ပြင်ဆင်ပြီးမှ လာခဲ့သူ။
Vol. 18 Ch. 199
ယန်မင်တက္ကသိုလ်ရဲ့ ကျောင်းသားခေါ်ယူတဲ့ သတင်းက အတော်လေး ပျံ့နှံ့သွားကာ ယိကျိုးမြို့တော်က ကျောင်းသားတွေသာမက စီရင်စုတွေ အားလုံးက ကျောင်းသားတွေပါ တက်တက်ကြွကြွ လျှောက်လွှာတင်ခဲ့ကြလေသည်။ ထို့ကြောင့် တုရှောင်ဟွေ့နှင့် ဆရာများသည်လည်း ထူးချွန်ကျောင်းသားတွေကို ရွေးချယ်ဖို့အတွက် စာမေးပွဲတွေ ၊ လူတွေ့မေးမြန်းမှုတွေ စီစဉ်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။
ဒါပေမဲ့ ယိကျိုးက အလွန် လူဦးရေထူထပ်တာကြောင့် ကျောင်းသား ( ၃၀၀ ) ဆိုတဲ့ အရေအတွက်က ရိုးရှင်းစွာပင် မလုံလောက်ပါ။ အထူးသဖြင့် ဝင်ခွင့်ဖြေဆိုမှုကျရှုံးသော ကျောင်းသားတွေနှင့် မိသားစုစီးပွားရေးအဆင်မပြေတဲ့ ကျောင်းသားတွေအားလုံးက ထွက်သွားဖို့ ငြင်းဆန်ပြီး တံခါးဝမှာ ရပ်နေခဲ့ကြသည်။
“ စိတ်မပူကြပါနဲ့။ ” ဟု တုရှောင်ဟွေ့က ဝင်ခွင့်ဖြေဆိုမှု ကျရှုံးသော ကျောင်းဂိတ်တံခါးရှိ ကျောင်းသားတွေကို ပြောလိုက်သည်။ “ အနာဂတ်မှာ ကျွန်မတို့ရဲ့ တက္ကသိုလ်က တက္ကသိုလ်အခွဲတွေ အများကြီး ဖွင့်လှစ်သွားမှာမို့လို့ စီရင်စုတိုင်းမှာ တက္ကသိုလ်အခွဲတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ အဲ့အချိန်ကျရင် ကျောင်းသားအရေအတွက် အများကြီးကို လက်ခံသွားမှာပါ။ ”
“ အဲ့တက္ကသိုလ်အခွဲတွေကို ဘယ်တော့ ဖွင့်မှာလဲ။ ”
“ လာမယ့် နွေဦးလောက် ဖြစ်မယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်။ အဲ့ဒါကြောင့် အိမ်ပြန်ပြီး စာကြိုးစားကြပါ ၊ လာမယ့် နှစ်မှာ ကျွန်မတို့ရဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် အပြင်းအထန် ကြိုးစားထားကြပါ။ ”
“ ကျွန်တော်က နောက်နှစ်ဆို ဆယ့်ခြောက်နှစ်ပြည့်တော့မှာဗျ။ ”
“ ဆယ့်ခြောက်နှစ်ကျော်သွားတဲ့ လူတွေကလည်း စိတ်မပူပါနဲ့။ ” ဟု တုရှောင်ဟွေ့က ပြန်ပြောလိုက်သည်။ “ ကျွန်မတို့က တက္ကသိုလ်တွေတင် မဟုတ်ဘူး ၊ စာကြည့်တိုက်တွေကိုပါ ဖွင့်လှစ်သွားမှာပါ။ စာကြည့်တိုက်ထဲမှာ စာအုပ်တွေကို အမျိုးအစားအစုံအလင် ပြည့်ပြည့်စုံစုံ ထားပေးထားပြီး အရိုးရှင်းဆုံး နေရာထိုင်ခင်းနဲ့ အစားအသောက်တွေကိုလည်း ကျွေးဦးမှာပါ။ အဲ့အတွက် တစ်ရက်ကို အကြွေ့စေ့ ( ၁၀ ) ပြားပဲ ကျသင့်မှာပါ။ စာကြည့်တိုက်မှာ စာသင်ပေးမယ့် ဆရာတွေ မရှိပေမဲ့ လူတိုင်း သက်သောင့်သက်သာ စာလေ့လာနိုင်မယ့် နေရာကို ဖန်တီးပေးထားမှာပါ။ ”
“ တကယ်လား။ ”
“ စာကြည့်တိုက်ကိုရော ဘယ်တော့ ဖွင့်မှာလဲ။ ”
“ နောက်လထဲမှာ ဖွင့်မှာပါ။ လောလောဆယ်တော့ ကျွန်မတို့ အနီးအနားပတ်ဝန်းကျင်က အိမ်တွေကို ဝယ်ဖို့အတွက် တက္ကသိုလ်ဘေးက မိသားစုတွေနဲ့ အရင်ဆုံး ညှိနှိုင်းဆွေးနွေးနေပါတယ်။ ”
ထိုကတိစကားကို ကြားတော့မှ လူတိုင်း ပြန်သွားကြသည်။ ယန်မင်တက္ကသိုလ်ကို လာတဲ့ ကျောင်းသားအများစုက သူတို့ရဲ့ မိသားစုတွေက ငွေကြေးမပြည့်စုံတဲ့အတွက် ကျောင်းဝင်ခွင့်များရမလား ဟူသော မျှော်လင့်ချက်ဖြင့် လာရောက်ကံစမ်းကြတာ ဖြစ်သည်။ စာကြည့်တိုက်တွေ ဖွင့်လိုက်ရင်တော့ အခြေအနေတွေ ကွဲပြားသွားပါလိမ့်မည်။
တစ်ရက်ကို အကြွေစေ့ ( ၁၀ ) ပြား ပေးရုံနှင့် စာကြည့်တိုက်မှာ နေလို့ ရမယ့်အပြင် စာအုပ်တွေကိုလည်း အလကား ငှားရမ်းဖတ်ရှုနိုင်ဦးမှာတဲ့လား … ။ အပြင်မှာဆို ထိုမျှလောက် ပိုက်ဆံဖြင့် အပေါစား လက်ဖက်ရည်ကြမ်းနှင့် မုန့်ပဲသွားရည်စာတွေတောင် ဝယ်စားလို့ မရတော့ပါ။ လမ်းဘေးမှာ ရောင်းတဲ့ ဝမ်တန်ဖက်ထုပ် တစ်ပွဲပင် ( ၁၂ ) ပြား ပေးရသည်။
ဒီယန်မင်တက္ကသိုလ်ရဲ့ အမျိုးသမီးကျောင်းအုပ်က လူ့ကမ္ဘာပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးပဲလို့ ပြောရမည်။ မဟုတ်ရင် သူမမှာ ဒီလိုမျိုး သဘောထားပြည့်ဝ ကြင်နာတတ်တဲ့ နှလုံးသားရှိမှာ မဟုတ်ပါ။
“ ဟုတ်ကဲ့။ ဒါဆို ကျွန်တော်တို့ နောက်လထဲမှာ ပြန်လာခဲ့ပါ့မယ်။ ”
သုံးရက်တိတိ အလုပ်ရှုပ်ခံပြီးတဲ့နောက် ယန်မင်တက္ကသိုလ်ရဲ့ ကျောင်းသားသစ် ( ၃၀၀ ) လုံး ရောက်လာ၏။
လီယောင်က ကျောင်းသားစာရင်းကို တစ်ချက် ကြည့်လိုက်သည်။ သူတို့ထဲမှာ အယောက် ( ၁၀၀ ) က ယိကျိုးမြို့တော်က ကျောင်းသားတွေ ဖြစ်ပြီး ကျန်တဲ့ အယောက် ( ၂၀၀ ) ကတော့ စီရင်စုတစ်ခုကို ငါးယောက်နှုန်းနှင့် တခြား စီရင်စုတွေထဲကနေ ညီညီမျှမျှ ခွဲဝေထားသည်။
ထိုကျောင်းသား ( ၃၀၀ ) ထဲမှာ မိန်းကလေးက ခုနှစ်ယောက်သာ ရှိသည်။ သူမ ဆရာတွေအများကြီးကို မေးကြည့်လိုက်တော့ မိန်းကလေးတွေက လူတွေ့မေးမြန်းမှုတွေ ၊ ဝင်ခွင့်စာမေးပွဲတွေမှာ သေချာ မဖြေနိုင်ခဲ့တာ မဟုတ်ဘဲ စာသင်ချင်တဲ့ မိန်းကလေးအရေအတွက်က သိပ်ကို နည်းလွန်းတာကြောင့် ဖြစ်သည်။ ထိုကျောင်းသူ ခြောက်ယောက်လုံးကလည်း တခြား စီရင်စုတွေက မဟုတ်ဘဲ ယိကျိုးစီရင်စုက ဖြစ်သည်။
“ ကိစ္စမရှိပါဘူး ၊ တဖြည်းဖြည်းနဲ့ တိုးလာမှာပါ။ ” ဟု လီယောင်က တုရှောင်ဟွေ့ကို ပြောလိုက်သည်။ “ သုံး ၊ လေးနှစ်အတွင်းမှာ စာသင်ချင်တဲ့ မိန်းကလေးအရေအတွက် တိုးလာလိမ့်မယ်။ ”
“ ဟုတ်ကဲ့။ ကျွန်မ နားလည်ပါပြီ အဒေါ်။ ”
တုရှောင်ဟွေ့က လေးပင်စွာ သက်ပြင်းချလိုက်သည်။ ကျောင်းသားသစ်တွေကို လက်ခံပြီးချိန်မှာ ဒီကမ္ဘာကြီးက မိန်းကလေးတွေအပေါ် အရမ်းကို ခွဲခြားဆက်ဆံတယ် ဆိုတာ ပိုနားလည်သွားခဲ့သည်။
သို့သော် သူမမှာ လက်လျှော့ဖို့ အစီအစဉ်အရှိဘဲ အနာဂတ်မှာ ယောက်ျားလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် စာသင်ချင်တဲ့ ကလေးတွေအကုန်လုံး ကျောင်းတက်နိုင်အောင် ဒုတိယအစ်ကိုဝမ်နှင့်အတူ သေချာပေါက် ကြိုးစားသွားမှာ ဖြစ်သည်။
အဲ့ဒါက တုရှောင်ဟွေ့ရဲ့ ဘဝရည်မှန်းချက်ဖြစ်ပြီး ထိုရည်မှန်းချက်ကို မဖြစ်မနေ ပြီးမြောက်အောင် ကြိုးစားရပါမည်။
လီယောင်က “ မနက်ဖြန်က ပထမဆုံး ကျောင်းဖွင့်ရက်ပဲ။ ငါ နင့်ကို ပြင်ဆင်ခိုင်းထားတာတွေအကုန်လုံး အဆင်သင့်ဖြစ်ပြီလား။ ” ဟု မေးလိုက်သည်။
“ စိတ်မပူပါနဲ့ အဒေါ်။ အကုန်လုံး အဆင်သင့်ပါပဲ။ ”
တစ်နှစ်စာ ကျောင်းလခအဖြစ် ငွေချောင်း နှစ်ချောင်း ၊ သုံးချောင်းပဲ ပေးရမယ့် ကျောင်းသားတစ်ယောက်အဖို့ တစ်ရက်ကို ပျှမ်းမျှအားဖြင့် ငွေ ( ၈ ) ပြားပင် မကုန်ကျပါ။ နေစရာ ၊ အစားအသောက်နှင့် သက်ထောက်ကူပစ္စည်းတွေကိုလည်း အလကားပေးထားဦးမည်။ ဆင်းရဲတဲ့ မိသားစုက တချို့ကျောင်းသားအတွက် ကျောင်းလခကို လျှော့ချပေးတာမျိုး ၊ အလုံးစုံ ကင်းလွတ်ခွင့်ပေးတာမျိုးလည်း ရှိဦးမည်။ ဒီကြားထဲ ကျောင်းဆရာတွေကိုလည်း လခပေးရဦးမည်။
ဘယ်ဘက်ကပဲတွက်တွက် အရှုံးပေါ်နေတာမို့ လီယောင်က တက္ကသိုလ်ရဲ့ ဝင်ငွေကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတစ်ခုကို တွေးထားပါသည်။ ထိုနည်းလမ်းကတော့ ပရဟိတရန်ပုံငွေရှာဖို့ပဲ ဖြစ်သည်။
ယိကျိုးမြို့တော်မှာ လူချမ်းသာတွေ အများကြီး ရှိသည်။ သူမနှင့် အနေအထားတူတဲ့ လူတွေ အယောက် ( ၂၀ ) ထက် နည်းလိမ့်မည် မဟုတ်။ ထိုလူတွေသာ အလှူငွေ နည်းနည်းပါးပါးစီ လှူဒါန်းပေးရင် ဒီကလေး ( ၃၀၀ ) ရဲ့ တစ်နှစ်စာ ကုန်ကျစရိတ်အတွက် လုံလောက်လိမ့်မည်။
“ ဒါပေမဲ့ တခြား တက္ကသိုလ်တွေက ကျွန်မတို့ကို သိပ်မကြိုက်ဘူးလို့ လူတွေ ပြောတာ ကျွန်မ ကြားတယ် အဒေါ်။ သူတို့ ကုန်သည်တွေနဲ့ ဆက်သွယ်ပြီး မနက်ဖြန်ကျရင် ပြဿနာလာရှာလောက်တယ်။ ”
“ ငါ သိတယ်။ အဲ့ဒါကြောင့်ပဲ ငါ သူတို့ကို လာစေချင်တာလေ။ သူတို့ မလာရင် ငါ့အတွက် လုပ်စရာရှိတာတွေ ရှေ့ဆက်လုပ်ဖို့ မလွယ်ဘူး။ ”
တုရှောင်ဟွေ့သည် လီယောင့်မှာ အစီအစဉ်ရှိပြီးသား ဆိုတာ သိလိုက်ရသောကြောင့် သူမရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြန်သိမ်းဆည်းထားလိုက်ကာ ဒုတိယအစ်ကိုဝမ် စိတ်ဖြောင့်လက်ဖြောင့် စာမေးပွဲဖြေနိုင်စေရန်အတွက် မနက်ဖြန် ဖွင့်ပွဲနေ့မှာ အစစအရာရာ အဆင်ပြေဖို့သာ ဆုတောင်းနေတော့လေသည်။
…
ဒီနေ့က ယန်မင်တက္ကသိုလ်ရဲ့ တရားဝင် ဖွင့်ပွဲနေ့ဖြစ်ပြီး ယိကျိုးတစ်မြို့လုံးမှာ သတင်းမွှေးနေတာမို့ မနက်စောစောစီးစီးကတည်းက ဂိတ်တံခါးလေးပေါက်လုံးမှာ ပွဲကို လာရောက်ကြည့်ရှုတဲ့ လူတွေ ပြည့်ကြပ်နေခဲ့သည်။
ယန်မင်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့ တုရှောင်ဟွေ့ဟာ ဒီနေ့မှာ အဖြူရောင် ချုံဆန်းဝတ်စုံလေးကို ဝတ်ဆင်ထားပြီး သူမပုံစံက နူးညံ့သိမ်မွေ့နေသည်။
ကျောင်းသား ( ၃၀၀ ) ကလည်း အစိမ်းရောင် ကျောင်းဝတ်စုံတွေကို ပြောင်းလဲဝတ်င်ေထားပြီး ကျယ်ဝန်းသော ခြံဝင်းထဲမှာ အရပ်အမြင့်အလိုက် သပ်ရပ်စွာ တန်းစီနေကြသည်။
တုရှောင်ဟွေ့က နည်းနည်းပါးပါး မိန့်ခွန်းပြောပြီးတော့ ယန်မင်တက္ကသိုလ်ရဲ့ ကျောင်းဆရာတွေကို လူတိုင်းနှင့် မိတ်ဆက်ပေးကာ တက္ကသိုလ်ကို တရားဝင် ဖွင့်လှစ်ကြောင်း ကြေညာဖို့ လုပ်နေတုန်းမှာပဲ ဂိတ်တံခါးအပြင်ဘက်က ဆူဆူညံညံအသံတွေကို ကြားလိုက်ရသည်။
“ လမ်းဖယ် … လမ်းဖယ် … ”
ကျောင်းအုပ်ကျန်း ဦးဆောင်တဲ့ လူစုက ပွဲကြည့်သူတွေကြားမှ အတင်း တိုးဝှေ့ကာ ဒေါသတကြီး လျှောက်ဝင်လာခဲ့သည်။ သူတို့နောက်မှာတော့ လမ်းဘေးမှာ ရထားလုံးအစီး ( ၅၀ ) ကျော် ရပ်ထားပြီး တန်ဖိုးကြီးအဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ ချမ်းသာပုံပေါ်သော လူများစွာက ရထားလုံးတွေပေါ်ကနေ ဆင်းလာကြသည်။ ယိကျိုးမြို့တော်မှာ အာဏာရှိတဲ့ နာမည်ကျော် ကုန်သည်ကြီးတွေက သူတို့ပဲ ဆိုတာ သိသာသည်။
“ အဲ့လူတွေ ဘာလုပ်ဖို့ ရောက်လာတာလဲ။ ”
“ အခြေအနေကို ကြည့်ရတာတော့ ဂုဏ်ပြုဖို့ ရောက်လာတာ မဟုတ်တာ သေချာတယ်။ ”
“ ဂုဏ်ပြုဖို့ … ဟုတ်လား။ ” လူတစ်ယောက်က ရယ်မောလိုက်သည်။ “ သူတို့က ဒီကို ပြဿနာရှာဖို့ ရောက်လာတာလေ။ ”
“ သူတို့က ဘာလို့ တက္ကသိုလ်ဖွင့်ပွဲနေ့မှာ လာပြဿနာရှာတာလဲ။ ”
“ မင်း ဒါတောင် သဘောမပေါက်ဘူးလား။ ဒီကျောင်းအုပ်တွေရဲ့ တက္ကသိုလ်မှာ တက်တဲ့ ကျောင်းသားတွေက တစ်လကို ငွေချောင်းတွေအများကြီး ကျောင်းလခပေးရတာမလား။ အခု ယန်မင်တက္ကသိုလ်က ကျောင်းလခနည်းနည်းလေးပဲ တောင်းတာက သူတို့ရဲ့ ထမင်းအိုးကို ရိုက်ခွဲလိုက်တာပဲ မဟုတ်ဘူးလား။ ”
“ အဲ့ဒါကို ငါ နားလည်ပေးလို့ ရပေမဲ့ ဟိုလူချမ်းသာကုန်သည်တွေကရော ဘာလို့ ရောက်လာတာလဲ။ ”
“ သူတို့က ပိုလို့တောင် မကျေမနပ်ဖြစ်နေမှာပေါ့။ တွေးကြည့်လေ ၊ သူတို့မှာလည်း ကျောင်းတက်နေတဲ့ သားသမီးတွေ ရှိမှာပဲ။ သူတို့အနေနဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ကျောင်းသားအရေအတွက်ကို နည်းသထက် နည်းစေချင်မှာပဲ။ အဲ့ဒါမှ သူတို့ရဲ့ သားသမီးတွေ အရာရှိစာမေးပွဲအောင်နိုင်မယ့် အခွင့်အလမ်းပိုများမှာလေ။ အခု ယန်မင်တက္ကသိုလ်က ဆင်းရဲချမ်းသာမရွေး ထူးချွန်တဲ့ ကျောင်းသားတွေအကုန်လုံးကို ကျောင်းမှာ လက်ခံလိုက်တော့ အနာဂတ်မှာ သူတို့သားသမီးတွေအတွက် အပြိုင်အဆိုင်ပိုများလာတော့မယ်။ ”
“ သဘောပေါက်ပြီ။ ”
“ ပြီးတော့ ယန်မင်တက္ကသိုလ်ရဲ့ ကျောင်းအုပ်က အမျိုးသမီးတစ်ယောက် ဖြစ်နေတယ်။ သူတို့က အဲ့ဒါကိုလည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ ”
…
လူသူပရိသတ်တွေရဲ့ စီစီညံညံ စကားသံတွေကြားမှာ ကျောင်းအုပ်ကျန်းက သူ့လူတွေကို ယန်မင်တက္ကသိုလ်သို့ တန်းတန်းမတ်မတ် ဦးဆောင်လာခဲ့လျှင် တုရှောင်ဟွေ့က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး သူတို့ကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ ဒီနေ့ ယန်မင်တက္ကသိုလ်ကို အခုလိုမျိုး လူစုံတက်စုံ လာခဲ့ရတဲ့ အကြောင်းအရင်းကို ကျွန်မ မေးလို့ ရမလား။ ”
“ တခြားအကြောင်းအရင်း ရှိဦးမလား။ ” ကျောင်းအုပ်ကျန်းက အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။ “ ငါတို့ မင်းကို စည်းမျဉ်းစည်းကမ်းတွေအကြောင်း သင်ပေးဖို့အတွက် လာခဲ့တာပဲ။ ”
“ ဘာစည်းမျဉ်းစည်းကမ်းတွေလဲ။ ”
“ ကျောင်းလခကို နည်းနည်းလေးပဲ ကောက်လို့ မရဘူး ဆိုတဲ့ စည်းမျဉ်းစည်းကမ်းပေါ့။ ပြီးတော့ အမျိုးသမီးတွေက တက္ကသိုလ်မှာ ကျောင်းအုပ်လုပ်လို့ မရဘူး။ ”
တုရှောင်ဟွေ့သည် ထိုစကားကို ရယ်စရာကောင်းသည်ဟု ခံစားရသော်လည်း “ ဘယ်အထက်အရာရှိက အဲ့စည်းမျဉ်းတွေကို ချမှတ်ခဲ့တာလဲလို့ ကျွန်မ မေးပါရစေ။ ဥပဒေထဲမှာ အဲ့စည်းမျဉ်းတွေကို ထည့်သွင်းထားလား။ ထည့်သွင်းထားတယ် ဆိုရင်ရော ဥပေဒထဲမှာ ဘယ်လို ပြောထားလဲ။ ”
ကျောင်းအုပ်ကျန်းက ချက်ချင်းပဲ ဆွံ့အသွားသည်။ ဒီကောင်မလေးဟာ ဥပေဒေအကြောင်းကို ချက်ချင်း ဆွဲထည့်တဲ့ထိ အာသွက်လျှာသွက်ရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
တကယ်တော့ တာ့လင်တိုင်းပြည်မှာ အဲ့ဒီလို ဥပေဒမျိုး မရှိပါ။ ဒါပေမဲ့ ကိစ္စတော့ မရှိပါ။ သူ ဒီနေ့ သေချာ ပြင်ဆင်ပြီးမှ လာခဲ့တာ ဖြစ်သည်။
“ ဥပဒေထဲမှာ ပြဌာန်းမထားပေမဲ့ ဒါတွေက လူ့အဖွဲ့အစည်းမှာ ဟိုးအစဉ်အဆက်ကတည်းက လေးစားလိုက်နာလာတဲ့ ဓလေ့ထုံးတမ်းပဲ။ မင်း ငါ့ကို မယုံရင် ငါနဲ့အတူ ယိကျိုးမြို့တော်မှာ ရှိတဲ့ ဂုဏ်သရေရှိ မိသားစုတွေ ၊ လူအများအပေါ် လွှမ်းမိုးမှုရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး ပါလာတယ်။ မင်း သူတို့ကို သွားမေးကြည့်လို့ ရတယ်။ ”
တုရှောင်ဟွေ့က ‘ ရူးနေတဲ့လူပဲ သူတို့ကို သွားမေးလိမ့်မယ် ’ ဟု စိတ်ထဲက ပြန်ပြောလိုက်သည်။
…