သံသယကို ရှောင်ရှားခြင်း။
Vol. 18 Ch. 196
တရားသူကြီးဟဲ လှည့်ကြည့်လိုက်ချိန်မှာ ရုံးတော်ထဲကို ဝင်လာသူက ယိကျိုးမင်းသားရဲ့ သက်တော်စောင့် ဖြစ်နေတာကို တွေ့လိုက်ရလျှင် စိတ်ထဲကနေ ‘ ဘာပါလိမ့် ’ ဟု တွေးမိသွားလေသည်။ ဒါက အသေးအဖွဲ ကိစ္စလေးလေ ၊ ဘယ်လိုလုပ် မင်းသားရဲ့ အစောင့်တွေအထိ သတင်းရောက်သွားတာလဲ … ။
ဟိုလူနှစ်ယောက်က ယိကျိုးမင်းသားနဲ့ အဆက်အသွယ်ရှိနေတာလား။
တရားသူကြီးစုန့်က “ ကိုယ်ရံတော်စုန့် ရောက်လာတာပဲ။ ယိကျိုးမင်းသားက ကျုပ်ကို ရှာနေလို့လား။ ” ဟု မေးလိုက်လျှင် ပိုင်စုန့်က “ ဟုတ်ပါတယ်။ ” ဟု ပြန်ပြောသည်။
“ ဒါဆို ကျေးဇူးပြုပြီး နောက်ဖေးခြံဝင်းထဲကို လိုက်ခဲ့ပေးပါ။ ပင်မခန်းမထဲမှာ စကားပြောဖို့ အဆင်မပြေလို့ပါ။ ”
“ အဲ့လို လုပ်ဖို့ မလိုဘူး။ ယိကျိုးမင်းသား ကျွန်တော့်ကို ပြောခိုင်းလိုက်တဲ့ စကားက ခင်ဗျား စီရင်ချက်ချနေတဲ့ အမှုနဲ့ ပတ်သက်နေတာပါ။ ”
တရားသူကြီးဟဲရဲ့ နှလုံးသားထဲမှာ ထိတ်ခနဲ တုန်လှုပ်သွားသည်။ သူ ထင်ထားတဲ့အတိုင်း ဟိုလူနှစ်ယောက်က ယိကျိုးမင်းသားနဲ့ ပတ်သက်နေတာပဲ … ။
“ ခင်ဗျား တရားစီရင်ချက်ချတာကို ခဏ ရပ်ထားပါဦး တရားသူကြီးဟဲ။ ” ဟု ပိုင်စုန့်က ပြောလိုက်သည်။ “ ယိကျိုးမင်းသားက ဒီကို လာတဲ့ လမ်းမှာ ရောက်နေပါပြီ။ သူနဲ့အတူ ယိကျိုးအစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ အရာရှိတွေအကုန်လုံးလည်း ပါလာပါတယ်။ ”
ဘယ်လို … ။ ယိကျိုးမင်းသားကိုယ်တိုင် လာနေတဲ့အပြင် အရာရှိတွေပါ ပါလာတာလား။
တရားသူကြီးဟဲသည် အလွန် ထိတ်လန့်သွားသော်လည်း ဒီမှာ ရှိတဲ့ အရာရှိတွေအကုန်လုံး စည်းလုံးရင် ယိကျိုးမင်းသား ရောက်လာရင်တောင် ဘာလုပ်နိုင်မှာလဲဟု ပြန်တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က တာ့လင်တိုင်းပြည်ရဲ့ အမှုထမ်းတွေ ဖြစ်ပြီး ယိကျိုးမင်းသားရဲ့ အမှုထမ်းတွေ မဟုတ်ပါ။ နည်းလမ်းတကျ ပြောရရင် တရားရုံးတော်ရဲ့ တရားစီရင်ပိုင်ခွင့်ကသာ သူတို့အပေါ် သက်ရောက်မှုရှိသည်။
တရားသူကြီးဟဲသည် ထိုသို့ တွေးလိုက်တော့ အားပြန်ပြည့်ကာ တက်ကြွသွားသည်။
ခဏအကြာမှာတော့ လက်ထောက်အုပ်ချုပ်ရေးမှူး သုံးယောက် ဦးဆောင်ထားတဲ့ အရာရှိတွေ အပါအဝင် ယိကျိုးစီရင်စုရဲ့ လက်အောက်ခံ ခရိုင်များမှ ခရိုင်တရားသူကြီးတွေပါ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့သည်။
လူတိုင်း ထိုင်ခုံမှာ နေရာယူပြီးသောအခါ လျို့ယွင်လည်း ရောက်လာ၏။ တရားသူကြီးဟဲက အသီးသီး ရောက်လာတဲ့ လူတွေကို ကြည့်ပြီး “ မင်းသား ကျွန်တော်တို့ကို ဆင့်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကို သိလို့ ရမလား။ ” ဟု မေးတော့ လျို့ယွင်က “ အလျင်မလိုပါနဲ့။ နောက်ထပ် လူတစ်ယောက် ရောက်လာဦးမှာ။ ” ဟု ပြန်ပြောလိုက်သည်။
လျို့ယွင်ရဲ့ စကားကြောင့် အကုန်လုံး အံ့ဩသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သူ ဘယ်သူ့ကို ပြောနေတာပါလိမ့်ဟု တွေးနေခဲ့ကြသည်။
တရားသူကြီးဟဲက “ ဒီမှာ လူစုံနေပါပြီ ယိကျိုးမင်းသား။ မင်းသားက ဘယ်သူ့ကို စောင့်နေတာပါလဲ။ ” ဟု ထပ်မေးလိုက်သည်။
“ ကျွန်တော့်ရဲ့ ယိကျိုးအစိုးရရုံးမှာ သတ္တမအတင့် အမျိုးသမီးစွမ်းဆောင်ရှင်ဘွဲ့ရထားတဲ့ အရာရှိတစ်ယောက် ရှိသေးတယ်။ ”
ထိုစကားကို ကြားတော့မှ လူတိုင်း နားလည်သွားလေသည်။ ယိကျိုးမင်းသားဟာ ပိုင်ချွမ်းခရိုင်က အမျိုးသမီးအရာရှိ အမျိုးသမီးလီကို ပြောနေတာပဲ ဖြစ်သည်။
သူမရဲ့ ရာထူးက နည်းနည်းလေး နိမ့်ပြီး စစ်မှန်တဲ့ အာဏာမရှိသော အမျိုးသမီးအရာရှိတစ်ယောက် ဖြစ်သော်လည်း ဧကရာဇ်ကိုယ်တိုင် အပ်နှင်းထားတဲ့ အမျိုးသမီးအရာရှိ ဖြစ်နေတုန်းပါပဲ။ ပြောစရာပြစ်ချက် ဆိုလို့ ထိုအမျိုးသမီးလီဟာ အရမ်းကို ကိန်းကြီးခန်းကြီးနိုင်ပုံဖြင့် လူတွေ အများကြီးကို သူမတစ်ယောက်တည်းအား စောင့်ခိုင်းထားတာပဲ ရှိသည်။
အကုန်လုံးက လီယောင် ရောက်လာရင် သူမကို သင်ခန်းစာကောင်းကောင်း ပေးရမည်ဟု တွေးနေတုန်းမှာပဲ ကြည်လင်ပြတ်သားသော ဘဲလ်သံတချွင်ချွင်ကို ကြားလိုက်ရလျက် စက်ဘီးစီးလာသော လီယောင်သည် ဂိတ်တံခါးအပြင်ဘက်မှာ စက်ဘီးရပ်လိုက်၏။
ဝမ်အာက သူမရဲ့ စက်ဘီးကို သွားယူရင်း “ အကုန်လုံးက အမေ့ကို စောင့်နေကြတယ် အမေ။ ” ဟု ပြောလိုက်တော့ လီယောင်က “ ငါ မလာဘူးလို့ ပြောထားသားပဲ။ အဲ့ဒီ လျို့ယွင် ဆိုတဲ့ ကောင်လေးက ငါ့ကို မရမက လာခိုင်းတာ။ သိပ်ကို စိတ်ရှုပ်စရာကောင်းတယ်။ ” ဟု ပြန်ပြောသည်။
တရားရုံးထဲမှာ ရှိနေတဲ့ လူများ : …… သူမ ဘာပြောလိုက်တာလဲ။ ယိကျိုးမင်းသားကိုယ်တိုင် ဆင့်ခေါ်တာခံရတာက ဝမ်းသာဂုဏ်ယူစရာကောင်းနေပြီကို သူမက စိတ်တိုင်းကျတဲ့ပုံမပေါ်ပါလား … ။
လီယောင်က ခန်းမထဲကို တန်းတန်းမတ်မတ် လျှောက်ဝင်သွားလိုက်သည်။ လက်ထောက်အုပ်ချုပ်ရေးမှူးလျှို့က သူမ ဘာလို့ ဒီလောက် နောက်ကျနေတာလဲလို့ မေးဖို့ ပါးစပ်ပြင်နေသော်လည်း လျှို့ယွင်က ထိုင်ခုံက ရုတ်တရက် ထသွားကာ လီယောင့်ကို အပြုံးလေးဖြင့် ခရီးဦးကြိုခဲ့သည်။
“ ဒီမှာ ထိုင်ပါ ဒေါ်လေး။ ”
လီယောင့်ကို နေရာထိုင်ခင်းပြပြီး သူ့ဘေးမှာ ထိုင်ဖို့ စီစဉ်ပေးနေတဲ့ လျို့ယွင်ကို ကြည့်ကာ တရားရုံးထဲက လူတွေအကုန်လုံး ကြောင်အမ်းအမ်းဖြစ်သွားခဲ့ကြသည်။ ဒါက သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင်တစ်ယောက်ကို ဆက်ဆံတဲ့ ပုံစံတဲ့လား … ။
လျို့ယွင်က သူ့သဘောထားကို ပွင့်လင်းမြင်သာစွာ ဖော်ပြနေသောကြောင့် လက်ထောက်အုပ်ချုပ်ရေးမှူးလျှို့လည်း လျို့ယွင်ကို အမျက်တော်ရှအောင် လုပ်မိမှာ စိုးသောကြောင့် မေးခွန်းဆက်မမေးတော့ပေ။
ဆိုင်ရှင်ကျန်းနှင့် စာရေးတွေက လီယောင့်ကို မြင်သည်နှင့် ဂယောင်ခြောက်ခြားဖြစ်သွားကြသည်။ စံအိမ်ဝယ်တဲ့ လူက တစ်နယ်တစ်ကျေးက အပြင်လူတစ်ယောက် ဖြစ်လိမ့်မည်ဟုသာ ထင်ထားတာ ဖြစ်ပြီး လီယောင် ဖြစ်နေလိမ့်မည် ဟူ၍ ထင်မထားခဲ့ပေ။
ပြီးတော့ ယိကျိုးမင်းသားကိုယ်တိုင်က သူမကို လေးလေးစားစားနှင့် အထူးတလည် အရေးပေး၍ ဆက်ဆံနေ၏။ သူတို့သာ ဒါကို စောစော ကြိုသိရင် သူမကို လှည့်စားခဲ့မှာ မဟုတ်ပါ။ ဒါပေမဲ့ အခုတော့ အရမ်း နောက်ကျသွားပြီမို့ အခြေအနေကို တရားသူကြီးဟဲ အဖတ်ဆယ်ပေးဖို့သာ မျှော်လင့်ရတော့သည်။
လျို့ယွင်က ကြေညာလိုက်သည်။ “ အခု လူလည်း စုံသွားပါပြီ။ မနက်တုန်းက တရားရုံးတော်မှာ တကယ့်ကို အမှားအမှန် ဆုံးဖြတ်ရခက်တဲ့ အမှုတစ်ခု ရောက်လာတယ်လို့ ကျုပ် ကြားခဲ့တယ်။ ဒါ့ကြောင့် အကုန်လုံးကို ခင်ဗျားတို့ ယူဆချက်တွေကို နားထောင်ပေးဖို့ တောင်းဆိုပါတယ်။ ”
“ ယိကျိုးမင်းသား ဘယ်အမှုကို ရည်ညွှန်းပြောဆိုနေတာလဲလို့ မေးလို့ ရမလား။ ”
“ ခင်ဗျား စီရင်ချက်ချနေတဲ့ အမှုပေါ့။ ” ဟု လျို့ယွင်က ပြန်ပြောလိုက်လျှင် တရားသူကြီးဟဲရဲ့ နှလုံးသားထဲမှာ တုန်လှုပ်သွားလေသည်။
“ ယိကျိုးမင်းသားကို လျှောက်တင်ပါရစေ ၊ ဒီအမှုက စီရင်ချက်ချပြီးသွားပါပြီ။ ”
“ တရားလိုနဲ့ တရားခံကို ကွဲကွဲပြားပြား သိသွားပြီလား။ ”
“ ဟို … အဲ့လိုတော့ မသိရသေးပါဘူး။ ”
“ ဒါဆို ဒီအမှု မပြီးသေးဘူးပေါ့။ အသေးစိတ် အခြေအနေတွေကို လူတိုင်းကို ပြောပြပြီး နားထောင်ခိုင်းလိုက်ပါ တရားသူကြီးဟဲ။ ”
တရားသူကြီးဟဲရဲ့ နဖူးပေါ်မှာ ချွေးစေးတွေ စိမ့်ထွက်လာမိသည်။ ဒီလို အသေးအဖွဲ ကိစ္စလေးကို လျို့ယွင်ကိုယ်တိုင် ရောက်လာပြီး ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဒါပေမဲ့ လျို့ယွင်က ယိကျိုးမင်းသားဖြစ်နေတဲ့အတွက် သူ အမှန်အတိုင်း တင်ပြဖို့သာ တတ်နိုင်သည်။ သူ့ရဲ့ တင်ပြချက်ပြီးဆုံးသွားတော့ ဘယ်သူ့ဆီကမှ ရုတ်တရက် စကားသံထွက်မလာပါ။
လျို့ယွင်က “ ဒီအမှုရဲ့ အခက်ခဲဆုံး ပြဿနာက နှစ်ဖက်စလုံးမှာ ခိုင်မာတဲ့ သက်သေမရှိတာပဲ။ ” ဟု ပြောလိုက်တော့ လက်ထောက်အုပ်ချုပ်ရေးမှူးလျှို့က “ မှန်ပါတယ်။ အဲ့ဒါကြောင့်ပဲ တရားသူကြီးဟဲရဲ့ စီရင်ချက်က ကျိုးကြောင်းဆီလျော်တာပါ။ ” ဟု ထပြောသည်။
“ ကျန်တဲ့ လူတွေကရော ဘယ်လို မြင်ကြလဲ။ လက်ထောက်အုပ်ချုပ်ရေးမှူးလျှို့က သူ့အမြင်ကို ပြောပြီးပြီ ဆိုတော့ လက်ထောင်အုပ်ချုပ်ရေးမှူးချန်နဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးလော့ကလည်း အမြင်လေးတွေကို ပြောပြပေးပါဦး။ ”
လက်ထောင်အုပ်ချုပ်ရေးမှူးနှစ်ယောက်က တစ်ယောက်အတွေးကို တစ်ယောက် သိနေသလိုမျိုး အကြည့်ချင်း ဖလှယ်လိုက်သည်။
“ ကျွန်တော်လည်း တရားသူကြီးဟဲရဲ့ စီရင်ချက်က အမှားအယွင်းမရှိဘူးလို့ ထင်ပါတယ်။ ”
“ ကျွန်တော်လည်း အမြင်တူတူပါပဲ။ ”
“ အဲ့လိုလား။ ” လျို့ယွင် ပြုံးလိုက်သည်။ “ ကြည့်ရတာ လက်ထောက်အုပ်ချုပ်ရေးမှူးသုံးယောက်က တစ်ယောက်ကို တစ်ယောက် စကားလုံးတွေ မလိုအပ်ဘဲ နားလည်တဲ့ပုံပဲ။ သုံးယောက်လုံး အမြင်တူတယ်နော်။ ”
တရားသူကြီးဟဲရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ “ ကျွန်တော်တို့က အမှုကို အရှိအတိုင်းပဲ ဆွေးနွေးနေတာပါ ယိကျိုးမင်းသား။ ပုဂ္ဂိလ်ရေးအရ ရည်ရွယ်ချက်တွေ မပါ,ပါဘူး။ ”
“ ကျွန်တော်လည်း ခင်ဗျားတို့မှာ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်တွေ ပါတယ်လို့ မပြောပါဘူး။ ကဲပါ … ဆက်ပြောပါ။ ”
ထို့နောက် စီမံခန့်ခွဲရေးအရာရှိတွေနှင့် အုပ်ချုပ်ရေးမှူးအငယ်တွေလိုမျိုး တရားရုံးတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိများစွာက သူတို့ရဲ့ အမြင်တွေကို ဖော်ပြခဲ့ကြသည်။ လူတိုင်းဟာ လက်ထောက်အုပ်ချုပ်ရေးမှူးဟဲနှင့် အမြင်တူနေတာမို့ ရလဒ်က လျို့ယွင်ကို အလွန် စိတ်ပျက်လက်ပျက်ဖြစ်သွားစေခဲ့သည်။
ရုံးတော်အရာရှိတွေ ပြောပြီးသွားတော့ ခရိုင်တရားသူကြီးရဲ့ အလှည့်ရောက်လာသည်။ ရုံးတော်အရာရှိတွေနှင့် ယှဉ်လိုက်လျှင် ခရိုင်တရားသူကြီးတွေက အမှုတွေကို မကြာခဏ စီရင်ချက်ချလေ့ရှိ၍ သူတို့မှာ ကိုယ်ပိုင်အမြင်တွေ ပိုရှိသည်။
ခရိုင်တရားသူကြီး အများစုကတော့ ဒီအမှုရဲ့ စီရင်ချက်က အတော်လေး ကတိုက်ကရိုက်နိုင်သည်ဟု မြင်ကြသည်။ တရားသူကြီးစုန့်နှင့် ကျန်တဲ့ တခြား ခရိုင်တရားသူကြီးတွေက ဒီအမှုကို ပိုပြီး ထဲထဲဝင်ဝင် စစ်ဆေးဖို့အတွက် မတူညီတဲ့ နည်းလမ်းတွေကိုတောင် အကြံပေးခဲ့ကြသည်။
လူတိုင်း သူတို့ရဲ့ အမြင်တွေကို ပြောပြီးသွားသောအခါ လျို့ယွင်တစ်ယောက် တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်မိသည်။
ကြည့်ရတာ အဒေါ်လီ ပြောထားတဲ့အတိုင်း ဒီအရာရှိတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးအမြတ်တွေကို ကာကွယ်ဖို့အတွက် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ပူးပေါင်းနေပုံရသည်။ ရုံးတော်မှာ အရာရှိတွေ တစ်ယောက်မှ မရှိတော့ရင်တောင် သူ ထိုလူတွေကို အတွင်းကျကျ စုံစမ်းစစ်ဆေးပြီး ဖယ်ရှားပစ်ရမည့်ပုံပေါ်သည်။ မဟုတ်ရင် ယိကျိုးတရားရုံးတော်ကို အနာဂတ်မှာ သူ ဘယ်လိုလုပ် သေချာ စီမံခန့်ခွဲနိုင်မှာလဲ … ။
လျို့ယွင်က “ ကျေးဇူးပြုပြီး အမျိုးသမီးလီရဲ့ အကြံဉာဏ်ကောင်းတွေကိုလည်း နည်းနည်းလောက် ပြောပြပေးပါဦး။ ” ဟု ပြောတော့ လီယောင်က လက်ခါပြသည်။
“ ကျွန်မမှာ အကြံဉာဏ်ကောင်းတွေ မရှိဘူး။ ပြီးတော့ ကျွန်မက ဒီအမှုမှာ ထင်မြင်ချက်ပေးဖို့လည်း မသင့်တော်ဘူး။ ”
“ ဘာလို့လဲ။ ”
“ ဘာလို့လဲ ဆိုတော့ သူက ကျွန်မရဲ့ မတ်လေးဖြစ်နေလို့ပါ။ ” လီယောင်က ဝမ်ယွမ်ကောကို လက်ညိုးထိုးပြပြီးနောက် တာ့ကျွမ်းကို လက်ညိုးထိုးလိုက်သည်။ “ သူကတော့ ကျွန်မရဲ့ သား။ အဲ့ဒါကြောင့် သူတို့နဲ့ သွေးသားတော်စပ်နေတဲ့ ကျွန်မက ဒီအမှုမှာ ထင်မြင်ချက်ပေးဖို့ မသင့်တော်ပါဘူး။ ”
…