ယန်မင်တက္ကသိုလ်။
Vol. 18 Ch. 198
“ အဲ့ဒီနံရံတွေကို ဖြိုပစ်လိုက်။ ”
လီယောင်သည် မနက်စောစောကတည်းက လူတွေအများကြီးကို လုပ်ငန်းခွင်မှာ ညွှန်ကြားနေခဲ့သည်။ သူမ ပိုင်ဆိုင်ထားတဲ့ အိမ်ငါးလုံးထဲမှာ ပထမဆုံး ဝယ်ထားတဲ့ အိမ်တစ်လုံးကိုပဲ နေထိုင်စရာအဖြစ် ထိန်းသိမ်းထားဖို့ ရည်ရွယ်ပြီး ကျန်တဲ့ အိမ်လေးလုံးကို ပေါင်းစည်း၍ ယန်မင်တက္ကသိုလ်အဖြစ် ဖွင့်လှစ်သွားမှာပါ။
ထိုအိမ်တွေက လက်ရှိမှာ ဝမ်အာရဲ့ နာမည်အောက်မှာ ရှိနေတာမို့ ဝမ်အာ့အတွက် သူမ ဘေးကင်းလုံခြုံအောင် လုပ်ပေးထားတဲ့ သီးသန့်ပိုင်ဆိုင်မှုလို့လည်း ပြောလို့ ရသည်။
ကျောင်းသားတစ်ယောက် ဖြစ်တဲ့ ဝမ်အာရဲ့ အိပ်မက်က အရာရှိတစ်ယောက်ဖြစ်ဖို့ ဖြစ်၍ သူ ဟဲဝမ်ရွာမှာပဲ တစ်သက်လုံး နေသွားဖို့ မဖြစ်နိုင်ပါ။
သုံးရက်တိတိ မိုးလင်းကနေ မိုးချုပ်အထိ ချွေးတလုံးလုံးနှင့် အလုပ်ရှုပ်ပြီးနောက်မှာတော့ ယန်မင်တက္ကသိုလ်ကို စနစ်တကျ စီစဉ်နိုင်ခဲ့၏။ စုစုပေါင်း စာသင်ခန်း ( ၂၀၀ ) နီးပါး ရှိတဲ့ အခန်းဖွဲ့ပုံက အပြည့်အဝ စိတ်ကျေနပ်စရာမကောင်းသော်လည်း အခုမှ ဖွင့်ခါစ တက္ကသိုလ်တစ်ခုအတွက်တော့ သေချာပေါက် လုံလောက်ပါသည်။
မူ ( ၅၀ ) နီးပါး ကျယ်ဝန်းတဲ့ နောက်ဖေးခြံဝင်းတစ်ခုလည်း ရှိပြီး လီယောင်က လူတွေကို ထိုခြံဝင်းထဲမှာ ငါးကန်တွေ ၊ လျှောက်လမ်းတွေ ၊ နားနေဆောင်တွေ ဆောက်ခိုင်းထားသည်။ ပြီးတော့ သစ်ပင်ပန်းပင်တွေကိုလည်း ပြောင်းရွေ့စိုက်ပျိုးပြီး မျက်စိပသာဒဖြစ်ဖွယ် သာယာလှပသော ဥယျဉ်တစ်ခုကို ဖန်တီးထားသည်။
ဒီကို အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်ကို မကြိုက်တဲ့ ကျောင်းသားရယ်လို့ မရှိပါ။
အရာအားလုံး အစီအစဉ်တကျဖြစ်သွားသောအခါ လီယောင်တို့တစ်မိသားစုလုံး ယန်မင်တက္ကသိုလ်ဝင်ပေါက်ရှေ့ကို လာခဲ့ကြသည်။
“ ကျေးဇူးပြုပြီး ဒီတက္ကသိုလ်ကို နာမည်ပေး,ပေးပါ အမေ။ ” ဟု ဝမ်အာက ပြောလိုက်သည်။
“ မင်းနဲ့ ဟွေ့လေးက ဒါကို တည်ထောင်တာ ဆိုတော့ မင်းတို့ပဲ နာမည်ပေးတာ ပိုကောင်းပါတယ်။ ”
ဝမ်အာနှင့် တုရှောင်ဟွေ့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတော့ ဝမ်အာက “ ကျွန်တော်တို့ အမေကို ဒီကျောင်းကို နာမည်ပေး,ပေးဖို့ အကူအညီတောင်းရမှာပါပဲ။ ကျွန်တော်က ဗဟုသုတမနှံ့စပ်တော့ အမေ့ထက် ပိုကောင်းတဲ့ နာမည်ကို သေချာပေါက် စဉ်းစားနိုင်မှာ မဟုတ်ဘူး။ ”
“ ဒါဆိုလည်း မင်းရဲ့ နာမည်ကိုပဲ သုံးကြတာပေါ့။ ” လီယောင်က နာမည်တွေနှင့် ပတ်သက်လာရင် ခေါင်းအရှုပ်ခံပြီး စဉ်းစားနေတတ်တဲ့ လူမျိုး မဟုတ်။ “ ယန်မင်တက္ကသိုလ်လို့ပဲ နာမည်ပေးလိုက်ရအောင်။ အဲ့နာမည်က သစ်လွင်ပြီး အာမခံချက်ရှိတယ်။ လူငယ်တွေနဲ့ လုံးဝ ကိုက်ညီတယ်။ ”
“ ဟုတ်ကဲ့ အမေ ၊ ဒါဆို ယန်မင်တက္ကသိုလ်လို့ပဲ နာမည်ပေးလိုက်ပြတာပေါ့။ ကျွန်တော် ဆရာ့ကို ဒီနေ့ပဲ ဆိုင်းဘုတ်လုပ်ခိုင်းလိုက်မယ်။ ဒါပေမဲ့ … ကျွန်တော်တို့ရဲ့ ယန်မင်တက္ကသိုလ်က ပင်မဂိတ်တံခါး လေးပေါက် ရှိတော့ ဘယ်နေရာမှာ ဆိုင်းဘုတ်ချိတ်ရင် ကောင်းမလဲ။ ”
ဝမ်ယွမ်ကောက “ ဂိတ်တံခါးတစ်ခုတည်းမှာ ဆိုင်းဘုတ်ချိတ်တာက အလုံးစုံ ပြီးပြည့်စုံမှုရှိမှာ မဟုတ်ဘူး။ ” ဟု ဝင်ပြောသောကြောင့် လီယောင်သည် ထိုဦးလေးကို ကြည့်လိုက်မိသည်။ သင်္ဘောကျင်းအလုပ်သမားတစ်ယောက်ဟာ အခုအချိန်မှာ ‘ အလုံးစုံ ပြီးပြည့်စုံမှုမရှိဘူး ’ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နားလည်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
“ ကျုပ်ကို ဘာလို့ အဲ့လို ကြည့်နေတာလဲ မရီး။ ” ဝမ်ယွမ်ကောက သူမရဲ့ အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
“ ဂိတ်တံခါးက လေးပေါက် ရှိတာ ဆိုတော့ ဆိုင်းဘုတ်ကို လေးခု လုပ်ကြတာပေါ့။ အဲ့ဒါဆို ပြီးပြည့်စုံမှုမရှိတဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ”
ဝမ်ယွမ်ကောက သူ့နဖူးကို ပြန်ရိုက်ရင်း ရယ်မောသည်။ “ ထင်ထားတဲ့အတိုင်းပဲ မရီးမှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိတာပဲ။ ”
“ အရှေ့ဘက် ဂိတ်တံခါးက ယန်မင်တက္ကသိုလ် ဂိတ်တံခါး နံပါတ်တစ် ဖြစ်လိမ့်မယ် ၊ ပြီးတော့ အဲ့ဒီလိုပဲ အစဉ်လိုက်ပေါ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဂိတ်တံခါးလေးပေါက်ကို အလှည့်ကျ ဖွင့်ထားပြီးတော့ တံခါးပေါက် တစ်ခုချင်းစီကို မတူညီတဲ့ ပုံစံတွေနဲ့ အလှဆင်လို့လည်း ရတယ်။ အဲ့ဒါက ယန်မင်တက္ကသိုလ်ရဲ့ ထူးခြားကွဲပြားတဲ့ အပြင်အဆင်တစ်ခု ဖြစ်လာလိမ့်မယ်။ ”
တုရှောင်ဟွေ့သည် ထိုစကားကို ခေါင်းထဲမှာ သေချာ စွဲမြဲနေအောင် မှတ်ထားလိုက်၏။ သူမက ယန်မင်တက္ကသိုလ်ရဲ့ အကြီးအကဲတစ်ယောက်အနေဖြင့် အနာဂတ်မှာ တက္ကသိုလ်တစ်ခုလုံးကို စီမံခန့်ခွဲဖို့ တာဝန်ရှိသည်။
“ ဆရာတွေရော ရောက်ပြီလား။ ”
“ လူလွှတ်ပြီး သွားခေါ်ခိုင်းထားတယ် အမေ။ ” ဟု ဝမ်အာက ပြောလိုက်သည်။ “ ယိကျိုးစီရင်စုက မှူးမတ်ဝမ်ကတော့ ဟဲဝမ်ရွာက နည်းပြဆရာတွေ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကို လောလောဆယ် ယာယီ လာပြီး စာသင်ပေးလို့ ရတယ်တဲ့။ ”
ထိုနည်းပြဆရာကြီးတွေက မူလတုန်းက လျို့ယွင်ကို စာသင်ပေးဖို့ နေပြည်တော်ကနေ လာခဲ့ကြတာ ဖြစ်သည်။ အခုတော့ လျို့ယွင်က ဟဲဝမ်ရွာမှာ မရှိတော့ပြီမို့ သူတို့လည်း သဘာဝကျစွာပင် ဟဲဝမ်ရွာမှာ ဆက်မနေတော့ပါ။ ထို့ကြောင့် သူတို့ ဒီကို လအနည်းငယ်လောက် စာလာသင်ပေးဖို့အတွက် ပြဿနာမရှိပေ။
နေရာထိုင်ခင်း အဆင်သင့်ဖြစ်နေသလို စာသင်ပေးမယ့် ဆရာတွေကလည်း အဆင်သင့်ပဲ ဖြစ်သည်။ ဝမ်အာနှင့် တုရှောင်ဟွေ့ ဝယ်ယူထားတဲ့ စာအုပ်တွေကိုလည်း လက်ရေးမူနှင့် အုပ်ရေအများကြီး ကူးယူနေပြီမို့ ထိုစာအုပ်တွေ ရောက်လာဖို့လည်း သိပ်မလိုတော့ပါ။
အရာအားလုံး အဆင်သင့်ဖြစ်နေသလို ခံစားရကာ နောက်ထပ် လုပ်ရမှာက ကျောင်းသားသစ် စုဆောင်းဖို့ပဲ ဖြစ်လေသည်။ လီယောင်ရဲ့ ညွှန်ကြားချက်အတိုင်း တုရှောင်ဟွေ့က ဝူထုံ ၊ အန်နာနှင့် အဲလ်ဆာကို ခေါ်ပြီး ယိကျိုးမြို့တော်ရဲ့ နေရာအနှံ့မှာ ကျောင်းသားသစ်ခေါ်ယူသည့် ကြော်ငြာစာတွေကို လိုက်ကပ်ထားသည်။
ဝမ်ယွမ်ကောကလည်း လူတွေအများကြီးကို ငှားရမ်းပြီး တခြား စီရင်စုတွေမှာပါ ကြော်ငြာစာတွေ လိုက်ကပ်ခဲ့သောကြောင့် နေ့ချင်းညချင်းပဲ ယန်မင်တက္ကသိုလ်ရဲ့ သတင်းကို ယိကျိုးဒေသတစ်ခုလုံးနီးပါး သိရှိသွားခဲ့ကြသည်။
“ ဒီကြော်ငြာစာတွေက ဘာပြောထားတာလဲ။ ”
စာမဖတ်တတ်တဲ့ လူတွေက သူတို့ဘေးက အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ စာပေတတ် အမျိုးသားတွေကို မေးလိုက်သည်။
“ ယိကျိုးမြို့တော်မှာ အသစ်ဖွင့်လှစ်ထားတဲ့ ယန်မင်တက္ကသိုလ်က ဘယ်မိသားစုကပဲဖြစ်ဖြစ် အသက် ( ၆ ) နှစ်နဲ့ ( ၁၅ ) နှစ်ကြား ကျောင်းသား ( ၃၀၀ ) ကို ခေါ်ယူနေပါတယ်တဲ့။ ရွာတွေက ကလေးတွေတောင် ကျောင်းလျှောက်လို့ ရတယ်တဲ့ ၊ ဒါပေမဲ့ အကဲဖြတ်စာမေးပွဲနှစ်ခု စစ်သွားမှာ ဖြစ်လို့ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပညာရေးမှာ ထူးချွန်တဲ့ လူတွေပဲ ဝင်ခွင့်ရမှာပါတဲ့။ ”
“ မိန်းကလေးတွေလည်း တက်လို့ ရတာလား။ ”
မြေကြီးလက်ခတ်မလွဲပင် ထိုသတင်းက လူတိုင်းကို အံ့ဩမှင်သက်သွားစေဖို့ လုံလောက်သည်။ သမိုင်းတစ်လျှောက် ဘယ်သူကမှ မိန်းကလေးတွေလည်း တက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်လိမ့်မည်ဟု စိတ်ကူးမယဉ်ဖူးခဲ့။
မိန်းကလေးတွေ ပညာသင်ကြားခွင့်ရလျှင်တောင် အဲ့ဒါက ရာထူးကြီးတဲ့ အရာရှိကြီးတွေ ၊ ချမ်းသာတဲ့ ကုန်သည်ကြီးတွေရဲ့ သမီးတွေကို တက္ကသိုလ်မှာ တက်ရောက်သင်ကြားစေတာထက် အိမ်မှာပဲ နည်းပြဆရာခေါ်ပြီး တိတ်တဆိတ် စာသင်ပေးတာမျိုး ဖြစ်သည်။
ဒီအသစ်ဖွင့်လှစ်လိုက်တဲ့ ယန်မင်တက္ကသိုလ်က အဲ့ဒီလို စည်းမျဉ်းတွေကို ယတိပြတ် ဆန့်ကျင့်နေပါရောလား …။
“ ဒီကြော်ငြာစာထဲမှာတော့ အဲ့လို ပြောတာပဲ။ ” ဟု အစိမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသားက အခိုင်အမာ ပြောလိုက်သည်။
“ ဒါဆို ကျောင်းလခကရော တစ်လကို ဘယ်လောက် ပေးရမယ်တဲ့လဲ။ ”
“ နေဦး။ ကျွန်တော် ကြော်ငြာစာထဲက စာတွေ အကုန်လုံးကို ဖတ်လိုက်ဦးမယ်။ ” ဟု အစိမ်းရောင်ဝတ်စုံနှင့် လူက ဆက်ပြောသည်။ “ ယန်မင်တက္ကသိုလ်ရဲ့ ကျောင်းသားအဖြစ် လက်ခံလိုက်တာနဲ့ အဲ့ဒီကျောင်းသားက ကျောင်းပရဝုဏ်ထဲမှာ နေခွင့်ရမှာပါ။ တက္ကသိုလ်က အိပ်ရာတွေ ၊ အဝတ်အစားတွေ ၊ ဖိနပ်တွေကို ညီတူညီမျှ ထောက်ပံ့ပေးသွားမှာပါ။ အဲ့ဒါတွေအပြင် စာအုပ် ၊ စာရေးတဲ့ စုတ်တံနဲ့ မှင်ချောင်းတွေလည်း ပါဝင်ပါတယ်။ တစ်ရက်ကို ထမင်းသုံးနပ်လည်း ကျွေးဦးမှာပါတဲ့။ ”
“ ဒါဆို အဲ့တက္ကသိုလ်မှာ ကျောင်းတက်ရင် ကိုယ့်မိသားစုဘက်က ဘာမှ ထောက်ပံ့ပေးစရာ မလိုဘူးပေါ့။ ”
“ ဟုတ်ပါတယ်။ ”
“ အဲ့လောက် ပစ္စည်းတွေ အများကြီး ပေးထားရင် တစ်လကို အနည်းဆုံး ငွေချောင်း မနည်းမနောတော့ ကျောင်းလခ ပေးရမှာပဲ မဟုတ်လား။ ” ဟု တစ်ယောက်က မှတ်ချက်ဝင်ပေးသည်။ “ မဟုတ်ရင် အဲ့တက္ကသိုလ် ပိုးစိုးပက်စက် အရှုံးပေါ်သွားမှာပေါ့။ ”
“ ဒီထဲမှာ ပြောထားတာကတော့ တစ်နှစ်လုံးစာအတွက် သင်တန်းကြေးက … ငွေချောင်း သုံးချောင်းပဲတဲ့။ ”
“ ဘယ်လို။ တစ်နှစ်ကို ငွေချောင်း သုံးချောင်းပဲ … ဟုတ်လား။ မင်း လာနောက်နေတာလား။ ”
အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်လေးက မျက်လုံးတွေကို ပွတ်ပြီး သူ ဖတ်လိုက်တာ မှန်ရော မှန်ရဲ့လား ဆိုတာ နောက်တစ်ခေါက် အတည်ပြုလိုက်သည်။ “ ကျွန်တော် နောက်နေတာ မဟုတ်ဘူးဗျ။ ဒီကြော်ငြာစာထဲမှာ အဲ့လိုပဲ ရှင်းရှင်းလင်းလင်း ရေးထားတာ။ ”
“ မဖြစ်နိုင်တာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ” ဟု လူတစ်ယောက်က ပြန်လည်ချေပသည်။ “ သူတို့က လူတွေကို အရင်ဆုံး လိမ်လည်လှည့်ဖြားပြီးမှ အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေနဲ့ စုတ်ပြတ်နေတဲ့ အစားအသောက်တွေကို ပေးလိမ့်မယ်။ သူတို့ဆီက ဆရာတွေကလည်း စာရေးတတ် ၊ ဖတ်တတ်လောက်တဲ့ အဆင့်ပဲ ရှိမှာ။ အဲ့လို တက္ကသိုလ်မျိုးကို သွားတာက ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ ”
“ မဟုတ်ဘူး မဟုတ်ဘူး။ အဲ့လို မဟုတ်ဘူး။ ” လူငယ်လေးက လက်ခါပြလိုက်သည်။ “ လက်ရှိ ယန်မင်တက္ကသိုလ်မှာ ကျောင်းသားတွေကို စာသင်ပေးဖို့အတွက် နာမည်ကြီး နည်းပြဆရာ လေးယောက်ကို ပြောင်းရွေ့ခေါ်ယူထားတယ်။ သူတို့ထဲက နှစ်ယောက်က မင်းသားတွေကို စာသင်ပေးဖူးတယ်။ ”
မင်းသားတွေကို စာသင်ပေးဖူးတဲ့ နည်းပြဆရာ ဆိုတာ ဆရာတွေထဲမှာ အတော်ဆုံး ထိပ်တန်းအဆင့် ဖြစ်သည်။ အဲ့ဒီလို ထူးချွန်တဲ့ နည်းပြဆရာတွေ ရှိတဲ့ တခြား ဘယ်တက္ကသိုလ်မဆို တစ်လကို အနည်းဆုံး ငွေချောင်း ငါးချောင်း ကုန်ကျလိမ့်မည်။ ယန်မင်တက္ကသိုလ်ကတော့ တစ်နှစ်လုံးစာအတွက် ငွေချောင်း သုံးချောင်းပဲ ကျောင်းလခပေးရမှာတဲ့လား … ။
“ စာထဲမှာ ကျန်သေးတယ်။ ”
“ ဘာကျန်သေးတာလဲ။ ဖတ်ပြပါဦး။ ”
“ အလွန်အမင်း ဆင်းရဲမွဲတေတဲ့ အိမ်ထောင်စုက ကျောင်းသားတွေ ဆိုရင် ကျောင်းလခ လျှော့ပေါ့ဖို့အတွက် လျှောက်လွှာတင်နိုင်တယ် ၊ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘဲ အလကား တက်ရတာမျိုးတောင် ဖြစ်နိုင်ပါတယ်တဲ့။ ”
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။ ဒီယန်မင်တက္ကသိုလ်ကို ဖွင့်ထားတဲ့ လူက ဘုရားလောင်းများလား … ။
“ ဒါဆို ကျောင်းသားတွေက အဲ့ဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ဘာလုပ်ရမှာလဲ။ ”
“ သုံးရက်အတွင်း တက္ကသိုလ်ဘက်ကနေ ကျွန်တော်တို့ရဲ့ စီရင်စုမှာ စာမေးပွဲစစ်ဖို့အတွက် လူတွေ လွှတ်လိုက်မယ်တဲ့။ ဝင်ရောက်ဖြေဆိုချင်တဲ့ ကလေးတွေက အစိုးရရုံးရှေ့ကို ကြိုတင်သွားပြီး စာမေးပွဲဝင်ဖြေလို့ ရတယ် ၊ အောင်တဲ့ လူတွေက ယန်မင်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရလိမ့်မယ်တဲ့။ ”
…
ယန်မင်တက္ကသိုလ်ရဲ့ ကျောင်းသားခေါ်ယူတဲ့ သတင်းဟာ သာမန် အရပ်သူ ၊ အရပ်သားတွေကို အံ့ဩမှင်သက်သွားစေရုံသာမက ယိကျိုးမြို့တော်မှာ ရှိတဲ့ အထင်ကရ တက္ကသိုလ်တွေအားလုံးနှင့် လူချမ်းသာ ကုန်သည်ကြီးတွေကိုလည်း ထိတ်လန့်သွားစေခဲ့သည်။
အထူးသဖြင့် ယန်မင်တက္ကသိုလ်ရဲ့ ချဉ်းကပ်မှုအပေါ် ချန့်ရှန်းတက္ကသိုလ်က ထိပ်ဆုံးကနေ ဒေါသပေါက်ကွဲနေခဲ့သည်။
ယန်မင်တက္ကသိုလ်အနေဖြင့် ထောက်ပံ့မှုတွေ အများကြီး ပေးထားတာနှင့်ပင် အလွန်အကြူးဖြစ်နေပြီကို နာမည်ကြီး နည်းပြဆရာတွေကိုပါ ခေါ်ထားခြင်းက အခြေအနေတွေကို ပိုဆိုးသွားစေခဲ့သည်။ ပြီးတော့ ကျောင်းလခကို နည်းနည်းလေးပဲ ကောက်တာက သူတို့ရဲ့ ထမင်းအိုးကို ရိုက်ခွဲနေတာ ဖြစ်သည်။
ပိုဆိုးတာကတော့ ယန်မင်တက္ကသိုလ်ရဲ့ အကြီးအကဲက အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါ။
ဂုဏ်သရေကြီးတဲ့ တက္ကသိုလ်ရဲ့ နှစ်ပေါင်းရာချီ သမိုင်းတစ်လျှောက်ကို နောက်ကြောင်းပြန်ကောက်လိုက်လျှင် အမျိုးသမီးတွေကို အရေးပါတဲ့ ရာထူးတွေမှာ တစ်ခါမှ နေရာပေးလေ့မရှိပါ။ တက္ကသိုလ်အကြီးအကဲလို ရာထူးမျိုး ဆိုရင် ပိုလို့တောင် ဝေးသည်။
ဒါက တကယ့်ကို ဂုဏ်သိက္ခာကင်းမဲ့ပြီး သူများတံထွေးခွက်ထဲ ပက်လက်မျောမယ့် လုပ်ရပ်ပါပဲ။
ထို့ကြောင့် ချန့်ရှန်းတက္ကသိုလ်အကြီးအကဲသည် တခြား တက္ကသိုလ်အကြီးအကဲ ( ၁၀ ) ယောက်နှင့်အတူ ဒီကိစ္စကို ရုံးတော်အား တာဝန်ယူထားတာ မကြာသေးတဲ့ အုပ်ချုပ်ရေမှူးစုန့်အား သွားရောက်တင်ပြခဲ့သည်။
“ ကျောင်းလခကို ဘယ်လောက် တောင်းမယ် ဆိုတာက သူတို့ရဲ့ လွတ်လပ်တဲ့ လုပ်ပိုင်ခွင့် မဟုတ်ဘူးလား။ ” ဟု အုပ်ချုပ်ရေးမှူးစုန့်က ပြန်မေးခဲ့သည်။ “ တာ့လင်တိုင်းပြည်ရဲ့ ဥပေဒထဲမှာ စံသတ်မှတ်ထားတဲ့ ကျောင်းလခ မရှိပါဘူး။ ”
အုပ်ချုပ်ရေးမှူးစုန့်က ထိုစကားတစ်ခွန်းတည်းနှင့် သူတို့ရဲ့ ကန့်ကွက်မှုကို ငြင်းပယ်ခဲ့သည်။
အကြီးအကဲကျန်းနှင့် ကျန်လူများသည် အုပ်ချုပ်ရေးမှူးစုန့်လို ပညာတတ်ပုဂ္ဂိုလ်တစ်ယောက်က သူတို့ဘက်မှာ မရပ်တည်ဘဲ နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ ဟမ့်။ ဒီကိစ္စကို သူ မဖြေရှင်းပေးလည်း ငါတို့ ဒီတိုင်း လက်ပိုက်ကြည့်နေလို့ မရဘူး။ ” ဟု အကြီးအကဲကျန်းက ပြောလိုက်သည်။ “ ချမ်းသာတဲ့ ကုန်သည်ကြီးတွေနဲ့ အရာရှိတွေကို ငါတို့ဘက် ပါအောင် စည်းရုံးပြီး ယန်မင်တက္ကသိုလ်ကို ကျောင်းလခတိုးကောက်အောင် ဖိအားပေးရမယ်။ ”
“ ဟုတ်တယ်။ သူတို့ ကျောင်းလခတိုးမှ ဖြစ်မှာ။ ”
“ ပြီးတော့ အဲ့ဒီ အမျိုးသမီးအကြီးအကဲကိုလည်း ပြောင်းလဲရမယ်။ ”
….