ရှောင်ချိုး၏ ကတိ
Vol. 14 Ch. 221
"နောက်ကျသွားပြီ။"
အမတ်ချုပ်ကြီးရှဲ့က စာကြည့်ဆောင်ထဲမှ လူများကို ပြောလိုက်သည်။
သူတို့က အစကတည်းက ကျီးတုန်းဒေသ စစ်ပွဲကို ဂရုမစိုက်ခဲ့ကြဘူး။ အခုကျမှ ဘာအကြောင်းပြပြီး မင်းသားဖူနဲ့ သွားဆွေးနွေးမလဲ။ ဖုန်းလင်မြို့က မင်းသားဖူရဲ့အသက်ပဲ။ သူ့မိန်းမနဲ့ သားသမီးတွေ အကုန်လုံး အဲဒီမှာရှိနေတာ။ အခုမှသွားပြီး 'ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်' လို့ သွားပြောရင် မင်းသားဖူက ယုံပါ့မလား။
"ဒီကိစ္စကို ငါ သေချာ စဉ်းစားပါရစေဦး။"
အမတ်ချုပ်ကြီးရှဲ့ လက်ကာပြလိုက်သည်။
"အခု လန့်နေရမယ့်အချိန် မဟုတ်ဘူး။ မင်းသားဖူရဲ့ ငွေကြေးနဲ့ ရိက္ခာ၊ ထောင်ယွီရဲ့အစွမ်းအစ ရှိနေပေမယ့် ဒီစစ်ပွဲကို အစိုးရတပ်တွေနိုင်မယ်လို့ မသေချာသေးဘူး။"
"အမတ်ချုပ်ကြီး!"
အမတ်တစ်ဦးက လန့်ပြီး အော်လိုက်သည်။
"အမတ်ချုပ်ကြီးက အစိုးရတပ်တွေ ရှုံးစေချင်တာလား။ အာဏာလုပွဲ ဘယ်လောက်ပြင်းထန်ပြင်းထန် သူပုန်တွေကိုတော့ အောင်နိုင်ခွင့် မပေးသင့်ဘူးလေ။ တိုင်းပြည်မရှိတော့ရင် ကျွန်တော်တို့က ဘာအာဏာလုနေကြမှာလဲ။"
အမတ်ချုပ်ကြီးရှဲ့ ထိုအရာရှိကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါ အခြေအနေကို နားလည်ပါတယ်။"
ထိုအမတ် ပါးစပ်ပိတ်သွားသည်။
"အားလုံး အိမ်ပြန်ကြတော့။"
အမတ်ချုပ်ကြီးရှဲ့ ပြောလိုက်သည်။
"ငါ ပြောသလိုပဲ၊ အခု လန့်နေရမယ့်အချိန် မဟုတ်ဘူး။"
အမတ်မင်းများ ထပြန်သွားကြသည်။ ဒီအချိန်မှာ စကားတစ်ခွန်းမှားတာနဲ့ အမတ်ချုပ်ကြီးကို ဒေါသထွက်စေနိုင်တယ်။ ဘယ်သူမှ စကားမပြောရဲကြပေ။
......
"လမ်းပေါ်ထွက်ကြည့်စမ်း။"
အမတ်မင်းများ ပြန်သွားပြီးနောက် အမတ်ချုပ်ကြီးရှဲ့က ရှဲ့လိုင်ပေါင်ကို ခေါ်ပြီး ခိုင်းလိုက်သည်။
"မင်းသားဖူ ဘာလုပ်နေလဲ ကြည့်ခဲ့။ ဖြစ်နိုင်ရင် အိမ်တော်ကို ဖိတ်ခေါ်ခဲ့။"
ရှဲ့လိုင်ပေါင် စိတ်ညစ်သွားသည်။ မင်းသားဖူကို ဒီလောက်ထိ စော်ကားထားပြီးမှ ဖိတ်ခေါ်ခိုင်းတာက သူ့ပါးကို မင်းသားဖူ ရိုက်ဖို့ သွားပေးခိုင်းတာနဲ့ အတူတူပဲ။
"မလာရင်လည်း ထားလိုက်တော့။ အတင်းမခေါ်နဲ့။"
အမတ်ချုပ်ကြီးရှဲ့က ထပ်ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပဲ။ မင်းသားဖူက သူ့ကိုမုန်းတာ အမှန်ပေမယ့် နဉ်ယွီကို မမုန်းဘူးလား။ နဉ်ယွီကို မုန်းနေသရွေ့ ဆွေးနွေးစရာ လမ်းစရှိသေးတယ်လို့ အမတ်ချုပ်ကြီးရှဲ့ ယူဆသည်။
ရှဲ့လိုင်ပေါင် အမိန့်နာခံပြီး အစေခံအချို့နှင့် ကိုယ်ရံတော်များကို ခေါ်ကာ ထွက်ခွာသွားသည်။
နဉ်ရှောင်ယောင်းသည် ထိုက်ဟွာနန်းဆောင် ဥယျာဉ်ထဲတွင် ကွေ့ဟွာပန်းပျားရည်သကြားလုံးများကို ပါးစပ်ပြည့်အောင် ဝါးစားရင်း ခြေထောက်အောက်မှ ဘောလုံးကို ရှောင်ချိုးဆီ ကန်ပေးလိုက်သည်။ လိုကျစ်ကွေ့ကို ပြောလိုက်သည်။
"တခြားဟာတွေ ကျွန်မ စိတ်မပူဘူး။ အမတ်ချုပ်ကြီးဆိုတဲ့ ငမွှေကောင်ကြီးကိုပဲ စိတ်ပူတယ်။"
"မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုစကားလုံးတွေ မသုံးပါနဲ့။"
လိုကျစ်ကွေ့ တိုးတိုးလေး သတိပေးလိုက်သည်။
နဉ်ရှောင်ယောင်း စဉ်းစားလိုက်ပြီး "သူက တကယ့် ငမွှေကောင်ကြီးပဲလေ။"
"ကောင်းပြီ၊ သူက ငမွှေကောင်ကြီးပဲ ထားပါတော့။"
လိုကျစ်ကွေ့ အလျှော့ပေးလိုက်သည်။
"မင်း ကျွန်တော့်ကို ဘာပြောချင်လို့လဲ။"
"စစ်သေနာပတိချုပ် ပြောဖူးတယ်လေ။ ကျီးတုန်းဒေသက စစ်သူကြီးတွေထဲမှာ အမတ်ချုပ်ကြီးရဲ့လူတွေ ရှိတယ်ဆို။"
"မင်း အဲဒါကို စိတ်ပူနေတာလား။"
"အမတ်ချုပ်ကြီးရဲ့အမိန့်နဲ့ စစ်သူကြီးထောင်ကို ဒုက္ခပေးပြီး ခြေထိုးခံလိုက်ရင် ဘယ်လိုလုပ်မလဲ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ဒါက စစ်တိုက်တာလေ။ လူသေနိုင်တယ်။ နောက်ပြောင်လို့ မရဘူး။"
"ဒါဆို..."
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်ပြီး နောက်ပြောင်လိုက်သည်။
"အဲဒီလူတွေကို သတ်ပစ်လိုက်မလား။"
နဉ်ရှောင်ယောင်း သကြားလုံး မျိုချလိုက်ပြီး အော်လိုက်သည်။
"စစ်မတိုက်ရသေးခင် ကိုယ့်ဘက်ကလူတွေကို အရင်သတ်ပစ်မလို့လား။"
"သူတို့က ကျွန်တော်တို့ဘက်ကလူ မဟုတ်ဘူး။"
လိုကျစ်ကွေ့ သတိပေးလိုက်သည်။
နဉ်ရှောင်ယောင်း ကြောင်သွားသည်။ ဟုတ်သားပဲ၊ အဲဒါတွေက အမတ်ချုပ်ကြီးလူတွေ။
"ဒီကိစ္စကို ကျွန်တော် စီစဉ်လိုက်ပါ့မယ်။"
လိုကျစ်ကွေ့က ရေခွက်ကို နဉ်ရှောင်ယောင်းလက်ထဲ ထည့်ပေးလိုက်သည်။
"ရေသောက်လိုက်ပါဦး။ သကြားလုံးတွေ အများကြီးစားနေတာ အီမနေဘူးလား။"
"ဘာစီစဉ်မှာလဲ။"
နဉ်ရှောင်ယောင်း ရေတစ်ခွက်လုံး မော့သောက်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မအကြံကတော့... စစ်သူကြီးထောင်ကို ရှဲ့အန်းကျီပါ ခေါ်သွားခိုင်းလိုက်မယ်။"
ဒါက လိုကျစ်ကွေ့ စီစဉ်ထားပြီး ထောင်ယွီနဲ့ မင်းသားဖူကို မပြောရသေးတဲ့ အစီအစဉ်ပဲ။ နဉ်ရှောင်ယောင်းနဲ့ အတွေးချင်း တူနေတာကို သိလိုက်ရတော့ လိုကျစ်ကွေ့ အံ့သြသွားသည်။
"ဟင်... ကျွန်မ အကြံပေးလိုက်တာကို စစ်သေနာပတိချုပ်က ဒီလောက်ပဲ တုံ့ပြန်တာလား။ နေပါဦး၊ စဉ်းစားကြည့်ပါဦး။ မယားကြီးသားတွေအပြင် မယားငယ်သားတွေထဲမှာ အမတ်ချုပ်ကြီး အချစ်ဆုံးသား ဘယ်သူရှိသေးလဲ။"
"ရှဲ့အန်းကျီ တစ်ယောက်တည်းနဲ့ လုံလောက်ပါပြီ။"
"မလုံလောက်ဘူး။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
"အမတ်ချုပ်ကြီးလို အရှက်မရှိတဲ့လူမျိုးက မယားကြီး သခင်မဝမ် မွေးထားတဲ့ သားတွေ အသုံးမကျရင် မယားကြီးကို သတ်ပစ်ပြီး မယားငယ်ကို နေရာပေးလိုက်မှာ သေချာတယ်။ အဲဒီကျရင် သူ နောက်ထပ် မယားကြီးသားတွေ ထပ်ရလာမှာပေါ့။"
လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။
"ရှောင်ယောင်း၊ ယုံနင်ဥပဒေအရ မယားငယ်ကို မယားကြီးနေရာ ပေးလို့မရဘူး။"
နဉ်ရှောင်ယောင်း "..."
ဘယ်သူက ဒီဥပဒေကို ရေးဆွဲခဲ့တာလဲ။ မယားငယ်တွေနဲ့ ဘာရန်ငြိုးရှိလို့လဲ။
"ဒါကြောင့် မယားကြီးသားက မယားကြီးသားပဲ။"
လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။
"မယားငယ်သားက ဘယ်တော့မှ မယားကြီးသား ဖြစ်မလာနိုင်ဘူး။"
"ဪ... ဒါဆို ကျွန်မအမေက အခု မယ်တော်ကြီး ဖြစ်နေပေမယ့် သူက ထာဝရ မယားငယ်ပဲပေါ့။ ဟုတ်လား။"
ဟားဟားဟား...
နဉ်ရှောင်ယောင်း စိတ်ထဲတွင် လက်ထောက်ပြီး ရယ်မောလိုက်သည်။ ဒါဆိုရင် မယ်တော်ကြီးနန်းဆောင်က မိဖုရားခေါင်ကြီးကို ဒုက္ခပေးပြီး အိမ်ရှေ့စံမင်းသားကို သတ်ခဲ့တဲ့ အမျိုးသမီးက မယားငယ်ပဲပေါ့။ နဉ်ရှောင်ယောင်း ဆုံးဖြတ်လိုက်သည်။ နောက်တစ်ခါ မယ်တော်ကြီး လာရန်ရှာရင် 'မယားငယ်' ဆိုတဲ့ စကားလုံး သုံးလုံးနဲ့ ပြန်တိုက်ခိုက်မယ်။ မယ်တော်ကြီး ရင်ကွဲနာကျပြီး သေသွားအောင် လုပ်ပစ်မယ်။ (မသေရင် ဘယ်လိုလုပ်မလဲဟယ်...)
နဉ်ရှောင်ယောင်းက မယ်တော်ကြီးအကြောင်း တွေးနေပေမယ့် လိုကျစ်ကွေ့ကတော့ စကားမှားသွားပြီမှန်း သိလိုက်သည်။ နဉ်ရှောင်ယောင်းက မယားငယ်က မွေးတာလေ။
"ကျွန်တော် အဲဒီသဘောပြောတာ မဟုတ်ပါဘူး။"
လိုကျစ်ကွေ့ အလျင်အမြန် ငြင်းလိုက်သည်။
"ဘာ..."
နဉ်ရှောင်ယောင်း မျက်နှာပျက်သွားသည်။
"ဒါဆို မယားငယ်က မယားကြီး ဖြစ်လာနိုင်တယ်ပေါ့။"
ဒါဆို မယ်တော်ကြီးကို ဒုက္ခပေးလို့ မရတော့ဘူးပေါ့။
"မဟုတ်ပါဘူး။"
လိုကျစ်ကွေ့ ထပ်ငြင်းလိုက်ပြန်သည်။
"ဟင်..."
နဉ်ရှောင်ယောင်း မျက်တောင်ကလပ်ကလပ်ဖြင့် လိုကျစ်ကွေ့ကို ကြည့်နေသည်။ ရှင်းပြပါဦး။
"ကျွန်တော့်အတွက်တော့ မင်းက မယားကြီးကလေး၊ မယားငယ်ကလေး မခွဲခြားပါဘူး။"
လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်ပြီး စဉ်းစားလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
လိုကျစ်ကွေ့ ကြောင်သွားသည်။
"ဘာကို ကျေးဇူးတင်တာလဲ။"
"ကျွန်မကို မယားငယ်ကလေးဆိုပြီး မရွံရှာလို့ ကျေးဇူးတင်တာပါ။"
နဉ်ရှောင်ယောင်းသည် သကြားလုံးတစ်လုံးကို လိုကျစ်ကွေ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
"ရော့၊ သကြားလုံး စား။"
လိုကျစ်ကွေ့၏ပါးစပ်ထဲတွင် အချိုဓာတ်နှင့် ကွေ့ဟွာပန်းရနံ့များ ပြည့်နှက်သွားသည်။ သူပြောချင်တာက ဒါမဟုတ်ပါဘူး။ သူပြောချင်တာက နဉ်ရှောင်ယောင်းက နဉ်ရှောင်ယောင်းပဲ။ မယားကြီးကလေး၊ မယားငယ်ကလေးဆိုတာ အရေးမကြီးဘူးလို့ ပြောချင်တာပါ။
"ဒီကိစ္စကို သတိထားတာ ကောင်းမယ်။"
နဉ်ရှောင်ယောင်း၏ဦးနှောက်က အမတ်ချုပ်ကြီးရှဲ့ဆီ ပြန်ရောက်သွားပြန်သည်။
"ဒီတစ်ခေါက် သူ့သားတွေအကုန်လုံးကို ဖမ်းချုပ်ထားလိုက်ရင် ကောင်းမလား။ စစ်သေနာပတိချုပ် ဘယ်လိုသဘောရလဲ။"
"မင်း ဘယ်လိုလုပ်မလို့လဲ။"
"ဂိုဏ်းချုပ်ကို အကူအညီတောင်းပြီး အဆိပ်ခတ်ခိုင်းလိုက်မလား။"
လိုကျစ်ကွေ့ ခေါင်းခါလိုက်တာကြောင့် နဉ်ရှောင်ယောင်းကတော့ စိတ်ပျက်သွားသည်။
"ဂိုဏ်းချုပ်က အဆိပ်မခတ်တတ်ဘူးလို့ ပြောချင်တာလား။ အဆိပ်ဂိုဏ်းချုပ်က အဆိပ်မခတ်တတ်ဘူးလား။"
"ရှဲ့မိသားစုက မိသားစုကြီး။ ရှဲ့ဝမ်ယွမ်ရဲ့ သားတွေအကုန်လုံးကို သတ်ပစ်လိုက်ရင် ဘာထူးမှာလဲ။"
နဉ်ရှောင်ယောင်း မေးစေ့ကို ပွတ်သပ်ပြီး စဉ်းစားလိုက်သည်။
"ဒါဆို အမတ်ချုပ်ကြီးက ပုန်ကန်ပြီး ကျွန်မကို ကိုက်သတ်တော့မှာပေါ့။"
"ကျွန်တော် အဲဒီလို မဆိုလိုပါဘူး။"
"အမလေး..."
နဉ်ရှောင်ယောင်း စိတ်မရှည်တော့ပေ။
"ဒါဆို စစ်သေနာပတိချုပ် ဘာကိုဆိုလိုတာလဲ။"
ကောင်းကောင်း စကားပြောလို့ မရတော့ဘူးလား။
"ကျွန်တော် ဆိုလိုတာက..."
လိုကျစ်ကွေ့ စကားပြောရတာ ခက်ခဲလာသည်။
"သားအရင်းတွေ သေကုန်ရင် ရှဲ့ဝမ်ယွမ်က ဆွေမျိုးသားချင်းတွေထဲက ကလေးတစ်ယောက်ကို မွေးစားလိုက်လို့ ရတယ်။ ထောင်ချန်အတွက် မွေးစားသလိုမျိုးပေါ့။ ရှောင်ယောင်း၊ ကျွန်တော်ပြောချင်တာကို နားလည်လား။"
"သားတွေသေကုန်ရင် သူက မွေးစားဖို့ပဲ စဉ်းစားပြီး ကျွန်မကို ကိုက်သတ်ဖို့ မစဉ်းစားဘူးပေါ့။"
နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။
"ဒီငမွှေကောင်ကြီးက တော်တော် သည်းခံနိုင်တာပဲ။"
ဒါက သည်းခံနိုင်တာနဲ့ မဆိုင်ပါဘူး။ လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။
"ရှဲ့အန်းကျီတို့ကိုအသုံးချပြီး ရှဲ့ဝမ်ယွမ်ကို ထိန်းချုပ်ချင်တာက အကျိုးရှိပေမယ့် လုံးဝအောင်မြင်မယ်လို့ မဆိုနိုင်ဘူး။ ဘာလို့လဲဆိုတော့ ရှဲ့ဝမ်ယွမ်မှာ ရွေးချယ်စရာတွေ ရှိနေသေးလို့ပဲ။"
နဉ်ရှောင်ယောင်း ရေနောက်တစ်ခွက် သောက်လိုက်ပြီး "အကျိုးရှိရှိ မရှိရှိ၊ ရှဲ့အန်းကျီကို ထောင်ယွီနဲ့ ထည့်ပေးလိုက်။"
"စစ်မြေပြင်ရောက်ရင် ထောင်ယွီက ရှဲ့အန်းကျီကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။"
စစ်မြေပြင်ကို ရှဲ့အန်းကျီ ပါသွားတာက အာမခံချက်တစ်ခု ဖြစ်ပေမယ့် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်နိုင်တယ်။ တကယ်လို့ ရှဲ့အန်းကျီ တစ်ခုခုဖြစ်သွားရင် ထောင်ယွီက အမတ်ချုပ်ကြီးရှဲ့ကို ဘယ်လိုရှင်းပြမလဲ။ နဉ်ရှောင်ယောင်းက ကာကွယ်ပေးထားရင်တောင် ထောင်ယွီက နဉ်ရှောင်ယောင်းနားမှာပဲ နေရတော့မယ်။ ဒါက ထောင်ယွီရဲ့အနာဂတ်ကို ဖျက်ဆီးလိုက်တာပဲ။
"ဒါဆို မင်းသားဖူနဲ့ ထည့်ပေးလိုက်ပေါ့။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့လောက် နက်နက်နဲနဲ မစဉ်းစားတတ်ပေ။ စစ်တိုက်ရင်း ရှဲ့အန်းကျီကို ကာကွယ်ပေးရမှာက ပင်ပန်းတယ်လို့ပဲ တွေးမိသည်။
"မင်းက မင်းသားဖူကို ယုံလို့လား။"
လိုကျစ်ကွေ့ မေးလိုက်သည်။
"ဘယ်သူ့ကိုမှ မယုံရရင် ကျွန်မ ဘယ်လို အသက်ရှင်ရတော့မှာလဲ။"
နဉ်ရှောင်ယောင်း စိတ်တိုလာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အမတ်ချုပ်ကြီးကြောင့် ဒီစစ်ပွဲ ပျက်စီးသွားလို့ မဖြစ်ဘူး။ ကျွန်မ ထောင်ယွီကို အရှင်လတ်လတ် ပြန်လာစေချင်တယ်။"
"ကောင်းပြီ။"
နဉ်ရှောင်ယောင်း စိတ်တိုနေသည်ကို မြင်သောအခါ လိုကျစ်ကွေ့ လက်ဆွဲပြီးပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် စီစဉ်လိုက်ပါ့မယ်။ မင်းသားဖူကို ရှဲ့အန်းကျီ ခေါ်သွားခိုင်းလိုက်မယ်။"
နဉ်ရှောင်ယောင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သဖြင့် ရှောင်ချိုး ရောက်လာသည်။
ရှောင်ချိုး ရောက်လာသည်ကို မြင်သောအခါ လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းလက်ကို လွှတ်ပေးလိုက်သည်။
"အရှင်မင်းကြီး။"
ရှောင်ချိုး ခေါ်လိုက်သည်။
"လိမ္မာတယ်၊ သကြားလုံး စား။"
နဉ်ရှောင်ယောင်း ရှောင်ချိုးပါးစပ်ထဲ သကြားလုံး ထည့်ပေးလိုက်ပြီး ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
"အရှင်မင်းကြီး ရှိတယ်။ ရှောင်ချိုး ကြီးလာရင် ကမ္ဘာကြီးက လှပလာမှာပါ။"
"ဝေါင်း..."
ပိုင်ရှောင်ဖန့် (ဝံပုလွေဖြူလေး) လည်း ရောက်လာပြီး နဉ်ရှောင်ယောင်းလက်ထဲမှ သကြားလုံးအိတ်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း ပိုင်ရှောင်ဖန့်ကိုလည်း သကြားလုံးတစ်လုံး ကျွေးလိုက်သည်။
"ဝံပုလွေက အချိုစားလို့ ရလို့လား။"
လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။
နဉ်ရှောင်ယောင်း နောက်ထပ် သကြားလုံးတစ်လုံး ထပ်ကျွေးလိုက်သည်။ သူမရှိနေသရွေ့ ဘာကျွေးကျွေး ရပါတယ်။ လူကိုတောင် ကုသနိုင်တာ၊ ခွေး... မဟုတ်ဘူး... ဝံပုလွေကို မကုသနိုင်ဘဲ နေမလား။
"အရှင်မင်းကြီး။"
ရှောင်ချိုး နဉ်ရှောင်ယောင်း၏အင်္ကျီစကို ဆွဲလိုက်သည်။
"ရှောင်ချိုး သကြားလုံး စားချင်သေးလို့လား။ ရော့... နောက်တစ်လုံး ယူ။"
ရှောင်ချိုး သကြားလုံးငုံရင်း ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ရှောင်ချိုး ကြီးလာရင်... စစ်သူကြီးလုပ်မယ်။ အရှင်မင်းကြီးအတွက်... တိုက်ခိုက်ပေးမယ်။"
ရှောင်ချိုး လိုကျစ်ကွေ့ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။
"အရှင်မင်းကြီးအတွက် တိုင်းပြည်ကို သိမ်းပိုက်ပေးမယ်။"
"ရှောင်ချိုးလေး..."
နဉ်ရှောင်ယောင်း ကြည်နူးသွားသည်။
"အရှင်မင်းကြီး၊ ရှောင်ချိုးက ကြီးတာ မြန်ပါတယ်နော်။"
ရှောင်ချိုး ဝဖိုင့်နေသော ပါးလေးများဖြင့် အလေးအနက် ပြောလိုက်သည်။
"ကောင်းတယ်။"
နဉ်ရှောင်ယောင်း ရှောင်ချိုးကို ပွေ့ချီပြီး နမ်းလိုက်သည်။
"နောက်ကျရင် ငါ့ကို ဘယ်သူလာအနိုင်ကျင့်ကျင့်၊ ရှောင်ချိုးက သွားရိုက်ပေးနော်။"
"ဟုတ်ကဲ့။"
ရှောင်ချိုး ခေါင်းညိတ်လိုက်သည်။
"လိမ္မာလိုက်တာ။"
နဉ်ရှောင်ယောင်း နောက်ထပ် နမ်းရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဘေးနား၌ ထိုင်နေသော လိုကျစ်ကွေ့က ရှောင်ချိုးကို နဉ်ရှောင်ယောင်းလက်ထဲမှ ဆွဲယူလိုက်သည်။
နဉ်ရှောင်ယောင်း ကြောင်သွားပြီး ရယ်မောလိုက်သည်။
"စစ်သေနာပတိချုပ်က ကလေးချစ်တတ်တာပဲ။ ချီထားလိုက်၊ ချီထားလိုက်။"
လိုကျစ်ကွေ့ "..."
***