ဦးရီးတော်ဟာ ယောက်ျားပီသပါတယ်
Vol. 14 Ch. 216
"ဖြောင်း!"
နဉ်ရှောင်ယောင်း လက်ခုပ်တီးလိုက်သည်။
"ဦးရီးတော်က တော်လိုက်တာ။"
မင်းသားဖူသည် အချိန်အတော်ကြာ စဉ်းစားနေသည်။ နဉ်ရှောင်ယောင်းက သူ့ကို လှည့်စားဖူးသူဖြစ်၍ သူမကို သတိထားနေရသည်။ ဒီအရှက်မရှိတဲ့ကောင်လေးက နောက်တစ်ခါ လှည့်စားဦးမလား။
နဉ်ရှောင်ယောင်းသည် မင်းသားဖူ၏မျက်နှာပေါ်မှ ပြောင်းလဲနေသော အမူအရာများကို ကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်သည်။ လူတစ်ယောက် ချောမောခန့်ညားဖို့အတွက် အမူအရာကလည်း အရေးကြီးတာပဲ။ မင်းသားဖူက ချောမောခန့်ညားတဲ့လူကြီးဖြစ်ပေမယ့် အမူအရာတွေ များလွန်းတော့ ဟာသလူရွှင်တော်နဲ့ တူနေတယ်။
"ဦးရီးတော်။"
နဉ်ရှောင်ယောင်း ခေါ်လိုက်သည်။
"မင်း စကားမပြောနဲ့။ ငါ သေချာ စဉ်းစားပါရစေဦး။"
"ဘာစဉ်းစားစရာ ရှိသေးလို့လဲ။"
"မင်း ငါ့ကို မကောင်းကြံနေတာ မဟုတ်ဘူးမလား။"
နဉ်ရှောင်ယောင်း မျက်ခုံးပင့်လိုက်သည်။
"ကြည့်ပါဦး၊ ဦးရီးတော် ပြောပုံကလည်း။ ကျွန်တော်က ဘယ်တုန်းက မကောင်းကြံဖူးလို့လဲ။ ကျွန်တော်က လူကောင်းလေးပါ။"
မင်းသားဖူ "... "
ဒီကောင်လေးက မျက်နှာပြောင်တိုက်တာပဲ။
"ဦးရီးတော်၊ ဒီအတိုင်းပဲ လုပ်ကြရအောင်။ လူ့အသက်ကယ်တယ်ဆိုတာ မီးငြှိမ်းသလိုပဲ မဟုတ်လား။"
မင်းသားဖူ ခက်ခက်ခဲခဲ မေးလိုက်သည်။
"မင်း ငါ့လယ်တွေနဲ့ ငါ့ငွေတွေကို ဘယ်လိုခွဲဝေပေးမှာလဲ။"
"အဲဒါ ဦးရီးတော် သဘောပဲလေ။ ဖုန်းလင်မြို့အခြေအနေကို ဦးရီးတော်က ကျွန်တော့်ထက် ပိုသိတာပဲ။"
"နေပါဦး။"
မင်းသားဖူက ပြောလိုက်သည်။
"မင်းက ငါ့ကို ပြန်ခိုင်းမလို့လား။"
"ဦးရီးတော် မပြန်ရင် ဘယ်သူသွားလုပ်မှာလဲ။"
နဉ်ရှောင်ယောင်း အံ့သြတကြီး မေးလိုက်သည်။
မင်းသားဖူ၏ မျက်နှာကြွက်သားများ တုန်ယင်လာသည်။ ဖုန်းလင်မြို့က သူပုန်လက်ထဲ ကျရောက်တော့မှာလေ။ ဒီကောင်လေးက သူ့ကို ပြန်လွှတ်တယ်ဆိုတာ သေမင်းဆီ ပို့လိုက်တာပဲ မဟုတ်ဘူးလား။
"ငါ... ငါ သိသားပဲ။"
မင်းသားဖူ နဉ်ရှောင်ယောင်း၏ နှာခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။
"ခင်ဗျား သိနေပြန်ပြီလား။"
"မင်း ငါ့ကို သေစေချင်နေတာ ငါသိသားပဲ!"
မင်းသားဖူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မြောင်!"
မင်းသားဖူ၏လက်ညှိုးက နဉ်ရှောင်ယောင်း၏မျက်လုံးကို ထိုးမိတော့မလို ဖြစ်သွားသဖြင့် လောင်တ မနေနိုင်တော့ပေ။ ပါးစပ်ဟပြီး မင်းသားဖူ၏လက်ချောင်းကို ထကိုက်လိုက်လေသည်။
"အား!"
မင်းသားဖူ အော်ဟစ်လိုက်သည်။
"အမလေး..."
နဉ်ရှောင်ယောင်း လောင်တကို အနောက်သို့ ဆွဲလိုက်သည်။
"လောင်တ၊ မြန်မြန်... ပါးစပ်ဟ... ပါးစပ်ဟလိုက်!"
"တိရစ္ဆာန်ကောင်!"
မင်းသားဖူ ဆဲလိုက်သည်။
လောင်တ လွှတ်ပေးဖို့ လုပ်နေသော်လည်း မင်းသားဖူ ဆဲလိုက်သဖြင့် မင်းသားဖူ၏လက်ချောင်းကို မလွှတ်တမ်း ကိုက်ထားလိုက်သည်။
"နဉ်ယွီ!"
မင်းသားဖူ နဉ်ရှောင်ယောင်း၏နာမည်ရင်းကို ခေါ်လိုက်သည်။
အပြစ်ပေးဌာန အပြင်ဘက်မှ လူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ မင်းသားဖူ အော်ဟစ်နေတာ သနားစရာပဲ။ အရှင်မင်းကြီး ဘာလုပ်လိုက်တာလဲ။
"ပါးစပ်ဟလိုက်။"
နဉ်ရှောင်ယောင်း လောင်တ၏ပါးစပ်ကို အတင်းဟခိုင်းလိုက်သည်။
"သူ့အသားက စားမကောင်းပါဘူး။ တကယ်ပြောတာ။ ကြွက်,သားလောက်တောင် မကောင်းဘူး။ အရင်က ဝတုန်းကဆိုရင် အဆီအစ်နေပြီး၊ အခု ပိန်သွားတော့ ခြောက်ကပ်နေတာ။ အမဲခြောက်ဝါးရသလိုပဲ။ တကယ် စားမကောင်းဘူး!"
မင်းသားဖူ "..."
ဒီကောင်မလေး ငါ့ကို ဆဲနေတာပဲ။
လောင်တ၏ပါးစပ်ကို အတင်းဟခိုင်းလိုက်ပြီးနောက် မင်းသားဖူ၏ သွေးထွက်နေသော လက်ချောင်းကို ကြည့်ပြီး နဉ်ရှောင်ယောင်း စိတ်မကောင်း ဖြစ်သွားသည်။ လောင်တ၏ခေါင်းကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
"ဘာလို့ စကားနားမထောင်တာလဲ။ နောက်တစ်ခါဆိုရင် ရိုက်ပစ်မယ်!"
လောင်တ နဉ်ရှောင်ယောင်းကို ဂရုမစိုက်ဘဲ မျက်လုံးမှေးကာ မင်းသားဖူကိုကြည့်ပြီး လျှာသပ်ကာ "မြောင်!" ဟု အော်လိုက်သည်။
"ဘာဖြစ်တာလဲ။"
မင်းသားဖူက နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"မင်းကြောင်က လူသားစားချင်နေတာလား။"
"ဘယ်ကြောင်က လူသားစားမှာလဲ။"
နဉ်ရှောင်ယောင်း လောင်တကို မြေကြီးပေါ် ချပေးလိုက်သည်။
"နင့်စစ်သေနာပတိချုပ်ဆီ သွားနေ။ ဒီမှာ လာမရှုပ်နဲ့။"
လောင်တ ထွက်ခွာသွားသော်လည်း မင်းသားဖူကို သွားဖြဲပြသွားသေးသည်။
ကြောင်တစ်ကောင်ရဲ့ခြိမ်းခြောက်မှုကို ခံလိုက်ရတဲ့ မင်းသားဖူ ခံစားချက်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။ အခုခေတ် ကြောင်တွေတောင် သူ့ကို အထင်သေးနေကြပြီလား။
"ဦးရီးတော်၊ ဦးရီးတော်..."
နဉ်ရှောင်ယောင်း မင်းသားဖူကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ကြောင်နဲ့ သွားရန်ဖြစ်မနေပါနဲ့။ အရေးကြီးကိစ္စ ဆက်ပြောကြရအောင်။"
"ငါ သမားတော် ပြချင်တယ်။"
မင်းသားဖူက ပြောလိုက်သည်။
နဉ်ရှောင်ယောင်း မင်းသားဖူ၏လက်ချောင်းကို ဆွဲယူကြည့်လိုက်သည်။ အသားတစ်ဖတ် လန်ထွက်နေသည်ကို တွေ့လိုက်ရသောအခါ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ ဒီကြောင်ဝတုတ်ကြီးက လူသားစားချင်နေတာ တကယ်များလား။
"ငါ သမားတော် ပြချင်တယ်လို့!"
မင်းသားဖူ ထပ်ပြောလိုက်ပြန်သည်။ ဒီကောင်လေးက သွေးထွက်နေတာကို ဒီအတိုင်း ကြည့်နေတာ။ သေချာပေါက် မကောင်းကြံနေတာပဲ!
"ဟာ... ကောင်းကင်ပေါ်မှာ နွားပျံနေတယ်!"
နဉ်ရှောင်ယောင်း ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
နွားမပျံနိုင်ဘူးဆိုတာသိပေမယ့် မင်းသားဖူ မသိလိုက်ဘာသာ မော့ကြည့်မိလိုက်သည်။
နဉ်ရှောင်ယောင်း မင်းသားဖူ၏လက်ချောင်းကို ခဏတာ ဆုပ်ကိုင်လိုက်ပြီး လွှတ်ပေးလိုက်သည်။
ကောင်းကင်ပြာပြာကြီးပေါ်တွင် နွားမပြောနှင့်၊ ငှက်တစ်ကောင်တောင် မရှိပေ။
"မင်း..."
မင်းသားဖူ ငုံ့ကြည့်ပြီး နဉ်ရှောင်ယောင်းကို ဒေါသတကြီး ပြောလိုက်သည်။
"လက်ချောင်း ကောင်းသွားပြီ။"
နဉ်ရှောင်ယောင်း မင်းသားဖူ၏လက်ချောင်းကို လက်ညှိုးထိုးပြလိုက်သည်။
မင်းသားဖူ နာကျင်နေသော လက်ချောင်း မနာတော့သည်ကို သတိထားမိလိုက်သည်။ ကြည့်လိုက်သောအခါ စောစောက သွေးထွက်နေသော လက်ချောင်းသည် သွေးတိတ်သွားပြီး အသားပြန်တက်နေသည်ကို တွေ့လိုက်ရသည်။ အရေပြားပြန်ဖုံးဖို့ပဲ လိုတော့သည်။
"ကျွန်တော်က ဦးရီးတော်ကို ပိန်အောင် လုပ်ပေးနိုင်သလိုပဲ..."
နဉ်ရှောင်ယောင်း မင်းသားဖူကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ဦးရီးတော် အသက်ရှူမရပ်သရွေ့ ဘာရောဂါဖြစ်ဖြစ်၊ ဘာဒဏ်ရာရရ ကျွန်တော် ကုပေးနိုင်တယ်။"
မင်းသားဖူ နဉ်ရှောင်ယောင်းကို ကြည့်ပြီး ကြောင်ငေးနေသည်။ တကယ်တော့ မင်းသားဖူက ဉာဏ်ကောင်းသူဖြစ်သည်။ မဟုတ်ရင် တော်ဝင်ဆွေမျိုးတွေကြားမှာ ခေါင်းဆောင်နေရာရပါ့မလား။ ဒါပေမဲ့ နဉ်ရှောင်ယောင်းနဲ့ တွေ့တိုင်း ဦးနှောက်မရှိသလို ခံစားရတယ်။
"နတ်သမားတော်လား။"
"အဲ... လူဆိုတာ နှိမ့်ချတတ်ရတယ်။ နတ်သမားတော်ဆိုတာ ကိုယ့်ဘာသာသိရင်ပြီးတာပဲ။ ထုတ်ပြောနေစရာ မလိုပါဘူး။"
မင်းသားဖူ ဒီအရှက်မရှိတဲ့ကောင်လေးနဲ့ စကားမပြောချင်တော့ပေ။
"ဦးရီးတော် ထောင်ယွီနဲ့အတူ ကျီးတုန်းဒေသကို ပြန်လိုက်သွားပါ။ လယ်တွေကို ဦးရီးတော် သဘောကျ ခွဲဝေပေးလိုက်။ တခြားဘာမှ မတောင်းဆိုပါဘူး။ မျှမျှတတဖြစ်အောင် လုပ်ပေးရင်ရပြီ။"
မင်းသားဖူ နဉ်ရှောင်ယောင်းကို အချိန်အတော်ကြာကြည့်နေပြီးမှ ပြောလိုက်သည်။
"အရှင်မင်းကြီး ဆိုလိုတာက 'နည်းနည်းရတာကို မကြောက်ဘဲ မမျှတမှာကိုပဲ ကြောက်တယ်' ဆိုတဲ့ သဘောလား။"
နဉ်ရှောင်ယောင်း တိတ်ဆိတ်သွားသည်။ လက်ဖဝါးကို ကုတ်လိုက်သည်။ 'နည်းနည်းရတာကို မကြောက်ဘဲ မမျှတမှာကိုပဲ ကြောက်တယ်' ဆိုတာ စာအရ ကြည့်ရင် မျှတမှုအကြောင်းပြောတာပဲ မဟုတ်လား။
"ငါ နားလည်ပါပြီ။"
မင်းသားဖူ ခေါင်းညိတ်လိုက်သည်။
"ဪ... အင်း... ဦးရီးတော် နားလည်ရင် ပြီးတာပါပဲ။"
နဉ်ရှောင်ယောင်း ထိုစကားလုံးများကို မေ့ပစ်လိုက်သည်။
"ဘယ်လိုလုပ်ရင် မျှတမှုရှိတယ်လို့ အရှင်မင်းကြီး ထင်လဲ။"
"အသက်ရှင်အောင် ထားပေးရင် ရပြီလေ။ သူ့ကိုပေးပြီး၊ သူ့ကိုမပေးတာမျိုး မလုပ်နဲ့။ ဒါဆို ရပြီ။ ပြီးတော့ စာချုပ်ချုပ်ရမယ်။ ဟုတ်တယ်... စာချုပ်ချုပ်ပေးရမယ်။ ဒုက္ခသည်တွေကို အသုံးချပြီး သူပုန်တွေ ထွက်သွားရင် လယ်ပြန်သိမ်းမယ်လို့ မထင်စေနဲ့။"
မင်းသားဖူ နှမြောစိတ် ဝင်လာပြန်သည်။
"တကယ်လို့ ဒုက္ခသည်တွေက ငါ့ကို မယုံရင် ဘယ်လိုလုပ်မလဲ။"
"ဒီလယ်တွေက ကျွန်တော်ပိုင်တာလေ။ ဧကရာဇ်မင်းဆိုတာ တော်တော်လေး မြင့်မြတ်တယ်လို့ ကြားဖူးတယ်။ သူတို့က ဦးရီးတော်ကို မယုံရင်တောင် ကျွန်တော့်စကားကို လေလည်သလို သဘောထားမှာ မဟုတ်ပါဘူး။"
မင်းသားဖူ "..."
ဒါဆို ငါ့စကားက လေလည်သလိုဖြစ်နေတာပေါ့။
"မာနကို လျှော့လိုက်ပါ။"
နဉ်ရှောင်ယောင်းက မင်းသားဖူကို စေတနာထားပြီး ပြောလိုက်သည်။
"ပြည်သူတွေ အများကြီး အသက်မရှင်နိုင်တော့ရင် သေရင်သေ၊ မသေရင် ပုန်ကန်ကြတော့မှာ။ တိုင်းပြည်မရှိတော့ရင် ဦးရီးတော်က ဘာမင်းသား လုပ်နေဦးမှာလဲ။ အခုက သူတို့ကို မပုန်ကန်ပါနဲ့၊ အစိုးရကို ယုံကြည်ပေးပါလို့ တောင်းပန်နေရတာ။ ဒါကြောင့်... ဦးရီးတော် ကျွန်တော်ပြောတာ နားလည်တယ်မလား။"
မင်းသားဖူ အေးစက်စွာ ပြောလိုက်သည်။
"အရှင်မင်းကြီးက ငါ့ကို ဒုက္ခသည်တွေကို ဒူးထောက်ခိုင်းနေတာလား။"
"ဒူးထောက်လို့ အဆင်ပြေမယ်ဆိုရင် ထောက်လိုက်လေ။ ဒူးမထောက်ချင်ရင် ဖုန်းလင်မြို့ကို သူပုန်တွေ သိမ်းပိုက်လိုက်တာကို မြင်ယောင်ကြည့်လိုက်။ ဓားမကြီးတွေ ဝှေ့ယမ်းပြီး ဦးရီးတော်ရဲ့သမီးတွေကို လိုချင်တပ်မက်နေတဲ့ လူတွေကို မြင်ယောင်ကြည့်လိုက်။ ဦးရီးတော်ရဲ့ သားတွေကို..."
"ပါးစပ်ပိတ်ထား!"
မင်းသားဖူ ကျောက်စားပွဲကို ရိုက်ပြီး အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း ပါးစပ်ပိတ်လိုက်သည်။
မင်းသားဖူ ကျောက်ခုံပေါ်တွင် ဂနာမငြိမ် ဖြစ်နေသည်။
"အသက်အရေးကြီးလား၊ ငွေအရေးကြီးလား။"
နဉ်ရှောင်ယောင်း တိုးတိုးလေး မေးလိုက်သည်။
"ငါ ဖုန်းလင်မြို့မှာ သေချင်သေသွားလိမ့်မယ်။"
"မိသားစုနဲ့အတူ သေရတာ ဘာမှမဖြစ်ပါဘူး။"
နဉ်ရှောင်ယောင်း မင်းသားဖူ၏ရင်ဘတ်ကို ပုတ်လိုက်သည်။
"ဦးရီးတော်က ယောက်ျားတစ်ယောက်လေ။ မိသားစုကို အသေခံခိုင်းပြီး မြို့တော်မှာ နောက်ထပ် အိမ်ထောင်ပြုမလို့လား။"
"ငါ့မှာ အဲဒီလိုစိတ်ကူး မရှိဘူး!"
"ဒါဆို ဖုန်းလင်မြို့ကို ပြန်လေ။"
"ငါ မပြန်ရဲဘူးလို့ ထင်နေလား။"
"ဒါဆို ပြန်လေ။"
မင်းသားဖူ ကျောက်စားပွဲကို ထပ်ရိုက်လိုက်သည်။
"ငါ ပြန်မယ်!"
"ဟူး..."
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး လက်မထောင်ပြကာ ပြောလိုက်သည်။
"ဦးရီးတော်၊ ဦးရီးတော်က အရမ်းယောက်ျားပီသတာပဲ။ ကျွန်တော် လေးစားပါတယ်။"
မင်းသားဖူ ထိုင်ရင်း တွေးလိုက်မိသည်။ ငါ ဘာလုပ်လိုက်မိတာလဲ။
"စစ်သေနာပတိချုပ်က စစ်တပ်ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်။"
နဉ်ရှောင်ယောင်း မင်းသားဖူကို ကျောက်ခုံပေါ်မှ ဆွဲထူလိုက်သည်။
"ကျီးတုန်းဒေသ အခြေအနေကို ဦးရီးတော် ကျွမ်းကျင်တယ်မလား။ ကျွန်တော် ဦးရီးတော်ကို စစ်သေနာပတိချုပ်ဆီ ခေါ်သွားပေးမယ်။ အတူတူ တိုင်ပင်ကြတာပေါ့။"
"နေဦး။ ငါ့ကို စဉ်းစားခွင့်ပေးပါဦး။"
"ခေါင်းဆောင်ရှန်ရဲ့စစ်တပ်က ဖုန်းလင်မြို့ကို ရောက်တော့မယ်လေ။"
နဉ်ရှောင်ယောင်းသည် မင်းသားဖူ မလိုက်ချင်သည်ကို မြင်သောအခါ ပခုံးပေါ်ထမ်းတင်လိုက်သည်။
"ဘာစဉ်းစားနေဦးမှာလဲ။ ကိုယ့်မိသားစုကို ကယ်ဖို့တောင် စဉ်းစားနေရသေးလား။"
"မင်း... မဟုတ်ဘူး... ငါ..."
မင်းသားဖူ အော်ချင်သော်လည်း နဉ်ရှောင်ယောင်း စတင်ပြေးလွှားလိုက်သဖြင့် လေတိုးပြီး စကားမပြောနိုင်တော့ဘဲ ချောင်းဆိုးနေရသည်။
အရှင်မင်းကြီးက မင်းသားဖူကို ပခုံးပေါ်ထမ်းပြီး မျက်စိတစ်မှိတ်အတွင်း ပြေးထွက်သွားသည်ကို ကြည့်ပြီး အပြစ်ပေးဌာနမှ လူများသည် ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့ကြသည်။
.....
လိုကျစ်ကွေ့သည် ထိုက်ဟွာနန်းဆောင် ဘေးဆောင်တစ်ခုတွင် ထောင်ယွီ၊ ဟုကော်ကုန်းတို့နှင့်အတူ ကျီးတုန်းဒေသ စစ်စခန်းများကို ကြည့်ရှုနေသည်။
"စစ်သေနာပတိချုပ်..."
နဉ်ရှောင်ယောင်း မင်းသားဖူကို ထမ်းလျက် အခန်းထဲ ဝင်လာသည်။
လိုကျစ်ကွေ့ မော့ကြည့်လိုက်ရာ လက်ထဲမှစုတ်တံ ကျိုးသွားတော့သည်။ ဒီကောင်မလေးက လူကိုပါ ထမ်းလာသေးတယ်ပေါ့။
"အရှင်မင်းကြီး"
ထိုင်ခုံမှ ထရပ်လိုက်သော အကြီးအကဲလီက နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
အကြီးအကဲလီကို မြင်သောအခါ နဉ်ရှောင်ယောင်း၏အပြုံး တောင့်ခဲသွားသည်။ ဒီအဘိုးကြီးက ဘာလို့ အိမ်မပြန်သေးတာလဲ။ လက်လွှတ်လိုက်ရာ မင်းသားဖူမှာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။
"ဒါက ဘယ်သူလဲ။"
အကြီးအကဲလီသည် မှောက်လျက်လဲနေသော မင်းသားဖူကို ကြည့်လိုက်သည်။ ရုပ်ပြောင်းသွားလွန်းလို့ အကြီးအကဲလီ မမှတ်မိပေ။
နဉ်ရှောင်ယောင်း မင်းသားဖူကို အမြန်ဆွဲထူလိုက်ပြီး ပြောလိုက်သည်။
"အဘိုးကြီး၊ ဒါ ကျွန်တော့်ရဲ့ ဦးရီးတော် မင်းသားဖူလေ။"
"ဘာ..."
ဟုကော်ကုန်း အော်ဟစ်လိုက်သည်။ မင်းသားဖူ ပိန်သွားတယ်လို့ ကြားပေမယ့် ကိုယ်တိုင်မြင်လိုက်ရတာနဲ့ ကြားတာနဲ့က တခြားစီပါလား။
မင်းသားဖူက ဟုကော်ကုန်းကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။
"ဖေ့ယိ၊ မင်း ဘာအော်နေတာလဲ။"
ဟုကော်ကုန်း ပါးစပ်ပိတ်သွားပြီး မင်းသားဖူကို ဂါရဝပြုလိုက်သည်။
နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။
"အခုချိန်မှာ ဒါတွေ ဂရုစိုက်မနေကြပါနဲ့တော့။ ဒါနဲ့... အဘိုးကြီး၊ ဘာလို့ အိမ်မပြန်သေးတာလဲ။"
လူအများ "... "
ဒီအချိန်မှာ အကြီးအကဲလီ ဘာလို့အိမ်မပြန်သေးတာလဲဆိုတာကိုပဲ စိတ်ပူနေရတာလား။
အကြီးအကဲလီက "ကျွန်တော်မျိုး ကျီးတုန်းဒေသ စစ်ပွဲအခြေအနေကို စိတ်မချလို့ အိမ်မပြန်သေးတာပါ။"
"အမတ်ချုပ်ကြီးဆီ လူလွှတ်ပြီး အကြောင်းကြားလိုက်ပါပြီ။"
ဘေးတွင်ထိုင်နေသော ဖေ့ယင်က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"ဒါပေမဲ့ အမတ်ချုပ်ကြီးက သူသိပြီလို့ပဲ ပြောလိုက်ပါတယ်။"
"ဘာသဘောလဲ။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ဟွန့်..."
မင်းသားဖူ အေးစက်စွာ ပြောလိုက်သည်။
"ရှဲ့ဝမ်ယွမ်က ဒီကိစ္စကို ဝင်မပါချင်ဘူး။"
"သူက အိမ်တွင်းရေး ပြဿနာလောက်ပဲ ဖြေရှင်းတတ်တာ။"
နဉ်ရှောင်ယောင်း ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"စစ်တိုက်ဖို့ သူ့ကို အားကိုးနေရင် ကျွန်တော်တို့ တန်းသေလိုက်တာ ပိုကောင်းမယ်။"
"ဒါပေမဲ့ ရိက္ခာနဲ့ လက်နက်ကိစ္စ..."
အကြီးအကဲလီ စိုးရိမ်တကြီး ပြောလိုက်သည်။
"ရှဲ့ဝမ်ယွမ် အမိန့်မပေးရင် ဘယ်လိုလုပ် စုဆောင်းလို့ရမှာလဲ။"
နန်းတွင်းအရာရှိ ထက်ဝက်ကျော်က အမတ်ချုပ်ကြီးဘက်တော်သားတွေ ဖြစ်နေတာ။ ရှဲ့ဝမ်ယွမ်က မလုပ်နဲ့လို့ ပြောရင် ဒီအရာရှိတွေက နာခံကြမှာပဲ။ အဲဒီအခါကျရင် အစိုးရယန္တရား ရပ်တန့်သွားမှာပေါ့။ ဘယ်လိုလုပ် စစ်တိုက်၊ သူပုန်နှိမ်နင်းလို့ ရတော့မှာလဲ။
***