည် ညှိနှိုင်းဖို့ သွားခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျုပ်တပည့်တွေကို ဆိုးဆိုးဝါးဝါး ရိုက်နှက်ခဲ့ကြတယ်။ တစ်ယောက်ဆိုရင် ခြေထောက်တောင် ကျိုးသွားတယ်။ ကျုပ်က ယိကျိုးစီရင်စုမှာ ရိုးရိုးသားသား ပိုက်ဆံရှာပြီး သမာသမတ်ကျကျ ရပ်တည်နေတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ တစ်ခါလောက် အရှုံးပေါ်တာကို စိတ်ထဲ မထည့်ပေမဲ့ သူတို့နှစ်ယောက်က ကျုပ်ရဲ့ အပြစ်ကင်းစင်တဲ့ တပည့်လေးတွေကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပေးတဲ့ထိ ရက်စက်လွန်းတယ်။ ဒီအမှုအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ ပြည်သူတွေအစား ကျုပ် အသနားခံပါတယ်။ သူတို့ကို ကျုပ်ရဲ့ အိမ်တော်ကို ပြန်ပေးခိုင်းပြီး ကျုပ်တပည့်တွေရဲ့ ဒဏ်ရာတွေအတွက် ဆေးဖိုးဝါးခလည်း ပေးလျော်ခိုင်းပါ။ ”
“ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ။ ” တာ့ကျွမ်းသည် ထိုစကားကို ကြားသည်နှင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အော်ဟစ်ပြောလိုက်သည်။ “ ကျုပ်တို့က အဲ့အိမ်ကို ခင်ဗျားဆီက မျှမျှတတ ဝယ်ထားတာ။ ”
“ မျှမျှတတ ဝယ်ထားတာ … ဟုတ်လား။ ” ပွဲစားကျန်းက အေးစက်စက် ရယ်လိုက်သည်။ “ ငါ မင်းတို့ကို မေးပါရစေဦး။ မင်းတို့ ငါ့ဆီကနေ အဲ့အိမ်တွေကို ဝယ်ဖို့ ဘယ်လောက် သုံးခဲ့ရလဲ။ ”
“ ကျုပ်က ငွေချောင်း ( ၁၀၀၀၀ ) ။ ”
“ ကျုပ်က စံအိမ် လေးလုံးကို စုစုပေါင်း ငွေချောင်း ( ၃၀၀၀၀ ) နဲ့ ဝယ်ထားတာ။ အဲ့ဒါက ပျမ်းမျှအားဖြင့် တစ်အိမ်ကို ငွေချောင်း ( ၇၅၀၀ ) တောင် မရှိဘူး။ ”
ပွဲစားကျန်းက “ အေး။ ယိကျိုးစီရင်စုထဲက ဘယ်အပေါင်ဆိုင်ကိုမဆို မင်းတို့ ဒီလို အိမ်မျိုးကို အဲ့ဈေးနဲ့ ဝယ်လို့ ရလား ဆိုတာ လိုက်မေးကြည့်လိုက်။ တရားသူကြီးမင်းခင်ဗျာ … သူတို့က ပစ္စည်းတွေကို ခွန်အားသုံးပြီး အတင်းအကျပ် လုယူနေတာ သိသာထင်ရှားပါတယ်။ တရားသူကြီးမင်း ဒီကိစ္စကို ကောင်းကောင်း သိမြင်ပေးဖို့ အသနားခံပါတယ်။ ”
တာ့ကျွမ်းနှင့် ဝမ်ယွမ်ကောတို့ အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။ တကယ်လည်း သူတို့ကို ရောင်းလိုက်တဲ့ အိမ်ဈေးက အရမ်း နည်းနေတာပါ။ ဒါပေမဲ့ အဲ့ဒါကို ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေမည်လို့တော့ ထင်မထားခဲ့ပေ။
တရားသူကြီးဟဲက “ ဟမ့် ၊ ဒီအရာရှိ သိသလောက် ဆိုရင်တော့ ဒီနားတစ်ဝိုက်က အိမ်ဈေးတွေက ငွေချောင်း ( ၅၀၀၀၀ ) ထက် မနည်းသင့်ဘူး။ ” ဟု ပြောလိုက်သည်။
“ ဒါပေမဲ့ သူကိုယ်တိုင် ကျွန်တော်တို့ကို အဲ့ဈေးနဲ့ ရောင်းပေးလိုက်တာပါ တရားသူကြီးမင်း။ ”
“ မင်းတို့မှာ မျက်မြင်သက်သေ ရှိလို့လား။ ”
“ ရှိတယ်။ အဲ့အချိန်တုန်းက ကျုပ်တို့ရဲ့ တစ်မိသားစုလုံး ရှိနေခဲ့တာ။ ”
“ မင်းတို့ရဲ့ မိသားစုက မင်းတို့ဘက်ပဲ လိုက်မှာပေါ့ ၊ အဲ့တော့ သူတို့ကို မျက်မြင်သက်သေအဖြစ် တင်ပြလို့ မရဘူး။ ” ဟု တရားသူကြီးဟဲက ပြောလိုက်သည်။ “ တခြားမျက်မြင်သက်သေတွေရော ရှိလား။ ”
“ ဟို … မရှိပါဘူး။ ”
“ တခြား မျက်မြင်သက်သေ မရှိဘူး ဆိုရင်တော့ ဒါကို မင်း ပြောသလို တရားမျှတတဲ့ ဝယ်ယူမှု ဆိုတာ သက်သေပြလို့ မရဘူး။ ပွဲစားကျန်းရဲ့ လက်ထောက်တွေကို မင်းတို့တွေ ရိုက်နှက်ခဲ့တဲ့ အချက်ကိုပါ ထည့်တွက်လိုက်ရင် မင်းတို့ ပွဲစားကျန်းဆီက မတန်တဆဈေးနဲ့ အတင်းအကျပ် ဝယ်ထားတာ ဖြစ်နိုင်ချေရှိတယ်လို့ ဒီအရာရှိ ယူဆတယ်။ ”
“ တရားသူကြီးမင်းခင်ဗျာ ၊ သူတို့က ကျွန်တော်တို့ရဲ့ အိမ်မှာ ညသန်းခေါင်ကြီး သရဲအယောင်ဆောင်ဖို့ ရောက်လာတာပါ။ ”
“ မောင်မင်းမှာ မျက်မြင်သက်သေ ရှိလား။ ”
တာ့ကျွမ်း : ……
“ မျက်မမြင်သက်သေ မရှိဘဲနဲ့ ဒီအရာရှိကို မင်းရဲ့ တစ်ဖက်သတ် လျှောက်ဆိုချက်ကို ယုံကြည်ပေးဖို့ ဘယ်လိုလုပ် မျှော်လင့်နေတာလဲ။ ”
တရားသူကြီးဟဲရဲ့ စကားကို ကြားချိန်တွင် ပွဲစားကျန်းရဲ့ မျက်နှာပေါ်မှာ အပြုံးယဲ့ယဲ့လေး ထင်ဟပ်သွားသည်။ ဒီနေရာမှာ တရားသူကြီးဟဲ ရှိနေသရွေ့ ဒီအပြင်လူနှစ်ယောက် သေချာပေါက် လက်မြှောက်အရှုံးပေးလိုက်ရုံသာ ရှိပါလိမ့်မည်။
“ ဒါပေမဲ့ ဒီအရာရှိက အမှား အမှန်ကို ထင်ရာမြင်ရာ မဆုံးဖြတ်တတ်ပါဘူး။ ” ဟု တရားသူကြီးဟဲက ဆက်ပြောလိုက်သည်။ “ မင်းတို့နှစ်ဖက်လုံးက တစ်ဖက်သတ်အပြောပဲ ရှိပြီး နှစ်ဖက်လုံးမှာ မျက်မြင်သက်သေ မရှိဘူး ဆိုတော့ ဒီအရာရှိက ဘယ်သူ မှားလဲ ၊ ဘယ်သူ မှန်လဲ ဆိုတာ ဆုံးဖြတ်လို့ မရဘူး။ အဲ့ဒါကြောင့် ဒီအရာရှိက မင်းတို့ ဝယ်ထားတဲ့ အိမ်တွေကို ပွဲစားကျန်းဆီ ပြန်လွှဲပြောင်းပေးဖို့ စီရင်ချက်ချလိုက်မယ်။ ဒါပေမဲ့ မင်းတို့က အဲ့ဒီအိမ်တွေက သရဲခြောက်ပါတယ် ဆိုပြီး ကောလဟာလတွေ လျှောက်ဖြန့်ထားတဲ့အတွက် အနာဂတ်မှာ ပြန်ရောင်းချတဲ့အခါ သေချာပေါက် ထိခိုက်မှာရှိမှာပဲ။ အဲ့ဒါကြောင့် တစ်အိမ်ကို လျော်ကြေးအနေနဲ့ ငွေချောင်း ( ၅၀၀ ) ပေးရမယ်။ ပြီးတော့ မင်းတို့က ပွဲစားကျန်းရဲ့ လက်ထောက်တွေကို ရိုက်နှက်ခဲ့တယ် ဆိုတော့ အဲ့ဒီအတွက်လည်း အပြစ်ဒဏ်ခံယူသင့်တယ်။ ဒါပေမဲ့ မင်းတို့က တစ်နယ်တစ်ကျေးကနေ ယိကျိုးစီရင်စုကို အခုမှ ရောက်လာလို့ ဒီနေရာက ဓလေ့ထုံးတမ်းတွေနဲ့ မရင်းနှီးဘူးလို့ ဒီအရာရှိက ယူဆတဲ့အတွက် မင်းတို့ကို အပြစ်ဒဏ် ကြီးကြီးမားမား မပေးတော့ဘူး။ သတိပေးတဲ့အနေနဲ့ စုစုပေါင်း လျော်ကြေး ငွေချောင်း ( ၅၀၀ ) ပေးရင် လုံလောက်ပါပြီ။ ”
ဝမ်ယွမ်ကောနှင့် တာ့ကျွမ်းသည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ အမှုတစ်ခုကို ဘယ်လိုလုပ် ဒီလိုမျိုး စီရင်ချက် ချနိုင်ရတာလဲ … ။
“ ဘာမှ ကန့်ကွက်စရာမရှိရင် လျော်ကြေးတွေနဲ့ အိမ်အရောင်းအဝယ်စာချုပ်တွေကို ပေးပါ။ ” ဟု တရားသူကြီးဟဲက ဆက်ပြောသည်။ “ ပွဲစားကျန်းကလည်း ပြီးရင် သူတို့ကို ငွေပြန်အမ်းပေးရမယ့် ပိုက်ဆံတွေကို အဆင်သင့်ပြင်ထားလိုက်ပါ။ ”
“ ဟုတ်ကဲ့ပါ တရားသူကြီးမင်း။ ကျွန်တော် အခုချက်ချင်း လူတစ်ယောက်ကို ပိုက်ဆံတွေ သွားယူခိုင်းလိုက်ပါ့မယ်။ ”
တရားသူကြီးဟဲက ” ကောင်းပြီ။ ဒါဆို ဒီအမှု ပိတ်သိမ်းပြီနော်။ ” ဟု ပြောရင်း စီရင်ချက်ချမှတ်သည့်အခါ ထုသည့် တူလေးကို စားပွဲပေါ် တင်ပြီး ခပ်ပြင်းပြင်းလေး ထုချလိုက်သည်။ “ အမှုပြီးပြီ။ ”
“ နေပါဦး။ ”
တရားသူကြီးဟဲ လှည့်ထွက်သွားဖို့ ပြင်နေတုန်းမှာပဲ ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက ပင်မခန်းမထဲကို သွက်လက်စွာ လျှောက်လှမ်းလာခဲ့လေသည်။
…